“ဦးဝင်းတင်နဲ့ ခွင့်/ကာအဖွဲ့ရဲ့ ထောင်တွင်းတိုက်ပွဲ”-လွင်မောင်သန်း (၃၀-၃-၀၇)

၂၀၀၇ ခုနှစ် မတ်လ (၁၂) ရက်နေ့က လူသိများထင်ရှားတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့
(၇၇) နှစ်ပြည့် မွေးနေ့ဖြစ်တယ်။ သူက တကိုယ်တည်း လူပျိုကြီးဆိုတော့ အဲသည်နေ့မှာပဲ ထောင်ဝင်စာ သွားတွေ့တဲ့ သူ့သူငယ်ချင်းကတဆင့် ပြောလိုက်တယ်။ မတ်လ (၈) ရက်နေ့က အကျဉ်းဦးစီးညွှန်ချုပ် တန်းစီမှာ “ကျနော့်ကိုလွှတ်ပေးဖို့ အသနားခံ တောင်းဆိုနေတာ မဟုတ်ဘူး၊ ကျနော့်ကို ထောင်ဒဏ် အနှစ် (၂၀) ချထားတာ၊ အခု ထောင်တွင်းနေသား (၁၈) နှစ်ရှိပြီဖြစ်လို့ အကျဉ်းသားတယောက်ရဲ့ ရပိုင်ခွင့် အခွင့်အရေးအရ ကျနော့်ကိုလွှတ်ပေးသင့်တဲ့ရက်ထက် အများကြီးကျော်လွန်နေပါပြီ”။ သူတို့ပဲ လက်ကိုင်ထားတဲ့ အကျဉ်းထောင်လက်စွဲဥပဒေ (Jail Manual) အရ မည်သည့်အကျဉ်းသားမဆို ဆုမှတ်ရက်များကို အဆင့် (၃) ဆင့်ခွဲ၍ ခံစားခွင့်ရှိသည်လို့ ဥပဒေတွင် ပြဋ္ဌာန်းထားပါတယ်။

အကျဉ်းသားတိုင်း ‘ကကြီး’ ကွာ (‘A’ grade Quart) အတွက် ဆုမှတ်ရက် (၄၅) ရက်၊ ‘ခခွေး’ ကွာ အတွက် ဆုမှတ်ရက် (၃၂) ရက်နဲ့ ‘ဂငယ်’ ကွာအတွက် ဆုမှတ်ရက် (၂၃) ရက် ခံစားခွင့်ရှိရမယ်။ ကွာဆိုတာ (၃) လတကြိမ်စီနဲ့ တနှစ်ကို (၄) ကွာရှိတယ်။ အနိမ့်ဆုံးဆုမှတ်ရက် ‘ဂငယ်’ ကွာရတဲ့ အကျဉ်းသားတဦးဟာ နေသား (၃) လပြည့်ပြီးတိုင်း ဆုမှတ်ရက် (၂၃) ရက်ရတာဖြစ်လို့ နေသား တနှစ်ရှိရင် အပိုဆောင်းဆုမှတ်ရက် (၃) လ ကျော်ရသွားပြီဖြစ်ပါတယ်။ အဘဝတီလို ထောင်ဒဏ်
အနှစ် (၂၀) ကျခံနေရသူတဦးဟာ ထောင်တွင်းနေသား (၁၆) နှစ်ရှိပြီဆိုတာနဲ့ ဥပဒေအရ လွှတ်ပေးရပါတယ်။ ခုတော့ အကျဉ်းသားတယောက်ရဲ့ ရပိုင်ခွင့် အခွင့်အရေးကို ချိုးဖောက်ခံနေရပါပြီ။

ထောင်တွင်းတိုက်ပွဲဆိုတာ အပြောလွယ်သလောက် အတော်ကို အလုပ်ရခက်ပါတယ်။ တချို့ကလည်း ရပြီးသား၊ ရှိပြီးသား အခွင့်အရေးလေးတွေ ပျောက်သွားမှာကို အရမ်းစိုးရိမ်ကြပါတယ်။ တိုက်ဝင်း အတွင်းထဲမှာ လွတ်လွတ်လပ်လပ် သွားလာနေရတာတို့၊ ရေအဝချိုးရတာတို့ အပါအဝင်ပေါ့။ အတူနေ အကျဉ်းသား ကိုယ့်ရဲဘော်အချင်းချင်း နားလည်မှုတွေ မလွဲရလေအောင် ကြိုတင်ညှိနှိုင်းထားသင့်တဲ့ ကိစ္စကို ကြိုညှိထားကြပြီး တိုက်ပွဲရဲ့ အဆင့်အလိုက်ပေါ်မှာမူတည်လို့ မဟာဗျူဟာ၊ နည်းဗျူဟာတွေကို ပုံသဏ္ဌာန်အမျိုးမျိုးဖော်နေသလို ရန်သူအာဏာပိုင်ဘက်ကလည်း ကိုယ့်ဘက်က အားနည်းချက်များကို အမိအရနင်းပြီး ချေမှုန်းတတ်ပါတယ်။

(၅) ညတို့တိုက်ပွဲမှာတော့ နွားကွဲရင် ကျားဆွဲတတ်တဲ့ သင်ခန်းစာတွေကို ထပ်တလဲလဲရနေပါတယ်။ ဒါပေမယ့် သမိုင်းစာမျက်နှာမှာတော့ မတရားညှဉ်းပန်းနှိပ်စက်နေတဲ့ အာဏာရှင်ကတော့ လူကြမ်း ဗီလိန်ပဲဖြစ်မှာပါ။ ပြည်သူ့သူရဲကောင်းဖြစ်ချင်ရင်တော့ အဖိနှိပ်ခံ ပြည်သူရဲ့ရှေ့က ရင်ကော့ပြီး ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရပ်တည်ပါ။ ယောင်ဝါးဝါးနဲ့ ခြံစည်းရိုးပေါ်မှာ ခွထိုင်ထားလို့ မရပါဘူး။ အင်္ဂလိပ် ပရီးမီးယားလို သရေပွဲမရှိဘူး။ မနိုင်ရင် ရှုံးမယ်၊ မရှုံးရင် နိုင်မယ်။ ကျနော်တို့အတွက်တော့ အသက်ချင်း ထပ်ထားရတဲ့ လောင်းကစားပွဲ။

အစောကြီးကတည်းက ကြိုတင်ပြင်ဆင်မှုတွေကို စနစ်တကျလုပ်ထားရပါတယ်။ ဘယ်အဆင့်မှာ ဘယ်သူက ဘာလုပ်ရမယ်ဆိုတာက အစပေါ့။ တကယ်တော့ ကိုယ့်ရဲ့ရပိုင်ခွင့် အကျဉ်းသား အခွင့် အရေးကို ကာကွယ်ဖို့ မနည်းကျားကန်ထားရတာပါ။ ၁၉၉၄-၉၅-၉၆ ကာလတုန်းက ကျနော်တို့
(၃) တိုက်မှာ အဘဝတီရှိနေတဲ့အတွက် အခြားတိုက်များ၊ အဆောင်များနဲ့မတူဘဲ ထူးထူးခြားခြား စနစ်တကျ ညီညွတ်နေကြပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ သာရေး နာရေးကိစ္စ၊ အကျဉ်းသားအခွင့် အရေးများ စသည်ဖြင့် သူ့နေရာနဲ့သူ အံဝင်ခွင်ကျ လှုပ်ရှားနေကြပါတယ်။

(၃) တိုက်မှာ လျှို့ဝှက်ဖွဲ့စည်းထားတဲ့ အကျဉ်းသားအခွင့်အရေးကာကွယ်ရေးကော်မတီ (ခွင့်/ကာ အဖွဲ့) ရဲ့ တာဝန်ပေးချက်အရ ကျနော်၊ ခင်ဦးအမတ် ဒေါက်တာမြင့်နိုင်၊ ရန်ကုန်တိုင်း NLD ကိုဌေးအောင် (ဆရာဇင်လင်း) နဲ့ အဘဝတီတို့ဟာ အသက်အရွယ်အရ လူလတ်ပိုင်းရော၊ လူကြီးပိုင်းပါဖြစ်နေကြလို့ အာဏာပိုင်နဲ့တွေ့ရင်လည်း ပြောတတ်၊ ဆိုတတ်ကြတယ်ဆိုပြီး ကိုယ်စားလှယ်များအဖြစ် ထောင်မှူး၊ ထောင်ပိုင်များနဲ့ တွေ့ဖို့ကိစ္စရှိတယ်ဆိုရင် စေလွှတ်လေ့ရှိကြပါတယ်။

ထောင်ဝင်စာအလာနည်း၊ အလာကြဲကြလို့လည်း ဒီတာဝန်ကိုပေးကြရတာလည်း ပါမှာပါ။ များသော အားဖြင့် ထောင်အာဏာပိုင်တွေကလည်း ထောင်ထဲမှာနေတဲ့ ကျနော်တို့နိုင်ငံရေးအကျဉ်းသားတွေကို အုပ်ချုပ်လို့မနိုင်ရင် အပြင်ကထောင်ဝင်စာလာတွေ့တဲ့ မိသားစုကို မဲပြီး Pressure ပေး ညစ်ပတ် တတ်ကြပါတယ်။ ထောင်ဝင်စာပိတ်တာတွေကိုလည်း လုပ်တတ်ကြပါတယ်။ (၃) တိုက်မှာ ထောင်ဝင်စာ အလာများတဲ့ သူဌေးတွေများလို့ မနက်ပိုင်းကို လက်ဘက်ရည်၊ ကော်ဖီနဲ့ နေ့စဉ် အသားဟင်း မပြတ် ထမင်းစားနေကြရတာကတော့ သေဖော်ရှင်ဖက် ရဲဘော်များရဲ့ မျှတစားသောက်ကြတဲ့ မေတ္တာတရား များသာ ဖြစ်ပါတယ်။

အင်းစိန်ထောင်တွင်းက အကျဉ်းသားများရဲ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို ပုံစံအင်္ကျီမှာ စာရေးပြီး ကုလသမဂ္ဂညီလာခံသို့ရောက်အောင် ပို့ဆောင်နိုင်ကြတာဟာ ထောင်တွင်းနိုင်ငံရေးမှာ ယုံကြည်ချက်အပြည့်နဲ့ ငွေအား၊ လူအားစိုက်ထုတ်ပြီး တယောက်နဲ့တယောက် မခိုမကပ် ကျရာ အခန်းကဏ္ဍများအလိုက် လုပ်ကြလို့ပါ။ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းတို့ရဲ့ ချယ်လှယ်လွှမ်းမိုးမှုမှလည်း မရှိကြပါဘူး။ နိုင်ငံရေး ခေါင်းပုံဖြတ်တတ်တဲ့ ရေသာခိုအချောင်သမား၊ အခွင့်အရေးသမားများလည်း မရှိပါဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ထောင်တွင်းပြစ်ဒဏ် နှစ်တိုးထောင်ကျခံရတဲ့ သူရဲကောင်းများကိုတော့ ချီးကျူးဂုဏ်ယူလို့ မဆုံးပါဘူး။ ခွင့်/ကာ အဖွဲ့မှာ အမရပူရအမတ် ဒေါက်တာဇော်မြင့်မောင် (NLD)၊ ကိုဘမျိုးသိန်း (ဒညတ)၊ ကိုဂျင်မီ (လူ့ဘောင်သစ်)၊ ကိုသက်မင်းအောင် (ABSDF) နဲ့ ကိုစိုးမြင့် (ဗကပ) တို့ (၅) ဦး ပါဝင်ကြပါတယ်။

(၁) ခန်းက ကိုမျိုးမင်း (ဒညတ) ဆီက ပိုက်ဆံအတော်များများ အကုန်အကျခံပြီး ထောင်တွင်းကို ရအောင်သွင်းထားတဲ့ ရေဒီယိုတလုံး ရှာဖွေရေးတလာစီတုန်း မိသွားတယ်။ ထောင်တွင်းမှာ အများစု သတင်းငတ်နေတော့လည်း ဖြစ်ကာမှဖြစ်ရော ရသလောက် လုပ်နေကြတာပဲ။ အာဏာပိုင်များက ပြစ်ဒဏ်တိုက်၊ စစ်ခွေးတိုက်ကိုပို့တာ လက်မခံနိုင်ဘူး။ အကျဉ်းထောင်လက်စွဲဥပဒေအရ ပြစ်ဒဏ်ကျ အကျဉ်းသားကို အများမြင်သာတဲ့နေရာမှာ သီးခြားခွဲထားရမယ်။ အများနဲ့ရောပြီး အတူရေချိုးမချဘူး။ လူသားတဦးရဲ့ ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေသော ရိုက်နှက်ခြင်း၊ ဒေါက်ခြေချင်းများခတ်ခြင်းတို့ကို လက်မခံနိုင်ကြောင်း အာဏာပိုင်များထံကို တင်ပြနိုင်ခဲ့လို့ ထောင်ဝင်စာတော့ (၁) လအပိတ်ခံရတယ်။ သို့သော် စားစရာတွေကို ဝန်ထမ်းကတဆင့် ပေးခိုင်းလို့ရတယ်။ ဒါကလည်း ခွင့်/ကာ အဖွဲ့ရဲ့ ဆုံးဖြတ် ချက်နဲ့ ၅ (ည) တွေ တညီတညွတ်တည်း ရပ်တည်နေကြတာကိုတွေ့လို့ အာဏာပိုင်တွေက လိုက်လျော နေရတာ။ မမြင်ကွယ်ရာမှာ ဆုမှတ်ရက် ကွာဖြတ်တာတွေ ရှိတတ်တယ်။ မမြင်ရလို့ မတတ်နိုင်တော့ဘူး။ ဘယ်လိုပဲပြောပြော အောင်မြင်မှုရခဲ့တဲ့ ထောင်တွင်းတိုက်ပွဲပါပဲ။

(၄) တိုက်မှာ အခန်းစုစုပေါင်း (၃၀) ရှိပြီး (၁၈) ခန်းရှိတဲ့အခြမ်းကို (၄) ရှည်နဲ့ (၁၂) ခန်းရှိတဲ့အခြမ်းကို (၄) တို ဆိုပြီး အကန့်ခွဲထားတယ်။ (၄) တိုက ဗကပကိုသက်ခိုင်အမှုတွဲ ကိုဗလကြီး (ခေါ်) ကိုသန်းထွဋ် အခန်းထဲက ပုံမှန်ရှာဖွေရေး တလာစီတဲ့အချိန်မှာ စာရွက်နဲ့ခဲတံ သိမ်းဆည်းရမိသွားပြန်ပါတယ်။ ယုဝတီဆောင်လို့ခေါ်တဲ့ (၅) တိုက်ကို ဒေါက်-ခြေချင်းခတ်ပြီး ပို့လိုက်တယ်ဆိုပြီး သတင်းရတယ်။

ယုဝတီဆောင်လို့ခေါ်ရတာကလည်း ဒေါက်-ခြေချင်း ခတ်ထားခြင်းခံရပြီး ရောက်လာတဲ့ ပြစ်ဒဏ်ကျ ရာဇဝတ်အကျဉ်းသားတွေကို ဝန်ထမ်းတွေ၊ တန်းစီး၊ အခန်းလူကြီး စတဲ့ နှစ်ကြီးရာဇဝတ်အကျဉ်းသား တွေက (၅) တိုက်ခြံဝင်းထဲကို စဝင်ကတည်းကနေ အခန်းပေါ် ရောက်တဲ့အထိ တဝုန်းဝုန်း၊ တဒိုင်းဒိုင်းနဲ့ လူမဆန်စွာရိုက်နှက်ကြပြီး ယောက်ျားတွေကို မိန်းမတွေလို ဟုတ်ကဲ့ရှင့်-ကြောက်ပါပြီရှင့်ဆိုပြီး အော်ခိုင်းတယ်။ ယောက်ျားတယောက်ရဲ့ ဂုဏ်သိက္ခာ ရိုက်ချိုးပြီး ထိခိုက်စော်ကား အနှိမ်ခံရတာဖြစ် တယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ ကိုဗလကြီးကို သည်လိုလုပ်တာကို လက်မခံနိုင်ဘူး ဆိုပြီး တိုက်ပွဲဝင်ကြတယ်။ တိုက်ပွဲဝင်တယ်လို့သာ ပြောရတာပါ။ တကယ်တော့ ကျနော်တို့ရဲ့ ရပိုင်ခွင့် အကျဉ်းသားအခွင့်အရေးကို ကာကွယ်နေကြရတာပါ။

အင်းစိန်ထောင်အတွက် မြင်းခြံထောင်ကပြောင်းလာတဲ့ အထူးအရာရှိ ဒု-ထောင်ပိုင် လူလှရောက်လာ တယ်။ အောက်ခြေက အဆင့်ဆင့်ရာထူးတက်လာတဲ့ ထောင်သဘာ၊ ငယ်မွေးခြံပေါက်ဆိုတော့ ထောင်ကျင့်၊ ထောင်ကြံ ရက်စက်ယုတ်မာ၊ ကောက်ကျစ်တာတွေ ညစ်ပတ်တဲ့နည်းမှန်သမျှ အကုန် ကျွမ်းတယ်။ အဘဝတီနဲ့ ကျနော်ရယ် ကိုဗလကြီးကိစ္စမှာ သူနဲ့ထိပ်တိုက်တွေ့ကြတယ်။ ပုံစံထိုင်ခိုင်း တယ်၊ မရဘူး။ အဘဝတီက အူကျတဲ့ရောဂါရှိလို့ ခါးထောက်ပြီးတော့တောင်မှ စကားပြောလိုက် သေးတယ်။ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြတဲ့ပွဲပဲ။ အနိုင်အရှုံး အားစမ်းတဲ့အနေနဲ့ နှစ်ဖက်စလုံး မာန်တင်းထားတယ်။

ဒီအချိန်မှာ နိုင်ငံရေးအကျဉ်းသားအများစုဟာ ထင်းအစီး မပြေသလို အုပ်စုလိုက်ညီနေကြလို့ သူချိုးလို့ မရနိုင်ဘူးဆိုတာကို သိသွားတယ်။ ဒီလိုဆိုတော့လည်း သူ့ပခုံးက အပွင့်ကြွေမှာကိုကြောက်သွားတော့ ရူးသလို ပေါသလို မျက်နှာပြောင်နဲ့ အခုတောင်းဆိုနေကြတဲ့ ကိုဗလကြီးကို ဒေါက်-ခြေချင်းဖြုတ်ပေးဖို့၊ (၄) တိုက်ကို ပြန်ပို့ပေးဖို့ဆိုတာတွေဟာ သူလုပ်ပေးရင် ရပါတယ်ဆိုပြီး အလျှော့ပေး လိုက်လျော လိုက်ရတယ်။ ယုံကြည်ချက်သမားတွေနဲ့ ကြေးစားတို့ရဲ့လွန်ဆွဲတဲ့ပွဲ။ ဒုတိယအကြိမ် အောင်ပွဲခံလိုက် နိုင်ပါတယ်။

အခုလို တိုက်ဝင်းထဲက ထောင်တွင်းတိုက်ပွဲဝင် ၅ (ည) အုပ်စုတွေကို ထောင်အာဏာပိုင်တွေတင် မကဘူး၊ ထောက်လှမ်းရေးတွေကိုယ်တိုင် နှိပ်ကွပ်ဖို့ အစီအစဉ်ဆွဲ ပြင်ဆင်နေကြတယ်လို့ သတင်းရ နေပါတယ်။ အဲသည်ကာလတုန်းက နိုင်ငံရေးအကျဉ်းသားထဲမှာလည်း “လွတ်ကြောင်” တွေက အတော်ဒုက္ခပေးနေပါပြီ။ ၁၁/၉၂ နိုင်ငံတော်အမိန့်နဲ့ လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားများလည်း မနည်းတော့ပါဘူး။ ဆိုင်းငံ့ပြစ်ဒဏ်ပုဒ်မ (၄၀၁)၊ အပိုဒ် (၁) ဆိုတာကလည်း ရှိသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထောင်အပြင်ရောက်၊ လွတ်ဖို့ပဲဆိုရင်တော့ အားလုံး အကြုံးဝင်နေပါတယ်။ အဲသည်မှာ သုံးခွမြို့က ၈၈ အရေးအခင်းအတွင်း ရဲစခန်းဝင်စီးမှုများနဲ့ ထောင်ကျတဲ့ မဆလစစ်တပ်က တပ်ကြပ်ကြီးဟောင်း ခေါင်းဖြူတင်ဝင်းက ပြဿနာစဖြစ်ပါတယ်။ အမှုကများပြီး တမှုကို (၇) နှစ်စီနဲ့ အမှု (၆) ခုအတွက် ထောင်ကျပြစ်ဒဏ် (၄၂) နှစ်ကျပြီး (၄) တိုမှာနေတယ်။ နိုင်ငံတော်ကြေညာချက် ၁၁/၉၂ ကလည်း (၁၀) နှစ်အထက် ပြစ်ဒဏ်ကျနေသူအားလုံးကို (၁၀) နှစ်အထိလျှော့ချလိုက်တဲ့ အမိန့်ဆိုတော့ (၁၅) နှစ် (၂၀) နှစ် (၂၅) နှစ် တပေါင်းတည်းပြစ်ဒဏ် ဘယ်လောက်များများ
(၁၀) နှစ်ဖြစ်ကုန်ကြတယ်။ သူက သီးခြားအမှုတွေဆိုတော့ အကျုံးမ၀င်ဘူး။

သူ့မယားညီအစ်ကိုက မန္တလေးဆေးတပ်ထဲက စစ်သားဖြစ်တယ်။ သူမိန်းမနဲ့ သမီးတွေကလည်း အဲသည်စစ်တပ်ထဲမှာပဲ လိုက်နေရတယ်။ သူ့မိန်းမထောင်ဝင်စာလာတွေ့တော့ သူနဲ့ပတ်သက်ပြီး ထောက်လှမ်းရေးကို အသနားခံစာ တင်ခိုင်းတယ်။ ထောင်ကလွတ်ဖို့အတွက် အပေးအယူလုပ်ချင် ကြောင်း သတင်းပို့ခိုင်းတယ်။ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ထောင်အပြင်ရောက်ဖို့က အရေးအကြီးဆုံးပဲဆိုတဲ့ ဖောက်ပြန်တဲ့အယူအဆကို လက်ကိုင်ထားတဲ့ မန္တလေးက ဒေါက်တာစိုးလင်းရဲ့ သြဝါဒမှိုင်းကလည်း မိထားသေးတယ်။ လုပ်ဖော်ကိုင်ဖက်ချင်းတွေပေါ်မှာ သစ္စာဖောက်ဖို့ ဝန်မလေးတဲ့ အေးလွင်တို့လို လူစားတွေ။ ကိုယ့်အခွင့်အရေးရဖို့ဆိုရင် အဖေ၊ အမေအရင်းတွေရဲ့ ခေါင်းကိုတောင်မှ ဖြတ်မယ့် ကောင်စားတွေ။ သိပ်မကြာပါဘူး၊ ထောက်လှမ်းရေးက သူ့ကို မကြာခဏခေါ်တွေ့နေတယ်။ အဲသည်တုန်းက (၄) တိုမှာလည်း အချင်းချင်းသိပ်မညီမညွတ်ဖြစ်နေတယ်။ ဖြစ်နေတဲ့အကွဲအပြဲပေါ်မှာ အခွင့်ကောင်းယူပြီး တိုက်ဝင်းထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေအားလုံးကို ထောက်လှမ်း ရေးမှာ သတင်းပေးလုပ်နေပြီဆိုတာကို ကျနော်တို့စည်းရုံးထားတဲ့ ဝန်ထမ်းအချို့ဆီကတဆင့် ပြန်သိနေ ရပြီ။ ကျနော်တို့ ရဲဘော်အားလုံးကိုလည်း တော်လှန်ရေးသတိရှိဖို့ တပ်လှန့်ထားရတယ်။

ကျနော်တို့ (၃) တိုက်မှာက ကိုဌေးအောင် (ဆရာဇင်လင်း-NLD)၊ မိုးဇော်ဦး (NLD)၊ ဘိုဘိုဦး (ABSDF)၊ သီဟထွဋ်ခင် (ပြည်-သုခစာပေတိုက်) နဲ့ ကျနော်တို့က အခမ်းအနားကျင်းပရေးနဲ့ စာစောင်ထုတ်ဝေရေး ကော်မတီဆိုပြီး “ဒီလှိုင်း” ဆိုတဲ့နာမည်နဲ့ စာစောင်လစဉ်ထုတ်တယ်၊ အမှတ်တရ အခမ်းအနားတွေကို လုပ်ကြတယ်။ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် (၅၀) ပြည့်မွေးနေ့စာစောင်နဲ့ ကွယ်လွန်သူ ဝန်ကြီးချုပ်ဦးနုရဲ့ အမှတ်တရ အောင့်မေ့ဘွယ်စာစောင်တို့ကို ထုတ်ဝေဖြစ်ပါတယ်။ လက်ရေးနဲ့ရေးထားတဲ့ ထောင်တွင်းစာစောင်တွေဆိုပေမယ့် ကဗျာ၊ ဆောင်းပါး၊ သရုပ်ဖော်ပန်းချီကအစ အဆင့်အတန်းမြင့်ပါတယ်။

တချို့စာစောင်တွေကိုလည်း ထောင်အပြင်ကိုရောက်အောင် ထုတ်ဖြစ်ကြပါတယ်။ နောင်ကို သမိုင်း တွင်ကျန်ရစ်မယ့် သွေးနဲ့ရေးခဲ့ရတဲ့ ရုပ်ကြွင်းများဖြစ်ပါတယ်။ (၄) တိုက်က ကျောင်းသားအုပ်စုကလည်း ရန်ကုန်တက္ကသိုလ် စိန်ရတုအထိမ်းအမှတ်စာစောင်နဲ့ သွေးသစ်လှိုင်းစာစောင်တို့ လုပ်နေကြပါတယ်။ ခံစားချက်များကို ရင်ဖွင့်ရင်း ရဲဘော်အချင်းချင်းကိုလည်း စိတ်ဓာတ်မြှင့်တင်ပေးရာရောက်ပါတယ်။

၁၉၉၅ ခုနှစ်ကတော့ ထူးခြားတဲ့နှစ်တနှစ်ပါပဲ။ ရန်ကုန်တက္ကသိုလ် (၇၅) နှစ်ပြည့်စိန်ရတု (၁၉၂၀-၁၉၉၅)၊ ဒေါ်အောင်ဆန်းစုကြည် နှစ် (၅၀) ပြည့်ရွှေ ရတုမွေးနေ့ (၁၉၄၅-၁၉၉၅)၊ ဝန်ကြီးချုပ်ဦနု သေဆုံးတဲ့နေ့ (၁၄-၂-၉၅) အပြင် နှစ် (၅၀) ပြည့် ဖက်ဆစ်တော်လှန်ရေး ရွှေရတုနှစ်ပတ်လည်နေ့ (၁၉၄၅-၉၅) (သူတို့က တပ်မတော်နေ့ဆိုပြီး တော်လှန်ရေးကို မောင်ပိုင်စီး ထားချင်ကြသေးတယ်။)

ဒီတခါ ရှာဖွေရေးတလာစီတာကို ထောင်ပေါင်းစုံကဝန်ထမ်းတွေကို ခေါ်ထားတယ်။ ဝန်ထမ်းအင်အား ရာဂဏန်းလောက်ရှိမယ်။ မမြင်ဘူးတဲ့ မျက်နှာစိမ်းဝန်ထမ်းတွေ အများကြီးနဲ့ အထူးရှာဖွေရေး စစ်ဆင်ရေးတရပ်ဖြစ်တယ်။ ပေါက်ချွန်း၊ ပေါက်တူး၊ ဂေါ်ပြား စသည့်လက်နက်ပစ္စည်း ကိရိယာ အစုံအလင်နဲ့ တိုက်ဝင်းတခုလုံးမှာ အပြည့်နေရာယူထားတယ်။ အင်းစိန်ထောင် သန္ဓေဝန်ထမ်းတွေက သော့ကိုင်ပြီး အခန်းတွေကိုဖွင့်ပေးရတယ်။ အခန်းပေါ်တက်လာကြတဲ့ ဝန်ထမ်းတွေရဲ့ မျက်နှာကြော တွေကလည်း တင်းထားကြတယ်။ ထောင်နံရံတွေကို ခေါက်ကြည့်တယ်။ သမံတလင်းကို ပေါက်ချွန်း တွေနဲ့ပေါက်တော့ မြေအောက်ဂလိုင်ထဲမှာ ထည့်ဖွက်ထားတဲ့ စာအုပ်စာတမ်းတွေ အကုန်မိတယ်။ နံရံတွေ၊ အမိုးမျက်နှာကျက်တွေပေါ်ကို လှေခါးထောင်ပြီး တက်နှိုက်ကြတာဆိုတော့ အံဝှက်မျက်နှာ ကျက်ကြားမှာထည့်ထားတဲ့ လက်သဲညှပ်တောင်မှ မကျန်ဘူး။ လူဆွေးဆွေး၊ ထောင်ဆွေးဆွေးနဲ့ တိုက်ထဲမှာက နေသားကြာတဲ့သူ နိုင်ငံရေးအကျဉ်းသားတွေချည်းပဲဆိုတော့လည်း အခန်းတိုင်းမှာ မိကြတဲ့ စာအုပ်စာတမ်းတွေက တခန်းကို အနည်းဆုံး တတင်းခွဲဆန်အိတ်ခွံ မြွေရေခွံအိတ် တလုံးစာ လောက်စီရှိတယ်။ နိုင်ငံရေးသမားဆိုတာကလည်း အစားအသောက်ထက် စာရေးစာဖတ်ရတာကို ပိုပြီးတန်ဖိုးထား မက်မောကြတယ်။

ဒီတခါ အထူးရှာဖွေရေးလုပ်နေတဲ့ပုံစံမှာတော့ အခြေအနေသိပ်မကောင်းနိုင်ဘူးဆိုတာကို အတွေ့အကြုံ အရ သိနေတယ်။ ရေချိုးတောင်မှ လုံးဝမချဘူး။ အဓိကကတော့ အသားထဲကလောက်ထွက်တော့ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အတွင်းသတင်းတွေကို ထောက်လှမ်းရေးတွေကလည်း အကုန်သိနေတဲ့ပုံပေါ်တယ်။ ဝေါ်ကီတော်ကီတွေကိုင်ပြီး ပွစိ၊ ပွစိ ဆက်နေကြတယ်။ အခန်းတွေရှေ့ ကလည်း သုတ်သီးသုတ်ပြာတွေနဲ့ လမ်းသလားနေကြတယ်။

ထောင်ပိတ်ပြီး ည (၇) နာရီလောက်မှာ ကျနော့်ကို ပထမဆုံးခေါင်းစွပ်စွပ်၊ လက်ထိပ်နောက်ပြန်ခတ်ပြီး စစ်ကြောရေးအတွက် လာထုတ်တယ်။ ထောင်အာဏာပိုင်တွေကလည်း ကြည့်မရ၊ အမြင်ကပ်နေတာ ကြာပြီဆိုတော့ အခုထောက်လှမ်းရေးစစ်ကြောရေးမှာ တမင်ကို အရင်ဆုံး ထိပ်တိုက်ဆုံပေးလိုက်ခြင်း ဖြစ်ပါတယ်။ ညနေစောင်း အပုပ်ချိန်ဆိုတော့ စစ်ကြောရေးလုပ်နေတဲ့သူတွေ အားလုံးနီးပါး မူးနေကြ ပါပြီ။ ခေါင်းစွပ်နဲ့ဆိုတော့ ဘယ်သူ၊ ဘယ်ဝါတွေမှန်းလည်း မသိပါဘူး။ ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်းနဲ့ တော့ စကြတာပါပဲ။ ဒါပေမယ့် သူတို့လိုချင်တဲ့ အဖြေ၊ အချက်အလက်တွေ ဘာမှမရဘူးဖြစ်နေတယ်။ ဒါနဲ့ ကြာတော့ ခေါင်းစွပ်ချွတ်ပြီး ထောက်လှမ်းရေးဗိုလ်မှူးကိုယ်တိုင် မျက်နှာချင်းဆိုင်ထိုင်ပြီး အမေး အဖြေလုပ်ပါတော့တယ်။

စစ်ကြောရေးတွေမှာလည်း ခဏခဏ တွေ့နေကြဆိုတော့ မျက်မှန်းတန်းမိနေပါပြီ။ သူတို့အဓိက လိုချင်တာက သွေးသစ်လှိုင်းနဲ့ တက္ကသိုလ်စိန်ရတု လက်ရေးမူနဲ့ စာစောင်လုပ်တဲ့သူတွေကို သိချင် တယ်။ စာစောင်တွေကိုထုတ်ပြတော့ မမြင်ဘူး၊ မသိဘူး။ ကျနော့်အခန်းကမိတဲ့ နွယ်နီ၊ ဓနမဂ္ဂဇင်းနဲ့ အဘိဓာန်စာအုပ်အပါအဝင် အပြင်မှာတရားဝင်ထုတ်ထားတဲ့ စာအုပ်စာရင်းတွေကို ထပ်တလဲလဲ ရွတ်ပြလိုက်တော့ ထောက်လှမ်းရေးဗိုလ်မှူး နည်းနည်းတော့ ဇဝေဇဝါဖြစ်သွားတယ်။ ကျနော်တို့ လက်မှတ်ထိုးထားရတဲ့ သိမ်းဆည်းရမိပစ္စည်း စာရင်းစာရွက်တွေကိုတောင်းပြီး စစ်ဆေးကြည့် လိုက်တော့ အတော်ကိုဒေါပွသွားတယ်။ သူလိုချင်တဲ့အဖြေက (၄) တိုက ဖြစ်နေတယ်။ ကျနော်က
(၃) တိုက်ဆိုတော့ ဘာမှမဆိုင်ဘူး၊ တခြားစီဖြစ်နေတယ်။ ထောင်မှူး၊ ထောင်ပိုင်တွေကိုခေါ်ခိုင်းပြီး ကျနော့်ရှေ့မှာတင် မအေ၊ နှမနဲ့ကိုင်တုတ်ပြီး ဆဲလိုက်တာ ရစရာကိုမရှိဘူး။

အခုလို အထူးတိုက်မှာ ထောက်လှမ်းရေးစစ်ကြောရေးပြီးတော့လည်း အရင် (၃) တိုက်ကိုပြန်မပို့ဘဲ ပြစ်ဒဏ်တိုက် စစ်ခွေးတိုက်ထဲမှာ ထည့်ထားတယ်။ တညလုံးစစ်ကြောရေးလုပ်ထားတာဆိုတော့ မောမောပန်းပန်းနဲ့ အိပ်ပျော်သွားတယ်။ အခင်းဖျာမရှိ၊ သောက်ရေအိုးမရှိဆိုတော့ ဝန်ထမ်းတွေကို အော်ခေါ်တယ်။ တယောက်မှ မလာဘူး၊ တခန်းကျော်စီမှာတော့ ကိုဘမျိုးသိန်း၊ ဆလိုင်းကိုကိုကြီး၊ စသည်ဖြင့် … ထည့်ထားတယ်။ ထမင်းမကျွေး၊ ရေမတိုက်လုပ်ထားတယ်။ လည်ချောင်းတွေပူနေတာ အသံတောင်မှ မထွက်တော့ဘူး။ တမင်လုပ်ထားမှန်းရိပ်မိလို့ အသာလေးငြိမ်ငြိမ်နေလိုက်တယ်။ ဒါပေမယ့် ညကတည်းက စစ်ကြောရေးမှာ စကားအများကြီးပြောထားရတာဆိုတော့ လည်ချောင်းနာပြီး ရင်ထဲကလည်း ပူနေတယ်။ ရေအသက်တမနက်ဆိုပေမယ့် ရေမသောက်ရတာ (၂၄) နာရီနီးပါး လောက်ရှိနေပြီ။ သံတိုင်နားအပေါက်ဝမှာ ခွေခွေလေးမှီပြီး အိပ်နေတယ်။ မျက်စိထဲမှာလည်း ဝါးတားတား အရိပ်တွေပြေးနေတယ်။ ညနေ (၅) နာရီကျော်မှ လက်သန်းတလုံးစာ မရှိသလောက် ကလေး ရေလာတိုက်တယ်။ အငမ်းမရသောက်လိုက်တာ၊ ဆက်မတိုက်ဘူး။ နောင်မှသိရတယ်၊ တခါတည်းအဝတိုက်လိုက်ရင် တခါတည်းသေသွားနိုင်တယ်ဆိုတာကို။ စေတနာရှိလို့တော့ မဟုတ် နိုင်ဘူး။ သူတို့အမှုပတ်မှာစိုးလို့ ထင်ရတာပဲ။

ပေးဆပ်ရတဲ့အရင်းအနှီးက သိပ်များတယ်။ အဘဝတီအပါအဝင် ကျနော်တို့ရဲဘော်(၂၄) ဦး ထောင်တွင်းပြစ်ဒဏ် နှစ်တိုးပြီး ထောင်ထပ်ကျကြရတယ်။ (၃) တိုက်က ဦးဝင်းတင် (NLD)၊ အမရပူရအမတ် ဒေါက်တာဇော်မြင့်မောင် (NLD)၊ ခင်ဦးအမတ် ဒေါက်တာမြင့်နိုင် (NLD)၊ ကိုမြတ်ထွန်း (ကမာရွတ် NLD)၊ ကိုဘမျိုးသိန်း (ဒညတ)၊ ကိုဘိုဘိုဦး (ABSDF)၊ ကိုသက်မင်းအောင် (ABSDF)၊ ကိုဂျင်မီ (လူ့ဘောင်သစ်)၊ ကိုစိုးမြင့် (ဗကပ) ပေါင်း (၉) ယောက်။ (၄) တိုက ကိုထွန်းဝင်း
(ရခိုင်ဗကပ – သေဒဏ်မှကျွန်းပြောင်း)၊ ကိုပြုံးချို (ရကသ)၊ ကိုယဉ်ထွေး (လူ့ဘောင်သစ်)၊ ကိုအောင်မျိုးတင့် (ABSDF)၊ ကိုလှသန်း (ABSDF)၊ ကိုဝင်းသိန်း (သုံးရောင်ခြယ်)၊ ကိုစိန်လှိုင် (သုံးရောင်ခြယ်) ပေါင်း (၇) ယောက်။ (၄) ရှည်က ကိုမျိုးမြင့်ငြိမ်း (NLD)၊ ကိုကြည်ဖေကျော် (ABSDF)၊ ကိုဇော်ထွန်း (သင်္ဃန်းကျွန်းဗကသ)၊ ကိုဇော်မင်း(သင်္ဃန်းကျွန်းဗကသ)၊ ကိုအောင်ကျော်ဦး (သင်္ဃန်းကျွန်း ဗကသ)၊ ကိုကျော်ဝင်းသိန်း (သင်္ဃန်းကျွန်းဗကသ)၊ စိုးထက်ခိုင် (ဒညတ) နဲ့ သာယာဝတီထောင်တွင်းမှာ ကျဆုံးသွားရတဲ့ ကိုညွန့်ဇော် (ABSDF) ပေါင်း (၈) ယောက်ဆိုတော့ အားလုံးပေါင်းလိုက်ရင် (၂၄) ယောက်ဖြစ်တယ်။

ကျွန်တော်တို့ (၃) တိုက်က ပစ္စည်းမိတုန်းက အနည်းဆုံးဆိုပေမယ့် အဘဝတီဦးဆောင်ပြီး ညီညီညွတ်ညွတ် ရှိနေတာကို အာဏာပိုင်တွေအမြင်ကပ်နေလို့ နှစ်တိုးထောင်ကျတာ အများဆုံးဖြစ်တဲ့အပြင် ခုထိလည်း လွတ်ရက်ကျော်ပြီး မလွှတ်သေးတာ (၅) ဦးရှိနေပါသေးတယ်။
(၄) တိုက ၁၉၈၄ ခုနှစ်ကတည်းက သေဒဏ် ကျွန်းပြောင်းပြစ်ဒဏ်ကျ ကိုထွန်းဝင်း (ရခိုင်ကွန်မြူနစ်) ရှိနေပါသေးတယ်။ သူကလည်း ပြစ်ဒဏ် (၂၇) နှစ်မှာ ထောင်တွင်းနေသား (၂၄) နှစ်ရှိနေပြီဖြစ်လို့ လွတ်ရက်ထက် အများကြီးကျော်နေပါပြီ။

အဘဝတီက စုစုပေါင်းထောင်ကျနှစ် (၂၀) မှာ ထောင်တွင်းနေသား (၁၈) နှစ်၊ ကိုဘမျိုးသိန်းက ထောင်ကျနှစ် စုစုပေါင်း (၁၉) နှစ်မှာ ထောင်တွင်းနေသား (၁၆) နှစ်ရှိနေကြပြီဖြစ်လို့ အကျဉ်းသား တိုင်းရဲ့ ရပိုင်ခွင့်အခွင့်အရေးအရ လွှတ်ပေးရမယ့်ရက်ထက် အများကြီးကျော်လွန်နေကြပြီ ဖြစ်ပါတယ်။ ကိုဘိုဘိုဦးက စုစုပေါင်းထောင်ကျနှစ် (၂၆) နှစ်မှာ ထောင်တွင်းနေသား (၁၈) နှစ်၊ ဒေါက်တာ ဇော်မြင့်မောင်က စုစုပေါင်းထောင်ကျနှစ် (၂၂) နှစ်မှာ ထောင်တွင်းနေသား (၁၆) နှစ်နဲ့ ကိုစိုးမြင့်က စုစုပေါင်း ထောင်ကျနှစ် (၂၂) နှစ်မှာ နေသား (၁၆) နှစ်ရှိနေကြပြီ ဖြစ်လို့ လွှတ်မယ်ဆိုရင် လွှတ်နိုင် သည့်သူများသာ ဖြစ်ပါတယ်။

ထောင်တွင်းပြစ်ဒဏ်ထပ်တိုးခံရသူ (၂၄) ဦးမှာ ထောင်တွင်းနေသား ဆယ်စုနှစ် (၂) ခုနီးပါး ရှိနေ ပြီဖြစ်တဲ့ နှစ်ရှည်ထောင်ကျမှာ နိုင်ငံရေးအကျဉ်းသား ဒီ (၆) ဦးပဲ ကျန်ပါတော့တယ်။ ကျန်တဲ့သူ အားလုံးလည်း လွတ်မြောက်လာကြပါပြီ။ ဒါကြောင့် အဘဝတီနဲ့ အကျဉ်းသားများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (ခွင့်/ကာ) အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားခေါင်းဆောင်များ အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း။

အဘဝတီနဲ့အတူ ထောင်တွင်း၌ (၁၆) နှစ်အထက် နှစ်ရှည်ကျခံပြီးကြသော ခွင့်/ကာ အဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားခေါင်းဆောင်များရဲ့ ရပိုင်ခွင့် အကျဉ်းသားအခွင့်အရေးအရ အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အဘဝတီနဲ့ ခွင့်/ကာအဖွဲ့ဝင်များရဲ့ ရပိုင်ခွင့်အခွင့်အရေးများကို ဝိုင်းဝန်းတောင်းဆိုကြဖို့လည်း တိုက်တွန်းပါတယ်။

အဘဝတီနဲ့ ခွင့်/ကာအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားခေါင်းဆောင်များ အသက်ရာကျော်ရှည်ပါစေ။

အဘဝတီနဲ့ ခွင့်/ကာအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားခေါင်းဆောင်များ အမြန်ဆုံးပြန်လွတ်ပါစေ။ ။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒီမိုကရေစီအင်အားစုများ၏ သင်္ကြန်သံချပ် ဗွီစီခွေဖြန့်ချိ-ကျော်ထင် (ထိုင်း) / ၃၀ မတ် ၂၀၀၇

30-3-07_thangyatcover1.gifထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဒီမိုကရေစီအင်အားစုများ၏ လူထုတိုက်ပွဲဝင်ကြရန် နှိုးဆော်ထားသည့် သင်္ကြန်ဗွီစီဒီခွေကို ယမန်နေ့က ထုတ်ဝေဖြန့်ချိလိုက်သည်။

နို့ဖိုးဒုက္ခသည်စခန်းအတွင်းနေထိုင်ကြသည့် အတိုက်အခံ အင်အားစုအသီးသီးမှ စုပေါင်းလုပ်ကိုင်သော “လူထုတိုက်ပွဲ ရဲရဲဝင်” ဟု အမည်ပေးထားသည့် သံချပ်ခွေအား နအဖ စစ်ဗိုလ်ချုပ်တစုနှင့် ကိုယ်ကျိုးအတွက် အခွင့်အရေး ယူတတ်သော လူတစုသာ ကောင်းစားနေမှုများ၊ ပြည်သူလူထု ကြုံတွေ့နေရသော လူမှုဒုက္ခများကို ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများ သိရှိလာစေရန် ရည်ရွယ်ပြီး ထုတ်ဝေခြင်းဖြစ်သည်ဟု သံချပ်သီဆိုသူ ကိုချစ်ကောင်းက
ပြောသည်။
“ပြည်တွင်းမှာဆိုရင် အမှန်တရားကိုဖော်ထုတ်ထားတဲ့ ဒီလိုမျိုးသံချပ်ခွေတွေ ထုတ်ခွင့်မရှိဘူးလေ။ နအဖစစ်ဗိုလ်တစုက ပြည်သူလူထုအပေါ်မှာ နည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်နှိပ်စက်နေတာတွေကို ဒီဘက်ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ သိစေချင်လို့ပါ” ဟု သူကပြောသည်။

“စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် လူထုအင်အားပါမှဖြစ်မှာမို့လို့ လူထုတိုက်ပွဲ ရဲရဲဝင် ဆိုတဲ့အမည်ကို ရွေးရတာပါ” ဟု သံချပ်ခွေအမည်နှင့်ပတ်သက်ပြီး ၎င်းက ဆက်လက်ပြောသည်။

မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်ပေးနေသည့် အဝေးရောက်
ဧရာဝတီလူမှုရေးအသင်းမှတဆင့် တန်ဖိုး ဘတ် (၁၀၀) ဖြင့် ဖြန့်ချိမည့် ၎င်းသံချပ်ဗွီစီဒီခွေကို
ကိုစောဝေမှစီစဉ်ပြီး သံချပ်နှင့် သီချင်းစာသားများကို ထင်ကျော် (ဧရာဝတီ) နှင့် လူလှ (ဧရာဝတီ) တို့က ရေးသားခြင်းဖြစ်ကာ အဖွဲ့သား (၂၀) ကျော်က သီဆိုထားသည်။ ။

တာဆန်းရေကာတာ တည်ဆောက်ရေးအကြို အခမ်းအနားကျင်းပ-ချမ်းလွန် / ၃၀ မတ် ၂၀၀၇

နအဖအစိုးရနှင့် ထိုင်းနိုင်ငံမှ MDX ကုမ္ပဏီတို့ပြုလုပ်သည့် တာဆန်းရေကာတာတည်ဆောက်ရေး ဖြစ်မြောက်မှုအတွက် ကျင်းပသည့် အခမ်းအနားသို့ ရွာသူရွာသား (၄၀၀) ကျော်ကို အဓမ္မတက်ရောက် စေခဲ့သည်ဟု ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့ (Sapawa) မှပြောသည်။

ရှမ်းပြည်နယ်ရှိ တာဆန်းရေကာတာတည်ဆောက်မည့်နေရာတွင် ကျင်းပသည့် ယမန်နေ့အခမ်းအနားသို့ တက်ရောက်ရန် ဆင့်ခေါ်ခံရသည့် ရွာသားများသည် မိုင်းတုံမြို့နယ်မှ (၂၀၀) ဦးနှင့် မိုင်းပန်မြို့နယ်မှ (၂၀၀) ကျော်ဖြစ်ပြီး ကျောင်းသားကျောင်းသူ ကလေးငယ်များလည်း ပါဝင်ကြောင်း Sapawa မှ ပြောခွင့်ရ စိုင်းစိုင်းကပြောသည်။

“နအဖနဲ့ MDX က တာဆန်းရေကာတာကို တည်ဆောက်ဖို့ ပြင်ဆင်ထားတာက (၁၀) နှစ်ကျော်သွားပြီ ပေါ့နော်။ သူတို့က ကတိတွေလုပ်ထားတဲ့အတိုင်း တာဆန်းရေကာတာကိုတည်ဆောက်ဖို့ ပထမပိုင်းတော့ အောင်မြင်သွားပြီ။ ဒါကြောင့်မို့လို့ သူတို့က အောင်ပွဲလုပ်တယ်” ဟု ၎င်းကပြောသည်။

အခမ်းအနားတက်ရန် ဆင့်ခေါ်ခံရသူ ဒေသခံများမှာ မငြင်းဆန်ဝံ့ကြောင်း၊ ငြင်းဆန်ပါက ဖမ်းဆီးခံရမည့် အန္တရာယ်ရှိသည်ဟုဆိုသည်။

တာဆန်းရေကာတာကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အရှေ့ဘက် (၉၅) မိုင်ခန့်အကွာရှိ မိုင်းပန်မြို့နယ်နှင့် မိုင်းတုံမြို့နယ်ကြား သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။

အမေရိကန်ဒေါ်လာ သန်း (၆၀) ခန့်ကုန်ကျမည့် တာဆန်းရေကာတာတည်ဆောက်ရန် ထိုင်းနိုင်ငံမှ MDX ကုမ္ပဏီနှင့် မြန်မာ့လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ၂၀၀၂ ခု ဒီဇင်ဘာတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသည်။ တာဆန်းရေကာတာမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် ပူးတွဲသဘောတူ စာချုပ်မူကြမ်းကိုမူ MDX နှင့် မြန်မာ့ရေအားလျှပ်စစ်ဦးစီးဌာနတို့ ယမန်နှစ်ဧပြီတွင် လက်မှတ်ရေးထိုး သည်။

နအဖစစ်တပ်က လွန်ခဲ့သည့် (၁၀) နှစ်ကျော်အတွင်း ရေကာတာတည်ဆောက်မည့်နေရာတ၀ိုက် ရေလွှမ်းမိုးမည့်ဇုန်အဖြစ် သတ်မှတ်ထားသောနေရာမှ အရပ်သား (၆) သောင်းကျော်ကို အဓမ္မရွှေ့ပြောင်း ခိုင်းခဲ့သည့်ဟု Sapawa က ယမန်နှစ်၌ အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ယင်းဒေသများမှ ရွာသူရွာသားများကို နအဖစစ်အစိုးရတပ်က လုပ်အားပေးခိုင်းစေခြင်း၊ အဓမ္မပြုကျင့် ခြင်း၊ ရှမ်းလက်နက်ကိုင်အဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟုစွပ်စွဲပြီး ညှဉ်းဆဲသတ်ဖြတ်ခြင်း စသည်တို့ကို ပြုလုပ်သဖြင့် ရွှေ့ပြောင်းခံရသူများထဲမှ (၃၅,၀၀၀) ခန့်သည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြသည်။

နအဖအစိုးရနှင့် MDX တို့၏အခမ်းအနားသို့ တက်ရောက်ရန် ဆင့်ခေါ်ခံရသူများထဲတွင် တာဆန်း ရေကာတာတည်ဆောက်မည့် ပတ်ဝန်းကျင်မှ အဓမ္မပြောင်းရွှေ့ခံရသူများ ပါဝင်သည်ဟု စိုင်းစိုင်းက ပြောသည်။

ရွာသူရွာသားများကို အကြိမ်ကြိမ်ဒုက္ခရောက်စေသည့် ရေကာတာတည်ဆောက်မည့်စီမံကိန်းကို ချက်ချင်းရုပ်သိမ်းပေးရန် MDX ကုမ္ပဏီကို Sapawa က တောင်းဆိုသည်။

စိုင်းစိုင်းက “နှစ်ပေါင်း (၁၀) နှစ်အတွင်းမှာ အထဲကအခြေအနေ ဘယ်လောက်ဆိုးဝါးနေလဲ၊ လူဦးရေ ဘယ်လောက် မောင်းထုတ်ခံရလဲဆိုတာကို MDX က သိလျက်သားနဲ့ ဒါကိုဆက်လက်ပြီးတော့ မလုပ်သင့်ဘူး” ဟုပြောသည်။

နအဖစစ်အစိုးရသည် ရေအားလျှပ်စစ်ထုတ်လုပ်မည့်စီမံကိန်းအတွက် သံလွင်မြစ်အတွင်း တာဆန်း အပါအ၀င် ဟတ်ကြီး၊ မုန်းတား၊ ဒါးဂွင်နှင့် ၀ဲကြီးရေကာတာတို့ကို တည်ဆောက်ရန် ထိုင်းနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည်။ ။

နယ်စပ်ဂိတ်ပိတ်ထား၍ ကုန်သည်နှင့် လက်လုပ်လက်စားများ အခက်ကြုံ-NEJ / ၃၀ မတ် ၂၀၀၇

30-3-07_inside1.gif         30-3-07_inside2.gif

မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား နယ်စပ်ကုန်သွယ်ရေးဂိတ်ကို မြန်မာဘက်က ပိတ်ထားသဖြင့် နှစ်ဖက်ကုန်သည်များရော မြ၀တီမြို့ရှိ သာမန်လက်လုပ်လက်စားများပါ အခက်အခဲများ ရင်ဆိုင်နေ ရသည်။

ပြီးခဲ့သည့်အင်္ဂါနေ့၌ မြန်မာအာဏာပိုင်များက အကြောင်းပြချက်မရှိဘဲ တံတားပိတ်လိုက်ရာ ထိုင်းနှင့် မြန်မာ နှစ်ဖက်ကုန်သည်များ ပုံမှန်ကုန်သွယ်ရေးမလုပ်နိုင်တော့ဘဲ တရားမ၀င်နယ်စပ်ဂိတ်များမှ တဆင့်သာ ကုန်စည်များ တင်သွင်းနေရသည်။

မြန်မာကုန်သည်တဦးက “တံတားကို မပြောမဆိုပိတ်လိုက်တော့ ထိုင်းဘက်မှာ ကျနော်တို့ဝယ်ထားတဲ့ ပစ္စည်းတွေကို ခိုးဂိတ်တွေကနေ လှေနဲ့ မြ၀တီကိုသွင်းရတော့ စရိတ်ပိုကုန်တယ်။ ကိုယ့်ကုန်တွေ မရှုံးရအောင် ဒီလိုပဲ နားလည်မှုနဲ့သွင်းနေရတယ်” ဟုပြောသည်။

မြန်မာနိုင်ငံသို့ စားသောက်ကုန်တင်သွင်းသည့် ထိုင်းကုန်သည်တဦးကလည်း “ဒီတံတားပြန်ဖွင့်မှပဲ အားလုံးအဆင်ပြေမယ်။ အခု ကုန်တွေ ဂိုထောင်ထဲမှာပုံနေပြီး ကျနော်တို့ဘက်က လူကြီးတွေကတော့ တံတားအမြန်ဆုံး ပြန်ဖွင့်နိုင်ဖို့ ကြိုးစားနေတုန်းပါပဲ။ ခက်တာက ဒီကိစ္စ မြန်မာအာဏာပိုင်တွေအပေါ်မှာပဲ မူတည်တယ်” ဟုပြောသည်။

တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်း၏ ကိန်းဂဏန်းများအရ မဲဆောက်မှ မြ၀တီသို့တင်သွင်းသည့် ကုန်စည်တန်ဖိုးမှာ တလလျှင် ဘတ်သန်းတထောင်ခန့်ရှိသဖြင့် ယခုကဲ့သို့ နယ်စပ်ဂိတ်ပိတ်ထား သောကြောင့် ကုန်သွယ်မှုတန်ဖိုး လျော့ကျသွားဖွယ်ရှိသည်။

မြ၀တီမှ မဲဆောက်ဘက်ခြမ်းသို့ မြန်မာနိုင်ငံသား (၁,၀၀၀) ခန့် နေ့စဉ် နေ့ချင်းပြန်ကူး၍ အလုပ်လုပ်ကိုင် လေ့ရှိရာ တံတားပိတ်လိုက်သဖြင့် ထိုသို့သွားရောက်အလုပ်လုပ်ကိုင်သူ အရေအတွက်လည်း လျော့နည်း သွားသည်။

ထိုင်းဘက်ကူးပြီး ပန်းပုထုသည့် မန္တလေးမှ ပန်းပုဆရာ ကိုအောင်ဌေးက “တံတားပေါ်ကနေ လာလို့ မရတော့ တံတားအောက်ကနေ ရေလယ်ကျွန်းကိုဖြတ်ပြီး ထိုင်းဘက်အလုပ်ဆင်းရတယ်။ တံတားပေါ်က မလာရတော့ အလုပ်ဆင်းတဲ့လူ နည်းသွားတယ်။ မဲဆောက်မှာ ဈေးသွားရောင်းတဲ့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေလည်း မလာတော့ဘူး” ဟုပြောသည်။

မြ၀တီ-မဲဆောက်နယ်စပ်ဂိတ်ကို ပိတ်ထားသည့်နည်းတူ ထိုင်း-မြန်မာနယ်စပ်ဂိတ်တခုဖြစ်သည့် ဘုရားသုံးဆူဂိတ်ကို ယခုလ (၂၈) ရက်ကတည်းက မြန်မာအာဏာပိုင်များက ပိတ်ထားပြီး ကျန်နယ်စပ် ဂိတ်များကို ဆက်ဖွင့်ထားသည်။ ။


ကမ္မရွာက ဖဲကြိုးနီတစ-ပီတာအောင် (၂၉-၃-၀၇)

စက္ကူငှက်ရုပ်ကလေးတွေရယ်၊ ရောင်စုံလက်ကမ်း ကြော်ငြာစာရွက်ကလေးတွေရယ် ညှပ်ပြီး ချိတ်ထား တွဲထားတဲ့ ရောင်စုံထီးကြီးတချောင်းကိုဖွင့်လို့ ကမ္မဈေး ရှေ့မှာတကိုယ်တည်း ထိုင်နေသူတဦးကို ထူးထူး ဆန်းဆန်း ဒီကနေ့တွေ့ရတဲ့မြင်ကွင်းက ဈေးကိုလာတဲ့ ကမ္မရွာသားတွေရဲ့ အာရုံကိုရော အခြားရွာနီးချုပ်စပ်က ရွာသားတွေရဲ့ အာရုံကိုပါဖမ်းစားလို့ထားပါတယ်။

ဈေးရှေ့လူမြင်ကွင်းထဲရောက်နေတဲ့သူကတော့
ကမ္မရွာသား ကိုတင်ကိုပါ။ ထီးတချောင်း၊ စားပွဲ
နှစ်လုံး၊ ကုလားထိုင် (၈) လုံးလောက်ချပြီး

စာအုပ်တွေနဲ့ အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ပညာပေး၊ ဗဟုသုတစာဖတ်ဝိုင်းဆိုပြီး သူလုပ်နေတာပါ။ သူဟာ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံထားရသူတဦး ဖြစ်ပါတယ်။ သူ့လိုအခြားသူတွေ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်မခံရဖို့ ဒီရောဂါနဲ့ ပတ်သက်တဲ့သူ့အတွေ့အကြုံ ဗဟုသုတတွေကို သူ့ပတ်ဝန်းကျင်က ရွာသားတွေကိုဝေငှဖို့ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေသူတဦးပါ။

သူ့အသက်က (၃၀) နှစ်ရှိနေပါပြီ။ ကမ္မမှာမွေး ကမ္မမှာကြီးတဲ့ လူငယ်တဦးပါ။ ကမ္မရွာဆိုတာက မကွေးတိုင်း ပခုက္ကူမြို့နယ်ထဲက ရွာမကျ မြို့မကျ ရွာကြီးတရွာပါ။ ကိုတင်ကိုဟာ ကမ္မအထက် တန်းကျောင်းက ဆယ်တန်းအောင်ပြီး ပခုက္ကူကောလိပ်မှာ ရုက္ခဗေဒဘာသာရပ်အထူးပြုနဲ့ ပညာသင်ယူခဲ့ဖူးပါတယ်။ ပခုက္ကူကောလိပ်ဟာ ပခုက္ကူခရိုင် (၅) မြို့နယ်က ကျောင်းသားတွေ ကျောင်းလာတက်ကြတဲ့နေရာပေါ့။ ကျောင်းသားဘ၀မှာ မူးယစ်ဆေးဝါးသုံးစွဲခြင်းမရှိသလို မူးယစ်ဆေးသွေးကြောထဲထိုးသွင်းတာတို့ သွေးသွင်းတာတို့တခုမှ မလုပ်ခဲ့ဘူးလို့ ကိုတင်ကိုက ပြောပြပါတယ်။

ဒါပေမယ့် အဲဒီမှာကျောင်းတက်ရင်း ကျောင်းဝန်းနဲ့ခြံစည်းရိုးသာခြားတဲ့ အပျော်အပါး လိုက်စားတဲ့ နေရာကိုတော့ အသွားများခဲ့တယ်တဲ့။ “ငါ့ဆီမှာ ဒီပိုးဘာလို့ရှိနေတာလဲ ပြန်စဉ်းစားတဲ့အခါ ပခုက္ကူ ကောလိပ်မှာ ကျနော်ပထမနှစ်တက်တုန်းက အပျော်အပါးလိုက်စားခဲ့လို့” လို့ ကိုတင်ကိုက သူ့ရဲ့ ကောလိပ်ကျောင်းသားဘ၀ တစိတ်တပိုင်းကို ပြန်ပြောပြပါတယ်။

၁၉၉၆ ခုနှစ် သူပထမနှစ်ကျောင်းတက်နေတုန်းမှာပဲ ရန်ကုန်မှာကျောင်းသားဆန္ဒပြမှုတွေ ပေါ်ပေါက်ပြီး တဲ့နောက် စစ်အစိုးရက ကျောင်းတွေကို လုံးဝနှစ်ရှည်လများပိတ်ပစ်လိုက်တဲ့အခါ ကိုတင်ကိုတယောက် ကျောင်းဆက်မတက်တော့ပါဘူး။ အဒေါ်ရှိရာရန်ကုန်ကိုတက်ပြီး သံပန်းသံတံခါး ဂဟေဆော်တဲ့အလုပ် လုပ်ခဲ့ပါတယ်။ နောက်တော့ တနင်္သာရီဘက်သွားပြီး ယုဇနဆီအုန်းခြံက ဓားတွေလုပ်တဲ့ ပန်းပဲဖိုမှာ ပင်ပင်ပန်းပန်း ပန်းပဲ ၀င်ထုနေချိန်မှာတော့ အိပ်ခ်ျအိုင်ဗီပိုးက ကိုတင်ကိုကို အနိုင်ယူတော့တာပါပဲ။

ရေယုံပေါက်တယ်။ ၀မ်းတွေသွားတယ်။ အဖျားတလထက်ပိုပြီး တက်လာတတ်တယ်။ ဒီလက္ခဏာ တွေပြလာတော့ ကိုတင်ကိုတယောက် အလုပ်မလုပ်နိုင်တော့ပါဘူး။ နောက်တော့ ရန်ကုန်မှာရှိတဲ့ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသူတွေကို အကူအညီပေးနေတဲ့ သဇင်ဆေးခန်းနဲ့ အဆက်အသွယ်ရပြီး
ဆေးဝါးအကူအညီအပါအ၀င် အိပ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ်နဲ့ပတ်သက်တဲ့ အသိဥာဏ်ဗဟုသုတတွေ ရရှိရာကနေ သူ့ဒေသကလူထုတွေကိုပြန်ပြီး ဖောက်သည်ချလိုတဲ့ဆန္ဒတွေဖြစ်လာခဲ့ရတာပါ။

“ကျနော်ဆေးတွေအလကားရနေပြီ။ အကူအညီအထောက်အပံ့တွေရနေပြီဆိုတော့ ဒီခံစားမှုကို ကျနော် တယောက်တည်းခံစားလို့ရပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့သူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေတွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မှန်တာပြောရရင်တော့ ကြောက်လန့်ပြီး ရှေ့မထွက်ဘဲနဲ့ သေကုန်မှာစိုးလို့ပါ” လို့ သူအခုလို ပညာပေးလုပ်ငန်းတွေ စလုပ်ဖြစ်တဲ့အကြောင်း ကိုတင်ကိုကပြောပြပါတယ်။

ကိုတင်ကိုတယောက် အန်ဂျီအိုအဖွဲ့အစည်းတွေဆီ အကုန်သွားတယ်။ လက်ကမ်းကြော်ငြာတွေ စာစောင်တွေ တောင်းတယ်။ စုဆောင်းတယ်။ UNAIDS အဖွဲ့လို ကုလသမဂ္ဂလက်အောက်ခံရုံးတွေ သွားတယ်။ အိပ်ခ်ျအိုင်ဗီနဲ့ ပတ်သက်တဲ့ အသိပညာဗဟုသုတတွေ ကိုယ်တိုင်ဖတ်ရှုလေ့လာတယ်။ UNICEF ကပေးတဲ့ ကွန်ဒုံးတွေကို စုထားတယ်။ ပြီးတော့ သူ့ရွာကိုပြန်လာပြီး ဗဟုသုတပြန်ဖြန့်ဝေပေးဖို့ စာဖတ်ဝိုင်းပုံစံနဲ့ တကိုယ်တော်လှုပ်ရှား ဆောင်ရွက်တော့တာပါ။

စလုပ်တဲ့ ဖေဖော်ဝါရီ (၁၀) ရက် ပထမတနေ့မှာတော့ ဘာပြဿနာမှမကြုံတွေ့ခဲ့ရပါဘူး။ နောက်ရက် မှာလည်း အေးအေးဆေးဆေးပါပဲ။ နောက်တနေ့နေ့လည်ပိုင်းမှာ ကမ္မရဲစခန်းက ဒုရဲအုပ် ကိုဝင်းနိုင်နဲ့ ကိုခိုင်လင်းတို့ရောက်လာပြီး ဘာလို့လုပ်တာတုန်းလို့ ကိုတင်ကိုဆီ လာရောက်မေးမြန်းစုံစမ်းပါတယ်။

ကိုတင်ကိုက သူ့မှာအိပ်ခ်ျအိုင်ဗီပိုးရှိနေကြောင်း နောက်ထပ်တခြားသူတွေကို သူ့လိုမရှိအောင်၊ ရှိပြီးသားသူတွေကိုလည်း ကုသလို့ရတဲ့နည်းလမ်းတွေဝေမျှပေးချင်လို့လုပ်တဲ့အကြောင်း ပြောပြ လိုက်တော့ ရဲတပ်ဖွဲ့ဝင်တွေလည်း အေးအေးဆေးဆေးပြန်သွားကြပါတယ်။

နောက်တနေ့နံနက်မှာတော့ ဈေးစည်ပင်သာယာက ဈေးရှေ့မှာ စာဖတ်ဝိုင်းလုပ်ခွင့် မပြုနိုင်ဘူးလို့ ပြောပြီး ကိုတင်ကိုကို ပိတ်ပင်တော့တာပါပဲ။ ပိတ်ပင်ခံရပေမယ့် ကိုတင်ကိုတယောက် လက်မလျှော့ ပါဘူး။ ကွန်ဒုံးတွေကို လည်မှာကြိုးနဲ့သီပြီးတော့ သူ့ရဲ့စာအုပ်စာစောင်တွေထည့်တဲ့ အိပ်ကလေးနဲ့ လက်ဖက်ရည်ဆိုင်မှာဆက်ပြီး လုပ်ပါတယ်။ လက်ဖက်ရည်ဆိုင်မှာ သူထိုင်နေတဲ့အချိန်မှာ ဟိုလူမေး ဒီလူမေးနဲ့ သူထိုင်တဲ့ဝိုင်းမှာ လူအုံနေတတ်တော့ ကိုတင်ကိုလက်ဖက်ရည်လာသောက်ရင် လက်မခံဖို့ အာဏာပိုင်တွေက ဆိုင်ရှင်ကိုဖိအားပေးပါတယ်။

အဲ့ဒီနောက် မယကရဲ့ခွင့်ပြုချက်မပါဘဲ စာဖတ်ဝိုင်းကို လုံးဝခွင့်မပြုနိုင်ဘူးဆိုတဲ့စာရယ်၊ မယက အတွင်းအရေးမှူးက ပခုက္ကူကိုလာတွေ့ဖို့ ခေါ်တဲ့ညွန်ကြားစာရယ်က ကိုတင်ကိုဆီကို ရောက်လာ ပါတော့တယ်။

ကိုတင်ကို ပခုက္ကူကိုလိုက်သွားပါတယ်။ ဒါပေမယ့် အတွင်းရေးမှူးနဲ့တွေ့ခွင့်မရခဲ့ပါဘူး။ ခေါ်တုန်းက ခေါ်ထားပြီး လာတွေ့တဲ့အခါကျတော့ ရုံးအဖွဲ့မှူးကတဆင့် “တွေ့ဖို့မလိုတော့ဘူး” ဆိုတဲ့စကား တခွန်းနဲ့တင်ပဲ ကိုတင်ကိုတယောက် နှစ်သိမ့်ခဲ့ရပြီး ရွာကိုစိတ်ပျက်လက်ပျက် ပြန်လာခဲ့ရပါတယ်။

ရွာပြန်ရောက်တော့ ကိုတင်ကိုက လုပ်စရာရှိတာဆက်လုပ်မယ်ဆိုပြီး ဈေးရှေ့မှာမလုပ်တော့ဘဲ ကမ္မကားကြီးကွင်း (အဝေးပြေးကားဂိတ်) မှာ နေရာပြောင်းပြီး သူရဲ့စာဖတ်ဝိုင်းကို ဆက်လုပ်ပါတယ်။ လုပ်နေတုန်းမှာ ကျေးရွာအာဏာပိုင်တွေက ကိုတင်ကိုရဲ့ဇနီးကို အခေါ်လွှတ်လိုက်တဲ့အတွက် ကိုတင်ကိုကျေးရွာအာဏာပိုင်တွေနဲ့ သွားတွေ့ပါတယ်။ အဲ့ဒီမှာသူ့ကို တိုက်နယ်ဆရာဝန်က အိပ်ခ်ျအိုင်ဗီပိုးကူးစက်ခံနေရသူ အစစ်အမှန် ဟုတ်မဟုတ် စစ်ဆေးပါတယ်။ ကိုတင်ကိုကလည်း သူ့ရဲ့လူနာမှတ်တမ်းတွေပြတယ်။ အာဏာပိုင်တွေယုံကြည်သွားပြီးတဲ့နောက် ကိုတင်ကိုပြန်လွှတ် လိုက်ပါတယ်။

ကိုတင်ကိုတယောက် ကားကြီးကွင်းထဲမှာပဲ သူ့ရဲ့အလုပ်ကိုယုံကြည်ချက်အပြည့်အ၀နဲ့ ဆက်လုပ် နေပါတယ်။ ကမ္မမှာတော့ ကိုတင်ကိုရဲ့လုပ်ဆောင်ချက်ကို သူ့ရဲ့မိတ်ဆွေတွေက အားပေးကြပါတယ်။ ရွာသားတွေက ကိုတင်ကိုဆီလာပြီး အချို့က စာရွက်စာတမ်းတွေဖတ်ကြတယ်။ တချို့က ကွန်ဒုံးတွေ တောင်းယူကြပါတယ်။ ကိုတင်ကိုက အများကြီးမပေးနိုင်တဲ့အတွက် လာတောင်းတဲ့လူကို တနေ့ တခုပဲပေးပါတယ်။ ခုဆိုရင် ကိုတင်ကိုကို လူနာရှင်တယောက်ကတောင် အကူအညီအဆက်အသွယ် ပေးဖို့ လာဆက်သွယ်နေပါပြီ။

ပခုက္ကူဒေသမှာ အိပ်ခ်ျအိုင်ဗီပိုးကူးစက်ခံနေရသူ ဘယ်နှစ်ဦးရှိသလဲဆိုတာ ဘယ်သူကမှ စာရင်း ကောက်မထားလို့ အတိအကျမပြောနိုင်ပေမယ့် အရေအတွက်နည်းလှမယ်မဟုတ်ဘူးလို့ ပခုက္ကူမြို့ခံ မြို့မိ မြိုဖတဦးက ပြောပါတယ်။ “ကျနော်တို့ ဒီနယ်ဘက်မှာ ဒီအိပ်ခ်ျအိုင်ဗီဆိုတာ တော်တော် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပြီပေါ့ဗျာ၊ ဒါကို တကယ်ဖြစ်နေတဲ့လူကလည်း အသိခံကြတာမဟုတ်ဘဲဖြစ် နေတယ်။ ကာယကံရှင်က ဘာမှထုတ်မပြောဘူး။ မပြောဘဲနဲ့ အဲ့ဒီကနေ တဖြည်းဖြည်းနဲ့ပြန့်လာ တာတွေရှိတယ်။ တော်တော်များများ စိုးရိမ်ရတဲ့အခြေအနေပဲပေါ့နော်၊ တဖြုတ်ဖြုတ်နဲ့ သေကြပြုကြနဲ့” လို့ သူကပြောပြပါတယ်။

တကယ်တော့ ဒီအိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်တဲ့ပညာပေးဖို့ လုပ်ငန်းတွေ ရောဂါပိုး ကူးစက်ခံရသူတွေအတွက် ဆေးဝါးအပါအ၀င် အကူအညီပေးရေးလုပ်ငန်းတွေဟာ ကမ္မရွာမှာသာမက ပခုက္ကူဒေသတခုလုံးမှာ အရေးတကြီးလိုအပ်နေပါပြီ။ ပိုက်ဆံတတ်နိုင်သူတွေကတော့ ကိုယ့်ဖာ သာကြိတ်ကုနေကြပြီး ငွေကြေးမတတ်နိုင်သူတွေမှာတော့ မကုနိုင်ဘဲ ဒီအတိုင်းအသက်ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ကိုတင်ကိုတို့လို အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရသူတွေကိုယ်တိုင် ပွင့်ပွင့်လင်းလင်းဖွင့်ပြောပြပြီး ပညာပေးလုပ်ငန်းတွေလုပ်ကိုင်တာဟာ သူတို့ဒေသမှာမရှိသလောက် ရှားပါးပါတယ်။ ဒါဟာ အလွန်ကောင်းတဲ့လုပ်ဆောင်မှုဖြစ်ပြီး ပညာပေးမှုလုပ်ငန်းတွေမရှိရင် အိပ်ခ်ျအိုင်ဗီပိုးကူးစက်ခံရသူ ပိုမိုများပြားလာနိုင်ခြေရှိပါတယ်။

ကိုတင်ကိုကတော့ ကမ္မမှာသာမက ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိတ်ဖြူ စတဲ့မြို့နယ်တွေအထိ လှည့်လည်သွားလာပြီး အိပ်ခ်ျအိုင်ဗီပညာပေးတဲ့အလုပ်တွေကို ဆက်လုပ် သွားမယ်လို့ စိတ်အားထက်သန်စွာပြောပါတယ်။

ကိုတင်ကိုဟာ အပြင်ပန်းအသွင်ပြင်လက္ခဏာအားဖြင့် နွမ်းဖျော့နေတာမျိုး မဖြစ်ရုံသာမက လူကောင်းတယောက်လိုပဲ လှုပ်ရှားသွားလာနေတုန်းပါပဲ။ သူ့မှာအိမ်ထောင်နဲ့ (၃) နှစ်အရွယ် သမီးလေးတယောက်လည်း ရှိနေပေမယ့် အိပ်ခ်ျအိုင်ဗီနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေလုပ်ကိုင် ဆောင်ရွက်ဖို့ စိတ်ဓာတ်အပြည့်ရှိနေပါတယ်။ အခွင့်အရေးများရှိရင် သူ့ရဲ့ခန္ဓာကိုယ်ကိုတောင် အေအိုင်ဒီအက်စ်ရောဂါသုတေသနလုပ်ငန်းအတွက် လှူဒါန်းချင်တယ်လို့ ဆိုပါတယ်။

ကိုတင်ကိုအတွက် အနာဂတ်ပျောက်ဆုံးမသွားသေးသလို သူ့လိုပဲ အိပ်ခ်ျအိုင်ဗီပိုးစွဲကပ်နေသူတွေ အတွက်လည်း အနာဂတ်မပျောက်ဆုံးစေချင်တာကတော့ ကိုတင်ကိုရဲ့စေတနာပဲ ဖြစ်ပါတယ်။

ခြံစည်းရိုးစာကပ်မှုဖြင့် ဖမ်းဆီးခံရသူ ဦးသိန်းဇံကိုအာမခံဖြင့်လွှတ်ပေး-NEJ / ၂၉ မတ် ၂၀၀၇

သင်္ဃန်းကျွန်း နေအိမ်ခြံစည်းရိုးတွင် သတင်းစာနှင့် ဂျာနယ်ပါဆောင်းပါးများကပ်မှုဖြင့် ဖမ်းဆီး အရေးယူခံရသည့် ဦးသိန်းဇံကို ယမန်နေ့ညနေပိုင်းတွင် အင်းစိန်ထောင်မှ အာမခံဖြင့် လွှတ်ပေး လိုက်သည်။

“အဘကို  မနေ့ညနေ (၅) နာရီကျော်ကျော်လောက်မှာ ထောင်မှူးက ထောင်ဗူးဝအထိ ခေါ်ထုတ် လာတယ်။ အဘကို အာမခံ (၂) ယောက်နဲ့ ကျနော်တို့ပြန်လွှတ်ပေးလိုက်ပါပြီတဲ့။  အာမခံ (၂) ယောက်က သူတို့ဖတ်ပြတဲ့အရ တယောက်ကို သိန်း (၅၀) တဲ့၊ (၂) ယောက်ကို  သိန်း (၁၀၀) ပေါ့။ အဲဒီအာမခံစာရွက်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်တဲ့” ဟု ဦးသိန်းဇံက ပြောသည်။

ဦးသိန်းဇံအား ပြီးခဲ့သည့် မတ် (၂၆) ရက်၌ ရုံးထုတ်ရာတွင်  ဦးသိန်းဇံ၏ အကျိုးဆောင်ရှေ့နေ ဦးအောင်သိန်းက အာမခံလျှောက်ထားခဲ့သော်လည်း တရားရုံးက အာမခံငြင်းပယ်ခဲ့ပြီးနောက် ယခုကဲ့သို့ ရုတ်တရက် ကြားဖြတ် အာမခံပေးလိုက်ခြင်းဖြစ်သည်။

“အိမ်ရောက်မှ အာမခံတဲ့လူတွေအကြောင်း သိရတယ်။ အာမခံတဲ့လူတွေက ဘယ်ကလူတွေလဲ၊ ဘယ်သူတွေလဲဆိုတာ အိမ်ကလူတွေလည်း မသိဘူး။ ဒါပေမယ့် လာရောက်အာမခံပေးတဲ့အတွက်
တော့ ကျေးဇူးအများကြီးတင်ပါတယ်။ ၀မ်းသာတာပေါ့ဗျာ” ဟု ဦးသိန်းဇံက ပြောသည်။

ယမန်နေ့မွန်းလွဲပိုင်းတွင် လူ (၂) ယောက်က ဦးသိန်းဇံ၏ဇနီးနှင့်သားတယောက်ကို နေအိမ်၌ လာရောက်ခေါ်ဆောင်ပြီး သင်္ကန်းကျွန်းမြို့နယ်တရားရုံးတွင် ဦးသိန်းဇံ၏ဇနီးအား အာမခံ လျှောက် ခိုင်းကာ နေအိမ်၌ပြန်စောင့်နေရန် ပြောကြားခဲ့သည်ဟု ၎င်းကပြောသည်။

“အဘကို အာမခံလုပ်ပြီးထုတ်လိုက်ပါပြီတဲ့။ အဘ (၂) ရက်နေ့ရုံးချိန်းကို သွားလိုက်ပါတဲ့၊ အဲဒီကျ ရင်တော့ အေးအေးဆေးဆေးဖြစ်သွားပါလိမ့်မယ်တဲ့၊ သူတို့ကပြောတယ်။ ဦးကြည်မောင်နှင့် ဦးစိုးမြင့်ဆိုပြီး ပြောသွားတယ်” ဟု ဦးသိန်းဇံက ပြောသည်။

ဦးသိန်းဇံက သတင်းနှင့်ဂျာနယ်များတွင် ရေးသားထားသည့်ဆောင်းပါးများနှင့် ဆောင်းပါးရှင်အချို့၏ နာမည်ကို ဖြတ်ညှပ်ပြီး ခြံစည်းရိုးတွင် ကပ်ထားခဲ့သဖြင့် သင်္ဃန်းကျွန်းမြို့နယ် ဒု-ရဲမှူးစိုးဝင်းက ဆန့်ကျင် စာကပ်သည်ဟုစွပ်စွဲကာ အများပြည်သူအကျိုးပျက်စီးစေမှုကို ဖြစ်ပေါ်စေသည့် ပြဋ္ဌာန်းချက် ပုဒ်မ ၅၀၅ (ခ) ဖြင့် ဦးသိန်းဇံကို တရားစွဲခြင်းဖြစ်သည်။

ယခုလ (၇) ရက်တွင် မြို့နယ်အာဏာပိုင်များက ဦးသိန်းဇံကို ဖမ်းဆီးပြီး  အင်းစိန်ထောင်သို့ပို့ခဲ့ကာ
(၈) ရက်တွင် အမှုစတင်စစ်ဆေးပြီးနောက် ဧပြီ (၂) ရက်သို့ ရုံးချိန်း ထပ်မံချိန်းဆိုထားသည်။

ဦးသိန်းဇံအား ကြားဖြတ်အာမခံပေးသည့်ကိစ္စနှင့် အာမခံသည့် ငွေပမာဏ ကျပ် သိန်း (၁၀၀) သည် မြို့နယ်တရားရုံးစီရင်ပိုင်ခွင့်ငွေအတိုင်းအတာထက် ကျော်လွန်နေသဖြင့် အစိုးရအာဏာပိုင်များက လုပ်သည်ဟုယူဆရကြောင်း ရှေ့နေဦးအောင်သိန်းက ပြောသည်။

၎င်းက “ဒါကတော့ မူအားဖြင့်လုပ်တာပါ။ အမှန်ကတော့ အာဏာပိုင်ကနေ အာမခံပေးတဲ့သဘောပါ။ အာမခံတယ်ဆိုတာ သိတဲ့လူမှအာမခံတာလေ။ မသိဘဲနဲ့အာမခံတယ်ဆိုတော့ ဒါ အာဏာပိုင်က လုပ်ပေးလို့ပေါ့” ဟု ပြောသည်။

ဦးသိန်းဇံအမှုအား တရားစွဲသင့် မစွဲသင့်ဆိုသည်ကို ဧပြီ (၂) ရက်တွင် တရားရုံးက
အမိန့်တရပ်ချမည်ဟု သိရသည်။

ထိုင်း-မြန်မာ မြောက်ပိုင်း မီးခိုးမှိုင်းအရေး ဆွေးနွေးဖြေရှင်းမည်-TNA / ၂၉ မတ် ၂၀၀၇

ထိုင်း-မြန်မာနှစ်နိုင်ငံမြောက်ပိုင်း၌ မီးခိုးများအုံ့ဆိုင်းနေသည့်ကိစ္စ ဖြေရှင်းရေးသည် ထိုင်း-မြန်မာ နယ်စပ်ကော်မတီ အစည်းအဝေး၌ အဓိကဆွေးနွေးမည့် ခေါင်းစဉ်ဖြစ်သည်ဟု ထိုင်းကိုယ်စားလှယ် ခေါင်းဆောင်က ယနေ့ပြောကြားသည်။

တာချီလိတ်၌ကျင်းပသည့် ထိုအစည်းအဝေးကိုတက်ရန် နယ်စပ်ကိုမဖြတ်ကျော်မီ ထိုင်းကိုယ်စားလှယ် ခေါင်းဆောင် ထိုင်းမြောက်ပိုင်း တော်ဝင်သံချပ်ကာတပ်မမှ ဗိုလ်မှူးကြီး Somphong Jaengjamras က သတင်းထောက်များကို ပြောကြားခြင်းဖြစ်သည်။

ယခုကျင်းပသည့် (၅၁) ကြိမ်မြောက် နယ်စပ်ကော်မတီအစည်းအဝေး၌ နှစ်ဖက်နိုင်ငံ၌ ဖြစ်ပေါ်နေသည့် တောမီးနှင့် တောင်ယာ ရှို့မီးများကို တင်းကျပ်စွာထိန်းထားနိုင်ရေးအတွက် ဦးစားပေးဆွေးနွေးကြ မည်ဖြစ်သည်။

ထိုင်းနိုင်ငံက ဒေသခံပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်ခြိမ်းခြောက်နေသည့် ဤမီးခိုးများကိစ္စကို ဖြေရှင်းရန် မြန်မာ၊ လောနိုင်ငံတို့နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ထိုင်းအစိုးရ၏ မီးခိုးဖုံးလွှမ်း နေမှုပြဿနာ ဖြေရှင်းရေးအဖွဲ့ခေါင်းဆောင် ဒု-၀န်ကြီးချုပ် ပိုင်ဘွန်ဝါထနာဆီရီထမ်က ယခုလ
(၂၆) ရက်၌ ပြောကြားခဲ့သည်။

အဓမ္မခိုင်းသူအာဏာပိုင်နှစ်ဦး အပြစ်ပေးခံရ-ပီတာအောင် / ၂၉ မတ် ၂၀၀၇

အဓမ္မအလုပ်ခိုင်းစေသည့် ကျေးရွာအာဏာပိုင် (၂) ဦးကို မကွေးတိုင်း အောင်လံမြို့နယ်တရားရုံးက ယမန်နေ့၌ ထောင်ဒဏ် (၆) လစီ ချမှတ်လိုက်သည်ဟု တရားခွင်သို့ သွားရောက်နားထောင်ခဲ့သူ တဦးကပြောသည်။

အပြစ်ပေးခံရသည့် ကျေးရွာအာဏာပိုင်နှစ်ဦးမှာ အောင်လံမြို့နယ်၊ စိမ်းစိုရွာမှ ရပ်ကွက်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) ဥက္ကဋ္ဌ ဦးညိုတုတ်နှင့် အဖွဲ့ဝင် ဦးမြလှိုင်တို့ဖြစ်ပြီး စိမ်းစိုရွာရှိ အိမ်ထောင်စု (၉၄) စုကို စိမ်းစိုသစ်တောကြိုးဝိုင်းအတွင်း ယခင်လ၌ အဓမ္မအလုပ်ခိုင်းစေမှုဖြင့် ပြစ်ဒဏ် ချမှတ်ခံရခြင်းဖြစ်သည်။

သစ်တောဦးစီးဌာန၏ ညွှန်ကြားချက်အရဟုဆိုကာ ကျေးရွာအာဏာပိုင် (၂) ဦးနှင့် သစ်တောဝန်ထမ်း များက ရွာသားများကို ထိုက်သင့်သည့်အခကြေးငွေမပေးဘဲ ခိုင်းစေခဲ့ပြီး ရွာသားများက သစ်ပင်များကို ခုတ်လှဲသယ်ယူခြင်း၊ လှည်းဖြင့်သစ်တိုက်ခြင်း၊ တောရှင်းရခြင်းနှင့် (၄) မိုင်ခန့်ရှည်သည့် လမ်းဖောက် လုပ်ခြင်း စသည်တို့ကို သီတင်းနှစ်ပတ်ကျော် စိတ်ဆန္ဒမပါဘဲ လုပ်ဆောင်ပေးခဲ့ရသည်ဟု ဒေသခံ ရွာသားတဦးက ပြောသည်။

ယင်းသို့ခိုင်းစေမှုကို မကျေနပ်သည့်အတွက် စိမ်းစိုရွာသား ကိုအေးလွင်က နိုင်ငံတကာအလုပ်သမား အဖွဲ့ချုပ် (အိုင်အယ်လ်အို) ရန်ကုန်ရုံးသို့ သွားရောက်တိုင်ကြားခဲ့သည်။

ယခုလ (၁၄) ရက်တွင် နေပြည်တော်မှ လုပ်အားပေးကိစ္စနှင့်ပတ်သက်သည့် အထူးစုံစမ်းရေး ခေါင်းဆောင် ဗိုလ်မှူးကြီးချစ်ရှိန်နှင့်အဖွဲ့ စိမ်းစိုရွာသို့ သွားရောက်စစ်ဆေးပြီးနောက် အောင်လံမြို့နယ် မယကဥက္ကဋ္ဌ ဦးမြင့်ဝေကိုယ်တိုင် တရားလိုအဖြစ်တရားစွဲဆိုခြင်းဖြစ်သည်။ ကိုအေးလွင်နှင့် ရွာသား အချို့က သက်သေအဖြစ် ဆောင်ရွက်ကြသည်။

ကျေးရွာအာဏာပိုင်နှစ်ဦးကိုသာ အရေးယူပြီး အဓမ္မအလုပ်ခိုင်းစေရာတွင် ပါဝင်သည့် သစ်တော အရာရှိနှင့် ၀န်ထမ်းများကိုမူ အရေးမယူသည့်အတွက် ရွာသားများကမကျေနပ်ဟု ဒေသခံတဦးက ပြောသည်။

၎င်းက “ဘာဖြစ်လို့မကျေနပ်တာတုန်းဆိုတော့ ဒီအဓမ္မလုပ်အားပေးတဲ့ကိစ္စမှာ တကယ်တမ်းက သစ်တောဦးစီးအရာရှိတွေနဲ့ ၀န်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးမှ ဒီကိစ္စကပေါ်ပေါက်ရတာကိုး။ သူတို့ကို အရေးယူတာ ဆောင်ရွက်တာ မလုပ်တဲ့အခါကျတော့ ဒေသခံလူထုရဲ့အမြင်က လုပ်အားပေးကိစ္စမှာ တိုင်တန်းရတာ နည်းနည်းတော့အားမရဘူးပေါ့ဗျာ” ဟု ပြောသည်။

ဤအမှုသည် အဓမ္မအလုပ်ခိုင်းစေမှုကို တိုင်းတန်းသူအား အရေးယူမည်မဟုတ်ဟု မြန်မာအစိုးရက ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ် (အိုင်အယ်လ်အို) နှင့် သဘောတူညီမှုရပြီးတဲ့နောက် ပထမဆုံး ပစ်ဒဏ်ချသည့်အမှုဖြစ်သည်။

မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေးမှုကို တိုင်ကြားနိုင်သည့်လုပ်ငန်းစဉ် စတင်နိုင်မှုနှင့် အဓမ္မ လုပ်အားပေးခိုင်းစေမှုကို တိုင်ကြားရန် အစီအစဉ်နှင့်ပတ်သက်၍ နအဖနှင့် အိုင်အယ်လ်အိုအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးနိုင်မှုတို့ကို  ကြိုဆိုသည်ဟု ယမန်နေ့ကကျင်းပသည့် အိုင်အယ်လ်အို အုပ်ချုပ်ရေးအစည်းအဝေးက ဆုံးဖြတ်သည်။

ဆုံးဖြတ်ချက်တွင် ရန်ကုန်မြို့ရှိ အိုင်အယ်လ်အို ဆက်သွယ်ရေးအရာရှိရုံးအတွက် လိုအပ်သော ၀န်ထမ်း ဦးရေ ပိုမိုခန့်ထားခွင့်ပေးရန်  နအဖစစ်အစိုးရကို တောင်းဆိုထားပြီး မြန်မာနိုင်ငံ၏ အဓမ္မအလုပ် ခိုင်းစေမှုများကို နိုင်ငံတကာတရားရုံး (အိုင်စီဂျေ) ထံ လွှဲပြောင်းမည့်ကိစ္စကို ဆက်လက်လေ့လာရန် ဆိုင်းငံ့ထားမည်ဟုလည်း ပါဝင်သည်။

နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန် ကုလသမဂ္ဂကိုယ်စားလှယ် တောင်းဆို-NEJ / ၂၈ မတ် ၂၀၀၇

28-3-07_pno.gifသတင်းစာဆရာကြီး ဦးဝင်းတင်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၁,၂၀၀) ကျော်စလုံးကို ချက်ချင်းလွှတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ပါမောက္ခ ပေါ်လို ဆာဂျီယိုပီညဲရိုးက မြန်မာစစ်အစိုးရကို ထပ်မံတောင်းဆိုသည်။

အသက် (၇၇) နှစ်ရှိ ဦးဝင်းတင်ကို ထောင်ထဲ၌ ဆက်လက် အကျဉ်းချ ထားသည်ကို အလွန် စိတ်မကောင်းဖြစ်ရကြောင်း၊ ဦးဝင်းတင်သည်
၁၉၈၉ ခု ဇူလိုင် (၄) ရက်ကတည်းက အကျဉ်းကျခံရသည်ြဖစ်၍
မြန်မာနိုင်ငံတွင် ထောင်သက်တမ်းအရှည်ကြာဆုံး နိုင်ငံရေးအကျဉ်းသား

ဖြစ်နေကြောင်း မစ္စတာပီညဲရိုးက ယမန်နေ့၌ ကြေညာချက်ထုတ်ပြန် ပြောဆိုသည်။

၎င်းက “မြန်မာအစိုးရက သူ့ဘာသာသူလုပ်နေတဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ နိုင်ငံရေးအကျဉ်းသား တွေအတွက် မပါပါဘူး။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးခြင်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီစနစ်ကူးပြောင်းရေးဖြစ်စဉ်ဟာ ချောမွေ့သွားမှာ ဖြစ်ပါတယ် ” ဟုပြောသည်။

လွတ်လပ်စွာထုတ်ဖော်ခွင့်၊ စုရုံးခွင့်နှင့် အသင်းအပင်းဖွဲ့စည်းခွင့် စသည့်အခွင့်အရေးများကို ငြိမ်းချမ်းစွာလုပ်ဆောင်မှုဖြင့် မြန်မာနိုင်ငံတွင် လူပေါင်း (၁,၂၀၀) ကျော် ထောင်သွင်းအကျဉ်းကျ ခံနေရပြီး နိုင်ငံရေးအကျဉ်းသား အများအပြား အသက်အရွယ်ကြီးနေပြီး ကျန်းမာရေးချို့တဲ့နေသဖြင့် ဆေးကုသမှု အပူတပြင်း လိုအပ်နေသည်ဟုလည်း မစ္စတာပီညဲရိုးက ပြောကြားသည်။

ပင်လယ်ပြင်အသက်ဘေးမှ လွတ်မြောက်လာသူများက ကုမ္ပဏီပိုင်ရှင်အား တရားစွဲ -ကိုဝိုင်း / ၂၈ မတ် ၂၀၀၇

အစားအစာနှင့်ရေ လုံလောက်မှုမရှိဘဲ အင်ဒိုနီးရှားရေပိုင်နက်မှ အသက်ရှင်လွတ်မြောက်လာသူ ထိုင်းနှင့်မြန်မာ လှေလုပ်သားများက ၎င်းတို့၏လုပ်ခ စုစုပေါင်း ဘတ် (၁၅) သန်းကျော် ရရှိနိုင်ရန် Praphasnavee အမည်ရှိ ထိုင်းမိသားစုကုမ္ပဏီပိုင်ရှင်အား ယခုလ (၂၆) ရက်၌ တရားစွဲဆိုသည်။

တရားစွဲသည့် လှေလုပ်သား (၆၁) ဦးအနက် ထိုင်းနိုင်ငံသား (၁၈) ဦးပါဝင်ပြီး ထိုင်းရှေ့နေ (၄) ဦးက လိုက်ပါဆောင်ရွက်ပေးနေပြီး ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်ရှိ မဟာချိုင်အလုပ်သမားတရားရုံး၌ တရားစွဲခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှုကော်မတီ (TACDB) မှ မြန်မာပိုင်းတာဝန်ခံ ဦးမြင့်ဝေက ပြောသည်။

ထိုလှေလုပ်သားများသည် ကုမ္ပဏီကပေးသည့် ထိုင်းအမည်အတုဖြင့် စာရွက်စာတမ်းအတုများ ကိုင်ဆောင်ပြီး ကုမ္ပဏီပိုင် ငါးဖမ်းလှေ (၆) စင်းဖြင့် ၂၀၀၃ ခုတွင် မဟာချိုင်မှ စတင်ထွက်ခွာသွားခဲ့ပြီး ယမန်နှစ် ဇူလိုင်တွင် မဟာချိုင်သို့ ပြန်ရောက်လာခဲ့သည်။

လှေမထွက်မီက အင်ဒိုနီးရှားရေပိုင်နက်၌ (၄၅) ရက်ခန့်သာကြာမည်ဟု ထင်မှတ်ခဲ့သော်လည်း လှေပေါ်တွင် (၃၅) လအထိ ကြာခဲ့ပြီး တနေ့ (၂-၃) နာရီခန့်သာ အိမ်ခွင့်ရကြောင်း၊ ဖမ်းထားသည့် ငါးများကို သက်ဆိုင်ရာဆိပ်ကမ်းများသို့ ပြန်သယ်လာသည့် လှေများမှတဆင့်သာ တလစာရိက္ခာကို လစဉ်ရရှိပြီး ကိုယ်တိုင်ကမ်းတက်ခွင့်မရခဲ့ကြောင်း အသက်ရှင်လွတ်မြောက်လာသူ မြန်မာရေလုပ်သား ကိုစိုးမိုး (၂၇) နှစ်က တရားရုံး၌လျှောက်ထားသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။

အင်ဒိုနီးရှားရေပိုင်နက်၌ (၂) နှစ်ကျော်ကြာပြီးနောက် ငါးဖမ်းခွင့် သက်တမ်းအသစ်တိုးရန် စောင့်ဆိုင်း နေစဉ် ရိက္ခာပြတ်သွားပြီး ပင်လယ်ထဲမှ ရရာစားသုံးနေခဲ့ရာမှ အစာအဆိပ်သင့်ပြီး ထိုင်းနိုင်ငံသား အချို့အပါအ၀င် (၃၉) ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ (၃၉) ဦးတွင် ထိုင်းလူမျိုးများလည်းပါဝင်ပြီး သေဆုံးသူများအနက် (၂) ဦးကိုသာ အင်ဒိုနီးရှားနိုင်ငံ၌ သင်္ဂြိုဟ်ခဲ့ပြီး ကျန်အလောင်းများကို လှေပဲ့ထိန်းက ပင်လယ်ထဲသို့ ပစ်ချခဲ့ကြောင်း အသက်ဘေးမှလွတ်လာသည့် ထိုင်းလူမျိုး Sangiem Fuangfu က တရားရုံး၌လျှောက်ထားသည်။

၎င်းတို့၏လှေ မဟာချိုင်သို့ ပြန်ဆိုက်ချိန်တွင် လှေကုမ္ပဏီက အသက်ရှင်ကျန်သူတဦးကို လုပ်အားခ အဖြစ် ဘတ်ငွေ (၃,၀၀၀) စီသာပေးခဲ့ကြောင်း၊ လုပ်ခအပြည့်ပေးရန် ကုမ္ပဏီပိုင်ရှင်ထံ အကြိမ်ကြိမ် တောင်းဆိုသော်လည်း မရသဖြင့် အစိုးရမဟုတ်သည့်အဖွဲ့ဖြစ်သည့် Labour Rights Promotion Network (LPN) ကို အကူအညီတောင်းခံရာမှ တရားစွဲသည့်အဆင့် ရောက်လာခြင်းဖြစ်သည်။

ယခုအမှုကို TACDB ၊ ထိုင်းနိုင်ငံရှေ့နေများကောင်စီနှင့် LPN တို့က ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်ရှိ မဟာချိုင်ကို ‘မြန်မာနိုင်ငံလေး’ ဟု လူသိများပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ သောင်းနှင့်ချီ၍ ပင်လယ်စာလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြသည်။

သေဆုံးသူ (၃၉) ဦး၏ မိသားစုနှင့် ဆွေမျိုးများကိုရှာဖွေပြီး သေဆုံးသူများအတွက် နစ်နာကြေး တောင်းသည့် ရာဇ၀တ်မှုတရားရုံး၌ အမှုဖွင့်ဦးမည်ဟု သိရသည်။

ဤအမှုကို အချက်အလက်မပြည့်စုံသေးဟု အကြောင်းပြ၍ ဧပြီ (၁၈) ရက်သို့ ပြောင်းရွှေ့ချိန်းဆို လိုက်သည်ဟုသိရသည်။