ဗမာ့လွတ်လပ်ရေးသမိုင်းနဲ့ အောင်ဆန်းနေ-မောင်စွမ်းရည်

bogtoke.gif
ဗမာပြည်မှာ `အောင်ဆန်းနေ့´ ရယ်လို့တော့ သတ်မှတ်ထားတာမရှိသေးပါဘူး။ ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ကိုတော့ `ကလေးများနေ့´ ရယ်လို့ သတ်မှတ်ထားရှိပါတယ်။ ဖေဖော်ဝါရီ
(၁၃) ရက်နေ့။ ကလေးများနေ့ပါ။

ဗမာပြည်၊ ဗမာလူမျိုးတို့ရဲ့ အစဉ်အလာမှာ ကလေးတွေကို သိပ်ပြီးနေရာပေးတဲ့ အစဉ်အလာ မရှိပါဘူး။ `ကလေးဟာ ကလေးနေရာမှာနေရတယ်။ ကလေးဆိုတာ လူကြီးတွေထဲ ၀င်မရှုတ် ရဘူး´ ဆိုပြီး ကန့်သတ်ထားတာတွေရှိပါတယ်။ `သူ့နေရာနှင့်သူ´ ဆိုတဲ့စကားရှိပေမယ့် ကလေးလည်း အသိဥာဏ်နှင့်လူပဲမို့ နေရာတကာ ခွဲခြားနှိမ်ချတာမျိုးတွေ မရှိသင့်ပါဘူး။ လူကြီးမိဘကို ရိုသေရမယ် ဆိုသလို ကလေးများကိုလည်း လေးစားရပါလိမ့်မယ်။ ယနေ့လူငယ် နောင်ဝယ်လူကြီးလို့ ဆရာဇော်ဂျီက စာဖွဲ့စီဖူးတယ်။ အင်္ဂလိပ်ကဗျာဆရာကြီး ၀ီလျှံဝေါ့စ်ဝပ်သ်က ကလေးဆိုတာလူကြီးရဲ့ဖခင်လို့ စာဖွဲ့ဖူးတယ်။ ဒါကြောင့်ကလေးတွေကိုလည်း နှိမ့်ချခွဲခြားတာမျိုး မလုပ်ဘဲ သူ့သိက္ခာနဲ့သူ လေးစားချီးမြှောက်ပြီး ပြုစုပျိုးထောင်ကြရပါမယ်။ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှုအဆင့်အတန်းကို ကလေးပြုစုပျိုးထောင်မှုနဲ့ မှတ်ကျောက်တင်ကြည့်လို့ ရကောင်း ပါတယ်။

ဗမာပြည်မှာ ကလေးများနေ့အဖြစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို သတ်မှတ်ထားတယ်။ ကလေးများနေ့ရယ်လို့ သတ်မှတ်ရာမှာ အောင်ဆန်းမွေးနေ့ထက် သင့်တော်တဲ့နေ့မရှိပါဘူး။ အဲဒီ့နေ့မှာ လူကြီးမိဘဆရာသမားတွေက အောင်ဆန်းခေါ် ထိန်လင်းလေးရဲ့ငယ်စဉ်ဘ၀က စာကြိုးစားပုံ၊ ရိုးသားဖြောင့်မတ်ပုံ အကြောင်းအရာလေးတွေကို ပြောပြကြတယ်။ တခြား လိမ္မာရေးခြားရှိဖွယ် ပုံတိုပတ်စတွေကို ဆရာမိဘတွေက ပြောပြတဲ့အပြင် ကလေးတွေအတွက် ကဗျာရွတ်ဆိုပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကပွဲ၊ ပြေးပွဲပြိုင်ပွဲတွေလည်း အထူးစီစဉ်ပေးကြရတယ်။ ဆိုတော့ အောင်ဆန်း `စွန့်´ မှ `စား´ ရတဲ့ စစ်ဗိုလ် စစ်သားတွေက အောင်ဆန်းဆိုတဲ့ နာမည်ကို မကြားချင်၊ မကြားရဲလို့ မကြားရအောင်ဘဲ လုပ်နေကြပါတော့တယ်။ လူမျိုးကြီး၊ လူယဉ်ကျေးတို့ ဟာ နိုင်ငံထူထောင်ခဲ့သူ အာဇာနည်တွေရဲ့ကျေးဇူးကို မမေ့ကြရဘူး။ ဗုဒ္ဓဘာသာတရားမှာလည်း `ပူဇော်ထိုက်သူ၊ ပူဇော်မူ မှတ်ယူမင်္ဂလာ´ လို့ ရှိပါတယ်။ အခုတော့ ဒါတွေမှေးမှိန်ကုန်ပါပြီ။
ဒါဆိုရင် တိုင်းပြည်နိမ့်ကျပျက်စီးတဲ့ လက္ခဏာတခုပါပဲ။

ဗမာ့လွတ်လပ်ရေးသမိုင်းကိုပြောရင် ဗိုလ်ချုပ်အောင်ဆန်းနာမည်မပါဘဲ ပြောလို့မရပါဘူး။ ဗမာပြည်ကြီးအကြောင်းပြောရင် ဧရာဝတီမြစ်ကြီးအကြောင်းမပါရင် မပြီးသလိုပါဘဲ။ ဒုတိယ ကောလိပ်သပိတ် (၁၉၃၆)၊ တတိယကောလိပ်သပိတ် (၁၉၃၈)၊ တက္ကသိုလ်သမဂ္ဂသမိုင်း၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂသမိုင်း၊ ဒို့ဗမာအစည်းအရုံးသမိုင်း၊ ကွန်မြူနစ်ပါတီသမိုင်း၊ ဖဆပလ သမိုင်း၊ ရဲဘော်သုံးကျိပ်သမိုင်း၊ တပ်မတော်သမိုင်း၊ ပြည်ထောင်စုနေ့သမိုင်း၊ လွတ်
လပ်ရေးနေ့သမိုင်းစတဲ့ အရေးတကြီး ဗမာ့သမိုင်းဝင်အရေးအခင်းတွေမှာ ကိုအောင်ဆန်း၊ သခင် အောင်ဆန်း၊ ဗိုလ်အောင်ဆန်းဆိုတဲ့ ရှေ့ဆုံးက ပါဝင်ဦးဆောင်ခဲ့သူမဟုတ်ပါလား။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိဆိုတာ ဒီနေ့အထိ အခိုင်အမာမရှိခဲ့။ သမိုင်းပြုစုရေး ပညာရှင် အဖွဲ့အမျိုးမျိုး၊ အထပ်ထပ်ဖွဲ့ပြီး စစ်အစိုးရတွေရေးခိုင်းခဲ့တဲ့သမိုင်းစာအုပ်တွေ တောင်ပုံရာပုံ ရှိလာခဲ့ပေမယ့် တပ်မတော်ဖခင်၊ လွတ်လပ်ရေးဖခင်၊ ပြည်ထောင်စုဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိကို တခါမှ လေးလေးစားစား မရေးခိုင်းခဲ့တဲ့အပြင် အောင်ဆန်းဓာတ်ပုံ၊ အောင်ဆန်း ဂူဗိမာန်အလေးပြုသူတွေကိုတောင်မှ ရာဇ၀တ်သားလို ဖမ်းဆီးထောင်ချနေတဲ့အဆင့်အထိ အဖြစ်ဆိုးနေပြီဆိုတော့ ဒီပြည်သူတွေလောက် ဒီစစ်အစိုးရကို ခံပြင်းနေတာမျိုး ရှိမှာတောင် မဟုတ်ပါဘူး။

ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ အာဇာနည်သူရဲကောင်းတွေရဲ့ အတ္ထုပ္ပတ္တိဆိုတာ အလွန် အရေးကြီးပါတယ်။ အလွယ်အခက်၊ အကျဉ်းအကျယ် အရွယ်အမျိုးမျိုး ရေးသားထုတ်ဝေ ပေးကြ ရပါတယ်။ ကလေးတွေကို မှန်တာလုပ် ဟုတ်တာပြောရမယ်။ လိမ္မာရမယ်စသဖြင့်ပြောတာထက် အားကျစရာ အတုယူစရာပုံပြင်၊ အတ္ထုပ္ပတ္တိလေးတွေနဲ့ပြောရတာ ပိုအောင်မြင်တယ်။ ဗမာပြည်မှာ အောင်ဆန်းလိုလူမှ အားကျအတုမယူရရင် ဘယ်သူ့ကို ယူရမလဲ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း အနေနဲ့ပြောရရင် သခင်အောင်ဆန်းဆိုတာ သူ့တပည့်၊ သူ့သားပါ။ ဒါပေမယ့် သူ့တပည့်လုပ်ကြံခံရလို့ ကျဆုံးတော့ ဂူပုထိုးတည်ပြီး ကန်တော့ချင်တယ်လို့ စာဖွဲ့ခဲ့ တာပါ။
`သြော် – တပည့်အရင်းတွေမို့
က၀ိမတင်းနိုင်ဘုကွဲ့
သတိကင်းကာ မျက်ရည်ကျကျပြီး
ခက်ကပြီ လက်ဆည်မရနိုင်ဘု၊
သောကဘလောင်ဆူတော့ …´ စသဖြင့် ငိုကြွေးပြီး၊
`ရုပ်အကျန် ခုနှစ်လောင်းရယ်နှင့်၊
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည်ဗိမာန် ပုထိုးကိုဖြင့်၊
ပါရမီ အဓိဋ္ဌာန်တမျိုးရယ်နှင့်၊
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့ …´ လို့ တပည့်တွေကိုနောက်ဆုံးပူဇော်ခဲ့လိုက်ပါတယ်။

အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီရဲ့ ကဗျာဆိုရင်လည်း ကျောင်းတွေ၊ အိမ်တွေမှာ မှန်ဘောင်
သွင်းပြီး ချိတ်ဆွဲထားသင့်ပါတယ်။

သခင်အောင်ဆန်းတရား
(ဇော်ဂျီ)

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊
မင်း၏သားငယ်၊ မင်းသက်လှယ်ကို
အဘယ်တရားဟောမည်နည်း။

ဆန်း၏ သတ္တိ၊
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊
ဟောစရာကား အလွန်များ၏။
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့
မင့်သား၊ သိစေချင်လှ၏။

သူ့အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ၊ ပကာသနကို
ပြာကျလောင်မြိုက်၊ သူမီးကိုက်၏။
ခေတ်လိုက်စာညီ၊ ခေတ်မီပညာ
ကြုံရာဘ၀၊ မုကလုံလောက်
ခံမြို့ဆောက်၏။

ထို့နောက်တဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူထူခဲ့ကြောင်း
ခေါင်းဆောင်သဘော
မင့်သားချောကို၊
ပြောလိုက်ပါဘိ၊ ဟောပါဘိ … တဲ့
ဆရာဇော်ဂျီက သူ့ညီအရွယ် သူ့ခေါင်းဆောင်ကို (၁၉၃၆) ကစပြီးကျောင်းသားဘ၀တည်းက အားထားလေးစားခဲ့ပါတယ်။ ဗမာလူယဉ်ကျေးတို့သာ ပူဇော်ထိုက်သူကို ပူဇော်တတ်ကြ ပါစေသတည်း။ ။

ဒီမိုကရေစီနဲ့ အာဏာရှင်ဟာ လက်ဖ၀ါးနဲ့လက်ဖမိုး မဟုတ်ပါ-ခွန်ဆိုင်း (၁၃-၁၁-၀၇)

“တွံတေးသိန်းတန်ကြောင့် မဆလ က ဗမာပြည်ကို (၂၆) နှစ် အုပ်ချုပ်သွားနိုင်တာဗျ။”
“ဗုဒ္ဓေါ… ခင်ဗျားကောက်ချက်က အဆန်းပါလား။ ဒီလိုလည်း ညစ်တွန်း…တွန်းတတ်သကိုး”

ကျနော့်အခန်းဖော်နှစ်ယောက် အချိန်ကုန်ဆုံးပုံနည်းလမ်းတချို့ထဲက အချီအချ စကားပြောခန်း
တချို့ကို ပြန်သတိရပြီး ခုအချိန်ထိပြုံးမိနေတုန်းပါပဲ။ အနှစ် (၂၀) နဲ့ညီတဲ့ တသက်တကျွန်း
ပြစ်ဒဏ်တွေကို သူတို့ ဖြတ်သန်းရချိန်မှာ စံလွဲမသွားအောင် ရွေ့မသွားအောင် ကြုံရတာတွေကို
ဟာသလုပ်တန်တာလုပ်၊ သရော်တန် သရော်နဲ့ ဖြတ်သန်းသွားတာ ပိုကောင်းမှန်း ရှာဖွေတွေ့ရှိ
ခဲ့ကြပုံပါ။

“ထွေးညို၊ ပြေးကြိုတော့ထွေးညို၊ မြသီတာအကြိုထောက်ပေမယ့်၊ ချစ်ရက်ရှည်ရှည် အင်းယား
မြေ” စတဲ့ သီချင်းတွေ အလွတ်ကျက်၊ ရအောင်လိုက်ဆိုရင်း အရွယ်ရောက်လာရတဲ့ ကျနော်
ကတော့ တွံတေးသိန်းတန်ကို ကြိုက်တာအမှန်။ တွံတေးသိန်းတန်ရဲ့ အမာခံ ပရိသတ်ဖြစ်ခဲ့ တာအမှန်။ “ထွေးညိုတယောက်တော့ မြေရှင်ယာရှင် စနစ်ဆိုးတွေရဲ့လက်မှာ ဘ၀ကို လက်မြှောက်အရှုံးပေးသွားပြီကွဲ့” ဆိုတဲ့ ဓာတ်ပြားထဲက ဘကြီးမှုန် စကားပြောခန်းကို ခုထိအမှတ်ရနေတုန်း။

“အဝေးစစ်မြေစခန်းက အောင်ပွဲနဲ့ မြန်းလာခဲ့ရင် သပြေပန်းနဲ့လက်လှမ်းကြိုမယ်ထင်တယ်ကွယ်”
အဲဒီမှာ လယ်သမားတွေမျက်စိလည်တော့တာပဲဗျ။ ဆင်းရဲတွင်းကိုနက်စေတဲ့ နိုင်ငံ့ဘဏ္ဍာတွေ
ကိုပြုန်းတီးစေတဲ့ ပြည်တွင်းစစ်ကြီးကိုမေ့သွားကြတယ်။ သူတို့သိပ်ကြိုက်၊ သိပ်လက်ခံထားတဲ့ ကျေးလက်အဆိုတော်က စစ်တပ် ကိုယ်စားပြုမင်းသား ဇာတ်ကောင်ဖြစ်နေတာကိုး။ အဲဒီမှာ စစ်တပ်ကအလိုလို ကယ်တင်ရှင်ဖြစ်သွားပြီး မြေရှင်တွေကမှ လယ်သမားတွေရဲ့ တကယ့်
ရန်သူဖြစ်လာတယ်။

“တက်လာတဲ့အာဏာရှင်အစိုးရက ဆိုရှယ်လစ်မျက်နှာဖုံးစွပ်လာပြီး လယ်သမားတွေကို
လှည့်လိုက်တယ်လေ။ လယ်သမားတွေကိုဒုက္ခပေးခဲ့တဲ့ လက်သည်တရားခံအစစ်က မြေရှင်ယာရှင်စနစ်ဆိုးကြီးကြောင့်တဲ့ ဒီလို လက်ညှိုးထိုးတယ်။ ဒါကို လိုက်ထောက်ခံပေးတဲ့ တွံတေးသိန်းတန်သီချင်းတွေက ရွာတိုင်းကို ပျံ့နှံ့ထိုးဖောက် ကျေးလက်အသည်းစွဲဖြစ်ခဲ့တော့ မဆလကမှ တကယ့်ကယ်တင်ရှင်။ ထွက်မြောက်ရာလမ်းကို ပို့တော့မှာ။ မဆလ စနစ်ကြောင့်ပဲ လယ်သမားတွေဘ၀က ချက်ချင်းချမ်းသာလာကြတော့မှာလိုလို ယုံသွားခဲ့ကြတာ။ တိုင်းပြည်မှာ လယ်သမားက (၈၀) ရာခိုင်နှုန်းလေ။ သူတို့ကိုအယုံသွင်းနိုင်ရင် အစိုးရဘာလုပ်လုပ်ရပြီ
သိတာပေါ့။”

“အို…ဒါက ရေးသူမှာတာဝန်ရှိတယ်ဗျ။ မဟုတ်ဘူးဟ။ ဆိုသူမှာတာဝန်ရှိတယ်ဟ။ အို နှစ်ဘက်လုံး
တာဝန်ယူရမှာဗျို့။ ဟာ … တယောက်နဲ့တယောက် ပေတံမှမတူကြတာဗျာ။ ဒီမှာဗျ ဗိုက်ပြဿနာ
ဆိုတာလည်း ရှိသေးတယ်။ ကျုပ်တို့ကတော့ လူတိုင်းကို နိုင်ငံရေးအမြင်နဲ့ မချဉ်းကပ်သင့်ဘူး
ထင်တယ်။ ကျနော်ကတော့အနုပညာသည် အနုပညာအတွက်ပဲ ဖြစ်ရမယ်ဆိုတာကို ကြိုက်တယ်
ဗျာ” တယောက်တပေါက် အချိန်တွေကုန်သွားတဲ့အထိ ငြင်းခဲ့ကြတာပေါ့။ အချိန်တွေကလည်း
ပိုမှပို လွတ်လပ်စွာလည်း ကွဲလွဲနိုင်ကြတာကိုး။

“ဆိုရှယ်လစ်စီးပွားရေး တည်ဆောက်တဲ့နေရာမှာ လယ်သမား၊ အလုပ်သမားတွေဆိုတာက
အဓိကမောင်းနှင်အား” အစိုးရကမြှောက်ပေးတယ်။ ဒီလိုပုံနဲ့မိုးကြီးချုပ်ခဲ့ရတဲ့ မဆလခေတ်ထဲမှာ
တိုင်းပြုပြည်ပြုသီချင်းမျိုးတွေ၊ ပေါ်လစီ တေးဆိုတာမျိုးတွေ စပေါ်လာပြီး တေးရေးသူတွေက
မယုံကြည်လည်း လယ်သမားအလုပ်သမားဆိုတဲ့ စကားလုံးတွေ အတုံးလိုက်အတစ်လိုက်
ထည့်ပေးရတယ်။။ အဲဒီအချိန်မှာ လူငယ်တွေဝက်ဝက်ကွဲ အားပေးတဲ့ခိုင်ထူးရဲ့ စစ်ဆန့်ကျင်ရေး
သီချင်း “စစ်နဲ့ငြိမ်းချမ်းရေး” ကိုတော့ ဆိုခွင့်မပြုခဲ့တဲ့အစိုးရမျိုးပါ။

“မောင်အလုပ်သမားဆိုရင်- ပျိုကပင်စတင်- ချစ်– ချစ်ပါရစေရှင်” ဆိုတဲ့ ပေါချာချာ ဒဿန
မျိုးကို အလုပ်သမားဂုဏ်ပြုတေးထဲမှာ ထည့်ထားတယ်။ အဆိုတော်မာမာအေးရဲ့ အလွန် ချိုမြတဲ့အသံက ဖမ်းစားလိုက်တော့ နားထောင်လို့ကောင်းပြီး မြှောက်မှန်း ညာဝါးမှန်း သိပ်မသိလိုက်ဘူး။ “အမှတ်တစ်ကတော့ ဆိုရှယ်လစ်လူ့ဘောင်သစ်တည်ဆောက်ရေး လုပ်အားပေးရမည်။ အမှတ်နှစ်ကတော့ ကျမနဲ့ရာသက်လုံး-ပြုံးကာပြုံးကာ–ချစ်ကြပါစို့အတည်” ဆိုတာကို ဒီအချိန်မှာ မြန်မာပြည်ပြန်လို့ မရတော့တဲ့ ဒေါ်မာမာအေးတယောက် ပြန်နားထောင် မိရင်ဘယ်လိုခံစားမိမလဲ။ ရီချလိုက်မလား။ တော်ပါတော့လို့ပြောမလားသိချင်သေးတယ်။

စာပေဂီတအနုပညာဆိုတာ လူတွေကိုအလွယ်တကူဖမ်းစားနိုင်မှန်းသိထားတဲ့ အာဏာရှင်
တွေကတော့ သူတို့တခုခု လုပ်ချင်လာရင် ဘယ်သူ့ကိုမဆိုအသုံးချဖို့ ဘယ်ခေတ်မှာမှ
ဝန်မလေးခဲ့ပါဘူး။ (၈၈) အပြီး မြန်မာ့အသံက ပြုတ်လာတဲ့ မိတ်ဆွေတွေ ကြုံခဲ့ရတာကတော့ မဆလပြုတ်ခါနည်း ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်ခံယူဖို့ လိုလာတဲ့အချိန်မျိုးမှာ မြန်မာ့
အသံက (၁၅) နှစ်လောက် စုလာတဲ့ ရှိသမျှ စာမတတ်သူပပျောက်ရေး အသုံးလုံးလှုပ်ရှားမှု
လှုံ့ဆော်တဲ့ သီချင်းတွေ၊ ဇာတ်လမ်းတွေ အကုန်လုံးကို ဖျက်ဆီးလိုက်တော့ဟေ့။ မလွှင့်ရ တော့ဘူးလို့ညွှန်ကြားခဲ့တယ်တဲ့။

နိုင်ငံမှာစာတတ်တဲ့နှုန်းအလွန်နဲမှ ကမ္ဘာကသတ်မှတ်ချက်နဲ့ကိုက်မှာဆိုတော့ အရင်ကြေညာ
ထားတဲ့ နိုင်ငံသားတွေရဲ့ စာတတ်နှုန်းကို ချက်ချင်းလျော့ပစ်ကြရတာပေါ့။ ဒီလိုလည်း ကြံရည်
ဖန်ရည် ကောင်းကြပါတယ်။ တခါ (၈၈) လည်းဖြစ်ပြီးရော-မဆလတခေတ်လုံးက အစီအစဉ်
တွေ၊ သီချင်းတွေ၊ ဇာတ်လမ်းတွေက တခုမှသုံးမရဖြစ်ကုန်လို့ အကုန်ဖျက်ဆီးပစ်ရပြန်တယ်တဲ့။ မြို့တော်ခန်းမ အမျိုးသားစာကြည့်တိုက်ကစာအုပ်တွေလည်း အတော်များများ လာသိမ်းတာ ဖျောက်ဖျက်တာ အတော်ခံလိုက်ရတယ်လို့ စာကြည့်တိုက် ၀န်ထမ်းတွေပြန်ပြောကြတယ်။

သမိုင်းကိုဒီလိုဖျောက်လိုက်ရင် ပျောက်သွားရောလား။ (၇၄) ဖွဲ့စည်းပုံအတည်ဖြစ်ချင်တဲ့
အခါမှာတော့ အိုးစည်သံပေါက်အောင် ဆန်းသစ်ထားတဲ့ ဂီတာသံနဲ့ ဆန္ဒမဲလာပေးကြဖို့
“မဲရုံမဲရုံကိုသာ … တပြည်လုံးမဲဆန္ဒနဲ့ … တပြည်လုံးမဲဆန္ဒနဲ့” ဆိုတဲ့သီချင်းမျိုးကို တနိုင်ငံလုံးပေါက်အောင် နိုင်ငံတော်စရိတ်နဲ့ နေ့ရောညပါလွှင့်ပေးလိုက်တော့ အတော့်ကို နာမည်ကြီးသွားတာလား။ သီချင်းဆိုတဲ့သူကော ရေးတဲ့သူပါ အားရပါးရအင်တာတွေဗျူးခဲ့ရ၊ နာမည်တွေကျော်ခဲ့ကြရတဲ့ သီချင်းပေါ့။ ခုတော့မြန်မာ့အသံက ထပ်လွှင့်ခွင့်မပြုတော့တဲ့ ပယ်ဖျက်စာရင်းထဲပါသွားရှာပါပြီ။ ပြန်အသုံးချလို့လည်း မရတော့ပါဘူး။

ရာဇ၀င်ဟောင်းရဲ့မြောင်းပုတ်ထဲမှာ ရောနှောမျောပါသွားခဲ့ရပါပြီ။ သေချာတာကတော့
အနုပညာမဟုတ်တဲ့ ပစ္စည်းတွေဟာမခံဘူး။ လူ့အသုံးအဆောင်တွေလိုပဲ။ အသုံးလိုတဲ့
သူက သုံးပြီးရင် ဟောင်းနွမ်းသွားသလိုမျိုး ဟောင်းနွမ်းသွားလေ့ရှိတယ်။ လူဆိုတာ
နိုင်ငံရေးသတ္တ၀ါလို့ ဘယ်သူပြောခဲ့တာလည်းမမှတ်မိတော့ပါ။ တခါတလေတော့လည်း
နိုင်ငံရေးရဲ့ သားကောင်ဖြစ်သွားတတ်တာ တွေ့ရတယ်။ မဆလခေတ်မှာ “တောင်ပေါ်
မြေရဲ့ အခြားတဘက်တမျက်နှာ” ကို နားထောင်လိုက်ရတော့ ရေးဖွဲ့ခဲ့တဲ့ ဆရာစိုင်းခမ်း
လိတ်ကို လေးစားခဲ့၊ အားကျခဲ့တယ်။ မျိုးချစ်စာဆိုရဲ့ မျိုးရိုးမျိုးဆက်ကို ထိန်းသိမ်းနိုင်သူ
ပဲလို့ နားလည်ရတယ်။ ခေတ်တွေပြောင်းသွားပေမယ့် ခုချိန်ထိ ဆိုလို့ ခံစားလို့ ရနေတုန်း။
အသက်ဝင်နေတုန်း။ အဓိပ္ပာယ်ရှိနေတုန်း။ ဒီသီချင်းက ဘုန်းတော်ဘွဲ့မဟုတ်။ အာဏာရှင်
အမျှော်စိုက် မဟုတ်။ ခေတ်နဲ့အဖြစ်ကို မေ့လျော့ရေးဖွဲ့ထားခဲ့တာမျိုးမဟုတ်ခဲ့ဘူးလေ။ မြင်တာကိုမြင်သလိုရေးဖွဲ့ခဲ့တာမျိုး။

ဒီတော့ သူ့မှာစေတနာပါလာတယ်။ ၀ိညာဉ်ဏ်လိပ်ပြာပါလာတယ်။ ခုခေတ်မှာ နေ့စဉ်လွှင့်
ပေးနေတဲ့ သီချင်းတွေ နေ့စဉ်ရွတ်ပြနေတာတွေကို ကြားနေကြမှာပါ။ ဥပမာ တမံတခု
ဆောက်ပြီးတိုင်း သီချင်းတပုဒ်ဖြစ်လာ၊ ဒါပေမယ့် ရေးသူလည်း မဆို၊ ဆိုသူလည်း မရ။ ဘယ်သူမှလည်းလိုက်မဆို။ အနုပညာမဆန်တဲ့ စာတမ်းတွေ ပြွတ်သိပ်အစာသွတ်ထားတဲ့ သီချင်းမျိုးတွေပေါ့။ ဆရာခမ်းလိတ် ခုချိန်မှာ ဘာတွေဆက်ရေးနေမလဲ။ ဘာမှ မရေးချင်
တော့လို့ ဒီအတိုင်းနေချင်လည်း နေလိုက်လိမ့်မယ်။ ဒါကယုံကြည်မှု ရပ်တည်မှုနဲ့ဆိုင်တယ်။ တချို့လူတွေမှာ ဒါဟာသေရေးရှင်ရေးဖြစ်တယ်။ “တောင်ပေါ်မြေရဲ့အခြားတဘက်တမျက်နှာ
မှာ- ချယ်ရီတွေလည်းယမ်းနံ့စွဲနေ” ဆိုတဲ့ သီချင်းကို ရေးခဲ့တဲ့သူက ခုချိန်မှာ “ဒို့အသွေးလည်း
မဟုတ် ဒို့အသားလည်းမဟုတ်တယ်” ဆိုတဲ့ သီချင်းစာသားမျိုးကို ရေးနိုင်ဖို့ဖြစ်နိုင်မှာမဟုတ်ဘူး။

တချို့ကတော့သားကောင်ဘ၀ရောက်သွားရပြီး သူ့ကိုသနားရမှာလား။ ဒေါသဖြစ်ရမှာလား
မသိတော့ဘဲ လိပ်ပြာတွေ သေဆုံးနေကြတာတွေ့ရတယ်။ ကိုယ့်ဖန်တီးမှုကိုထုတ်ကုန်တခုလို
ထုတ်လုပ်လိုက်မိရင်တော့ အသုံးတည့်သူကသုံးပြီးသွားတာနဲ့ ပြီးသွားတာပဲ။ ဖန်တီးသူရင်ထဲ
က စေတနာ ဒါမှမဟုတ် ဇောဝိညာဉ်လိပ်ပြာက ပူးကပ်ဖန်တီးတာမျိုး မဟုတ်ရင် ခံစားလက်ခံ
သူတွေကလည်း သိတယ်။ လွန်ခဲ့တဲ့ နှစ် (၅၀) လောက်က ရေးဖွဲ့ခဲ့တဲ့ Bob Dylan ရဲ့ Blowing
in the wind သီချင်းစာသားတပိုဒ်ကို ကြည့်စမ်းပါ…

How many years can people exist,
before they allow to be free …
How many times can a man turn his head,
Pretending he just doesn’t see …

လွတ်လပ်ခွင့်မရဘဲ နှစ်တွေဘယ်လောက်များကြာအောင်
တချို့တွေ ဆက်အသက်ရှင်လျက်-နေနိုင်ကြဦးမှာလဲ။
ဘယ်နှစ်ကြိမ်လောက်များ
ယောက်ျားကောင်းတယောက်ဟာ
ဘာမှမမြင်ချင်ဟန်ဆောင်ပြီး
သူ့ခေါင်းကို တဘက်လှည့်ထားနိုင်မှာလဲ။

ကြည့်စမ်း။ နှစ်တွေက ရာစုတ၀က်ကျော်သွားတာတောင် သူ့စေတနာက မလွတ်မြောက်နိုင်ရှာ
သေးတဲ့ တကမ္ဘာလုံးက လူတွေကို ခြုံလွှမ်းနိုင်ရှာတုန်း။ နောက်နာမည်ကျော် ဆွီဒင်ဂီတအဖွဲ့ တဖွဲ့ဖြစ်တဲ့ ABBA ရဲ့ သရော်စာသားတပုဒ်ကို ကြည့်ပါဦး။

Soldiers write the songs that soldiers that songs that you and I don’t sing (ABBA)

ဒီမိုကရေစီစနစ်နဲ့ အာဏာရှင်စနစ်ဟာ လက်ဖ၀ါးလက်ဖမိုးကိစ္စမဟုတ်ဘူး။ အရပ်ပြော
အလွယ်ပြော၊ ပြောလိုက်လို့မရပါဘူး။ အကြောင်းကိစ္စတခုတည်းကို ရှုထောင့်နှစ်ခုကနေ
ကြည့် နှစ်မျိုးမြင်နေတာမျိုး မဟုတ်ဘူး။ လုံးဝလုံးဝ ကွာပါတယ်။ လူများစုကိုယ်စားပြုကိစ္စနဲ့ လူတစုတဖွဲ့ကောင်းဖို့ကိစ္စဟာ လုံးဝခြားနားပါတယ်။ ဒါကို ၀ါးတားတား လုပ်သူတွေဟာ
ကိုယ့်တာဝန်ကိုယ်ယူရမှာပဲ။ ဒီမိုကရေစီကို တကယ်ယုံကြည်မြတ်နိုးသူဟာ အာဏာရှင်
ဖွဲ့စည်းပုံကို ခွဲခြားနားလည်စွမ်းရပါမယ်။ ညောင်နှစ်ပင်ညီလာခံကို အပြီးသတ်ခါနီးမှာ
တချို့လည်း အတိတ်သမိုင်းကို မေ့သွားပုံပဲ။ ခုတလော တီဗွီ ဖန်သားပြင်ကနေ အရေးပေါ် သီချင်းတပုဒ်ထုတ်လွှင့်ပေးနေတယ်။ နာမည်ရ အဆိုတော်နှစ်ယောက်က အေးတိအေးစက် ဆိုပေးထားတယ်။ ဒို့အားလုံးက လက်ဖ၀ါးနဲ့လက်ဖမိုးတွေပါ။ တနေရာစီက ကြည့်နေလို့ အမြင်မတူတာပါ။ ညောင်နှစ်ပင်ကို ထောက်ခံလိုက်ကြပါလိုအဓိပ္ပာယ်ရတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) လောက်က တချို့ဂီတစာဆိုတွေ အစိုးရရဲ့ ပြည်တော်သာ
စီမံကိန်းကိုဖားပြီး သံစဉ်တွေထဲ မယုံကြည်တာတွေ အစာသွတ်နေချိန်မှာ ဆရာမြို့မငြိမ်းက သူ့စေတနာအတိုင်း နိုင်ငံတော်ရဲ့နှပ်ကြောင်း တခုမှမပါတဲ့ “လူချွန်လူကောင်း” ဆိုတဲ့ တေး
တပုဒ် ရေးခဲ့ပါတယ်။

“ဆရာရေ့… ဆရာ့သီချင်းကို ကျနော်တို့ ဒီနေ့အထိ ဆိုနေတုန်းပဲ ဆရာ။ သိပ်စိတ်ပျက်စရာ
ကောင်းတဲ့ အမှောင်နေ့တွေမှာ ဆရာ့သီချင်းကိုဆိုလိုက်ရရင် ကြားလိုက်ရရင် အားတွေတက်
လာတယ်။ စေတနာတွေ ဖြစ်လာတယ်ဆရာ”

အကြောက်တရားကင်း၊ ညီညွတ်ခြင်းတိုင်းပြည် ဖြစ်တည်ပါစေသတည်း။

မီဒီယာတိုက်ပွဲ နှင့် မြန်မာဘလော့ဂ်များ ဘာလဲ ဘယ်လဲ-နယ်ခြားမဲ့မြန်မာဘလော့ဂါများ (၂၄-၁၀-၀၇)

လွန်ခဲ့သော စက်တင်ဘာလ နောက်ဆုံးပတ်နှင့် အောက်တိုဘာလ အစောပိုင်းရက်များ
တွင် ဖြစ်ပွားခဲ့သော မြန်မာပြည်သူ ရဟန်းရှင်လူတို့၏ ဆန္ဒထုတ်ဖော်ပွဲများတွင် မြန်မာ ဘလော့ဂ်များကလည်း အရေးပါသော အခန်းကဏ္ဍတခုမှ ပါဝင်ခဲ့ကြကြောင်း အများ
အသိပင် ဖြစ်သည်။

တိုးတက်လာသော နည်းပညာနှင့်အညီ ပရော်ဖက်ရှင်နယ် သတင်းထောက်များသာ
မက သာမန် မြန်မာပြည်သူများကပါ ကိုယ်ထူကိုယ်ထ ပေးပို့သော သတင်းဓာတ်ပုံ
ဗီဒီယိုများကို ဒစ်ဂျစ်တယ်လှိုင်းများမှ ဖြတ်သန်းကာ ဘလော့ဂ်များ နိုင်ငံတကာ
မီဒီယာများသို့ စီးဆင်းစေလိုက်သောအခါ အဖြစ်အပျက်များက ကမ္ဘာ့လူထုရှေ့မှောက်
သို့ မျက်ဝါးထင်ထင် လျင်လျင်မြန်မြန် ရောက်ရှိသွားတော့သည်။ စစ်အစိုးရအတွက်
ရုတ်တရက် ထိန်းချုပ်၍ မရလောက်အောင် အငိုက်မိကာ မြန်မာ့အရေးသည် ကမ္ဘာ
အရပ်ရပ်ရှိ ပြည်သူများ၊ အစိုးရများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ပါသည်။

ထို့ကြောင့်ပင် စစ်အစိုးရက ကင်မရာများကို ရှာဖွေသိမ်းဆည်းခြင်း၊ ကင်မရာ ကိုင်ဆောင်
သူများကို ဖမ်းဆီးခြင်း၊ ဆန္ဒဖော်ထုတ်ပွဲများတွင် ကိုယ်တိုင် ပါဝင်သူများသာမက ဘေးက အားပေးကြည့်ရှုသူများကိုပင် ဖမ်းဆီးခြင်းများဖြင့် သတင်းယူသူများကို အနှောင့်အယှက် ပေးပါတော့သည်။ ပထမပိုင်းတွင် သတင်း ဖြန့်ချိပေးသော ဘလော့ဂ်အချို့ကို ဖတ်ရှုခွင့်
မရအောင်ပိတ်၊ နောက် ဘလော့ဂါဒေါ့ကွန်း တခုလုံးကိုပါပိတ်၊ နောက်ဆုံး အင်တာနက်ကို
ပင် အချိန်တခုအထိ ဖြတ်တောက်လိုက်ရသည်အထိ သတင်းစီးဆင်းမှုကို ပိတ်ဆို့လိုက်ရ
လေသည်။

မြန်မာဘလော့ဂ် အသိုင်းအ၀ိုင်းကို လေ့လာကြည့်ပါက ဘလော့ဂ် ရေးခြင်းဖြင့် လွတ်လပ်မှု၏ တန်ဖိုးကို ပိုမိုသိမြင် နားလည်နိုင်သည်ဟုဆိုလျှင် လွန်မည်မထင်ပါ။ ဘလော့ဂါအများစုသည် မိမိတို့၏ ဆန္ဒမှန်ကို ထုတ်ဖော်ပြောပြခွင့် အလျဉ်းမရှိသော အုပ်ချုပ်မှုဆိုးကြီးအကြောင်းကို ဘလော့ဂ်ရေးရင်း ခံစားနိုင်သော လွတ်လပ်ခြင်း၏အရသာ တခုတည်းနှင့် နှိုင်းယှဉ်ရုံဖြင့်ပင် အမှန်အတိုင်း သိမြင်နိုင်ကြပေသည်။ ဘလော့ဂ်လမ်းညွှန်စာရင်းအရ နိုင်ငံတကာမှ ရေးသား
နေသော မြန်မာဘလော့ဂ်ပေါင်း ထောင်ဂဏန်းရှိသည့်အနက် ပုံမှန်ရေးသား သွားလာ အသက်
ဝင်နေသော မြန်မာဘလော့ဂ်များမှာ ရာဂဏန်းရှိပါသည်။ ထိုအထဲတွင် အများစုမှာ မျက်စိပွင့် နားပွင့်ကာ အမှန်ကိုမြင်သူ လွတ်လပ်မှုကို ချစ်မြတ်နိုးသူများ ဖြစ်ကြသည်ကို အရေးအသားများ ဖတ်ကြည့်လျှင် အထင်အရှား သိနိုင်ပါသည်။

မြန်မာဘလော့ဂ်များသည် ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်ပွားစဉ်ကာလက သတင်းဖြန့်ဝေပေးခြင်း
တွင် အရေးပါခဲ့ရုံသာမက ကာလအချိန် အတော်ကြာကြာကပင် လွတ်လပ်မှုနှင့် ဒီမိုကရေစီ သဘောတရားများဖြင့် လင်းလက်တောက်ပြောင်စွာ ထင်ဟပ်လျက်ရှိခဲ့ကြပါသည်။ ဘလော့ဂ် မျိုးစုံကို ဖြတ်သန်းကာ ဖတ်ရှုလိုက်လျှင် နိုင်ငံရေးအကြောင်း ရေးသားသော ဘလော့ဂ်ဖြစ်စေ ရိုးရိုးသာမန် အကြောင်းအရာများ ရေးသားသော ဘလော့ဂ်ဖြစ်စေ ခေတ်၏ တောင်းဆိုမှုများ
ဖြင့် တနည်းမဟုတ်တနည်း ရိုးသားစွာ ဖွင့်ဟလျက်ရှိနေသည်ကို တွေ့မြင်နိုင်ပါသည်။

သို့သော် စစ်အစိုးရ၏ အာဘော်အတိုင်း ရေးသားနေသော ပြည်တွင်းပြည်ပ ဘလော့ဂ်
အချို့လည်း ရှိပါသည်။ မိမိတို့လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ရှိသော ဘလော့ဂ်၏ သဘောသဘာဝအရ မည်သည့်ဘလော့ဂါမဆို လွတ်လပ်စွာ ကွဲလွဲခွင့်နှင့် ခြားနားသော အတွေးအခေါ်ကို ဖော်ပြပိုင်ခွင့်ရှိပါသည်။ သို့သော် မရိုးဖြောင့်သော သဘောဖြင့် ဆင်သေကို ဆိတ်သားရေဖြင့် ဖုံးချင်လာလျှင်တော့ အမှန်သိမြင်သူ လူအများ၏ ကန့်ကွက်ခြင်း လွတ်လပ်
စွာ ဝေဖန်ခြင်းကိုလည်း ခံရပေမည်။ ထိုအခါတွင် မိမိတို့ အရေးအသား သတင်းဝါဒဖြန့်မှုများ လိမ်ညာမှုများကို လူအများကလက်မခံကြောင်း သဘောပေါက် ၀န်ခံသင့်ပေသည်။

လောလောဆယ် အနေအထားတွင် စစ်အစိုးရ အလိုတော်ရိဟု ယူဆစရာ ဖြစ်နေသော ဘလော့ဂ်အချို့တွင် အောက်ပါအတိုင်း ကဏ္ဍများခွဲ၍ အထူးပြု ရေးသားကြသည်ကို ကြည့်လျှင် တစုံတဦးက သေသေချာချာ ညွှန်ကြားချက်ပေးကာ စီမံထားသလားဟုပင် ထင်ရပါသည်။

  1. ဒီမိုကရေစီနိုင်ငံများကို အပြစ်ရှာကာ ဒီမိုကရေစီ သဘောတရားကို ယုံကြည်မှု ပျက်ပြားအောင် ရေးသားခြင်း
  2. စစ်အစိုးရသတင်းစာများတွင် ရေးသားသည့် အာဘော်များအတိုင်း ၀ါဒဖြန့်ခြင်း
  3. သတင်းမှန်တခုထွက်လာလျှင် ထင်ယောင်ထင်မှားဖြစ်အောင် တန်ပြန်ချေပခြင်း
  4. ဒီမိုကရေစီ လိုလားသူများကို မခံချင်အောင် ရန်စတိုက်ခိုက်ခြင်း
  5. ယခုနောက်ပိုင်း ထွက်ပေါ်လာသည့် ဘာသာရေးသက်သက် ဟုထင်မြင်အောင် ရေးသားထားသော ဘလော့ဂ်များမှနေပြီး လူထုငြိမ်ဝပ်နေစေရေးအတွက် ဗုဒ္ဓ
    ဘာသာမှ လိုရာအပိုင်းကို ဆွဲယူ ရေးသားကာ တိုက်တွန်းခြင်း

ထို့အပြင် ဆန္ဒဖော်ထုတ်ပွဲများ အရှိန်အမြင့်ဆုံးဖြစ်စဉ် စစ်တပ်က စတင်ပစ်ခတ် နှိမ်နင်းစဉ်ကာလကလည်း သတိထားမိလိုက်ပါသေးသည်။ ဒီမိုကရေစီနိုင်ငံများကို အပုပ်ချရေးလေ့ရှိသော ဘလော့ဂ်တခုက မစ္စတာ ဂမ်ဘာရီ မြန်မာပြည်ရောက်နေ
ချိန်ဝယ် လူအားလုံးကို အိမ်ထဲမှာသာနေကာ မေတ္တာပို့နေရန် တိုက်တွန်းထားခဲ့သည်။
ဗုဒ္ဓဘာသာ၏ မေတ္တာတရား ငြိမ်းချမ်းရေးတရားကို အယောင်ပြကာ လက်တွေ့မကျသော လမ်းကြောင်းဖြင့် တိုက်တွန်းထားခြင်းသည် ဟုတ်သယောင်ရှိသဖြင့် တချို့လူများပင် ခေတ္တ နားယောင်မိသွားကြသည်ကို မှတ်ချက်များအရ သိရှိနိုင်ပါသည်။ ထိုပုဂ္ဂိုလ်ရေးသားပြီး မရှေး မနှောင်းတွင် ပြည်တွင်းမှ ပြည်သူတဦး အမည်ဖြင့် သတင်းဘလော့ဂ် ပိုင်ရှင်များထံသို့ စာ
တစောင် အီးမေးလ်မှတဆင့် ပေးပို့လာပါသည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ထိုပြည်သူ
တဦးဆိုသူ၏ တိုက်တွန်းချက်မှာ အနှီဘလော့ဂါပုဂ္ဂိုလ်၏ အကြံပြုချက်နှင့် တိုင်ပင်ထားသကဲ့
သို့ (၀ါ) ညွှန်ကြားချက် တခုတည်းအောက်တွင် ရှိနေသကဲ့သို့ သဘောချင်း ထပ်တူညီနေခြင်း ဖြစ်သည်။

လွတ်လပ်ရေးနှင့် ဒီမိုကရေစီလိုလားသူ ဘလော့ဂါများကို ဆဲဆိုတိုက်ခိုက်ခြင်းများလည်း ခေတ်စားလျက်ရှိပါသည်။ အထူးသဖြင့် အမျိုးသမီး ဘလော့ဂါများကို အရှက်ရအောင်
စိတ်ပျက်ကာ ဘလော့ဂ်မရေးချင် လာတော့သည်အထိ ညစ်ညမ်းသော စကားလုံးများဖြင့် တိုက်ခိုက်လာခြင်း ဖြစ်ပါသည်။ ဆီပုံးဟု မြန်မာဘလော့ဂ်လောကတွင် ခေါ်ဝေါ်ကြသော
C box များတွင် ဒီမိုကရေစီရေးလှုပ်ရှားသူများ ဒေါသထွက်အောင် မထိတထိရန်စခြင်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများဖြင့် အပြန်အလှန် ဆဲရေးသယောင် ရေးသားခြင်းများ
သည် စာဖတ်သူများကို အလွန် မျက်စိရှုပ်ထွေး စိတ်ပျက်စေပါသည်။

ဘလော့ဂ်ရေးသူများကို စိတ်ပျက်အောင် အဝေးက ကွန်ပျူတာရှေ့ထိုင်ကာ လှုပ်ရှားနေ
သည်မှာ အလကားဖြစ်ကြောင်း အကျိုးမရှိကြောင်း စသည်ဖြင့် စိတ်ဓာတ်ပျက်ပြားစရာ စကားများဖြင့် လာရောက်မှတ်ချက်ချခြင်းကိုလည်း မမှုကြရန် လိုအပ်ပါသည်။ တိုက်ကြ
ခိုက်ကြမည်၊ သတ်ကြ ဖြတ်ကြမည် စသည်ဖြင့် အစွန်းရောက်ပြောဆိုခြင်း စစ်တပ်ကို
အသားလွတ် ဆဲရေးခြင်းများဖြင့် လူထုထောက်ခံမှုကို ပျက်ပြားစေသော အပြောအဆို
များကိုလည်း မသင်္ကာဖွယ်ရာ တွေ့ရပါသည်။

ဘလော့ဂ်များမှ အချိန်နှင့်တပြေးညီ တင်ပြလာသော သတင်းဓာတ်ပုံများကို ကမ္ဘာက
စိတ်ဝင်တစား အဆက်မပြတ် ဖတ်ရှုနေချိန်တွင် သတင်းဘလော့ဂ်များသို့ သတင်းမှားများ မသက်ဆိုင်သော ဓာတ်ပုံအမှားများကို ပေးပို့လာသည်ကိုလည်း တွေ့ရပါသည်။ မီဒီယာကို မီဒီယာဖြင့် တိုက်မည်ဟူသော စစ်အစိုးရ ပြန်ကြားရေး၏ ပေါ်လစီအရ တိုက်ခိုက်လာခြင်း ဖြစ်နိုင်ပါသည်။ သတင်းဘလော့ဂ်များ အနေဖြင့် သံသယဖြစ်ဖွယ် သတင်းတခုရလာလျှင် တခုနှင့်တဦး ဆက်သွယ်တိုင်ပင်ကာ အတည်ပြုချက် ရယူရပါမည်။ ထို့ကြောင့် အနည်းဆုံး သတင်းတင်ရန် အချိန်နှောင့်နှေးခြင်း၊ သတိလွတ်သွားပါက သတင်းအမှားကို တင်မိခြင်းအထိ ဖြစ်စေရန် တိုက်ခိုက်ခြင်း ဖြစ်ပါသည်။ ဘလော့ဂ်များမှ သတင်းများကို ယုံကြည်အားထားမှု လျော့ကျစေရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ပါသည်။ သတင်းဘလော့ဂ်ရေးသူများ အထူးသတိပြု ဖွယ်ဖြစ်ပါသည်။

ဒီမိုကရေစီ တိုက်ပွဲများတွင် မြန်မာဘလော့ဂ်များ၏ ထိရောက်မှုကို ကောင်းကောင်းသိပါ
လျက် တုန်လှုပ်နေပါလျက် စစ်အစိုးရက မြန်မာဘလော့ဂ်များနှင့် တိုက်ရိုက် ပတ်သက်
သည့် လှုပ်ရှားမှုများကို အခုအချိန်အထိ သိသိသာသာ မလုပ်သေးသည်မှာ စဉ်းစားစရာ
ဖြစ်သည်။ ဆင်ကြံကြံနေခြင်းသာ ဖြစ်နိုင်ပါသည်။ လမ်းပြမြေပုံ (၇) ချက် အတိုင်းဆက်
သွားမည်ဟု ခေါင်းမာမာကြွေးကြော်ထားသော စစ်အစိုးရသည် ဆန္ဒဖော်ထုတ်ခဲ့သူများ
ကို ဖမ်းဆီးချုပ်နှောင်နေသလို တစ်ဖက်ကလည်း စစ်အစိုးရ အလိုတော်ရိ စွမ်းအားရှင်
ကြံ့ဖွတ်များကို ရှေ့တန်းထုတ်ကာ ပြည်သူလူထုကို အတင်းအကျပ်ဖိအားပေး ပါဝင်ခိုင်း
သည့် ညီလာခံထောက်ခံပွဲများနှင့် တန်ပြန်ဆန္ဒပြပွဲများကို ကျင်းပနေပါသည်။ အင်တာ
နက် ကမ္ဘာတွင်လည်း စစ်အစိုးရ ဆက်လှမ်းလာမည့် ထိုနည်းဆန်ဆန် ခြေလှမ်းများကို ခန့်မှန်းကြည့်နိုင်ပါသည်။

ထို့ကြောင့် နောက်တဆင့်တက်ကာ ဘလော့ဂ်ကိုလည်း ဘလော့ဂ်ဖြင့်ပင် ပိုမို တိုက်ခိုက်
လာနိုင်ဖွယ်ရှိပါသည်။ လောလောဆယ်ရှိနေသော နအဖအလိုတော်ရိဆန်ဆန် ဘလော့ဂ်
များအပြင် စွမ်းအားရှင် ဘလော့ဂ် အများအပြား ထပ်မံ မွေးထုတ်လာနိုင်ပါသည်။ ဆန္ဒ ဖော်ထုတ်ပွဲများတွင် စွမ်းအားရှင်များကို နေ့စား အခပေး၍ ရဟန်းရှင်လူများကို ရိုက်နှက် နှိမ်နင်းခိုင်းသော စစ်အစိုးရသည် ငွေကြေးထောက်ပံ့၍ ဘလော့ဂ်သင်တန်းပေးကာ အလို
တော်ရိ ဘလော့ဂါ အများအပြားကို နေ့ချင်းညချင်း မွေးထုတ်လာရန်မှာ ခက်ခဲသော ကိစ္စ
မဟုတ်ပါ။

ယခုအချိန်တွင် မြန်မာဘလော့ဂ်များကို လိုက်လံဖတ်ရှုကြည့်ပါက လွတ်လပ်ရေးကို
တောင်းဆိုသောအသံများဖြင့် ညံလျက်ရှိနေပေသည်။ ထို့ကြောင့် တန်ပြန်ဆန္ဒပြပွဲများ
နည်းတူ စစ်အစိုးရကိုထောက်ခံကာ ဒီမိုကရေစီလှုပ်ရှားမှုများကို အပုပ်ချသောအသံများလည်း ဘလော့ဂ်လောကတွင် များပြားလာအောင် တနည်းနည်းဖြင့် လှည့်ဖြားကြံဆောင်လာနိုင်ပါသည်။

ကောက်ကျစ်သော နည်းလမ်းများနှင့် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှု (Psychological Warfare)
ကို လိုအပ်လျှင်သုံးဖို့ ၀န်မလေးခဲ့သူ စစ်အစိုးရသည် နိုင်ငံရေးအရောင် ကင်းရှင်းသော စာပေ အနုပညာ ဘလော့ဂ်၊ ဘာသာရေးဘလော့ဂ် စသည်ဖြင့် အယောင်ပြကာ လက်ရှိဘလော့ဂါ
များနှင့် ရင်းနှီးမှုရယူခြင်း၊ ထို့နောက် ဒီမိုကရေစီလိုလားသူ ဘလော့ဂါ အချင်းချင်း သွေးကွဲ
စေရန် မလိမ့်တပတ် ကြံဆောင်ခြင်းများလည်း လုပ်လာနိုင်ပါသေးသည်။ ဘလော့ဂါများ
အားလုံးမှ စည်းလုံးမှုမပျက်ပြားစေပဲ သတိထားရန် လိုအပ်ပါသည်။ ဘလော့ဂ်ဖတ်ရှုသူများ အနေနှင့်လည်း ဖတ်ရှုရုံသာမက အချိန်ပေးကာ မိမိတို့ခံစားချက် သဘောထားများကို ထင်ဟပ်စေသော ဘလော့ဂ်များ စတင်ရေးသားလာကြစေလိုပါသည်။

အတုအယောင်များ တိုက်ခိုက်မှုများဖြင့် ပိုမိုဝင်ရောက် ခြေရှုပ်လာနိုင်သော မြန်မာဘလော့ဂ် လောကကို ဘလော့ဂါများက မျက်ခြည်မပြတ် စောင့်ကြည့်နေပါသည်။ တုန်လှုပ်စရာတော့
စိုးစိမျှ မလိုပါလေ။ အဘယ်ကြောင့်ဆိုသော် တပါးသူ၏ အမိန့်တစုံတရာအောက်ဝယ် မက်လုံး ကြောင့်ဖြစ်စေ၊ ကြောက်ရွံ့မှုကြောင့်ဖြစ်စေ တံလျှပ်ကို ရေထင်ကာ ၀ိုးတ၀ါး ရေးသားရသူများ
သည် မိမိကိုယ်ပိုင် ယုံကြည်ချက် ကိုယ်ပိုင်ခံစားချက်များဖြင့် စေတနာ့ဝန်ထမ်း ဘလော့ဂ် ရေးသားသူများနှင့် နှိုင်းယှဉ်ပါက ရေရှည်တွင် တဖြည်းဖြည်း အရည်အသွေးအရရော ခိုင်မာမှု
အရပါ ကွာခြားလာမည် ဖြစ်သောကြောင့်တည်း။ နောက်ဆုံးတွင် လောကနိယာမအရ ဓမ္မက
သာလျှင် အဓမ္မကို အနိုင်ရရစမြဲ မဟုတ်ပါလား။

Burmese Bloggers without Borders
http://bbwob.blogspot.com

သမိုင်းကို ပြန်ကြည့်ပါ … တူရှုချက်အား တွေ့ရမည်-မင်းဆွေသစ် (၁၉-၁၀-၀၇)

(က)

သမိုင်းဆိုသော်လည်း ဟိုးရှေးရှေးတုန်းကနှင့် စမည်မဟုတ်။ လွန်ခဲ့သည့် နှစ် (၂၀) ကနှင့်စမည် ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ် ၀န်းကျင်ကာလများက ဆိုရှယ်လစ်ဘောဂဗေဒအတွက် စိန်ခေါ်မှု အဟောင်းအသစ်မှန်သမျှအား အန်တုနိုင်စွမ်းကင်းမဲ့ ကုန်ဆုံးခဲ့ရသည့် နှစ်များဟု ဆိုရမည်ပင်။ ဈေးကွက်၏ တောင်းဆိုမှုအား မက်(ခ်)ဘောဂဗေဒသည် အလျဉ်မီအောင် လိုက်၍မဖြေရှင်းနိုင်
တော့။ ကုန်ထုတ်စွမ်းအားစုအတွင်း၌ အာဏာရလာသည့် “လူတန်းစားသစ်” သည် ကုန်လုပ်ဆက် ဆံရေးတွင် အဟန့်အတားအဖြစ် ဖြစ်လာစေခဲ့၏။ ထိုထိုသော ပြဿနာဖြင့် ဗဟိုစီမံကိန်းစီးပွားရေး စနစ်သည် ချုပ်ငြိမ်းစေရန် ဖြစ်စေခဲ့ရ၏။

ဆိုရှယ်လစ်ဘောဂဗေဒ၏ နေ၀င်ချိန်။
ဆိုရှယ်လစ်နိုင်ငံများ၏အခြေခံအဆောက်အဦ ယိုင်နဲ့ပြိုလဲချိန်ဟု ဆိုရမည်ပင်။ အရှေ့ဥရောပ
နိုင်ငံများ ရင်ဆိုင်အခက်ကြုံနေရသကဲ့သို့ ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်ပြည်သစ်တို့တွင်
လည်း ထိုစိန်ခေါ်မှုများက သေရေးရှင်ရေးပြဿနာများပင်။ မည်သူမှ မလွတ်။ ပြောင်းလဲနိုင်ရန် ကြိုးစားကြ၏။ ကျော်လွှားနိုင်ရန် လုံ့လပြုကြ၏။ အလှည့်အပြောင်းများပြုလုပ်ကြ၏။

“ဂေါ်ဗာချော့” ၏ “ဂလတ်စ်စနော့ ” ၊ “ ပယ်ရီစထရိုက်ကာ” နှင့် “တိန့်ရှောင်ဖိန်” ၏ “ကြောင်
သီအိုရီ” တို့ကား ဆိုရှယ်လစ်နိုင်ငံများ၏အခြေခံအဆောက်အအုံဆိုင်ရာ ကုထုံးသစ်များ။ “လူနှင့်ရုပ်ပတ်ဝန်းကျင်အညမည” သဘောတရားနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် လက်တွေ့တင်မူ ဦးနေ၀င်း၏အရေခြုံဆိုရှယ်လစ်ပါတီဟူ၍ပင် ဆိုရမည်ဖြစ်၏။ ဆိုရှယ်လစ် အရေခြုံသော မဆလအတွင်း၌ “လူတန်းစားသစ်” တို့ ရှင်သန်၏။ ကြီးပွား၏။ သဘောတရားက စာအုပ်အဖြစ် လက်ထဲတွင် ကိုင်ထားရန်ဖြစ်ပြီး။ အကျိုးစီးပွားကိုမူ “၀မ်း” ထဲ၌ ထည့်ထားကြ၏။ ဤအခြေအနေများဖြင့် မဆလသည် စိန်ခေါ်မှုဒဏ်အား အန်မတုနိုင်။ ပြို၏။

၁၉၈၇ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် မြန်မာ့ကျပ်ငွေအား တရားမ၀င်ငွေကြေးများအဖြစ် တတိယအကြိမ်မြောက် ကြေညာ၏။ ငွေကြေးစနစ်က ပြိုပြီ။ ငွေဖောင်းပွမှုက မြင့်တက်၍လာ၏။ ကုန်ဈေးနှုန်းများက ကြောက်စရာကောင်းလောက်အောင် ထိုးတက်၍နေသည်။ တဦးချင်းဝင်ငွေ
က စိုက်၍ကျဆင်းမြဲ။ ဘတ်ဂျက်လိုငွေပြမှုက ထိန်း၍မရ။ ဆိုရှယ်လစ်ဈေးကွက်တွင် မှောင်ခိုဈေး ကွက်က ကျယ်ပြန့်၍နေရာယူလာ၏။ နောက်ဆုံး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဆင့် စာရင်းဝင်ခဲ့တော့
၏။

(ခ)

၁၉၈၈ “၈” လေးလုံးအရေးတော်ပုံပေါ်ပေါက်ခဲ့ရခြင်း၏ အရင်းခံအကြောင်းတရားက အုပ်ချုပ်ရေး
အရ တပါတီအုပ်ချုပ်ရေးစနစ်မရှင်သန်ခြင်းနှင့် နိုင်ငံရေးအရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အား မယုံကြည်ခြင်းပင်ဖြစ်ပြီး လတ်တလောအကြောင်းတရားအဖြစ်က စီးပွားရေး ကျပ်တည်းမှု ပြဿနာဖြစ်သည်ဟု ဆိုရမည်။

ထိုစဉ်က ရင်ဆိုင်နေရသော မြန်မာ့စီးပွားရေးပြဿနာသည် မဆလအတွက် သင်္ချိုင်းမြေဖြစ်
စေပြီး တပါတီစနစ်အား နိဂုံးချုပ်စေမည်ဟူသည်ကား ဦးနေ၀င်းရိပ်မိ၏။ ဗစိန်-ထွန်းအုပ် သခင် ဂိုဏ်းခွဲတွင် ခရီးသွားဟန်လွှဲဖြတ်သန်းခဲ့ဖူးသော သခင်ရှုမောင်က “တွေး” နိုင်၏။ သို့ဖြင့် ၁၉၈၈
ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့ မဆလပါတီညီလာခံတွင် ဥက္ကဋ္ဌ ဦးနေ၀င်းမှ ပါတီနှင့် တိုင်းပြည်သို့ သူ၏ပြုပြင်ပြောင်းချင်သော တူရှုချက်အား ဖွင့်ချပြခဲ့၏။

“တပါတီစနစ်ကိုကြိုက်သလား”
“ပါတီစုံစနစ်ကိုကြိုက်သလား”
ဦးနေ၀င်း၏ “ပါတီစုံစနစ်” ပြုပြင်ပြောင်လဲရေးကား မဆလအား ဗဟိုပြုမှုဖြင့် ပြုပြင်ပြောင်း လဲခြင်းမျိုးဖြစ်၏။ တနည်းအားဖြင့် အာဏာရှင်တို့၏ အာဏာအ၀န်းအ၀ိုင်းမှ အာဏာစက်ဖြင့် ပြောင်းလဲခြင်းဖြစ်၏။ မဆလပါတီတရပ်အနေနှင့် ဆက်၍ရှိမည်။ ပါတီ၏ခေါင်းဆောင်မှုပိုင်း
တွင် အမြင်အရ အပြောင်းအလဲများပြုလုပ်မည်။ မျက်နှာဖုံးအပြောင်းအလဲ။ သို့နှင့် ဦးနေ၀င်း၊ ဦးစန်းယုတို့ ပါတီမှ နုတ်ထွက်အနားယူကြ၏။

၁၉၈၈၊ စက်တင်ဘာ (၁၁) ရက်နေ့တွင် ပြည်သူ့လွှတ်တော်အရေးပေါ်အစည်းအဝေးခေါ်ယူပြီး “ပါတီစုံစနစ်” အားကျင်းပရန် လွှတ်တော်က ဆုံးဖြတ်၏။ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်း
ပရေး ကော်မရှင်အား မဆလမှ ဖွဲ့စည်း၏။ ဦးဘဌေး၊ စောကြာဒိုး၊ ဦးစန်းမောင်၊ ဆရာချယ်၊ ဦးကျော်ညွန့်တို့ ပါဝင်၏။ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပမည့်နေ့ရက်အား ၁၉၈၈ ခုနှစ် ၊ ဒီဇင်ဘာလ (၁၁) ရက်နေ့အား သတ်မှတ်၏။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ဖြည့်
စွက်ပြီး ပြုလုပ်မည့် ရွေးကောက်ပွဲဖြစ်၏။ ထိုကာလတလျှောက် မဆလ၏ပြည်သူ့လွှတ်တော်က ရှိနေမည်။ နိုင်ငံတော်အာဏာကောင်စီအရပ်ရပ်အား ဆုပ်ကိုင်ထားမည်။ ဤနည်းဖြင့် ဦးနေ၀င်း
က “တပါတီစနစ်”မှ “ ပါတီစုံစနစ်” သို့ ပြောင်းလဲလိုခြင်းဖြစ်သည်။ မဆလ၏ ပါတီစုံစနစ်သို့ ပြောင်းလဲလိုသော နည်းဗျူဟာဖြစ်၏။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်မှ စက်တင်ဘာလ (၁၂) ရက်နေ့တွင် မဆလ၏ အပြောင်းအလဲအစီအစဉ်အား တပ်မတော်သားများအားလုံးမှ လိုက်နာကြရန် ရေဒီယို
မှ တဆင့်မိန့်ခွန်းပေး၏။ စက်တင်ဘာလ (၁၆) ရက်နေ့တွင် နိုင်ငံတော်ကောင်စီဥက္ကဋ္ဌက နိုင်ငံ
ဝန်ထမ်းအားလုံး မဆလပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ကြေညာ၏။ ပြီးလျှင် မည်သည့်
နိုင်ငံရေး ပါတီအဖွဲ့အစည်းများတွင်လည်း ပါဝင်ခွင့်မရှိကြောင်း ထုတ်ပြန်၏။

မဆလပါတီ၏ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်အား လူထုက မယုံကြည့်။ လူထုလက်ခံယုံကြည်
သည်က တော်လှန်ရေး။ မဆလအား တစမကျန်အလုံးစုံဖျက်သိမ်းရေးနှင့် လူထုက တည်ဆောက် သည့် ပါတီစုံဒီမိုကရေစီစနစ်။ သို့နှင့် သိန်းသန်းချီသော လူထုဆန္ဒပြတိုက်ပွဲက ငြိမ်းချမ်းစွာနှင့် တောင်းဆိုတိုက်ပွဲဝင်လျက်ရှိ၏။
“ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး …”

လူထု၏ကြားဖြတ်အစိုးရမှ ရွေးကောက်ပွဲများကျင်းပမည်။ ပါတီစုံဒီမိုကရေစီစနစ်အား တည်ဆောက်မည်။ အပြောင်းအလဲအား လူထုမှ ပြုလုပ်မည်။ မဆလ၏ဦးဆောင်မှုဖြင့် ပြုလုပ်မည့်အပြောင်းအလဲဟူသည်အား လူထုမှ လက်မခံ။ ပြတ်ပြတ်သားသား ငြင်းပယ်၏။ ဤသည်ပင် စစ်တပ်အာဏာသိမ်းရခြင်း၏ အဓိကအကြောင်းတရားဖြစ်သည်။ နိုင်ငံတော်ကောင်စီနေရာတွင် န.၀.တ ဖြစ်လာ၏။

(ဂ)

၁၉၈၈ခုနှစ် အာဏာသိမ်းပြီး နောက်တနေ့တွင် ပြုလုပ်သည့် န.၀.တ၏ အစည်းအဝေးက ပါတီစုံရွေးကောက်ပွဲကျင်းပရေး ကော်မရှင် အဖွဲ့နှင့်တွေ့ဆုံသည့် အစည်းဝေးဖြစ်သည်။
ကော်မရှင်အဖွဲ့ဝင်ဆရာချယ်သည်ပင် ရန်ကုန်မြို့လူထုဆန္ဒပြမှုများကြောင့် လမ်းပိတ်ဆို့နေ၍ အစည်းအဝေးသို့ မလာနိုင်။ ဤအခြေအနေ၌ န.၀.တ မှ ကော်မရှင်နှင့်တွေ့ဆုံသည့် အစည်း
အဝေးပြုလုပ်ခြင်းအား ကြည့်ခြင်းအားဖြင့် စစ်အုပ်စုသည် မဆလ၏ ပြုပြင်ပြောင်းလဲရေး နည်းဗျူဟာအတွင်း အခိုင်အခံ့ရပ်တည်နေသည်ကို တွေ့ရမည်။ န၀တ၏ တူရှုချက်က မဆလ၏ တူရှုချက်အတိုင်း မပြောင်းလဲ။

၁၉၉၀ခုနှစ် အထွေထွေရွေးကောက်ပွဲအား ကျင်းပ၏။ ရလဒ်က စစ်အုပ်စုအတွက် အခက်တွေ့
စေ၏။ ပြုပြင်ပြောင်းလဲရေးနည်းဗျူဟာဆိုင်ရာ အကျပ်တွေ့စေသည်။ ဤတွင် လွှတ်တော်ခေါ်
ယူပေး၍ မဖြစ်တော့။ နည်းဗျူဟာ အကျပ်အတည်းအား ကျော်လွှားရန် ဖွဲ့စည်းပုံအခြေခံဥပဒေ တရပ်ဆွဲရန် အမျိုးသားညီလာခံအား စစ်အုပ်စုမှ ခေါ်ယူရတော့သည်။

အမျိုးသားညီလာခံရလဒ်က “ပြုပြင်ပြောင်းလဲရေနည်းဗျူဟာ” အတွင် အရေးကြီးသော
အဆင့်ဖြစ်၏။ လွယ်လွယ်ကူကူနှင့် လျော့ပေး၍မရ။ ကျားကုတ်ကျားခဲ ကာကွယ်ကြမည်သာ။

ဤအတွက်ပင် ဗုဒ္ဓဘာသာဝင် စစ်ဗိုလ်ချုပ်ကြီးများက ရတနာသုံးပါးအား စစ်ဖိနပ်နှင့် နင်းခြေ နေခြင်းဖြစ်၏။ လှံစွပ်နှင့်ထိုး၏။ သေနတ်နှင့်ပစ်၏။ အကျဉ်းချ၏။ တိုက်ပိတ်၍နှိပ်စက်၏။

ဤအတွက်ပင် စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးကြီးအတွင်းမှာပင် ကြံ့ဖွတ်ဆန္ဒဖော်ထုတ် ပွဲများအား လုပ်နေခြင်းဖြစ်၏။

အာဏာရှင်တို့က ဗဟုဝန်းကျင်ဖြင့် ဗဟုဝါဒသို့ ပြောင်းလဲမည်မဟုတ်။ ဗဟုဝန်းကျင်ဖန်တီး၍
ဗဟုဝါဒတည်ဆောက်ခြင်းအား လူထုမှ လူထုအားနှင့်သာ တည်ဆောက်ရမည်။

၁၉၈၈ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့တွင် ကျင်းပသည့် မဆလအရေးပေါ်ပါတီညီလာခံမှ
“ပါတီစုံစနစ် ကျင့်သုံးမလား” ၊ “တပါတီစနစ် ကျင့်သုံးမလား” ဟူသည်ကား လူထုဆန္ဒ ခံယူပွဲပြုလုပ်မည်ဟု “ဈေးတင်” ၍ထား၏။ လူထုက လူထုတိုက်ပွဲနှင့် တပါတီစနစ်အား
ဖိတိုက်၏။ ဤတွင် မဆလပါတီ၏ ပြည်သူ့လွှတ်တော်က ၁၉၈၈ ခုနှစ် စက်တင်ဘာလ
(၁၁) ရက်နေ့၌ လူထုဆန္ဒခံယူပွဲပြုလုပ်မည်ဟူသော “ဈေး” အား လျော့ပစ်၍ “ ပါတီစုံစနစ်”
အား ကျင့်သုံးမည်ဟူသည့် ဆုံးဖြတ်ချက်အား ချလိုက်ရ၏။ သမိုင်းက မဝေးသေး။ လူထု
တိုက်ပွဲနှင့်သာ လူထု၏ဦးတည်ချက်အား ရယူနိုင်၏။

အစိုးရများ၊ အရေးတော်ပုံများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှု-အောင်မော် (၁၆-၁၀-၀၇)

ဒုတိယကမ္ဘာစစ်အပြီး စစ်ပန်းခဲ့ကြသည့် နိုင်ငံများရော ကိုလိုနီစနစ်အောက်မှ လွတ်မြောက်လာ
ခဲ့ကြသည့် နိုင်ငံများပါ ကုန်းရုန်းထ၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသည် အခြားနိုင်ငံများ နည်းတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မလုပ်နိုင်ခဲ့။ ထိုစဉ်က အစိုးရနှင့် ထိုစဉ်က အတိုက်အခံများသည် ၎င်းတို့အကြား သဘောထားကွဲလွဲမှုကို လက်နက်ကိုင် ပဋိပက္ခဖြင့် ဖြေရှင်းခဲ့ကြသဖြင့် မြန်မာပြည်သူများခမြာ လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ကြီးကို ဖွားဖက်တော်အဖြစ် ရင်ဝယ်ပိုက်ခဲ့ကြရသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရစဉ်က ပေါ်ပေါက်ခဲ့သည့် လူထုလှုပ်ရှားမှုများကို အာဏာရ အစိုးရက စစ်တပ်ဖြင့်နှိမ်နင်းဖြိုခွဲခဲ့သည်။ ရလဒ်အဖြစ် ဗကပ (တပ်နီတော်)နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုများ ပေါ်ထွက်ခဲ့သည်။ ထိုမှ (၁၄) နှစ်အကြာ ၁၉၆၂ ခုနှစ်တွင် ကျောင်း
သားများ ဦးဆောင်သည့် လူထုလှုပ်ရှားမှုပေါ်ပေါက်ခဲ့သည်။ ထိုအရေးတော်ပုံကိုလည်း အာဏာရ အစိုးရက စစ်တပ်ဖြင့်ပင်နှိမ်နင်းဖြိုခွဲခဲ့ပြန်သည်။ ဤသို့ နှိမ်နင်းဖြိုခွင်းလိုက်နိုင်သဖြင့် စစ်တပ်သည်
သူ၏လုပ်နိုင်စွမ်းကို ယုံကြည်မှုရှိသွားသည်။ သို့သော် စစ်တပ်ဖြင့်တိုက်ရိုက်မအုပ်ချုပ်၊ ပါတီထောင်
၍ တပါတီအာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။

ထိုမှ (၁၂) နှစ်အကြာ ၁၉၇၄ ခုနှစ်တွင် အလုပ်သမား လှုပ်ရှားမှုနှင့် ၁၉၇၆ ခုနှစ် ကျောင်းသားများ ဦးဆောင်သည့် လူထုလှုပ်ရှားမှုတို့ ထပ်မံပေါ်ပေါက်ခဲ့သည်။ ထိုအရေးတော်ပုံ (၂) ရပ်စလုံးကို
လည်း တပါတီအာဏာရှင်အစိုးရက စစ်တပ်ဖြင့်ပင် နှိမ်နင်းဖြိုခွင်းခဲ့ပြန်သည်။ ခေါင်းနှင့်ပန်းနှယ် ကျောချင်းကပ်ထားသည့် ပါတီနှင့်စစ်တပ်တို့၏ ဖိနှိပ်အုပ်ချုပ်မှုသည် (၂၆) နှစ်တိုင် ကြာမြင့်ခဲ့သည်။

ထိုမှ (၁၄) နှစ်အကြာ ၁၉၈၈ ခုနှစ်တွင် ကျောင်းသားများဦးဆောင်သည့် လူထုလှုပ်ရှားမှု ထပ်မံ ပေါ်ပေါက်ခဲ့သည်။ ထိုအရေးတော်ပုံသည် အရင့်အရင် အရေးတော်ပုံများထက်လည်း ကြီးမား ကျယ်ပြန့်သလို အချိန်ကာလအားဖြင့်လည်း (မတ်လမှ စက်တင်ဘာ လအထိ) (၇) လမျှ ကြာ
မြင့်ခဲ့သည့် အားအကောင်းဆုံးသော အရေးတော်ပုံကြီးတခုဖြစ်သည်။ ကျောင်းသားအရေးမှသည် ဒီမိုကရေစီရေးသို့ ဦးတည်သွားသည့် အထွေထွေလူထုအုံကြွမှုကြီး။ သို့သော်လည်း ရှေးနည်းတူ စစ်တပ်ဖြင့်ပင် နှိမ်နင်းဖြိုခွင်းခဲ့ပြန်ပါသည်။ ဤအကြိမ်၌ (၂၆) နှစ်လုံးလုံး စွပ်လာခဲ့သည့် ပါတီ
မျက်နှာဖုံးကို ခွာချလိုက်သည်။ စစ်အစိုးရအဖြစ် ဗြောင်ရှေ့ထွက်ရပ်၍ စစ်အာဏာရှင်စနစ်ကို (“ဥပဒေကဲ့သို့ အာဏာတည်စေသော အမိန့်များ” ဖြင့်) တရားဝင်ကျင့်သုံးခဲ့သည်။

သို့သော် အရှုံးထဲမှ အမြတ်ဟုပြောနိုင်သည့် ရလဒ်နှစ်ခု ထွက်ပေါ်လာသည်။ ထိုအရေးတော်ပုံမှ မြန်မာပြည်နိုင်ငံရေးဇာတ်ခုံပေါ်သို့ မတူသည့် အတိုက်အခံအင်အားစု (၂) စုကို မွေးထုတ်ပေးခဲ့
သည်။ တခုက ကျောင်းသားတပ်မတော်။ အခြားတခုက အရေအတွက် အားဖြင့် (၂၀၀) ကျော်ခန့် ရှိမည့် တရားဝင် နိုင်ငံရေးပါတီကြီးငယ်များ။ ဒီမိုကရေစီပါတီများနှင့် တိုင်းရင်းသားပါတီများ။ (နောက် (၈) နှစ်အကြာ ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုတခု ပေါ်ပေါက်ခဲ့သည်။ သို့သော် အခြားလှုပ်ရှားမှုများကဲ့သို့ အကျယ်အပြန့်မဟုတ်။ ပြောက်ကျားဆန်သည့် ကျောင်းသား ချည်းသက်သက် လှုပ်ရှားမှုမျိုးဖြစ်သဖြင့် လှုပ်ရှားမှုအဖြစ်မှသည် အရေးတော်ပုံအဆင့်အထိတော့ မရောက်ခဲ့၊ ဤသည်ကိုလည်း စစ်တပ်ဖြင့်ပင် နှိမ်နင်းဖြိုခွင်းခဲ့ပြန်ပါသည်၊)

ရှစ်လေးလုံးမှရေတွက်လျှင် (၁၉) နှစ်အကြာ ၂၀၀၇ ခုနှစ်၌ ရဟန်းသံဃာတော်များဦးဆောင်သည့် လူထုလှုပ်ရှားမှု ထပ်မံ ပေါ်ပေါက်လာသည်။ အရေးတော်ပုံသည် သတင်းခေတ်နှင့် မီဒီယာများ
အားကောင်းခြင်းကြောင့်သာ ဟိုးလေးတကျော်ဖြစ်ရသော်လည်း ရှစ်လေးလုံး အရေးတော်ပုံ
လောက် မကြီးမား။ မကျယ်ပြန့်ချေ၊ သို့သော်လည်း ရာခိုင်နှုန်းအားဖြင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် အများစုရှိသည့် နိုင်ငံဖြစ်သည့်အတွက် သံဃာတော်များချည်း ဦးဆောင်သည့် လှုပ်ရှားမှုသည် အမြင့်ဆုံးသော လှုပ်ရှားမှုအသွင်ဆောင်ခဲ့ပေသည်။ မည်သို့ပင်ဖြစ်စေ ဤအရေးတော်ပုံကိုလည်း စစ်အစိုးရက စစ်တပ်ဖြင့်ပင် နှိမ်နင်းဖြိုခွင်းပစ်ခဲ့ပြန်ပါသည်။

အာဏာရအစိုးရအဆက်ဆက်၌ အရေးတော်ပုံနှိမ်နင်းဖြိုခွဲသည့် နည်းဗျူဟာများအား လေ့လာ
ကြည့်ရာ၌ အဆင့် (၇) ဆင့်ရှိသည်ကို တွေ့ရှိရသည်။ ပထမအဆင့်အနေဖြင့် လှုပ်ရှားမှုစတင် သည့်နေရာမှ အဓိကကျသည့် ခေါင်းဆောင်များအား ဖမ်းဆီးလေ့ရှိတတ်သည်။ ဒုတိယအဆင့် အနေဖြင့် လူမျိုးရေး (သို့) ဘာသာရေး အဓိကရုဏ်း (ကုလား-ဗမာ၊ တရုတ်-ဗမာ စသဖြင့်) တခုခုဖြင့် အာရုံလွှဲပစ်လေ့ရှိ တတ်သည်။ တတိယအဆင့်အနေဖြင့် လူမိုက်ဂိုဏ်းများ (ပျူစောထီး၊ ကြံ့ဖွံ့၊ ပြည်ခိုင်ဖြိုး၊ စွမ်းအားရှင်၊ စိတ်ကြွဆေး တိုက်ထားသည့် လက်မရွံ့များ စသည်) ဖြင့် လူအုပ်
စုလိုက် ရိုက်ပွဲသဏ္ဌာန်မျိုးဖန်တီး၍ လမ်းလွှဲပစ်လေ့ ရှိတတ်သည်။ စတုတ္ထအဆင့်အနေဖြင့် အဆင့်နိမ့်ဖိနှိပ်ရေး ယန္တရားများဖြစ်သည့် မီးသတ်နှင့် လုံထိန်းတို့ကို ထုတ်သုံးလေ့ရှိတတ်သည်။ ပဉ္စမအဆင့်အနေဖြင့် အလယ်အလတ်ဖိနှိပ်ရေး ယန္တရားတခုဖြစ်သည့် ရဲတပ်ဖွဲ့ကို ထုတ်သုံးလေ့ ရှိတတ်သည်။ ဆဌမအဆင့်အနေဖြင့် အဓိက ဖိနှိပ်ရေး ယန္တရားတခုဖြစ်သည့် စစ်တပ်ကို ထုတ်သုံးလေ့ရှိတတ်သည်။ သတ္တမအဆင့် (သို့) နောက်ဆုံးအဆင့်အနေဖြင့် ခေါင်းဆောင် အပြောင်းအလဲလုပ်၍ လူထုကိုရော၊ နိုင်ငံတကာကိုပါ အာရုံလွှဲပြောင်းခြင်းဖြစ်သည်။ ဤဖြိုခွဲရေး အဆင့်တိုင်း၌ သတင်းပေးများနှင့် ထောက်လှမ်းရေး တပ်ဖွဲ့တို့သည် အထူးအရေးပါသည့် အခန်းကဏ္ဍမှနေ၍ ပါဝင်ဆောင်ရွက်ပေးလေ့ ရှိသည်ကိုလည်း တွေ့ရှိရသည်။

ထို့ပြင် အရေးတော်ပုံစတင်ချိန်မှ ပြီးဆုံးသွားချိန်အတွင်း ရိုက်နှက်ခံရသူများ၊ ဖမ်းဆီးနှိပ်စက်ခံရသူ
များ၊ ထောင်ချခံရသူများ၊ တောခိုသွားသူများ၊ မြေအောက်၌ ပုန်းရှောင်ကြရသူများ၊ ပစ်သတ်ခံရသူ
များ စသဖြင့် လှုပ်ရှားမှု၌ ပါဝင်သူနည်းသည်ထက် နည်းသွားစေမည့် နည်းလမ်းများကို ကျင့်သုံးခဲ့
သည်။ ထို့ပြင် စောင့်ကြည့်ရမည့်သူများသတ်မှတ်ခြင်းနှင့် တန်ပြန်အသုံးချ၍ ရမည့်သူများ မွေးမြူ
ခြင်း အစရှိသည့် နည်းလမ်းများကိုလည်း ကျင့်သုံးခဲ့သည်။ ဤသို့သောနည်းလမ်းများဖြင့် အရေး တော်ပုံကြီးငယ်များ နောင် မပေါ်ပေါက်စေရန်နှင့် ပေါ်ပေါက်လာပါကလည်း လက်ဦးမှုရှိရှိ နှိမ်နင်း ဖြိုခွင်းနိုင်စေရန်ရည်ရွယ်၍ စနစ်တကျဆောင်ရွက်နေခြင်းကို တွေ့ရှိရသည်။

အထက်၌ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်မှ စပေါ်ပေါက်ခဲ့သည့် အရေးတော်ပုံများနှင့် ယင်းအရေး တော်ပုံများအား အာဏာရအစိုးရ အဆက်ဆက်တို့က ဖိနှိပ်ရေးယန္တရား အမျိုးမျိုးဖြင့် နှိမ်နင်းဖြိုခွဲ
ခဲ့ခြင်းကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ထို့ပြင် အရေးတော်ပုံ တခုနှင့်တခုအကြား ပြန်လည်အားယူရ သည့်အချိန်သည် ဆယ်စုနှစ်တစုမက ကြာမြင့်ခဲ့သည်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်သည်။ ထို့ပြင် အရေးတော်ပုံတိုင်းသည် ပြည်တွင်းစစ်ကြီးကို နောက်ခံပြုလျက် ဆယ့်သုံးလေးနှစ်ခြား တကြိမ် ပေါ်ပေါက်နေခြင်းကိုလည်း တွေ့မြင်နိုင်မည် ဖြစ်သည်။ ထို့ပြင် ကျေးလက်ကိုအခြေခံသည့်
လက်နက် ကိုင်တော်လှန်ရေးလှုပ်ရှားမှုများနှင့် မြို့ပြကိုအခြေခံသည့် လူထုလှုပ်ရှားမှုများ မည်သည့်အကြိမ်တွင်မျှ ပေါင်းစည်းသွားခဲ့ခြင်း မရှိသည်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်သည်။ ပို၍ ထူးခြားသည်မှာ ယခုတကြိမ် ပေါ်ပေါက်သည့် အရေးတော်ပုံသည် မြို့ပြတွင်အခြေစိုက်သည့် နိုင်ငံရေးပါတီများနှင့်တင်မက ကျေးလက်၌ရော မြို့ပြတွင်ပါ အခြေစိုက်ထားသည့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့်ပါ ပေါင်းစည်းမသွားနိုင်ခဲ့ခြင်းဖြစ်
သည်။

လူထုလှုပ်ရှားမှုက သပ်သပ်၊ လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုက သပ်သပ်၊ ထို့ပြင်တ၀ လူထုလှုပ်ရှားမှုက သပ်သပ်၊ ပါတီနိုင်ငံရေးလှုပ်ရှားမှုက သပ်သပ်၊ ထို့ပြင်တ၀ လူထုလှုပ်ရှားမှုက သပ်သပ်၊ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုက သပ်သပ်။ ဤသို့ ဤနှယ်ဖြစ်နေရခြင်းမှာ အဘယ့်ကြောင့်နည်းဟု အလေးထားဆန်းစစ်ကြသင့်ပြီထင်သည်။

ကိုယ့်ဘက်ကချည်း ရှုံးခဲ့ရသည့် လူထုလှုပ်ရှားမှုများသည် တသက်လုံးရှုံးမည့်ပုံမရှိသည်မှာတော့ သေချာသည်။ ဘာ့ကြောင့်ဤသို့ပြောနိုင်ရသနည်းဆိုပါက တကြိမ်အနိုင်ရခဲ့ဖူးခြင်းကြောင့်ဟု
ဆိုရပါမည်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်းက လူထုလှုပ်ရှားမှုဖြင့် တကြိမ် အနိုင်ရခဲ့ဖူးသည်။ သို့သော် လူထုလှုပ်ရှားမှုချည်း သက်သက်ကြောင့်မဟုတ်။ လူထုလှုပ်ရှားမှုကို နိုင်ငံရေးပါတီများက နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ သို့သော် လူထုလှုပ်ရှားမှုနှင့် ယင်းလှုပ်ရှား
မှုကို နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်ခဲ့၍ချည်း သက်သက်ကြောင့်လည်း မဟုတ်ပြန်။ “စစ်အစိုးရ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို ရရှိခဲ့ခြင်းကြောင့်” ဟုဆိုပါမှ ပို၍ပြည့်စုံပေမည်။ “စစ်အစိုးရ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု” ကို ရရှိခဲ့ခြင်းဆိုသည်မှာ အခြားမဟုတ်။ န၀တ စစ်အစိုးရက (သူ့ဘက်
က အပိုင်ဟုတွက်၍ပဲ လုပ်လုပ်။ နိုင်ငံရေးအရ တကွက်မှားသွားခြင်းပဲဖြစ်ဖြစ်) လွတ်လပ်၍ တရား မျှတသည့် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ခြင်းပင်ဖြစ်သည်။

ဤပွဲကို စောင့်ကြည့်နေကြသူတိုင်း ရင်လေးနေကြသည့် အချက်တချက်ကို သတိပြုမိသည်။ “ဒီပွဲ
သာ ထပ်ရှုံးလို့ကတော့ နောင် ဘယ်နှစ်နှစ် ဆက်ရှုံးဦးမလဲ” ဟူသည့် အချက်ဖြစ်သည်။ တဘက်၌
လည်း သတင်းနှင့်မီဒီယာများ၏ ထုတ်လွှင့်ချက်များကို အချိန်တိုတိုနှင့် အလျှံအပယ် ‘တွေ့’၊ ‘မြင်’၊
‘ကြား’၊ ‘သိ’ နေကြရသဖြင့် စစ်တပ်တော့ ဘေးကျပ်နံကျပ်ဖြစ်နေပြီ။ ဆက်တွန်းလျှင် ရနိုင်သေး
သည်ဟု တချို့က ယူဆနေကြသလို တချို့က လက်နက်ကိုင်၍ ပြန်ချမှရတော့မည်ဟု ယူဆနေကြ
သည်။ တချို့က ကုလသမဂ္ဂကို ကြားဝင်စေချင်၍ တချို့က တရုတ်ကို ဖိအားပေးသည့်အနေဖြင့် အိုလံပစ်ပွဲကို သပိတ်မှောက်ရန် တိုက်တွန်းကြသည်။

ဓာတ်ဆီဈေးတက်၍ ကုန်ကားများနှင့် ခရီးသည်တင် ဘတ်စ်ကားများ လျှော့ချ၊ ရပ်နား၊ မပြေး
ဆွဲကြတော့ကတည်းက လူရော ကုန်စည်ပါ ကူးသန်းသွားလာမှု ရပ်ဆိုင်းသွားသည်မှာ အတန် ပင်ကြာခဲ့ပြီဖြစ်သည်။ ထိုသို့ လှုပ်လှုပ် လှုပ်လှုပ်ဖြစ်လာကတည်းက ငွေရှိသူများက ရွှေနှင့် ရိက္ခာ များကို ၀ယ်ယူသိုလှောင်ထားလိုက်ကြသဖြင့် အ၀င်မရှိသည့် ကုန်စည်ဒိုင်များ၏ ကုန်ပစ္စည်းပြတ် လပ်မှုများ ကြုံတွေ့ကြရတော့သည်။ နောက်ဆက်တွဲအဖြစ် လုံးလုံးမရှိသူများချည်း ငတ်ပြတ်နေ ခဲ့ရာမှ ရရ စားစား ၀န်ထမ်းများပါ ရောငတ်လာကြတော့သည်။ အထူးသဖြင့် လမ်းပန်းဆက်သွယ် ရေးမကောင်း၍ ဝေးလံသီခေါင်သည့် နယ်မြို့များသည် ဤဒဏ်ကို အခံရဆုံးဖြစ်သည်။

ထို့အတူ အီးမေးလ်၊ အင်တာနက်နှင့် ဆက်သွယ်ရေးများ ဖြတ်တောက်ပစ်လိုက်သဖြင့် ဖက်စပ်
လုပ်ငန်းများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ စသည်ဖြင့် နေ့စဉ် အရှုံးပေါ်နေမည်မှာ မြေကြီးလက်ခတ်မလွဲ။

ဘာ့ကြောင့် စစ်အစိုးရအနေဖြင့် သိသိကြီးနှင့်လုပ်နေရပါသနည်း။ စီးပွားရေးပိတ်ဆို့မှုများကြောင့် တကယ်ခံရသည်မှာ လူများစုသာလျှင် ဖြစ်သည်ဆိုသည့် အချက်ကို ပြချင်၍လုပ်နေခြင်းလော။
ဤသို့ ငတ်ပြတ်ရခြင်း၏ အဓိကတရားခံသည် စီးပွားရေး ပိတ်ဆို့မှုများကို ဖန်တီးနေသည့် ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဖြစ်ရသည်ဟု လူများစုကို သိစေလိုခြင်းကြောင့်ပေလော။ ထူးခြား
သည်မှာ လူထုသည် ဒေါ်အောင်ဆန်းစုကြည်ကို မမုန်း။ စစ်တပ်ကိုသာ ရွံမုန်း မုန်းလာကြသည်။ ယနေ့ဆိုလျှင် သာသနာကိုပါ ထိပါးစော်ကားလာသဖြင့် အော့နှလုံးနာလာကြရုံမျှမက အာဃာတ တရားဖြင့် လက်စားချေလိုစိတ်များပင် တဖွားဖွားပေါ်ပေါက်နေကြပြီထင်သည်။

သံဃာများ၏ လှုပ်ရှားမှုကို ပစ်ခတ်နှိမ်နင်းခဲ့သည့် စစ်အစိုးရအနေဖြင့် နောက်ဆုံးအဆင့်ဖြစ်သည့် သတ္တမအဆင့်ကိုသာ လုပ်ဆောင်စရာကျန်တော့သည်။ စစ်အစိုးရအတွင်း ခေါင်းဆောင်အပြောင်း
အလဲလုပ်၍ အာရုံလွှဲသည့်နည်းဖြင့် ပဋိပက္ခကို ကျော်လွှားပေလိမ့်ဦးမည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
သည် သတ္တမအဆင့်၏ သားကောင်ဖြစ်လေမည်လော မပြောတတ်။ (အသက်အရွယ်အရ ဆိုလျှင်
လည်း ပင်စင်ပေးသင့်သည့်အရွယ်ဖြစ်သကဲ့သို့ သမီးမင်္ဂလာဆောင်နှင့် မြေးရှုပ်ကလေးကြောင့် လူအများကြားတွင် နာမည်ဆိုး ထွက်နေခြင်းတို့ကိုကြည့်ခြင်းအားဖြင့် ဒီပွဲ၌ ထိုးကျွေးခံရဖို့များနေ
သည်။)

မည်သို့ပင်ဆိုစေ လူဖမ်းပွဲများ၊ သံဃာဖမ်းပွဲများ ပိုက်စိပ်တိုက်လုပ်နေစေဦးတော့။ အရေးတော်ပုံ
ကား တချီတမောင်း ဦးမော့လာပေလိမ့်ဦးမည်။ တိုက်ပွဲငယ်တပွဲရှုံးသော်ငြား တိုက်ပွဲကြီးတခုလုံး အနိုင်ရဖို့အတွက် အရေးတော်ပုံစိတ်ဓာတ်က မျိုးဆက်သစ်များဆီ လက်ဆင့်ကမ်းရောက်ရှိသွား ပြီဖြစ်သည်။ ဖိနှိပ်မှုရှိနေသရွေ့ တွန်းလှန်မှုသည်လည်း ရှိနေမည်သာဖြစ်သည်။ အရှုံးနှင့် အနိုင်
သည် အဓိက အင်အားစုများ မည်မျှ ပူးပေါင်းပါဝင် ပေါင်းစည်းနိုင်စွမ်းရှိသနည်းဟူသည့်အချက်
ပေါ် မူတည်၍နေသည်လော မပြောတတ်။

သံဃာတွေအပေါ် လူမဆန်စွာပြုမူတဲ့ နအဖစစ်ကြောရေးစခန်းက အဖြစ်အပျက် -ဒေါက်တာလွဏ်းဆွေ (၁၂-၁၀-၀၇)

လူမဆန်တဲ့ အစိုးရတရပ်ကို ဆန့်ကျင်ဆန္ဒပြဖို့ တနိုင်ငံလုံးကို လှုံ့ဆော်ဦးဆောင်ခဲ့တဲ့ ထောင်နဲ့
ချီတဲ့ သံဃာတော်တွေကို ဆန္ဒပြပွဲတွေအပြီးမှာ ညတွင်းချင်း လိုက်လံဖမ်းဆီးခဲ့တဲ့ မြန်မာသံဃာ
ထုအတွင်းက လျှို့ဝှက်ဆန်းကြယ် အဖြစ်အပျက်ကို ဖွင့်ဟဖော်ထုတ်လိုက်ပါတယ်။

နအဖစစ်တပ်ဟာ သန်းခေါင်ယံအချိန်မှာ ဘုန်းကြီးကျောင်းတွေကို ၀င်ရောက်စီးနင်းမှုတွေ
ပြုလုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သံဃာတော်တွေကို ရုပ်ပိုင်း၊ စိတ်ပိုင်းအရ ကျိုးကြေ
ပျက်စီးပြီး အရှက်ကွဲ အကျိုးနည်းစေမယ့် အနေအထားတွေနဲ့ ချုပ်နှောင်ထိန်းသိမ်းထားခဲ့
ပါတယ်။

ရန်ကုန်မြို့ရှိ မင်္ဂလာရာမဘုန်းကြီးကျောင်းတိုက်ကနေ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတဲ့
အသက် (၁၈) နှစ်အရွယ် ကိုရင်တပါးက စစ်အုပ်စုဟာ ရုပ်ပိုင်းဆိုင်ရာကိုသာ ထိန်းချုပ်နိုင်တဲ့ အနေအထားရှိပြီး သံဃာတော်တွေက အားကောင်းတဲ့ စိတ်ဓာတ်လက်နက်ကို ကိုင်စွဲထားဆဲ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

ထောင်နဲ့ချီတဲ့ လူတွေကို စစ်ကြောရေးစခန်း(၄)ခုထဲက တခုဖြစ်တဲ့ အင်းစိန်၊ အစိုးရနည်းပညာ တက္ကသိုလ်ဝင်းထဲမှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ထိန်းသိမ်းထားသူတွေကို ဆိုးဆိုးဝါးဝါး ပြုမူဆက်ဆံတဲ့အတွက် အပါယ်ငရဲကို လားကြလိမ့်မယ်လို့ စစ်သားတွေကို သံဃာတော်တွေက သတိပေးပြောဆိုတဲ့အခါမှာ သူတို့ တင်းမခံနိုင်ဘဲ မျက် ရည်တွေကျတာကို တွေ့ရတယ်လို့ အဆိုပါကိုရင်က ပြောပြပါတယ်။

သံဃာတော်တွေကို စိတ်ဆိုးဒေါသထွက်စေတဲ့ ပြုမူဆက်ဆံမှုတွေထဲမှာ ဆေးကုသမှု မပေးတာ၊ မိလ္လာစနစ်က ကျန်းမာရေးနဲ့ မညီညွတ်တာ၊ ဖမ်းဆီးထားချိန်မှာ လူမဆန်စွာ ပြုမူဆက်ဆံတာ၊ သင်္ကန်းတွေကို မလေးမစားလုပ်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့ (၇) ရက်အတွင်းမှာ စစ်တပ်ရဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိ
ခဲ့တဲ့ သံဃာတော်တွေနဲ့ အရပ်သားတွေကို ဆေးဝါးကုသပေးတာတွေ လုံးဝမရှိဘူးလို့ ကိုရင်က ပြောပြပါတယ်။

“ငွေကြာယံကျောင်းက ဘုန်းကြီးတပါးဆိုရင် လက်မှာ အရိုးတောင်မြင်နေရတယ်။ ဒါပေမယ့်
သူတို့ ဘာမှ ကုသမပေးဘူး” လို့ ကိုရင်က ပြောပြပါတယ်။

စီးနင်းတိုက်ခိုက်ခံရချိန်မှာ မျက်စိတဖက် ဒဏ်ရာရခဲ့တဲ့ နောက်သံဃာတပါးဟာ အခုအခါမှာ အဲဒီမျက်လုံး ဆုံးရှုံးခဲ့ရပြီး ဆေးကုခွင့်မရရှိတဲ့ အရပ်သား (၃) ယောက်ကတော့ နည်းပညာ တက္ကသိုလ်မှာပဲ သေဆုံးခဲ့တယ်လို့ ကိုရင်က ပြောပြပါတယ်။

သံဃာတော်တွေကို စက်တင်ဘာ(၂၇)ရက်နေ့ မနက်(၄)နာရီမှာ စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်
ခဲ့တာဖြစ်ပါတယ်။ “စစ်သားတွေက ကိုရင်တို့ သံဃာတွေကို သူတို့နဲ့ မနက်စာဘုန်းပေးဖို့ ခေါ်
တယ်။ ဒါပေမယ့် အဲဒါဟာ မနက်စာ မဟုတ်ဘူးဆိုတာကို ကိုရင်တို့သိတာပေါ့။ ဒါပေမယ့် ငွေကြာယံမှာ သူတို့လုပ်ခဲ့သလို သူတို့ကို ပြန်မတိုက်ခိုက်ခဲ့ပါဘူး” လို့ ကိုရင်က ပြောပြပါတယ်။ ဘုန်းကြီးကျောင်းက သံဃာ (၉၉) ပါးကို ပတ္တူစအုပ်ထားတဲ့ စစ်ထရပ်ကားတွေပေါ် တင်ပြီး
နိုင်ငံရေးအကျဉ်းသားတွေကို ထိန်းသိမ်းထားတဲ့ အင်းစိန်ထောင်အနီးက အစိုးရနည်းပညာ တက္ကသိုလ်ဝင်းထဲကို တောက်လျှောက်ခေါ်လာခဲ့တာဖြစ်ပါတယ်။

အဲဒီကိုရောက်တဲ့အခါ သံဃာတွေကို အခန်းတွေထဲမှာ တန်းစီထိုင်ခိုင်းပါတယ်။ မလှုပ်မယှက် ခြေထောက်တင်ပျဉ်ခွေ ထိုင်ခိုင်းထားပြီး လည်ပင်းနောက်မှာ လက်နှစ်ဖက်ကို ယှက်ခိုင်းထား
ကာ အညံ့ခံတဲ့အနေအထားနဲ့ ခေါင်းတွေကို ငုံ့ခိုင်းထားပါတယ်။

သံဃာတွေက မော့ကြည့်ခဲ့ရင် ဒါမှမဟုတ် အားပြတ်ပြီး လဲကျသွားရင် သံဃာတွေကို ရိုက်ပါတယ်။

“တချို့စစ်သားတွေကို သံဃာတွေက မင်းတို့ဟာ အပြစ်ကြီးလေးတဲ့ ရာဇ၀တ်မှုကို ကျူးလွန် နေကြတာဖြစ်တယ်။ မင်းတို့ အပ္ပါယ်ငရဲကို သေချာပေါက် လားရလိမ့်မယ်လို့ ပြောပါတယ်။ သူတို့
ထဲက တချို့က ကျနော်တို့ကို ခိုင်းထားတဲ့အတိုင်း လုပ်နေရတာပါလို့ ပြောပြီး ငိုနေကြပါတယ်”
လို့ ကိုရင်က ပြောပြပါတယ်။

ထိန်းသိမ်းပြီး နှစ်ရက်မြောက်နေ့မှာ သံဃာတော်တွေကို သင်္ကန်းချွတ်ခိုင်းပြီး မြန်မာ့ရိုးရာ
ဝတ်စုံဖြစ်တဲ့ ရှပ်အင်္ကျီနဲ့ လုံချည်ကို လဲဝတ်ခိုင်းပါတယ်။ သံဃားတပါးအနေနဲ့ အရပ်ဝတ်
အရပ်စားတွေ ပြောင်းဝတ်တာဟာ ဗုဒ္ဓ၀ိနည်းတော်ကို ချိုးဖောက်တာ ဖြစ်ပါတယ်။

(၇)ရက်အတွင်းမှာ ဖမ်းဆီးထားတဲ့သူတွေကို တနေ့ ထမင်းတနပ်ကျွေးပြီး ရေနည်းနည်း
တိုက်ပေမယ့် ရေအိမ်သုံး ပစ္စည်းတွေကိုတော့ လုံးဝမပေးပါဘူး။

သူအထိန်းသိမ်းခံခဲ့ရတဲ့ နေရာမှာ အနည်းဆုံး သံဃာအပါး (၁၀၀၀) လောက်ရှိမယ်လို့ ကိုရင်က ခန့်မှန်းပြောဆိုပါတယ်။ သံဃာအများစုက ငွေကြာယံနဲ့ တခြားရန်ကုန်ဘုန်းကြီးကျောင်းတွေက ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်းအတွင်းမှာရှိတဲ့ အခြားနေရာတွေကိုလည်း အကျဉ်းသားတွေကို ပိုမိုထိန်းသိမ်းဖို့ အသုံးပြုနေတယ်လို့ သူယုံကြည်ကြောင်း ပြောဆိုပါတယ်။

“တပတ်ပြည့်တဲ့အချိန်မှာ တချို့သံဃာတွေ အရမ်းအားနည်းလာတယ်။ လက်တွေ တုန်တုန်
ယင်ယင် ဖြစ်လာတယ်” လို့ ကိုရင်က ပြောပြပါတယ်။

သံဃာတော်တွေအနေနဲ့ လှုပ်ရှားခွင့်ရတဲ့အချိန်ဟာ စစ်ကြောမေးမြန်းဖို့ အခေါ်ခံရတဲ့အချိန်သာ ဖြစ်ပါတယ်။ စစ်သားတွေ ခန်းမထဲဝင်လာပြီး ဘွဲ့အမည်နဲ့မဟုတ်ဘဲ ၁၀ ပါးစီ အလျဉ်းသင့်သလို ခေါ်ပါတယ်။

သံဃာတော်တွေကို တခြားအခန်းတခုကို ခေါ်သွားပါတယ်။ အဲဒီအခန်းထဲက အရပ်ဝတ်နဲ့ စစ်ကြောမေးမြန်းသူ (၁၀) ယောက်ထိုင်နေတဲ့ စားပွဲတလုံးရှေ့မှာ သံဃာတွေကို ဆောင့်ကြောင့်
ထိုင်ခိုင်းပြီး အညံ့ခံတဲ့အနေအထားနဲ့ ခေါင်းတွေကို အောက်ငုံ့ခိုင်းထားပါတယ်။

သံဃာတော်တွေကို ဆန္ဒပြပွဲမှာ ပါဝင်ပုံ၊ နောက်ခံရာဇ၀င်၊ အစောပိုင်းဆန္ဒပြပွဲတွေမှာ ပါဝင်
ခဲ့ခြင်းရှိမရှိ၊ မိသားစုဝင်တွေအကြောင်း သူတို့ရဲ့နာမည်တွေ၊ အလုပ်အကိုင်နဲ့ သူတို့နေထိုင်
တဲ့နေရာတွေကို အသေးစိတ်စစ်ကြောမေးမြန်းပါတယ်။

“စစ်ကြောမေးမြန်းတဲ့အခါမှာ မှန်မှန်မပြောဘူးလို့ယူဆရင် သူတို့က သံဃာတွေကို ထုရိုက်ပါ
တယ်။ တချို့သံဃာတွေက ၀န်ခံတယ်။ ဒါပေမယ့် အများစုက ၀န်မခံဘူး။ အများစုက ဆန္ဒပြပွဲ
မှာ မပါဘူးလို့ ပြောကြတယ်”လို့ ကိုရင်က ပြောပြပါတယ်။ ”

ဖမ်းဆီးထားတဲ့ သံဃာတိုင်းကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် စစ်ကြောမေးမြန်းပါတယ်။ အဖြေ
တွေ တသမတ်တည်းဖြစ်တဲ့ သံဃာတွေကို ပြန်လွှတ်ဖို့ အလားအလာ ပိုရှိတယ်။ စစ်ကြောပြီး
တဲ့အခါ သံဃာတွေကို အုပ်စုတွေခွဲလိုက်ပါတယ်။ သံဃာအပါးနည်းတဲ့ အုပ်စုတွေကို ထောင်ချ မယ်လို့ ယူဆရပြီး သံဃာအပါးများတဲ့ အုပ်စုတွေကို ပြန်လွှတ်မယ်လို့ ယူဆရပါတယ်။ ဗုဒ္ဓဟူးနေ့
မှာ နည်းပညာတက္ကသိုလ်ကနေ ပထမဆုံးအသုတ် စပြီးလွှတ်ပေးပါတယ်။

“တချို့လူတွေက လန့်နေကြတယ်။ ဒါနဲ့ သူတို့သိခဲ့တာတွေကိုတော့ ကျနော်တို့ကို ပြောပြခဲ့တယ်”
လို့ ကိုရင်က ပြောပြပါတယ်။

အဆိုပါကိုရင်ဟာ နိုင်ငံခြားသတင်းထောက်နဲ့ တွေ့ရမှာကို အရမ်းကြောက်နေခဲ့တယ်။ ဒါပေမယ့်
သူ့ရဲ့ ဖြစ်ကြောင်းကုန်စင်ကိုတော့ ကြားလူဖြစ်တဲ့ မြန်မာစာနယ်ဇင်းသမားတဦးကို ဆင်ခြေဖုံးက လုံခြုံတဲ့ အိမ်တအိမ်မှာ ပြောပြခဲ့ပါတယ်။

Herald သတင်းအဖွဲ့ဟာ ရန်ကုန်မှာ (၈)ရက်လောက် ကြာခဲ့ပါတယ်။ အဲဒီအတောအတွင်း ရန်ကုန်မြို့မှာ ဆန္ဒပြတာတွေနဲ့ တဆက်တည်း ဘုန်းကြီးကျောင်းတွေကို စီးနင်းတာတွေ၊ ဖမ်းဆီးတာတွေ၊ အကျဉ်းချတာတွေ၊ နိုင်ငံတကာနဲ့ပတ်သက်ပြီး ဆိုးကျိုးတွေဖြစ်ပေါ်လာ
မှာကို သဘောပေါက်တဲ့အတွက် အစိုးရက နိုင်ငံရေးအရ ကျားကုတ်ကျားခဲ ဖြေရှင်းဖို့ ကြိုးစားတာတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ ရန်ကုန်မှာ အကြောက်တရားတွေ ပြန်လွှမ်းမိုးလာတာကို ကျနော်တို့ တွေ့ခဲ့ရပါတယ်။ လူလုံးမပြရဲပေမယ့် ခင်ဗျားကိုတွေ့ဖို့ သဘောတူတဲ့သူတွေ ဒါမှမဟုတ် ခင်ဗျားနဲ့ တွေဖို့ သတ္တိရှိတဲ့သူတွေကို အစိုးရသတင်းပေး
တွေက နောက်ကွယ်ကနေ အမြဲတမ်းစောင့် ကြည့်နေပါတယ်။

လမ်းတွေပေါ်မှာ စစ်တပ်ရဲ့ ၀ါဒဖြန့်ချိရေးယန္တရားတွေကနေ အကြောက်တရားတွေကို မီးလောင် ရာလေပင့် လုပ်ပေးနေတယ်။ ဆင်ခြေဖုံးတွေကို ပိုက်စိပ်တိုက်လှည့်လည်နေတဲ့ လော်စပီကာတွေ တပ်ထားတဲ့ ထရပ်ကားတွေ ပေါ်ကနေ “ကျနော်တို့မှာ အထောက်အထားတွေ ရှိတယ်။ ခင်ဗျားတို့
ကို ဖမ်းဖို့ ကျနော်တို့ လာတော့မယ်။ ဘုန်းကြီးတွေ၊ ဆန္ဒပြသူတွေကို ခိုလှုံခွင့်မပေးပါနဲ့” လို့ သတိ ပေးကြေညာနေပါတယ်။

“သူတို့ စစ်ရေးအရတော့ နိုင်ပါတယ်” ဒါပေမယ့် သံဃာတော်တွေကို ပြုမှုဆက်ဆံတာတွေအပေါ် ပြည်သူလူထုက အကြီးအကျယ် စိတ်ဆိုးဒေါသထွက်နေတဲ့အတွက် “စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ သူတို့ အရာရာ ဆုံးရှုံးခဲ့ပါပြီ” လို့ မြန်မာစာနယ်ဇင်းသမားက ပြောပြခဲ့ပါတယ်။ ။

(Connie Levett – Untold story: how Burma brutalized its monks ကို ဆီလျော်အောင်
မြန်မာပြန်ဆိုပါသည်။)

မြန်မာပြည်၏ ဟိုမှာဘက်တွင်-ပြည်ပရောက် မြန်မာဘလော့ဂါတစု (၅-၁၀-၀၇)

ဒီကနေ့ကတော့ ပြည်တွင်းပြည်ပမှာ နေထိုင်ကြတဲ့ မြန်မာတို့အဖို့ တကယ့်ကို ၀မ်းနည်းစရာ နေ့တနေ့ပါ။ မေတ္တာနဲ့ ဆန္ဒဖော်ထုတ်နေသူတွေကို လက်နက်နဲ့ အဖြေပေးလိုက်တဲ့ ပွဲတခုဟာ တောင်းပန်နေကြတဲ့ကြားထဲကပဲ မြန်မာပြည်မှာ အမှန်တကယ် ဖြစ်သွားခဲ့ပါပြီ။ စဉ်းတောင် မစဉ်းစားဝံ့စရာ လူမဆန်တဲ့ ရက်စက်မှုတွေကို မြန်မာ အာဏာပိုင်တွေက လုပ်ချလိုက်ပါပြီ။

အဖြစ်အပျက်တွေဟာ အရင်လက အစိုးရက လောင်စာဆီ ဈေးနှုန်းတွေကို နေ့ချင်းညချင်း တက်လိုက်တာက အစပြုခဲ့တာပါ။ နောက်တော့ မြန်မာပြည်ရဲ့ နယ်မြို့ကလေး တမြို့ဖြစ်တဲ့ ပခုက္ကူမြို့မှာ ပြည်သူတွေ ဆင်းရဲဒုက္ခ သက်သာစေဖို့အတွက် သံဃာတော်တွေက မေတ္တာပို့ လမ်းလျှောက်ခဲ့ပါတယ်။ အဲဒါကို အာဏာပိုင်တွေက ကြမ်းတမ်းစွာ ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်။ ပထမပိုင်းမှာ သံဃာတော်တွေက အဲဒီလုပ်ရပ်အပေါ် တောင်းပန်ဖို့တောင်းဆိုခဲ့တယ်။ ဒါကို အချိန်တခု ပေးထားတဲ့အထိ အာဏာပိုင်တွေက မလိုက်လျောခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ သံဃာတွေ ပူးပေါင်းပြီး ခံစားနေရတဲ့ ပြဿနာတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ အချက်တွေကို အတိအလင်း ကြွေးကြော်တောင်းဆိုခဲ့ပါတယ်။ တကယ်တော့ တောင်းဆိုထားတဲ့ အချက်တွေဟာ နိုင်ငံရေးအသွင်ကို အများကြီး နှိမ့်ချထားခဲ့ပါတယ်။ စားဝတ်နေရေးပြေလည်ချင် တယ်။ ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးစေချင်တယ်။ စေ့စပ်ညှိနှိုင်းစေချင်တယ်။ ဒီနေရာမှာ ညှိနှိုင်းမယ်ဆိုတာဟာ စစ်အစိုးရအတွက် အများကြီး လမ်းဖွင့်ပေးခဲ့တာပါ။

ဒီလိုနဲ့ ပြည်သူတွေ ပူုးပေါင်းပါဝင်ကြတဲ့ ဆန္ဒဖော်ထုတ်ပွဲဟာ ကြီးသထက်ကြီး လာပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ဒါဟာ အကြီးကျယ်ဆုံး ဆန္ဒဖော်ထုတ်မှုပါပဲ။ သံဃာတွေက ဦးဆောင် လာတာကတော့ ၈၈ နဲ့မတူတဲ့ ထူးခြားမှုဖြစ်ပါတယ်။ သံဃာတွေ ဘာလို့ဦးဆောင်ရတာလဲဆိုတာ အခု ကမ္ဘာမှာ မေးနေကြတဲ့ မေးခွန်းတခုပါ။ သံဃာတွေဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရေးပါတဲ့ ကဏ္ဍက အမြဲပါဝင်ခဲ့ကြပါတယ်။ ဘာသာရေးအရ ရဟန်းသံဃာဆိုတာ နိုင်ငံရေးမှာ ပါဝင်သင့် မပါဝင်သင့်ဆိုတာတွေ အငြင်းပွားခဲ့ကြပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ပြောစကားကို ဒီလိုကိုးကားချင်ပါတယ်။

“… ဆရာတော်၊ သံဃာတော်၊ ဘုန်းတော်ကြီးများသည် အရေးကိစ္စတိုင်းတွင် ကျွန်ုပ်တို့ လူမှု အသိုင်းအ၀န်းကို ရှေ့သို့ချီတက်နိုင်စေရန် ကူညီခဲ့ကြပေသည်။ ဘုန်းတော်ကြီးများ အနေဖြင့်
လူတချို့က လူမှုဝန်းကျင်ကို အန္တရာယ် ပြုလာပြီဆိုရင် သူတို့ကို ကာကွယ်ဖို့၊ သူတို့ကိုယ်တိုင် တရားဥပဒေတွေ ဖြစ်သွားတာကို ကာကွယ်ဖို့ ၊ မကောင်းတဲ့အနာဂါတ် နိမိတ်ဆိုး အကြောင်း
နှိုးဆော် ဟောကြားသင့်ပါတယ် …”

“… ဆရာတော်၊ သံဃာတော်များဘုရား၊ မေတ္တာထား၍ ပြည်သူအားလုံးတို့၏ စိတ်များကို ကြောက်ရခြင်းမှ ကင်းလွတ်စေရန် (free from fear) လည်းကောင်း၊ အမြင်ကျဉ်း၍ အမြင်လွဲမှု
များ၊ လျစ်လျူရှုမှုများနှင့် အယူသည်းမှုများမှ ကင်းဝေးစေရန် လည်းကောင်း၊ ရည်သန်၍
သြ၀ါဒပေးကြားတော်မူပါ။ သူတို့အား ပိုမို မြင့်မြတ်လာစေရန်နှင့် ပိုမိုပျော်ရွှင်ဖွယ်ရာ ဘ၀များ ရရှိစေရန်အတွက် သင်ကြားဆုံးမပေးတော်မူပါ။ ထိုအရာ များသည် အရှင်မြတ်များ၏
အပ်ရာသောဝန်တာများ ဖြစ်သည့်အတွက် လျှောက်ထားအပ်ပါသည် ဘုရား …”

ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၆ ခုနှစ်
ဖဆပလ ညီလာခံ မိန့်ခွန်းမှ ကောက်နုတ်ချက်၊

(မြန်မာဘလော့ဂါ ကိုမောင်ရင်၏ ဖော်ပြမှုမှ ကိုးကားပါသည်။ http://maungyin.blogspot.com/2007/07/blog-post_17.html)

အတိတ်ကသင်ခန်းစာအရ စစ်တပ်က ပစ်ခတ်နှိမ်နင်းလေ့ရှိတာကို သိပေမယ့်လည်း လွတ်လပ်
မှုကို ငတ်မွတ်နေကြတဲ့ ပြည်သူလူထုဟာ ဒါဟာ နောက်ဆုံးအခွင့်အရေး ဖြစ်ကောင်းပါရဲ့လို့ လိုချင်တဲ့အချက်တွေကို ငြိမ်းချမ်းစွာ ဆက်လက်ဖော်ထုတ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေမှာ ဘယ်သူ တွေပါဝင်လှုပ်ရှားကြသလဲ ဆိုတာကို ကြည့်ရင် သံဃာတွေ သီလရှင်တွေနဲ့အတူ ပြည်သူ့ အနုပညာရှင်တွေ ကျောင်းသားတွေနဲ့ အရပ်သူအရပ်သား ပြည်သူတွေအားလုံး သိန်းနဲ့ချီပြီး
ပါဝင်ခဲ့ကြတာကို အထင်အရှား တွေ့ရမှာပါ။

ဒါဟာ ရောင့်ရဲလွယ်တဲ့ ရိုးသားအေးဆေးစွာနေလေ့ရှိတဲ့ မြန်မာ ပြည်သူတွေရဲ့ မခံမရပ်နိုင်တဲ့အဆုံး ရင်ထဲကထွက်ကျလာတဲ့ အသံတွေပါပဲ။ အဲဒီလို ကိုယ်တိုင်စိတ်ရင်းနဲ့ တက်တက်ကြွကြွ ပါဝင်လာ မှုဟာ မိနစ်နဲ့အမျှ သတင်းတွေ တက်လာတဲ့ မြန်မာဘလော့တွေမှာ အထင်အရှားတွေ့ရပါတယ်။ သတင်းမှောင်ချပြီး ဗြောင်လိမ်လေ့ရှိတဲ့ အစိုးရအောက်မှာ ဖြစ်ရပ်မှန်တွေ ထုတ်ဖော်နိုင်ဖို့ သတင်းတွေရဖို့အတွက် ဖြန့်ချိဖို့အတွက် ပြည်သူတွေဟာ စွန့်စားဓာတ်ပုံရိုက်ခဲ့ရတယ်။ အင်တာဗျူး တွေ ခိုးကြောင်ခိုးဝှက် ဖြေခဲ့ရတယ်။ ဒါဟာ ဘယ်သူဘယ်ဝါရဲ့ အလုပ်ခိုင်းစေမှုကြောင့် မဟုတ်ဘဲ တပြားတချပ်မှမရဘဲ လုပ်ခဲ့တာပါ။ သူတို့အတွက် အရိုက်အနှက်ခံရဖို့ ကင်မရာအသိမ်းခံရဖို့ ပိုကံဆိုးရင် သေနတ်မှန်ဖို့ ထောင်ကျဖို့ဆိုတဲ့ စွန့်စားမှုတွေပဲ ရှိပါတယ်။ သတင်းတွေကို မီဒီယာ
တွေထက်စောပြီး ချက်ချင်းတင်နိုင်ခဲ့ပါတယ်။ မီဒီယာကြီးတွေကတောင်မှ သတင်းအဓိက ပြည်သူလူထုဆီက ရတာပါလို့ ပြောခဲ့ကြရပါတယ်။ အဖြစ်မှန်တွေ ကမ္ဘာက သိပါစေတော့၊ မတရားမှုတွေ ဖြေရှင်းနိုင်ပါစေတော့လို့ ပြည်သူတွေကတော့ အတတ်နိုင်ဆုံး ပါဝင်ဆင်နွှဲခဲ့ကြပါပြီ။ ဒီလိုရဲဝံ့သူတွေအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုကတော့ ဘယ်လိုလဲ။

သွေးထွက်သံယိုတွေကတော့ ဖြစ်သွားခဲ့ရပါပြီ။ နိုင်ငံတကာက ဒါကို မဖြစ်အောင် ထိထိ ရောက်ရောက် တားမြစ်နိုင်တဲ့ အကူအညီတွေ အချိန်မီ မပေးနိုင်ခဲ့ဘူးဆိုတာ ထင်ရှားပါတယ်။ စိတ်ပူမိကြောင်း အေးချမ်းစွာ ဖြေရှင်းမယ်လို့ မျှော်လင့်ကြောင်း သဘောထားတွေတော့ ပြောခဲ့ကြပါမယ်။ ကုလသမဂ္ဂ အစည်းအဝေးမှာတော့ မြန်မာနိုင်ငံကို သြဇာလွှမ်းမိုးမှု အကြီးအကျယ်ရှိတယ်ဆိုတဲ့ တရုတ်နိုင်ငံက ဒီလို ထ ကန့်ကွက်ခဲ့ပါတယ်။ ဟုတ်တယ် မြန်မာ
နိုင်ငံမှာ ပြဿနာတချို့တော့ တက်နေတာပေါ့တဲ့။ ဒါပေမယ့် အဲဒါဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်လောက်အောင်တော့ မဟုတ်ပါဘူးတဲ့။ ဒါဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးယူမှုအထိ မလိုအပ်ဘူးလို့ဆိုလိုတာပါ။

အခုတော့ တရားမျှတမှု တခုကို လိုချင်လို့ အေးချမ်းစွာ သဘောထား ထုတ်ဖော်နေသူတွေကို ဒီလိုနည်းနဲ့ တုံ့ပြန်ခွင့်ရတယ်လို့ မြန်မာအာဏာပိုင်တွေက ကမ္ဘာ့အလယ်မှာ ပြောင်ပြောင်တင်းတင်း ချပြလိုက်ပါပြီ။ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုသက်သက်နဲ့ ပျော့ပျောင်းစွာ တောင်းပန်မှုတွေဟာ စစ်အစိုးရတခုအတွက် ဂရုစိုက်စရာမဟုတ်ဘူးဆိုတာ ဥပမာ ပေးလိုက်တာပါပဲ။ ယခုလို အခြေ အနေမျိုးမှာတောင် ဒါဟာ မြန်မာပြည်ရဲ့ အိမ်တွင်းရေးသက်သက်ပါလို့ နိုင်ငံတချို့က ဆိုနေဆဲပါ။ တကယ်ပဲလား။ စဉ်းစားစရာပါ။ လက်နက်မဲ့သူတွေကို လက်နက်ရှိသူက အနိုင်ကျင့်တာ တရား နည်းလမ်းကျပါသလား။ စက်တင်ဘာ ၂၇ ရက်နေ့မှာဖြစ်ခဲ့တဲ့ အပြစ်မဲ့ မြန်မာပြည်သူတွေရဲ့ သွေးမြေကျဖြစ်ရပ်ကို နိုင်ငံတကာက ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။

(ယခုဆက်လက်၍ ရက်စက်စွာ နှိမ်နင်းမှုများ ဖြစ်ပွားနေပါသည်။ မြန်မာဘလော့ဂါတစုက
မိမိတို့၏ ခံစားချက် အတွေးအမြင်များကို ဆက်လက်ရေးသားသွားပါမည်။)

“စစ်အုပ်စုအား စွဲချက်တင်ခြင်း” (၆) -လင်းဆွေ (၂-၁၀-၀၇)

မှတ်ဥာဏ်နည်းတဲ့ လူလိမ်များ…..
(၁)

၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့က စပြီး အာဏာသိမ်းယူခဲ့တဲ့စစ်အုပ်စုဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့ဆိုရင် အာဏာသိမ်းသက်တမ်း (၁၉) နှစ်ရှိသွားပြီ။
ဒီ (၁၉) နှစ်အတွင်းမှာ စစ်အုပ်စုဘာတွေလုပ်ခဲ့လဲ။

ဗုဒ္ဓဘာသာရဲ့ အဆုံးအမအရ ကြည့်ရင် ဒီ (၁၉) နှစ်အတွင်းမှာ စစ်အုပ်စုဟာ “ကံငါးပါး” လုံးကို ကျူးလွန်ခဲ့တယ်။ ပြောရရင်တော့ စစ်အုပ်စုဟာ ငါးပါးသီလကို မစောင့်ထိန်းခဲ့ဘူး။ သီလငါးပါးလုံး ကျိုးခဲ့တဲ့ ဗုဒ္ဓဘာသာပျက်တွေလို့ ဆိုရမှာပဲဖြစ်တယ်။ ဒါဟာ လောကီလူ့အဖွဲ့အစည်းအတွင်းမှာလည်း ဆင်းရဲဒုက္ခမျိုးစုံကိုဖြစ်စေခဲ့သလို သံသရာ မှာလည်း စစ်ဗိုလ်ချုပ်ကြီးများအတွက်က ကြောက်ရွံ့စိုး ထိတ်စရာပါပဲ။

ငါးပါးသီလထဲမှာ …
သူ့အသက်ကို သတ်လား စစ်အုပ်စုက မရှောင်ကြဉ်။ သတ်ပါတယ်။
သူများသားမယားအပေါ် ကာမဖောက်ပြန်ကျူးလွန်သလား တပ်မတော်သားများ မငြင်းနိုင်။ စစ်ကြောင်းများက တိုင်းရင်းသူ ပျိုပျိုအိုအို အားလုံးအား အဓမ္မလိင်ဆက်ဆံကြပါတယ်။
သူတပါး ပစ္စည်းအား သဘောမတူ မကြည်ဖြူပါပဲ ခိုးဝှက်လုယူပါသလား မေးမနေနဲ့။ မြေယာဧက ထောင်သောင်း တို့အား လယ်သမားများထံက အဓမ္မလုယူပါတယ်။
အရက်သေစာ ဘိန်းဘင်းကဇော်ကိစ္စကတော့ ပြောမနေပါနဲ့တာ့။
နောက်ဆုံး တပါးသော သီလကရော။ “မုသား”။
ဘယ်လိုပါလဲ ။

“ခုလို လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပပေးခဲ့တာဟာ န၀တအနေနဲ့ အာဏာလွှဲပြောင်းပေးချင်လို့ပဲ လုပ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ အာဏာလွှဲပေးဖို့ ဆန္ဒမရှိဘူး၊ နိုင်ငံတော်အာဏာကို ရာသက်ပန်ဆုပ်ကိုင်ထားလိုတယ်ဆိုရင် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲကြီးကို လုပ်ပေးစရာအကြောင်းမရှိပါဘူး။ နိုင်ငံတော်အာဏာကို လွှဲပြောင်း ပေးဖို့ မူလကတည်းက ဆန္ဒရှိလို့သာ ရွေးကောက်ပွဲကြီးကို ပြုလုပ်ပေးခဲ့တာ ဖြစ်တယ်”
စစ်အုပ်စုရဲ့အတွင်းရေးမှူး (၁) ဖြစ်တဲ့သူက အဲ့ဒီလို တမျိုး။

“… တပ်မတော်သားများနဲ့ ဖွဲ့စည်းထားတဲ့ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့လည်း နိုင်ငံကျေးဇူးသစ္စာကို ခံယူထားတဲ့ အဖွဲ့အစည်းဖြစ်ဖို့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ် ၀န်ခံထားရှိပြီးဖြစ်တဲ့ကတိသစ္စာကို ဘယ်လိုအကြောင်းကြောင်းနဲ့မျှ ပယ်ဖျက်ဖောက်ဖျက်မှာ မဟုတ်ကြောင်းကို ယုံကြည်ထားရှိကြစေ လိုတယ် …” အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးကလည်း အာဏာသိမ်းပြီး (၅) ရက် အကြာမှာ တိုင်းပြည်ကို အထပ်ထပ်ကတိတွေ ပေးခဲ့ပြန်ပါတယ်။ ဒါတွေက လွန်ခဲ့တဲ့ (၁၉) နှစ်ကပါ။ (၁၉) နှစ်ကြာခဲ့ပါပြီ။ စစ်အုပ်စုကတော့ “မုသား” အဖြစ်နဲ့ ငါးပါးရဲ့သီလတပါးကို ကျူးလွန်ဖြစ်ခဲ့ပါ တယ်။

(၂)

“… ကျနော်တို့ အာဏာကို ဥပဒေနဲ့အညီလွှဲမယ် (Majority Vote Government Form Up ) လုပ်နိုင်ရင် လွှဲပေါ့ဗျာ။ ကျနော်တို့ သဘောတူပါတယ် …”
သွားလေသူ အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး ပြောခဲ့တဲ့စကားပါ။ ၁၉၉၀ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မကျင်းပခင် ၁၉၈၉ ခုနှစ် ဇူလိုင်လ (၅) ရက်က ပြောခဲ့တဲ့ စကားပါ။ စစ်ကောင်စီရဲ့ ဥက္ကဋ္ဌ တယောက်ဖြစ်တဲ့အတွက် စစ်အုပ်စုကို ကိုယ်စားပြုသလို တပ်မတော်ရဲ့ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေတဲ့အတွက်လည်း တပ်မတော်ကို ကိုယ်စားပြုပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကြီးကတော့ နိုင်ငံသမိုင်းမှာ ထူးခြားလွန်းပါတယ်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲ သမိုင်းအရကြည့်ရင် ၁၉၄၆-၄၇ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲပြီးရင် (၉၀) ခုနှစ် ရွေးကောက်ပွဲဟာ လူထုရဲ့ရင်ဘတ်ထဲက ဆန္ဒကို အပြည့်အ၀ထုတ်ဖော်ပြသခဲ့တဲ့ ရွေးကောက် ပွဲလို့ ဆိုရမှာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူလူထုရဲ့ ထောက်ခံဆန္ဒပြုမှုနဲ့ မဲဆန္ဒ နယ်မြေ (၃၉၂) နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။ မဲဆန္ဒနယ်မြေ (၄၈၅) နေရာက (၃၉၂) နေရာ အနိုင်ရခြင်းပါ။ ရာခိုင်နှုန်းအရ (၈၂) ရာခိုင်နှုန်းရှိပါတယ်။ ဆန္ဒမဲ ဆယ့်သုံးသန်းထဲက ကိုးသန်းသော နှလုံးသားတို့ ဆန္ဒပြုခဲ့ကြခြင်းပါ။

မဆလတဖြစ်လဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီလို့ခေါ်တဲ့ (တ.စ.ည) က မဲဆန္ဒနယ်မြေ (၁၀) ခုမှာ အရွေးခံရပါတယ်။ (၄၈၅) ထဲက (၁၀) နေရာပါ။ (၂၆) နှစ်လုံးလုံး တိုင်းပြည်ကို စိုးမိုး ထားတဲ့ ပါတီကြီးတခုက လူထုရဲ့ခုံရုံးပေါ်လည်း မှတ်ကျောက်တင်ကြည့် အဖြေက ရှင်းရှင်းကြီး ပေါ်လာပါတယ်။ လူထုရဲ့ မေလ နှလုံးခုန်သံက စစ်အုပ်စုကို ဇောချွေးပြန်စေခဲ့ပါတယ်။ လူထု
သဘောထားဟာ စစ်အုပ်စုအတွက် ရင်ဆိုင်ရန် မ၀ံ့တဲ့ စိန်ခေါ်မှုကြီးဖြစ်လာပါတော့တယ်။

လူထုသဘောထားက ရှင်းပါတယ်။ မည်သို့သော အာဏာရှင်မျိုးကိုမဆို အနှောင်အဖွဲ့ ကင်းကင်းနဲ့ သံယောဇဉ် ပြတ်ခဲ့ပြီ ဆိုတာပါပဲ။ လူထုရဲ့တူရှုချက်က ဒီမိုကရက်တစ်လူ့ဘောင်သစ်။ လူထုရဲ့ တိမ်းညွှတ်မှုက လူ့အခွင့်အရေး ပြည့်ဝတဲ့ လူ့အဖွဲ့အစည်းသစ်။ လူထုရဲ့လားရာက အမျိုးသား သွေးစည်းညီညွှတ်မှုရှိသည့် ငြိမ်းချမ်းသာယာသော ပြည်ထောင်စုသစ်။

မေ (၂၇) နှလုံးခုန်သံအား စစ်အုပ်စုတို့ ကြားရပြီ။ ဘာလုပ်မလဲ။ စစ်အုပ်စု စကားတမျိုးပြောင်းပြီ။ ရွေးကောက်ပွဲလွန် စစ်အုပ်စုရဲ့အချိုးက ခေတ်စကားအရပြောရင် “ မမိုက်တော့”။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက် ရက်ပေါင်း (၆၀) ပြည့်ပြီးတဲ့အခါမှာ အဖွဲ့ချုပ်က အစည်းအဝေးတခုပြုလုပ်ပါတယ်။ ရန်ကုန်မြို့ ဂန္ဒီခန်းမမှာပါ။ ရွေးချယ်ခြင်းခံရတဲ့ အဖွဲ့ချုပ်လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးတတ်ရောက်ကြပါတယ်။ ပြည်သူ့လွှတ်တော်အစည်းအဝေးလို့ ဆိုရမှာပါ။ လွှတ်တော်ကိုယ်စားလှယ် (၈၀%) ကျော် အစည်းအဝေးပါ။ ပြည်သူကို (၈၀%) ကျော် ကိုယ်စားပြုတဲ့ အစည်းဝေးပါ။ အဓိက ဆွေးနွေးဆုံးဖြတ်တာတွေက ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း (၁) ပုဒ်မ ၂(က) နဲ့ အခန်း (၂) ပုဒ်မ (၃) တို့အရ “ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းပေးဖို့၊ လွှတ်တော် ဆိုရာမှာလည်း ဥပဒေပြုလွှတ်တော် (တိုင်းပြုပြည်ပြုလွှတ်တော်) မဟုတ်ဘူး။ ပြည်သူ့လွှတ်တော်ဖြစ် တယ်” အခုရွေးကောက်ပွဲပြီးတာ ရက်ပေါင်း (၆၀) ကျော်ပြီးဖြစ်တယ်။ ဒီအတွက် ပြည်သူ့ကိုယ်စား လှယ်များနဲ့ ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းသွားရန် အဖွဲ့ချုပ်က ကြိုးပမ်းလုပ်ဆောင်သွားမယ်။ န၀တ စစ်အုပ်စုနဲ့လည်း တွေ့ဆုံဆွေးနွေးမယ်။

နောက်တချက်က ဥပဒေနဲ့အညီ အာဏာလွှဲပြောင်းဖို့။ အင်အယ်လ်ဒီက ရေးဆွဲထားတဲ့ “၁၉၉၀ ပြည့်နှစ် ယာယီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (မူကြမ်း )” ရှိတယ်။ ဥပဒေ မူကြမ်းနဲ့ ပတ်သက်ပြီး တော့လည်း အခြားအင်အားစုအသီးသီးနဲ့ ညှိုနှိုင်းဆောင်ရွက်မယ်။ ပြင်စရာရှိ ပြင်မယ်။ ဖြည့်စွက်စရာ
ရှိ ဖြည့်စွက်မယ်။ ပြီးရင် လွှတ်တော်ခေါ်ယူဖွဲ့စည်းပြီး လွှတ်တော်ရဲ့အတည်ပြုချက်နဲ့ ဥပဒေနဲ့အညီ စစ်အုပ်စုထံက အာဏာလွှဲပြောင်းရေး ကိုပြုလုပ်သွားမယ်။

ဒါက အင်အယ်လ်ဒီ ဗဟိုခေါင်းဆောင်တွေနဲ့ အင်အယ်လ်ဒီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ဂန္ဒီအစည်းအဝေးရဲ့သဘောတူညီချက်တွေ။ ပြီးတော့ ဂန္ဒီခန်းမရဲ့သဘောထား ရှေ့လုပ်ငန်းစဉ် အစီအစဉ်တွေကလည်း တသီးတခြား တဖက်သတ်။ စဉ်းစားချက်တွေမဟုတ်ပါဘူး။ ရွေးကောက်ပွဲမတိုင်မီ စစ်အုပ်စုရဲ့ခေါင်းဆောင်ကြီးတွေ ပြောဆိုခဲ့တဲ့မိန့်ခွန်း။ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ။ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ကြေညာချက်နဲ့ ဥပဒေတွေမှ ပြောဆိုပါရှိခဲ့တဲ့ ကတိက၀တ် သဘောထားတွေကို အခြေခံပြီး ဂန္ဒီမှာ စဉ်းစားချမှတ်ခဲ့ကြတာပါ။

“… ကျနော်တို့ (န၀တ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစောမောင်က အတိအလင်းပြောပြီးပါပြီ။ န၀တအနေနဲ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို မရေးဘူး။ ပြည်သူ့ကိုယ်စားလှယ်တွေက ရေးဖို့ဖြစ်တယ်။ ဒီလို တိတိလင်းလင်း ပြောခဲ့တဲ့အတိုင်း အခု ရွေးကောက်တင်မြှောက်ခံရတဲ့ နိုင်ငံရေးပါတီအသီးသီးက ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ တကွ အဓိက နိုင်ငံရေးပါတီက ဒီကိစ္စကို ဦးစီးဦးဆောင်ပြုရမှာပဲ …”

(၁၀၄) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ စစ်အုပ်စုရဲ့အတွင်းရေးမှူး (၁) က တိုင်းပြည်ကို ပြောခဲ့ တာပါ။ နောက်ပြီး ၁၉၈၉ ဇူလိုင်လ (၅) ရက်နေ့မှာလည်း ဗိုလ်ချုပ်မှူးကြီးစောမောင်က အင်္ဂလိပ်လို တွေနဲ့ ညှပ်ပြီး တိုင်းပြည်ကို ပြောခဲ့ပါသေးတယ်။
“ (Constitution) အသစ်ဆွဲချင်သလား။ ဆွဲလို့ ကျနော်တို့ပြောတယ်။ ဘယ် (Constitution) ယူမလဲ။ ဘယ်ဟာကို (Recognize) လုပ်မလဲ။ (Amendment) လုပ်မလား။ ဒါတွေက ပါတီတွေစဉ်းစားရမယ့် ကိစ္စဗျ…”။

ရွေးကောက်ပွဲပြီးလို့ ရက်ပေါင်း (၆၀) တိတိပြည့်တဲ့နောက်မှာ စစ်အုပ်စုက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်။ ၁၉၉၀ ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့ နေ့စွဲနဲ့ပါ။ ဂန္ဒီအစည်းအဝေးမတိုင်မီ တရက် အလိုမှာပါ။ ၁/၉၀ လို့ခေါ်ပါတယ်။ ဂန္ဒီအစည်းအဝေးထက် တရက်စောပြီး ကြိုထုတ်တဲ့ စစ်အုပ်စုရဲ့ ကြေညာချက်ပါ။ စစ်ရေးအရ ပြောရရင်တော့ ဂန္ဒီကိုဖျက်ပြီး ချုံခိုတိုက်တဲ့ပွဲပါ။

၁/၉၀ ရဲ့အနှစ်ကတော့ (Recognize) တွေ (Amendment ) လုပ်ပြီး ယာယီဖွဲ့စည်းပုံရေးဆွဲတာကို လက်မခံနိုင်ဘူး။ လုပ်ရင် အရေးယူမယ်။ ဖမ်းမယ်။ ဒါပါပဲ။
စစ်အုပ်စုကတော့ စကားပုံအသစ်တွေ ထွင်နေတယ်။
“ပါးစပ်ကပြော …..ခြေနဲ့ဖျက်”

(၃)

ဗိုလ်ချုပ်မှူးကြီးစောမောင်ကို စစ်အုပ်စုရဲ့အတွင်းက ဖယ်ရှားလိုက်ရတဲ့ အကြောင်းများစွာထဲမှာ
“ဘယ် (Constitution) ယူမလဲ။”
“ဘယ်ဟာကို (Recognize) လုပ်မလဲ။”
“(Amendment ) လုပ်မလား။” ဆိုတဲ့ စကားကြီးသုံးခွန်းဟာလည်း အရေးပါတဲ့အကြောင်းတခုဖြစ်ခဲ့တယ် ဆိုရမှာပါ။

ဗိုလ်ချုပ်မှူးကြီးကို စစ်အုပ်စုရဲ့အာဏာအ၀န်းအ၀ိုင်းထဲက ဆွဲထုတ်ခဲ့ကြပေမယ့် ကျန်ရစ်သူစစ်အုပ်စု ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ မှာလည်း တာဝန်ရှိတယ်ဆိုတာကိုတော့ ပြောင်ပြောင်တင်းတင်း မချိုးဖောက်မိသေးပါဘူး။
ဒါကြောင့်ပဲ ကြေညာချက် ၁/၉၀ ရဲ့ အပိုဒ် (၁၂) နှင့် (၂၀) မှာ … “ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၃) တွင် လွှတ်တော်ကို မဲဆန္ဒနယ်မြေများမှ ဤဥပဒေနဲ့အညီ ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များနှင့်ဖွဲ့စည်းရမည်။ ယင်းပြဌာန်းချက်နဲ့အည်ီ လွှတ်တော် ခေါ်ယူဖွဲ့စည်းခြင်းကို န၀တ က ဆောင်ရွက်ပေးမည်။”

“ယနေ့အခြေအနေတွင် ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ်ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်သည်။”
ဒီတော့ ၁/၉၀ရဲ့ ဖော်ပြချက်တွေကိုပဲ စစ်အုပ်စုရဲ့ ကတိစကားတွေလို့ အတိယူပြီး ကြည့်ရအောင်ပါ။

(၉၀) ခုနှစ် ကုန်သွားတယ်။ (၉၁) ဘာမှ မထူးခြားလာဘူး။ ၁၉၉၂။
၁၉၉၂ ခုနှစ် ဧပြီလ (၂၄) ရက်နေ့မှာတော့ စစ်အုပ်စုက ကြေညာချက်တစောင် ထုတ်ပြန်လာတယ်။ ကြေညာချက် အမှတ် ၁၁/၉၂။ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးအတွက် အခြေခံမူများ ချမှတ်ဖို့ အမျိုးသားညီလာခံတရပ် ကျင်းပမယ်ဆိုတဲ့ အကြောင်းပဲဖြစ်တယ်။ စစ်အုပ်စုက နားရွက်ခတ်လာပါပြီ။

ဒီနေရာမှာ ၁၉၉၁ နိုဝင်ဘာ (၁၈) ရက်နေ့က ကျွန်းချောင်းဓာတ်မြေသြဇာစက်ရုံမှာ အတွင်းရေးမှူး(၁) ပြောခဲ့တဲ့စကားကို ကောက်ပြီးဖော်ပြလိုတယ်။
“… အမျိုးသားညီလာခံခေါ်ယူရေးမှာ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေရဲ့ တာဝန်ဖြစ်တယ်။ န၀တက လိုအပ်တာတွေကိုတော့ ပံ့ပိုးပေးသွားမယ်။”

အဲဒီလိုပြောပြီး (၁၁) လအကြာမှာ ကြေညာချက်တစောင်ထပ်ထုတ်တယ်။ ၁၃/၉၂။ အဲဒီကြေညာချက်အရ ကျင်းပရေးကော်မရှင်တွေ ဖွဲ့တယ်။ ဦးတည်ချက်တွေ ချတယ်။ ကော်မရှင် တဖွဲ့လုံးက စစ်တပ်က ဗိုလ်ချုပ်ကြီးတွေပဲဖြစ်တယ်။ ကော်မရှင်ကပဲ ညီလာခံကိုယ်စားလှယ်တွေကို ရွေးတယ် ခန့်တယ်။ လုပ်ထုံးလုပ်နည်းတွေကို ပြဌာန်းတယ်။ ဦးတည်ချက်က “အနာဂတ်နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ရေး”

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍက ၁၉၉၃ ကနေ (၉၅) အထိ ကျင်းပခဲ့တဲ့ ပထမအကြိမ် အမျိုးသားညီလာခံမှာ (၁၅%) ရှိခဲ့တယ်။ ၂၀၀၃ ခုနှစ် ပြန်စတဲ့ ဒုတိယအကြိမ်မှာတော့ (၁.၂%) ပဲရှိတယ်။

အခြေခံမူချမှတ်တယ်ဆိုတဲ့ ညီလာခံက အသေးစိတ်တွေချလာတယ်။ အပိုဒ်အစား ပုဒ်ထီး ပုဒ်မ ပြောင်း။ ခေါင်းစဉ်ကို “ဖွဲ့စည်းပုံ အခြေခံဥပဒေ” လို့ ပြောင်းလိုက်ရင် ပြီးတဲ့အထိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ညီလာခံက ရေးနေတယ်။ “အတည်” လို့ ယူဆထားခဲ့တဲ့ ၁/၉၀ အပိုဒ် (၂၀) ဟာလည်း စစ်အုပ်စုအမျိုးသားညီလာခံ လုပ်ဆောင်မှုတွေကြောင့် ပျက်ခဲ့ရပြန်တယ်။ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ ပါဝင်မှုက လုံးဝမရှိ။ နိုင်ငံရေးပါတီများရဲ့ အခန်းကဏ္ဍက နတ္တိ။ ပိုဆိုးတာက ၁၉၉၆ ဇူလိုင်(၄) ရက်နေ့မှာ အင်အယ်လ်ဒီ ဥက္ကဋ္ဌနဲ့ ဗဟိုအလုပ်မှုဆောင်နှစ်ဦးကို စစ်အုပ်စုက ခေါ်တွေ့ပြီး ပြောခဲ့တာ ပဲဖြစ်တယ်။

“အင်အယ်လ်ဒီက ဖွဲ့စည်းပုံအခြေခံဥပဒေတခု ရေးဆွဲရင် စစ်အုပ်စုနဲ့ စင်ပြိုင်လုပ်တာဖြစ်မယ်။ ရေးဆွဲရင် အင်အယ်လ်ဒီကို မတရားအသင်းကြေညာမယ်။ ရေးလိုရင်တော့ တောထဲမှာသွားရေးပါ။”
ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်အတွက် အခြေခံမူတွေ ချမှတ်နေပါတယ်ဆိုတဲ့ အမျိုးသားညီလာခံဟာ ပြီးခဲ့တဲ့ သြဂုတ်လ (၃၁) ရက်နေ့က ပြီးဆုံးသွားခဲ့ပါပြီ။ စစ်အုပ်စုဟာ ပြောင်ပြောင်တင်းတင်းပဲ တိုင်းပြည်ကို လိမ်ညာခဲ့တာပါ။ သူတို့ထုတ်ပြတ်ခဲ့တဲ့ ကြေညာချက် ၁/၉၀ တို့၊ ပြောခဲ့တဲ့စကားတို့တွေ အားလုံးဟာ “မုသား” အဖြစ် ပြီးခဲ့ပါပြီ။

၂၀၀၁ ခုနှစ်လောက်က Happer’s မဂ္ဂဇင်းမှာ ဆောင်းပါးရှင် Christopher Hitchers က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်းဂျားကို “တော်တဲ့လူလိမ်ဆိုတာ မှတ်ဥာဏ်ကောင်း ကြစမြဲပါ ၊ ကစ်ဆင်းဂျားဟာလည်း အလွန်မှတ်ဥာဏ်ကောင်းပြီး အလွန်တော်တဲ့ လူလိမ်တယောက်ပဲ ဖြစ်ပါတယ်” လို့ ဆိုက်ပရပ်စ် အရေးအခင်းနဲ့ပတ်သတ်ပြီး စွဲချက်တင်ခဲ့ဖူးပါတယ်။

ကျနော်တို့ မြန်မာပြည်က စစ်အုပ်စုကတော့ မှတ်ဥာဏ်နည်းတဲ့လူလိမ်ပါ။ ဘာကြောင့်လဲ ဆိုတော့ စစ်အုပ်စုဟာ ပြောင်ပြောင်တင်းတင်းနဲ့ မျက်နှာပြောင်တိုက်ပြီး လိမ်နေရလို့ပါပဲ။

ကိုးကား …..

  • ဗိုလ်ချုပ်မှူးကြီးစောမောင်မှ တိုင်းပြည်သို့ တင်ပြချက် (၂၃.၉.၈၈ နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ)
  • ဗိုလ်ချုပ်မှူးကြီးစောမောင်၏ မိန့်ခွန်း (၅.၇.၈၉ နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ)
  • (၁၀၄) ကြိမ်မြောက် န၀တ သတင်းစာရှင်းလင်းပွဲ
  • အတွင်းရေးမှူး (၁) မှ ကျွန်းချောင်းဓာတ်မြေသြဇာစက်ရုံတွင်ပြောကြားခဲ့သည့်မိန့်ခွန်း (၁၈.၁၁.၉၁ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ)
  • ဂန္ဒီခန်းမ ကြေညာစာတမ်း
  • န၀တ၏ ကြေညာချက်နှင့် ဥပဒေများ ၁/၉၀၊ ၁၁/၉၂၊ ၁၃/၉၂၊၅/၉၆။
  • အင်အယ်လ်ဒီဥက္ကဋ္ဌ ဦးအောင်ရွှေမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ပေးစာများ (စာအမှတ် – ၀၄၆/စည်း [ငြိမ်း] /၉၆။ စာအမှတ် ၀၈၂/စည်း [ငြိမ်း] /၉၆။ စာအမှတ် -၁၀၃ /စည်း [ငြိမ်း] / ၉၆။

“ဒီမိုကရေစီ တော်လှန်ရေးနှင့် တိုက်ပွဲဝင်များအား ဂုဏ်ပြုခြင်း” -ရဲဘော်နိုင် (၂-၁၀-၀၇)‘

နိုင်ငံရေးဆိုသည်မှာ ပြည်သူတို့၏နေ့စဉ်စားဝတ်နေရေး၊ ကျန်းမာရေး၊ ဗဟုသုတစာပေ၊ ယဉ်ကျေးမှု၊ ဘ၀လုံခြုံမှု၊ တိုးတက်မှုများ လူမှုကိစ္စစသည့်တို့ဖြစ်သည်။ ယင်းကိစ္စအ၀၀ကိုစီမံခန့်ခွဲသောအဖွဲ့သည် အစိုးရဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် အာဏာရှင်စစ်အစိုးရကြောင့် နိုင်ငံသူနိုင်ငံသားတို့ ဆင်းရဲ ဒုက္ခ ရောက်လွန်းသဖြင့် ဒီမိုကရေစီစနစ်နှင့်  ပြည်သူ့အစိုးရထူထောင်ရန် တိုက်ပွဲဝင်နေကြသည်။

စစ်အစိုးရကို တိုက်ပွဲဝင်ရာတွင် ပြည်တွင်းနိုင်ငံရေးအဖွဲ့အစည်းနှင့် ၈၈၈၈ မျိုးဆက်ကျောင်းသာများ တို့က ဦးဆောင်သည်။ တော်လှန်ရေးနယ်မြေတွင် (NCUB) နှင့် (NCGUB) အဖွဲ့သည် အကြီးဆုံး သောတော်လှန်ရေးအဖွဲ့များဖြစ်သည်။ (NCUB) သည် တပ်ပေါင်းစုအဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့အောက် တွင် နိုင်ငံရေးအဖွဲ့ဝင်ပေါင်း (၄၀) ကျော်ရှိသည်။ (NCGUB) သည် အစိုးရအဖွဲ့ဖြစ်၍ ၀န်ကြီးများကို
ဝန်ကြီးချုပ်မှ တိုက်ရိုက်ရွေးချယ်သည်။ (NCUB) အဖွဲ့လည်း သက်တမ်းနှစ်နှစ်ပြည့်လျှင် အမှုဆောင် အသစ် ရွေးချယ်ရပါသည်။

ယင်းအဖွဲ့၏ အမှုဆောင်ရွေးကောက်ပွဲတွင် (MP) အားလုံးတက်ရောက်ခွင့်ရသဖြင့် ကျွန်ုပ်လည်း ယင်းအမှုဆောင်ရွေးကောက်ပွဲ သို့တက်ခွင့်ရပါသည်။ အမှုဆောင်ရွေးကောက်ပွဲတွင် မည်သူမဆို အဖွဲ့ဝင်တိုင်း ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ အမှုဆောင်အဖြစ် ရွေးချယ်ခံရလျှင် နိုင်ငံရေးအခွင့် အာဏာ အထိုက်အလျှောက် ရရှိမည်ဖြစ်၍ အဖွဲ့ဝင်အများအပြားဝင်ရောက် ရွေးချယ်ကြသည်။ (NCUB) ရွေးချယ်တင်မြှောက်ပွဲသည် သန့်ရှင်း၍ မှန်ကန်မှုရှိသည်ကို ကြိုဆိုရပါ၏။

တော်လှန်ရေးအဖွဲ့များတို့၏  နိုင်ငံရေးလုပ်ငန်းစဉ်များတို့မှာ အမြင်သဘောထားများ ထုတ်ပြန် ကြေညာခြင်း၊ ပြည်ပအသံလွှင့် ဌာနများနှင့် တွေ့ဆုံအမေးအဖြေလုပ်ခြင်း၊ သံရုံးရှေ့တွင် ဆန္ဒ ဖေါ်ထုတ်ခြင်းစသည်တို့ဖြစ်သည်။ ပြည်သူ့အတွက် (လက်နက်ကိုင်) မှအပ စွန့်စွန့်စားစားထူးခြားပြီး လုပ်ကိုင်ဆောင်ရွက်သည် မတွေ့ရသေးကြောင်း၊ မွေးနေ့လုပ်တာ ကြေညာချက်ထုတ်တာ တော်လှန်ရေးမဟုတ်ဟု ဘိုဘိုကျော်ငြိမ်းက ထောက်ပြသည်။ ယခုအနေအထားထက် ရန်သူကို တိုးချဲ့တိုက်ပွဲဝင်ရန် အကြံပြုချက်များကို ပုဂ္ဂိုလ်တချို့တို့က ရှောင်ဖယ်ရှောင်ဖယ် လုပ်ချင်နေကြ သည်ဟု ခေါင်းဆောင်တဦး (NCUB) ကဆိုသည်။ နိုင်ငံရေးသမားကောင်းနှင့် တော်လှန်ရေးသမား ကောင်းဖြစ်ရန် ကိုယ်ကျိုးစွန့်အနစ်နာခံခြင်းနှင့် ငွေကြေးပြဿနာ ကင်းရှင်းရန် အထူးလိုအပ်သည်။

ကမ္ဘာ့နိုင်ငံရေးလောက မြန်မာ့နိုင်ငံရေးလောကတွင် ငွေကြေးကြောင့်နာမည်ပျက်ကြသည်။ ပြည်သူ့ ဘဏ္ဍာငွေများကို မသမာအလွဲသုံးမှု လာဘ်စားမှုများရှိနေသည်ကို နိုင်ငံအသီးသီးတွင် ကြားသိနေ ရပါသည်။ တချို့နိုင်ငံတွင် အစိုးရကောင်းတရပ် (Good Goverment) ဖြစ်ရန် လာဘ်စားမှု တိုက် ဖျက်ရေးအဖွဲ့ ဖွဲ့ပြီး ကြိုးစားဆောင်ရွက်နေသော်လည်း ထိရောက်အောင်မြင်မှုမှာ နည်းပါးနေသည်။ အထူးသဖြင့် ဆင်းရဲသည့်နိုင်ငံများ အာဏာရှင်နိုင်ငံများတွင် ငွေအလွဲသုံးစားမှုနှင့် လာဘ်စားမှု အများဆုံးဖြစ်ပြီး နာမည်အပျက်ဆုံးစာရင်းတွင် မြန်မာစစ်အစိုးရအုပ်စု အရှေ့ဆုံးက ပါဝင်သည်။ ကိုယ်ပိုင်ပြဌာန်းခွင့်ရရန် စစ်အစိုးရနှင့် တိုက်ပွဲဝင်နေသော လူမျိုးစုလက်နက်ကိုင် အဖွဲ့တချို့တွင် လည်း ငွေကြေးပြဿနာကြောင့် ရန်သူ့ထံခိုဝင်သူများ ရှိသကဲ့သို့ ပြိုကွဲသွားသောအဖွဲ့လည်းရှိသည်။

တော်လှန်ရေးနယ်မြေတွင် နိုင်ငံရေးအဖွဲ့အစည်းများစွာရှိသည်။ (NCUB) အဖွဲ့ဖြစ်ဖြစ်၊ (NCGUB) အဖွဲ့ဖြစ်ဖြစ် မည်သည့်အဖွဲ့မဆို တော်လှန်ရေးသမားချင်း အတူတူဖြစ်၍ နိုင်ငံရေးအတူတူ ဆောင်ရွက်နေကြသူများဖြစ်သည်။ ငွေကြေးခွဲဝေယူရာတွင် မျှတမှုရှိရန်လိုအပ်ပေသည်။ နိုင်ငံရေး အဖွဲ့အစည်းတခုတွင် ရုံးသုံးငွေများကို ဘဏ္ဍာရေးမှူးမရှိ။ စာရင်းစစ်မရှိ။ ဥက္ကဋ္ဌက ငွေကိုင်သည်။ ရုံးသုံးငွေရှင်းတမ်းလုပ်သည့်အခါတွင် အဖွဲ့ဝင်အချင်းချင်း စကားများ ရန်ဖြစ်ကြသည်။ ငွေခွဲဝေမှု မညီမျှလို့ ဖြစ်သည်။ ဒီလိုအဖွဲ့မျိုး နိုင်ငံ၏ အာဏာရခဲ့လျှင် လာဘ်စားမှုများမှာ  စစ်အစိုးရထက် သာမည်။  အဖွဲ့တချို့မှ ပုဂ္ဂိုလ်တချို့တို့က ဟိုအကြောင်းပြ ဒီအကြောင်းပြနှင့် လစဉ်ဘတ်ငွေ တသောင်းခွဲမှ နှစ်သောင်းအထိ ရသူရှိသည်။  ပြည်သူ့ငွေဆိုတာကို ထိုသူတို့ မေ့နေကြသည်။ ငွေများများရ၍  နိုင်ငံရေးသမားနှင့်မတူဘဲ ဘူဇွာနှင့်တူသည်။ ဒီလိုငွေခွဲဝေမှု ကွာဟလျှင် တော်လှန်ရေးအုပ်စုအတွင်း အချင်းချင်း မနာလိုဝန်တိုမှု၊ အုပ်စုဖွဲ့မှု၊ တော်လှန်ရေးစိတ် ကင်းမဲ့မှု၊  မညီညွတ်မှု ဖြစ်နိုင်၍ ရန်သူတို့၏ သွေးခွဲမှုလည်း လွယ်ကူမည်ဖြစ်၍ သတိပြုသင့်သည်။

နိုင်ငံရေးလောကတွင် လူအမျိုးမျိုး၊ အရောင်အသွေးအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးရှိသည်။ ခရီးရှည်တခုတွင် နိုင်ငံရေး ရဲဘော်ရဲဘက်တဦးနှင့်အတူ ကျွန်ုပ်ခရီးသွားခဲ့ပါသည်။ ခရီးသွားရင်းနှင့် “ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ နိုင်ငံရေးလုပ်နေတာလဲလို့ သူ့ကို မေးကြည့်ပါသည်။ နောင်တခေတ် ဒီမိုကရေစီတိုက်ပွဲ၏ သမိုင်းစာမျက်နှာတွင် သူလည်းပါဝင်လိုသည်ဟု ပြောသည်။ ထိုသူမှာ ခရစ်ယာန်တဦးဖြစ်သည်။ ကျွန်ုပ်သည် ဗုဒ္ဓဘာသာဝင်တဦးဖြစ်၍ နိုင်ငံရေးဆောင်ရွက်လုပ်ကိုင် နေခြင်းသည် အကြီးမားဆုံး ကုသိုလ်ဒါနပြုလုပ်နေသည်ဟု ခံယူသည်။ ဗုဒ္ဓ ယုန်မင်းဘ၀မှာ အလှူခံပုဏ္ဏား (သိကြားမင်း) အား မိမိကိုယ်ကို မီးပုံထဲ ခုန်ချပြီး အလှူဒါနပြုခဲ့သည်။ မျောက်မင်း
ဘ၀တွင်လည်း မျောက်အပေါင်း လွတ်မြောက်ရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သည်ကို ဗုဒ္ဓဖြစ်စဉ်နိပါတ်တော်မှာ ပါရှိသည်။ ထို့ကြောင့် နိုင်ငံရေးသည် အများကျိုးအတွက် အသက်နှင့်ဘ၀ ရင်းရသောလုပ်ရပ်ဖြစ်၍ ကြီးကျယ်သသော ဒါနကုသိုလ်ပြုနေခြင်းနှင့် တူသည်။”

နိုင်ငံရေးသည် လူမှုရေးဟုဆိုသော်လည်း ဘာသာရေးနှင့် ဆက်နွယ်မှု ရှိနေပါသည်။  ထိုင်းနိုင်ငံ
ဝန်ကြီးချုပ်သက်စင် ရာထူးမကျမီ တနှစ်ခန့်အလို (၂၀၀၅) နယ်သာလန်နိုင်ငံတွင် ကျွန်ုပ်ရှိနေစဉ်
ဝန်ကြီးချုပ်သက်စင်ထံ စာတစောင် ရေးသားခဲ့ပါသည်။ စာ၏လိုရင်းအချုပ်မှာ “၀န်ကြီးချုပ် ခင်ဗျား။ ရှေ့ကုသိုလ်ကံကောင်းမှုကြောင့် ဒီကနေ့ ကြွယ်ဝချမ်းသာရုံမက ထိုင်းနိုင်ငံအကြီးအကဲလည်း ဖြစ်ရ ပါ၏။ ထိုင်းနိုင်ငံသားတို့သည် နေ့စဉ်နှင့်အမျှကောင်းမှုကုသိုလ်ပြုပါ၏။ ထိုကောင်းမှုကုသိုလ်ကြောင့် သူတို့လည်း ချမ်းသာကြွယ်ဝပါ၏။ ၀န်ကြီးချုပ်အနေဖြင့် ချမ်းသာကြွယ်ဝနေပြီးဖြစ်၍ ဒုက္ခမျိုးစုံ  ကြုံတွေ့နေသော မြန်မာနိုင်ငံပြည်သူတို့ဘက် ရပ်သင့်ပါလျှက်နှင့် မရပ်ဘဲ မြန်မာစစ်ဗိုလ်ချုပ်ကြီးများ တို့နှင့် ပူးပေါင်းပြီး မြန်မာပြည်သူတို့၏ ချွေးနည်းစာများကို စုပ်ယူလိုနေသော သင်သည် မြန်မာ ပြည်သူတို့၏ ပို့သသောမေတ္တာ စူးရှ၍ ပျက်စီးခြင်းနဲ့ကြုံတွေ့မည်။” ယင်းစာကို အင်္ဂလိပ်ဘာသာသို့ အင်္ဂလန်နေ ဗိုလ်အောင်ဒင် (PDP) က ဘာသာပြန်ပေးသည်။

မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိ။ တရားမျှတမှု မရှိသော မည်သည့်ပုဂ္ဂိုလ်မဆို ပျက်စီးခြင်းနှင့် ရင်ဆိုင်ရမည်မှာ လောကနိယာမတရားဖြစ်သည်။ အာဏာရှင် စနစ်ဆိုးကြောင့် လူတွေဘ၀ ဟန်မိုနီ ပျက်ရသည်။ “ဆေးလိပ်လည်းတို၊ နေလည်းညို ငါ့ကိုအိမ်ပို့ကြပါတော့” ဟု ဆရာကြီးဦးတင်မိုးက ဆိုသည်။ တော်လှန်ရေးတွင် မိသားစုလွမ်းသူ၊ ရွာလွမ်းသူ၊ သားတကွဲ၊ မယားတကွဲ ဖြစ်သူ၊ အိမ်ထောင်သစ်ဖန်တီးသူလည်း ရှိသည်။ ကျွန်ုပ်သည် မိသားစုနှင့် နှစ်များစွာခွဲခွါရသဖြင့် အိမ်ပြန်ရန် အကြိမ်များစွာစဉ်းစားပါ၏။ ဆုံးဖြတ်ချက်လည်းချခဲ့ပါ၏။ ဒေါ်အောင်ဆန်းစုကြည်လည်း မိသားစုနှင့် အချိန်ကြာမြင့်စွာ မတွေ့ရရုံမက ချစ်သောခင်ပွန်း နောက်ဆုံးခရီးအထိ လိုက်ပို့နိုင်ခြင်းမရှိကြောင်း ကျွန်ုပ်မှာ မိသားစုနှင့် ပြန်လည်ဆုံတွေ့နိုင်သည့်အခွင့်အရေးများစွာ ရှိနေသည်ကို စဉ်းစားရင်း ဖြေသာမိပါ၏။ မိမိ၏ဒုက္ခနှင့် နှိုင်းယှဉ်လျှင် ပြည်သူတို့၏ ဒုက္ခက ကြီးမားပါသည်။ ကျွန်ုပ်မှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်၍ မဲရယူခဲ့စဉ်က တရားမျှတမှု၊ လွပ်လပ်မှု၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရန် တိုက်ပွဲဝင်သွားမည်ဟု ပြည်သူတို့ကို ကတိအကြိမ်ကြိမ်ပေးခဲ့၍ လူမှာကတိ၊ မင်းမှာသစ္စာ ဆိုသည့်အတိုင်း အိမ်ပြန်လျှင် ပြည်သူတို့ကို သစ္စာဖောက်ပြီး အာဏာရှင်တို့ကို အားပေးရာရောက်မည် ဖြစ်သောကြောင့် အိမ်ပြန်ရန်ဆုံးဖြတ်ချက်များကို ရုတ်သိမ်းခဲ့ရပါသည်။ တော်လှန်ရေးနယ်မြေတွင် ကျွန်ုပ်ကဲ့သို့ တွေ့ကြုံခံစားနေရသူ အမြောက်အများ ရှိနေပေမည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးယုံကြည်ချက်နှင့် ဒုက္ခခံစားနေရသည်မဟုတ်ဘဲ အလုပ်အကိုင်ရှားပါးခြင်း၊ စီးပွားရေးကျပ်တည်းခြင်းတို့ကြောင့် ဘ၀ရှင်သန်ရေးအတွက် ထောင်ပေါင်းများစွာသောလူငယ်များ အိမ်နီးနားခြင်းနိုင်ငံတွင် ရရာအလုပ် လုပ်နေကြသည်။ ထိုနိုင်ငံအိမ်ရှင်တို့၏ သားမယားပြုခြင်း၊ ပုလိပ်နှင့် လူဆိုးများ အနိုင်ကျင့်ခြင်းတို့ကြောင့် မိန်းကလေးများစွာ ဘ၀ပျက်ခဲ့ရသည်။ နိုင်ငံခြား ရောက်သူတို့မှာ မိဘသေ၊ ဆွေမျိုးသေလည်း အိမ်မပြန်နိုင်ကြကြောင်း။ အပြန်လွယ်သလောက် အလာခက်သည်။ ငွေကုန်ကြေးကျများပြီး အန္တရာယ်လည်းများသည်။ ကားဝမ်းထဲတွင် ပိတ်ကျပ်၍ မွှန်ပြီးသေသူ၊ ကုန်ကားကို မသင်္ကာ၍ စူးနှင့်ထိုးခံရသဖြင့်  သေသူ အများအပြားရှိသည်။ ပြည်တွင်း မှာလည်း ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အနေဆင်းရဲ၊ အစားဆင်းရဲ ဒုက္ခကြုံတွေ့နေရသည်ကို နေ့စဉ်နှင့်အမျှ ပြည်သူတို့၏ ရင်ဖွင့်သံနှင့် အမေးအဖြေလုပ်ရာတွင် သိရသည်။ ယင်းဒုက္ခ အလုံးစုံ တို့သည် စစ်အစိုးရ၏ တရားမမျှတမှု၊ ကောက်ကျစ်စဉ်းလဲမှု၊ လောဘ၊ မောဟကြီးမှုကြောင့်ဖြစ်၍ ထိုသူတို့ တနေ့ဝဋ်လည်ပြီး သေလျှင်လည်း အပ္ပါယ်ငရဲသို့ လားရမည်။

မြန်မာနိုင်ငံသည် ရေမြေသဘာဝ ကောင်းပါလျှက်နဲ့ စစ်အုပ်ချုပ်ရေးကြောင့် ပြည်သူတို့ ဆင်းရဲဒုက္ခ ရောက်ရပါ၏။ ထိုကြောင့် စနစ်ဆိုးနှင့် အစိုးရဆိုးလက်မှ လွတ်မြောက်ရန် ပြည်သူတို့ အပြင်းအထန် တိုက်ပွဲဝင်နေသည်။ ရန်သူသည် တနိုင်ငံတည်းသား ဖြစ်သဖြင့် တဦးနှင့်တဦး အတွင်းသိသူများ ဖြစ်ကြ၍ ရန်သူတို့ကိုဖြုတ်ချရာတွင် ခက်ခဲသောတိုက်ပွဲဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေးအဖွဲ့များ မှ ကြေညာချက်ထုတ်၊ လက်ခုပ်တီးရုံနှင့် မလုံလောက်ကြောင်း။ ပြည်သူတို့ ခွန်အားတိုးစေပြီး ရန်သူ အထိနာစေသော လက်တွေ့ကျသည့် တိုက်ပွဲအသွင်တခု ဆောင်ရွက်သင့်သည်။ အာဏာရှင်တို့သည် ရက်စက် ကြမ်းကြုတ်၏။ ကြီးနိုင်ငယ်ညှင်းဝါဒ ကျင့်သုံး၏။ အာဏာသည် သေနတ်ပြောင်းဝမှ ဆင်းသက်၏။ ဒီမိုကရေစီတိုက်ပွဲသည် သေနတ်ပြောင်းဝနှင့် ရင်မြေကတုတ် လုပ်ရသော တိုက်ပွဲဖြစ် ၍ သက်စွန့်ဆံဖျား တိုက်ပွဲဝင်ရပါသည်။ ထို့ကြောင့် တိုက်ပွဲဝင် (၈၈) မျိုးဆက်ကျောင်းသားများနှင့်  ပြည်သူ့ခေါင်းဆောင်များ၊ ရဟန်းသံဃာတော်များတို့အား သူရဲကောင်းများဟု မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ အာဏရှင်များတို့သည် သမိုင်းဆိုးနှင့် ဘ၀နိဂုံးချုပ်နေကြသည်ကို စစ်ဗိုလ်ချုပ်ကြီးများ သင်ခန်းစာရယူသင့်သည်ဟု တင်ပြလိုက်ရပါသည်။

“စစ်အုပ်စုအား စွဲချက်တင်ခြင်း” (၅) -လင်းဆွေ (၂၉-၉-၀၇)

စိန်စီသောည၊ Expire ဘ၀များနှင့် မြန်မာ့စီးပွားရေး (၁၉)နှစ်စစ်တမ်း

(၁)

စစ်အုပ်စုဟာ အာဏာသိမ်းပြီးတဲ့နောက် စီးပွားရေးစနစ်ကို ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးမယ် ဆိုပြီး တံခါးဖွင့်ပါတယ်။ ဒီလိုစီးပွားရေးလမ်းစဉ်တခုကို ပြောင်းလဲချမှတ်တဲ့နေရာမှာလည်း စနစ်
တကျ ပညာရှင်များနဲ့ ဆွေးနွေးညှိုနှိုင်းပြင်ဆင်းပြီး ချမှတ်ခဲ့ကြတာမဟုတ်ပါဘူး။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ကျင့်သုံးခဲ့တဲ့ စီမံကိန်းစီးပွားရေးစနစ်ဟာ မအောင်မြင်ဘူး။ တိုင်းပြည်ဆင်းရဲ မွဲတေပြီး ချွတ်ခြုံကျရတယ်။ ဒီတော့ စီမံကိန်းစီးပွားရေးစနစ်က ပြောင်း။ ဒီဟာ မကောင်းရင် ဟိုဟာပြောင်း ဆိုသလို စစ်အုပ်စုက ဈေးကွက်စီးပွားရေးဆိုပြီး ပြောင်းလဲကျင့်သုံးခဲ့ တာပါ။ အဲ့တော့ စစ်အုပ်စုရဲ့ ဈေးကွက်စီးပွား ရေး ကနဦးကာလ အရင်းအနှီး စုဆောင်းမှုက ဘယ်လို ပါလဲ။
ကနဦး လုပ်ငန်းရှင်ကြီးတွေကတော့ …။

မ.ဆ.လ လူထွက်လုပ်ငန်းရှင်တွေ စစ်အုပ်စုရဲ့ ဆွေတော် မျိုးတော်တွေ။ ကိုးကန့်အနွယ်ဝင်လုပ်ငန်း ရှင်တွေနဲ့ မြန်မာပြည်ဖွား တရုတ်လူမျိုးလုပ်ငန်းရှင်ကြီးတွေပါပဲ။ မဆလခေတ် မှောင်ခိုစီးပွားရေးက ရထားကြတဲ့ ငွေကြေးအရင်းအနှီး၊ မူးယစ်ဆေးဝါးကရတဲ့ ငွေကြေးအရင်းတွေနဲ့ စစ်အုပ်စုရဲ့ဈေးကွက် စီးပွားရေး အရင်းအနှီး စုဆောင်းမှုကို စခဲ့ကြတာပါ။ ငွေမဲများနဲ့ စတဲ့စီးပွားရေးပါ။ ဒီတော့ စစ်အုပ်စု ရဲ့ဈေးကွက်စီးပွားရေးက စကတည်းက ယဉ်သကိုလို့ ဆိုရမှာပါ။

ဒီလိုနဲ့စခဲ့တဲ့ စစ်အုပ်စုရဲ့ ဈေးကွက်စီးပွားရေး ဖုတ်သွင်းရထားကြီးက သက္ကရာဇ်များကိုတနှစ်ပြီးတနှစ် ကျော်ဖြတ်လို့ လာခဲ့တယ်။ (၁၉) နှစ်ရှိခဲ့တဲ့ ဒီနေ့ ဒီအခြေအနေမှာ နိုင်ငံရဲ့စီးပွားရေးအခြေအနေက ဘယ်လိုလဲ။ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ လူမှုဘ၀များကရော ဘယ်လိုပါလဲ။

(၂)

ဗိုလ်ချုပ်မှူးကြီးရဲ့စိန်စီသော ပွဲသဘင်ဆင်ယင်နေတဲ့ အချိန်မှာ သာမာန်ပြည်သူလူထုအတွင်းမှာတော့ ထမင်းရည်ဟာ ကုန်စည်တမျိုးအဖြစ်နဲ့ ၀ယ်လိုအား ကောင်းနေခဲ့ရတယ်။ နေ့စား၊ အလုပ်သမား လေးတဦး တနေ့ကျပ် (၅၀၀) ရဖို့ နေပူကျဲကျဲထဲ ချွေးသံရွှဲရွှဲနဲ့ ကုန်းရုန်းလုပ်နေရတဲ့အချိန်မှာ ဦးပိုင် လိမီတက်မှာ အစုရှယ်ယာထည့်ဝင်ထားခွင့်ရတဲ့ စစ်တပ်ရဲ့ ဆွေတော်မျိုးတော်များကတော့ (၃၀)% အမြတ်ကို အချိန်တန် ထုတ်ယူရရှိလို့နေပါတယ်။

နိုင်ငံစီးပွားရေးနဲ့ တဆက်တည်းဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ အညွှန်းပြချက်တွေကို ကြည့်မယ် ဆိုရင်လည်း (၅) နှစ်အောက် ကလေးငယ်များရဲ့ သေဆုံးမှုမှာ အဟာရချို့တဲ့လို့ သေကြရတာက (၄၉.၃) % ရှိပါတယ်။ (၅) နှစ်ပြည့်လို့ မူလတန်းပညာကို စတင်မသင်ကြားနိုင်ကြတဲ့ ခလေးတွေက (၅၇) % ရှိနေပါတယ်။ ကျောင်းနေနိုင်ခဲ့တဲ့ ကလေး (၄၃) % ဟာလည်း မူလတန်းပညာပြီးလို့ အလယ်တန်းပညာကို ဆက်သင် နိုင်ကြတဲ့ကျောင်းသားက (၂၅)% သာရှိပြီး (၇၅)% က မူလတန်းပညာနဲ့ပဲ ပြီပြီး ကျောင်းထွက်လိုက်ကြပြန် ပါတယ်။

ကျေးရွာပေါင်း ၄၇၁-ရွာမှာ ကျေးလက်ဆေးပေးခန်း တခုသာ ရှိတဲ့ ဒီနိုင်ငံမှာလူ့သက်တမ်းဟာလည်း ၅၈-နှစ်သာရှိပါတော့တယ်။ အခြားအိမ်နီးချင်း အာရှနိုင်ငံတွေထက် (၆) နှစ်လျော့နည်းလို့နေတယ်။ လူ့ဘ၀ဆိုတာ ရခဲပါတယ်။ အပ်ဖျားချင်းထိဖို့ခက်ခဲသလို ခက်ခဲတယ်။ ဒီလိုရခဲတဲ့ လူဘ၀ကို စစ်အုပ်စုလက်အောက် မြန်မာနိုင်ငံမှာ ရခဲ့ရင်တော့ အခြား အိမ်နီးချင်း နိုင်ငံက လူ့ဘ၀ထက် (၆) နှစ် သက်တမ်းတိုပြီး လူ့ဘ၀ကို ရကြရမှာပါပဲ။ မတတ်နိုင်။ မနုသတ္တ ဒုလဘ္ဘ။

(၃)

စစ်အုပ်စုရဲ့ (၁၉) နှစ်တာ စီးပွားရေးကိုကြည့်ရင် ထောင်တက်နေတာတွေကတော့ ကုန်စည်းဈေး နှုန်းတွေ။ ငွေကြေးဖောင်းပွမှုတွေပါ။ ပေါများလာတာကတော့လှည့်လည်သုံးစွဲနေတဲ့ ကျပ်ငွေပမာဏ။ ကျဆင်းနေတာ ကတော့ မြန်မာကျပ်ငွေတန်ဘိုး။ နှစ်စဉ်နှစ်တိုင်းလိုနေတာကတော့ အစိုးရရဲ့ ဘတ် ဂျတ်လိုငွေလို့ ဆိုရမှာပါ။

တွေ့ရတဲ့အညွှန်းပြကိန်းတွေကို ချုပ်ကြည့်လိုက်ရင် အဖြေက။ စစ်အုပ်စုနဲ့ဈေးကွက်စီးပွားရေးဟာ ပုံပျက်ပန်းပျက်နဲ့ ပျက်စီးကျဆင်းနေတာပါပဲ။ စစ်အုပ်စုရဲ့ ဒီဘက် (၁၀) နှစ်ရဲ့ ကုန်စည်ဈေးနှုန်း ကိုကြည့်ရင် ၁၉၉၇ ခုနှစ် ဇူလိုင်လမှာ ရွှေဈေးက (၄၄,၀၀၀) ကျပ်ရှိခဲ့တယ်။ ပေါ်ဆန်းမွှေးဆန်က တအိတ်ကို (၂,၅၀၀) ကျပ် ဈေးပါ။ ဆယ်နှစ်ကြာသွားတဲ့ ၂၀၀၇ ခုနှစ် ဇူလိုင်လမှာတော့ ရွှေဈေးက (၄၆၆,၀၀၀) ကျပ်ထိ တက်လာခဲ့ပြီး ပေါ်ဆန်းမွှေးဆန်ကလည်း တအိတ်ကို (၂၈,၅၀၀) ကျပ်ဖြစ် လာပါတယ်။ ဆယ်နှစ်အတွင်း ကုန်စည်ဈေးနှုန်း (၁၁) ဆကျော် ထိုးတက်ခဲ့တာပါ။ ကုန်စည်ဈေးနှုန်း ဆတိုးတက်နေတာနဲ့ အချိုးတူစွာပဲ ဖြစ်လာတာက ငွေကြေးဖောင်းပွမှုပါ။

နောက်တခုက မြန်မာ့ကျပ်ငွေတန်ဘိုး။ ဘယ်လိုလဲ။ တရားဝင်သတ်မှတ်တဲ့ ငွေလဲမှု စံနှုန်းကတော့ အမေရိကန် တစ်ဒေါ်လာကို (၆) ကျပ်လောက်ပါပဲ။ ဒါပေမယ့် လက်တွေ့မှာ တရားဝင်သတ်မှတ် အသုံးပြုနေရတဲ့ ကျပ်ငွေရဲ့ တန်ဘိုးကတော့ အမေရိကန် တဒေါ်လာကို ၁၉၈၈-၈၉ မှာ (၅၅) ကျပ်၊ ၁၉၉၀မှာ (၆၂) ကျပ်၊ ၉၁ မှာ (၈၁) ကျပ်၊ ၉၂ မှာ (၁၀၀) ကျပ် ၊ ၉၄ မှာ (၁၂၀) ကျပ်၊ ၉၅ မှာ (၁၂၅) ကျပ်၊ ၉၇မှာ (၁၈၀-၃၀၀)-ကျပ်။ နှစ်စဉ် အမြဲကျလာ လိုက်တာ ၂၀၀၇ မှာ တော့ (၁၅၀၀) ကျပ် အထိ ဖြစ်ခဲ့ပါပြီ။

ဘောဂဗေဒပညာရှင်များရဲ့အဆိုအရ။ ဒေါ်လာတန်ဖိုးတိုးနှုန်းဟာ ကျပ်ငွေပမာဏ (Money Supply) တိုးတဲ့နှုန်းနဲ့ တိုက်ရိုက်အချိုးတူပါပဲလို့ ဆိုပါတယ်။ နောက်တဆက်တည်း ဆက်နွယ်နေတာက အစိုးရရဲ့ ဘတ်ဂျတ်လိုငွေပြမှု ပါ။ ဘတ်ဂျတ်လိုငွေတိုးတဲ့  ပမာဏနဲ့အညီ ကျပ်ငွေ ငွေကြေးပမာဏ တိုးတဲ့ ပမာဏဟာလည်း အတူတူရှိပြန်ပါ တယ်။ ဥပမာ ပြောရရင် ၁၉၉၅-၉၆ မှာ အစိုးရရဲ့ဘတ်ဂျတ် လိုငွေဟာ ကျပ်သန်းပေါင်း (၅၁,၄၇၂) သန်း ရှိခဲ့တယ်။ အဲ့ဒီ ပမာဏအတိုင်းပါပဲ။ ငွေကြေးပမာဏ လည်းတိုးခဲ့ပါတယ်။ အဲ့လိုတိုးတဲ့အခါမှာ ပုဂ္ဂလိကများက ဘဏ်အပ်ငွေကျပ်သန်း နှစ်သောင်းကျော်နဲ့ ၀ါဇီကရိုက်ထုတ်လိုက်ရတဲ့ ကျပ်သန်းပေါင်း ၂၅,၀၀၀ ကျော် ပမာဏကို ဖြည့်လိုက်ရပါတယ်။

အစိုးရရဲ့ဘတ်ဂျတ်လိုငွေပြမှုကလည်း နှစ်စဉ်နှစ်တိုင်းဆိုသလို လိုငွေပြမှုက တိုးနေတာပါ။ လိုငွေပြမှု တိုးသလောက်ကို ၀ါဇီက ကျပ်ငွေစက္ကူတွေ ရိုက်ထုတ်ပြီး ဖြည့်နေရပါတယ်။ အစိုးရရဲ့ ဘတ်ဂျတ် လိုငွေပြမှုက စလာတဲ့ဖြစ်စဉ်ဟာ မုန့်လုံးစက္ကူကပ်လို ဖြစ်နေတော့တာပါပဲ။ ဘတ်ဂျတ်လိုငွေပြလေ ငွေကြေးပမာဏက လိုက်တိုး ငွေကြေးပမဏတိုးတဲ့နှုန်းနဲ့ ဒေါ်လာတန်ဖိုးက တိုးလာ ဒေါ်လာတန်ဖိုး တိုးတော့ကျပ်ငွေတန်ဖိုးကျ။ ကျပ်ငွေတန်ဖိုးကျတာနဲ့အမျှ ငွေဖောင်းပွမှုကကြီးမားလာပြီး။ နောက်ဆုံး တော့ ကုန်စည်ဈေးနှုန်းများက အဆမတန်တက်။ အဆုံးမှာတော့ ပြည်သူလူထုသာပင် ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို အလူးအလဲ ထိတွေ့ခံစားနေကြရတော့တာပါပဲ။

အရင်းစစ်ကြည့်ရင် အစိုးရရဲ့ဘတ်ဂျတ်လိုငွေပြနေမှုဟာ အဓိကပြဿနာပါ။ ဒီပြဿနာကို မဖြေရှင်း နိုင်သ၍တော့ “မုန့်လုံးစက္ကူကပ်” ဖြစ်စဉ်ထဲက ထွက်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့ နှစ်စဉ်နှစ်တိုင်း အစိုးရရဲ့ ဘတ်ဂျတ်ဟာ လိုငွေပြနေရသလဲ။ အဖြေက တကြောင်းတည်းနဲ့ပြီးပါတယ်။ စစ်အုပ်စုရဲ့ မက္ကရို စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းလို့ပါပဲ။ နောက်တဆင့်တက်ပြီး ပြောရရင်တော့ စစ်အုပ်စုဟာ
မက္ကရို စီးပွားရေးစီမံခန့်ခွဲမှုကို ဈေးကွက်စီးပွားရေး ဖွံ့ဖြိုးမှုရှုဒေါင့်က စီမံခန့်ခွဲခြင်းမျိုးမလုပ်ဘဲ စစ်အာဏာရှင်စနစ် ရှင်သန်တည်မြဲရေးဘက်က ရပ်ပြီး စီမံခန့်ခွဲလို့ပဲဖြစ်ပါတယ်။

တိုင်းပြည်အတွက် မလိုအပ်ဘဲ တပ်မတော်အင်အားကို တိုးချဲ့တယ်။ ဒီတော့ ကာကွယ်ရေးစရိတ်က တက်လာပါ တယ်။ ၁၉၉၇-၉၈ မှာ ကာကွယ်ရေး အသုံးစရိတ်က အစိုးရဘတ်ဂျတ်အားလုံးရဲ့ (၃၀.၆)% သုံးပါတယ်။ ဒါက လွန်ခဲ့တဲ့ (၁၀) နှစ်က၊ ကာကွယ်ရေးအသုံးစရိတ်ပါ။ အခု စစ်အုပ်စုက ကြပ်ပြေးနေပြည်တော် တည်ပြန်ပါတယ်။ နေပြည်တော်တိုင်းဆိုပြီး စစ်တိုင်းကြီးလည်း တိုးချဲ့ပြန် ပါတယ်။ ၂၀၀၇ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်က လွန်ခဲ့တဲ့ ၉၇ ခုနှစ်ကထက် ရာခိုင်နှုန်းဘယ်နှစ်ဆ များမလဲ။ နောက်ပြီး ကြံ့ဖွံ့၊ စွမ်းအားရှင်၊ အမျိုးသမီးအဖွဲ့များ ဖွဲ့ပါတယ်။ အသုံးစရိတ်များက အစိုးရရဲ့ ဘတ်ဂျတ်ထဲက သုံးပါတယ်။ ဒီတော့ အစိုးရရဲ့ ဘတ်ဂျတ်လိုငွေဟာ တိုးပြီးရင်း တိုးလို့သာ နေတော့မှာပါ။

(၄)

ဈေးကွက်စီးပွားရေးရဲ့ အဓိကအနှစ်သာရက ဈေးကွက်ကိုလွတ်လပ်စွာ ဖွင့်ထားပေးဖို့နဲ့ လက်ဝါးကြီး အုပ်မှု မရှိဖို့ပါပဲ။ ဈေးကွက်အတွင်းမှာ ဈေးနှုန်းတွေဟာ ဈေးကွက်ရဲ့ပြဌာန်းမှုနဲ့ ဖြစ်ပေါ်နေမှာပါ။ အတက်အကျ ရှိနေပါမယ်။ ဒါဟာ ဈေးကွက်ရဲ့ သဘာဝပါ။ ဈေးကွက် ဈေးနှုန်း အတက်အကျကများ နေပြီး “မျှခြေ” ဖြစ်ဖို့လိုရင်လည်း ဈေးကွက်ကပဲမောင်းနှင်ပေးသွားပါလိမ့်မယ်။ ဒါကို ဈေးကွက်စီးပွား ရေးရဲ့ ခေါင်းကိုင်ဖခင်ကြီးဖြစ်တဲ့ ဒေါက်တာ အဒမ်စမစ်ကတော့ “မမြင်ရသောလက်” က ဈေးကွက်ကို တည်ငြိမ်အောင် ထိန်းပေးတာလို့ ဆိုပါတယ်။

ဒါပေမယ့် ၀ီစီမှုတ်ပြီး၊ သေနတ်သာဖောက်တတ်တဲ့ စစ်အုပ်စုကတော့ ဈေးကွက်စီးပွားရေးစနစ် ဆိုင်းဘုတ်ရှေ့ကနေပြီး ကုန်ဈေးနှုန်းတွေကို အမိန့်ပေးသတ်မှတ်နေပြန်ပါတယ်။ ဆန်ကုန်သည်ကြီး များကိုခေါ်ပြီး စပါးဈေး၊ ဆန်ဈေးကို ဘယ်၍ ဘယ်မျှနဲ့ရောင်း မကျော်စေနဲ့၊ ဈေးမကစားနဲ့ သတ်မှတ် ဈေးထက် ကျော်ရင် ဖမ်းမယ်။ ဆီကုန်သည်ကြီးများကိုလည်း ဒီအတိုင်းပါပဲ။ ဆန်ဈေး၊ ဆီဈေးတွေ ကိုဝီစီမှုတ် အမိန့်ပေးပြီး သတ်မှတ်နေတာပါ။ ထူးဆန်းစွာပါပဲ။ လွတ်လပ်တဲ့ဈေးကွက် စီးပွားရေး ကျင့်သုံးတာပါဆိုတဲ့ မြန်မာပြည်ရဲ့ ဈေးကွက်မှာ မှောင်ခိုဈေးနှုန်းဆိုပြီးဖြစ်လာခဲ့တာပါပဲ။ ဘုရင်နောင် ကျော်ထင်အနော်ရထာရဲ့ စစ်ချီ၊ စစ်တက်လောက်သာ လေ့လာဖူးတဲ့ စစ်အုပ်စုဟာ ဒေါက်တာ အဒမ်စမစ်ရဲ့ “မမြင်ရသောလက်” သဘောတရားကို မသိဘဲ ဈေးကွက်စီးပွားရေးစနစ်ကို အကောင် အထည်ဖော်နေကြပြန်တာလည်း အခက်သား။

ဈေးကွက်စီးပွားရေးစနစ်ရဲ့ “ရှင်သန်”မှုက လွတ်လပ်စွာ ပြိုင်ဆိုင်မှု ရှိခြင်းပါပဲ။ ဈေးကွက်ထဲမှာ ပါဝင်ကြတဲ့ အင်အားစုအားလုံးဟာ “ ပြင်ညီကွင်း” မှာ ရှင်ပြိုင်နိုင်ခွင့်၊ အခွင့်အရေးရှိဖို့ပါ။ အဲ့လိုမဟုတ် ရင် လက်ဝါးကြီး အုပ်မှုက ကြီးစိုးထားပြီးရှင်ပြိုင်ခွင့် အခွင့်အရေးက ပြင်ညီကွင်း မဖြစ်ဘူး။ နီးစပ်ရာ အသိုင်းအ၀ိုင်းက တာထွက်သာနေမယ့် အခြေမျိုးရှိနေပြီဆိုရင်တော့ အဲ့ဒီဈေးကွက်ဟာဈေးကွက်သေ ဖြစ်နေမှာပါ။ စစ်အုပ်စုရဲ့ ဈေးကွက်စီးပွားရေးမှာ ခေတ်တွေရှိခဲ့ပါတယ်။ ထွန်းကြည်ခေတ်၊ ခင်ညွှန့် ခေတ်၊ သန်းရွှေခေတ် စသဖြင့်ပါ။ အဲ့ဒီခေတ်တွေအလိုက် တာထွက်စောခဲ့ကြရတဲ့ ပုဂ္ဂိုလ်များ ရှိခဲ့ကြ ပါတယ်။ မေဖလားဝါးဦးကျော်ဝင်း၊ အာရှဓန ဦးအိုက်ထွန်း။ ယုဇန ဦးဌေးမြင့်၊ ဆရာကျောင်း။ အခု နောက်ဆုံးက ဦးတေဇတို့ခေတ်ပါ။

နောက်တခုကတော့ လက်ဝါးကြီးအုပ်မှုပါ။
၁၉၉၀ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ “စီးပွားရေးဦးပိုင် လီမိတတ်” ရဲ့ လက်ဝါးကြီးအုပ်ချုပ်ကိုင်မှုပါ။ စစ်တပ်က စီးပွားရေးမှာ ၀င်ရောက်လက်ဝါးကြီးအုပ်မှုပါပဲ။ စစ်အုပ်စုရဲ့ အာဏာစီးဆင်းမှု စာရင်းအရ နံပါတ် (၃-၄) အဆင့် ရှိတဲ့ ဗိုလ်ချုပ်ကြီးတဦးက ဦးပိုင်ရဲ့ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီးလုပ်ပါတယ်။ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေက လီမိတက်ရဲ့ အဖွဲ့ဝင်တွေပါ။ `မ´ တည်အရင်းအနှီးက နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေနဲ့ စပါတယ်။ နိုင်ငံတော် ဘဏ္ဍာငွေဆိုတာက သိကြတဲ့အတိုင်း ပြည်သူတွေရဲ့ အခွန်ဘဏ္ဍာ တွေပါ။ အကျိုးအမြတ်ခံစားကြရတာကတော့ စစ်တပ်ရဲ့ ဆွေတော် မျိုးတော်တသင်းပါပဲ။

၂၀၀၂ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာအရ – အဲဒီနေ့အထိ လုပ်ငန်းပေါင်း ၄၈-မျိုးကို လုပ်ကိုင်နေခဲ့ ပါတယ်။ အပ်ချုပ်ဆိုင်လုပ်ငန်းကအစ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအလယ် ဘဏ်လုပ်ငန်း၊ ကျောက် မျက်ရတနာ တူးဖော်ရေးလုပ်ငန်းအဆုံး။ အကုန်လုပ်ပါတယ်။ အာဏာနဲ့ ဆက်ထားတဲ့အတွက် လက်တံက ရှည်ပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းကလွဲလို့ ကျန်တဲ့မြန်မာ့စီးပွား ရေးကဏ္ဍအားလုံးက လုပ်ငန်းအမျိုးမျိုးတိုင်းမှာ ဦးပိုင်က၀င်ပြီး လုပ်ပါတယ်။ မြန်မာ့စီးပွားရေးရဲ့ (၆၅)% လောက်ကို စီးမိထားပြီး လုပ်နေတာဖြစ်ပါတယ်။ သွင်းကုန်နဲ့ ပတ်သက်ရင် ဆီကုန်သည်ကြီး များအသင်းက နိုင်ငံခြားက စားဆီတင်သွင်းခွင့် မရပါဘူး။ ဦးပိုင်က သွင်းပါတယ်။

အုပ်စိုးသူအာဏာရှင်က စစ်အုပ်စု၊ စစ်အုပ်စုရဲ့ အကျိုးစီးပွားအတွက် ဦးပိုင်က စီးပွားရေးမှာဝင်ရောက် လုပ်ကိုင်တဲ့ လီမိတက်။ ဒီတော့ ဦးပိုင်နဲ့ ယှဉ်ပြီးပြိုင်လို့ ဘယ်သူရပါ့မလဲ။ ယှဉ်ပြိုင်မှုကင်းစွာနဲ့ ဦးပိုင်ဟာ မြန်မာ့စီးပွားရေးကို လက်ဝါးကြီးအုပ် ချုပ်ကိုင်လာတော့တယ်။ ဦးပိုင်ရဲ့ ၀ါးမြိုမှု့က ဒါနဲ့တင် မရပ်ပါဘူး။ အခြားသော ပုဂ္ဂလိက ကုမ္ပဏီများရဲ့ ရှယ်ယာများကိုလည်း အများအပြား ၀ယ်ပြီး ၀ါးမြိုဖို့ လုပ်နေပြန်ပါတယ်။ ဒီတော့ ချုပ်ကြည့်ရင် လက်ဝါးကြီးအုပ်မှုကြောင့် ပျက်စီးသွားရတာက မြန်မာ့ဈေးကွက်စီးပွားရေး။ လက်ဝါးကြီးအုပ်ချုပ်ကိုင်ပြီးလုပ်လို့ အကျိုးဖြစ်ထွန်းနေကြရတာက စစ်တပ်ရဲ့ဆွေတော်မျိုးတော် လက်တဆုပ်စာ။

ကိုလိုနီ ခေတ်လယ်လောက်ကပါ။ မြန်မာ့စီးပွားရေးကိုနိုင်ငံခြားသားအရင်းရှင်တွေ လက်ဝါးကြီးအုပ် အမြတ်ထုတ်နေတဲ့ အချိန်အခါပါ။ အထူးသဖြင့် တောင်သူလယ်သမားတို့ လယ်မဲ့၊ ယာမဲ့ဘ၀နဲ့
“ကူလီ” ဘ၀ အစပျိုးနေချိန်ပါ။ အဲ့ဒီလိုကာလဆိုးကြီးမှာ (၂၁) ဦးပါတီက ငါးထောင်စားဝန်ကြီးတွေ
ကို ကြည့်ပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ရွံရှာစွာနဲ့ စာချိုးခဲ့ပါတယ်။

“…..အင်မတိ အင်မတန် မဟော်အသစ်တွေနှင့်
ကဇော်ခေတ်မှာ နွားပျိုနွားရိုင်းလိုပ ….။”
စစ်အုပ်စုလက်အောက် (၁၉) နှစ်တာ မြန်မာနိုင်ငံကလည်း ဆရာကြီးရဲ့ စာချိုးအတိုင်း “ကဇော်ခေတ်” ထက်တော့ မလျော့။

ကိုးကား….
-၂၀၀၁၊ ၀၂ ဦးပိုင်လီမိတက်နှစ်ပတ်လည် အစီရင်ခံစာ
– စီအာပီပီ၏ တနှစ်ပြည့် အစီရင်ခံစာ
-ကျော်ဝင်း၏ နိုင်ငံများ၏ဓန
– ၁၉၉၆ ခုနှစ် ၊ ဒီဇင်ဘာလထုတ် ဓနမဂ္ဂဇင်းတွင်ပါရှိသည့် စီးပွားရေးပညာရှင်များစကားဝိုင်း