၁၉၆၁ ခုနှစ်တွင် စစ်တပ်ဖြင့်အာဏာသိမ်းယူခဲ့သော ပတ်ဂျောင်းဟွီးသည် ၁၉၇၉ အောက်တိုဘာလ (၂၆) ရက်နေ့
တွင် ကင်ဂျက်ဂယူ၏ လက်ချက်ဖြင့်ဘ၀အဆုံးသတ်သွားခဲ့သည်။ အသက် (၅၃) နှစ် အရွယ် ကင်ဂျက်ဂယူသည် ခေတ်ပညာတတ်တယောက်ဖြစ်ပြီး သမ္မတ ပတ်ဂျောင်းဟွီး၏ အခွင့် ထူးခံအပါးတော်မြဲ ညာလက်ရုံးဖြစ်သည်။
ကင်ဂျက်ဂယူသည် အာဏာရှင်သမ္မတ ပတ်ဂျောင်းဟွီး၏အလိုကျ ဒီမိုကရေစီအင်အားစုများကို ဖိနှိပ်နေရင်းကပင် သဘောထားပြောင်းလွဲပြီး သူလုပ်နိုင်တာကို လုပ်သွားခြင်း ဖြစ်သည်ဟူ၍ သုံးသပ်သူများရှိသလို၊ အာဏာရှင်အုပ်စု
အတွင်း အားပြိုင်ကြရာမှ လုပ်ကြံမှုအထိ ကြီးကျယ် သွားခြင်းဖြစ်သည်ဟူ၍ သုံးသပ်သူများလည်း ရှိခဲ့သည်။ စသည့်
သုံးသပ်ချက်များနှင့် ထင်မြင် ယူဆချက်များသည် ယနေ့ထိ ကိုရီးယားပြည်သူများအတွင်း ကြီးမားနေဆဲဖြစ်သည်။
ထိုအချိန်က ၀န်ကြီးချုပ်ဖြစ်သည့် ချွဲဂယူဟား (၆၀နှစ်) သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ သမ္မတ၏တာဝန်
ကိုယူခဲ့သည်။ ထို့နောက် ရွေးကောက်ပွဲကို အကျဉ်းရုံးကျင်းပပြီး ချွဲဂယူဟားသည် ကိုရီးယားနိုင်ငံ၏ (၁၀) ကြိမ်
မြောက် သမ္မတ ဖြစ်လာသည်။
ထိုအချိန်က သမ္မတအိမ်တော်၏လုံခြုံရေးလက်ထောက်အရာရှိ ဗိုလ်မှူးကြီး ချန်းဒူဝမ်သည် သမ္မတ ပတ်ဂျောင်းဟွီး၏
လုပ်ကြံခံရမှုကို စစ်ဆေးဖော်ထုတ်ရန် ဖွဲ့စည်းလိုက်သောကော်မတီတွင် အကြီး အကဲဖြစ်လာခဲ့သည်။ ထိုလုပ်ကြံမှုကြီး ဖြစ်ပေါ်ခဲ့ရသောအကြောင်းရင်းနှင့် နောက်ကွယ်မှ ပါဝင်ခဲ့ သော လူများကို တိကျမှန်ကန်စွာ စစ်ဆေးဖော်ထုတ်ခြင်း
မလုပ်ဘဲ ကင်ဂျက်ဂယူကို ၁၉၈၀ ပြည့်နှစ် မေလ (၂၄) ရက်နေ့တွင် သေဒဏ်ပေးပြီး အမှုကိုအဆုံးသတ်ခဲ့သည်။
လုပ်ကြံမှုတခုအကြောင်းပြုပြီး ချန်းဒူဝမ်သည် နာမည်နှင့်အတူ သြဇာအရှိန်အ၀ါလည်း ကြီးခဲ့သည်။ ၁၉၈၀ ပြည့်နှစ်
တွင် ကြည်းတပ်၏ အမြင့်ဆုံးရာထူးဖြစ်သည့် ဗိုလ်ချုပ်ကြီး အဆင့်အထိ ဖြစ်လာ ခဲ့သည်။ ဂွမ်ဂျူးဒေသမှာကဲ့သို့ ပြည်သူများ၏အုံကြွမှုသည် ဒေသတော်တော်များများတွင် အကြိမ် များစွာ ရှိခဲ့သော်လည်း ချန်းဒူဝမ်၏ ဂွမ်ဂျူးမြို့
လူသတ်မှုသည် ကိုရီးယားသမိုင်းတွင် အပြင်းထန် အရက်စက်ဆုံးဖြစ်ခဲ့သလို ကမ္ဘာပင် ကျော်ခဲ့သည်။
၁၉၆၁ နှင့် ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့ကြသော ကိုရီးယားမှ ပတ်ဂျောင်းဟွီး၊ မြန်မာပြည်မှ ဗိုလ်နေ၀င်းတို့၏ ရက်စက်ကြမ်းကြုတ်သည့်သမိုင်းထက် ၁၉၈၀ ပြည့်နှစ် ချန်းဒူဝမ်ဦးဆောင်သည့် ကိုရီးယားစစ်တပ်နှင့် ၁၉၈၈ ခုနှစ်
်မြန်မာစစ်တပ်တို့၏ လုပ်ရပ်တို့က ပို၍ဆိုးဝါးခဲ့သည်။ ၁၉၈၀ ပြည့်နှစ် ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမှပြည်သူ၊ ကျောင်းသား
များသေဆုံးခဲ့ရသည့် အဖြစ်အပျက်များနှင့် ၁၉၈၈ ခုနှစ် မြန်မာပြည်သူများ၊ ကျောင်းသားများ သေဆုံးခဲ့ရသည့်
အဖြစ်အပျက်များသည် ကမ္ဘာ့ပြည်သူများအတွက် တုန်လှုပ်ခြောက်ခြားစရာ ဖြစ်ခဲ့ရသည်။
တချိန်တည်းမှာပဲ အမှန်တရားအတွက် အသေခံရဲသော၊ လွတ်လပ်ခွင့်အတွက် ဘ၀နှင့် စည်းစိမ် များကို စတေးခံနိုင်
သော ရှစ်လေးလုံးစိတ်ဓာတ်၊ ဂွမ်ဂျူးစိတ်ဓာတ်တို့သည် အဖိနှိပ်ခံ ကမ္ဘာ့ပြည်သူ များအတွက် ကိုးကွယ်စရာ ဖြစ်လာ
တော့သည်။ ကိုရီးယားပြည်သူများသည် ဂွမ်ဂျူးစိတ်ဓာတ်ကို မြဲမြဲဆုတ်ကိုင်ရင်း ရဲရင့်စွာ ဆက်လက်ချီတက်ခဲ့ကြ
သည်။
ချန်းဒူဝမ်သည်လည်း အာဏာအတွက် ရက်စက်ကောက်ကျစ်မှုများကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ဖော်ဆောင်ခဲ့သည်။
မည်သူ၊ မည်သည့်အဖွဲ့အစည်းက ဖောက်ခွဲသည်ကို တိတိကျကျ မဖော်ပြနိင်သော လုပ်ကြံ ပေါက် ကွဲမှုများ။ လူဆိုး လူရမ်းကားများကိုစုစည်းပြီး ပြည်သူ့အဖွဲ့အစည်းသဏ္ဌာန်ဖန်တီး၍ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို သိမ်းပိုက်အန္တရာယ်ပြုခြင်း၊ ကိုရီးယား ဒီမိုကရေစီ တော်လှန်ရေး ခေါင်းဆောင် ကင်ဒေးဂျုံနှင့် ပြည်သူယုံကြည်အား
ကိုးသော နိုင်င်ငံရေးခေါင်းဆောင်များကို မတရား ဖမ်းဆီးထားပြီး ရွေးကောက်ပွဲကျင်းပခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပ
ဒေကို ပြင်ဆင်ရေးဆွဲခြင်းတို့ကို အဓမ္မလုပ်ခဲ့သည်။ ထိုသို့ဖြင့် (၁၁) ကြိမ်မြောက် ကိုရီးယားသမ္မတ ၁၉၈၀ –
၁၉၈၁)၊ (၁၂) ကြိမ် မြောက် ကိုရီးယားသမ္မတ (၁၉၈၁ – ၁၉၈၇) အဖြစ် ချန်းဒူဝမ်သည် မတရားသဖြင့် အာဏာ
ကို အရယူခဲ့သည်။
မြန်မာစစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီးများနှင့် ကိုရီးယား စစ်အာဏာသိမ်းဗိုလ်ချုပ်ကြီးများ မတူသော အချက်များထဲမှ
တချို့မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အစိုးရ၏ အုပ်ချုပ်မှု အာဏာထဲ စစ်တပ်၏ အခန်းကဏ္ဍကို နအဖစစ်
ဗိုလ်ချုပ်ကြီးများလို ဇွတ်အတင်းအဓမ္မထည့်သွင်းရန် မကြံစည်ကြခြင်းနှင့် အာဏာသိမ်းအပြီး (၁) နှစ်၊ (၂) နှစ်အတွင်း စစ်ယူနီဖောင်းကို ချွတ်ရဲသော သတ္တိရှိခြင်းတို့ ဖြစ်သည်။
ချန်းဒူဝမ်၏ ဖိနှိပ်ရက်စက်မှု ပြင်းထန်လာသည်နှင့်အမျှ၊ အမှန်တရားအတွက်၊ လွတ်လပ်ခွင့်အတွက် အသက်နှင့်
ဘ၀များစွာကို ပေးဆပ်သွားကြသော နောင်တော်ကြီးများ၏ စိတ်ဓာတ်(သို့) ဂွမ်ဂျူး စိတ်ဓာတ်သည် ကိုရီးယားပြည်
သူများထံတွင် ပိုပြီးခိုင်မာရင့်ကျက်လာသည်။
ချွင်းချက်တော့ရှိသည်။ လူသားတွေ စုစည်းပြီးဆင်နွှဲသော တော်လှန်ရေးဖြစ်တာကြောင့် အား မတန်၍ တော်လှန်
ရေးကို လမ်းခုလပ်တွင် စွန့်ခွာသွားသူများလည်း ရှိသည်။ တောင့်မခံနိုင်၍ ရပ်တည်ချက်နှင့် လေသံပြောင်းသွားသူ
တို့လည်း ရှိသည်။ အပြောင်းအလဲတစုံတရာ ရှိလာတော့ မည်ဟု မိမိဘာသာသုံးသပ်ပြီး အပြောင်းအလဲကာလမှာ
အာဏာလိုချင်ဇော အခွင့်ထူးတခုခု လိုချင်ဇောဖြင့် လူလည်ကျလိုမှုကို ပျော့ပြောင်းခြင်းအဖြစ် ခေါင်းစဉ်တပ်သူများ
လည်း ရှိသည်။
ဂွမ်ဂျူးစိတ်ဓာတ်နှင့် ဂွမ်ဂျူးအတွေးအခေါ်သည် ထိုသူများပြောဆိုခဲ့ကြသည့် “ပျော့ပြောင်းသော အတွေးအခေါ်”
ဆိုသည်များထက် အတိုင်းအဆမရှိ သာလွန်သည်။ ကိုရီးယားတို့၏ ဂွမ်ဂျူးစိတ်ဓာတ်၊ ဂွမ်ဂျူးအတွေးအခေါ်နှင့်
မြန်မာပြည်သူတို့၏ ရှစ်လေးလုံးစိတ်ဓာတ်၊ ရှစ်လေးလုံး အတွေး အခေါ်များသည် ပေးဆပ်မှုသက်သက်သာဖြစ်
သည်။ အနာခံမှုသက်သက်သာဖြစ်သည်။ မိမိတဦး ချင်းအကျိုးထက် တိုင်းပြည်နှင့်ပြည်သူလူထုအကျိုးကို တည့်
တည့်ကြည့်သော စိတ်ဓာတ်ဖြစ်သည်။ တဦးချင်း၏ ဘ၀နှင့် အသက်တွေကို ပေးဆပ်ရင်းနှီးပြီး တနိုင်လုံး၏ အနာ
ဂတ်သစ်အတွက် မြှုပ်နှံ တည်ဆောက်ဝံ့သည့် စိတ်ဓာတ်ဖြစ်သည်။
ဂွမ်ဂျူးစိတ်ဓာတ်ကို ခိုင်ခိုင်မာမာဆုတ်ကိုင်ထားကြသော ကိုရီးယားပြည်သူများသည် ၁၉၈၀ ပြည့်မှ ၁၉၈၇ ခုနှစ်
အတွင်း လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့်၊ လွတ်လပ်စွာ ပညာသင်ခွင့်၊ လွတ် လပ်စွာ တွေးခေါ်ကြံဆပိုင်ခွင့်၊
လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်၊ လွတ်လပ်စွာလှုပ်ရှားပိုင်ခွင့် စသည့် အခွင့်အရေးဆိုင်ရာ တိုက်ပွဲများနှင့် အခွန်အခ
လျော့ချရေး၊ အဓမ္မသိမ်းဆီး ပြောင်းရွေ့မှုများကို ရပ်ဆိုင်းပေးရေး၊ လယ်သမားအလုပ်သမားများ၏ အခွင့်အရေး
များကို ဖော်ဆောင်ပေးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းးသိမ်းပေးရေး၊ လူနေမှုဘ၀မြှင့်တင်ပေးရေး အစရှိသည့်
အရေးအရာ များအတွက် အဆက်မပြတ် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည်။
ပြည်သူများ၏ နစ်နာချက်များနှင့် ရပိုင်ခွင့်များကို လျစ်လျူရှုပြီး မိမိအာဏာတည်မြဲရေးကိုသာ ဦးတည်လုပ်ကိုင်ခဲ့
သောအာဏာရှင် ချန်းဒူဝမ် အစိုးရ၏အင်အားသည် အချိန်ကြာလာသည်နှင့်အမျှ တစထက်တစ ကျဆင်းလာခဲ့သည်။
အင်အားကျဆင်းလာသော်လည်း ပြည်သူကို ထိပ်တိုင်ရင်ဆိုင်လိုမှုနှင့် အကြမ်းဖက်လိုမှုမှာ လျော့ပါးမသွားဘဲ ပိုမို၍
ပင် ကြီးမားလာသည်။ ပေးဆပ်စရာဘ၀နှင့် အနစ်နာခံစရာ အတိုင်း အတာကုန်သွားသော ကိုရီးယားပြည်သူများ
သည် ၁၉၈၇ ခုနှစ် ဇွန်လ (၁၀) ရက်နေ့မှစ၍ လုပ်နေဆဲအလုပ်များကိုရပ်ခဲ့ပြီး၊ သင်နေသောပညာများကို ရပ်ထား
ခဲ့ကြပြီး အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ဘာသာရေးအသင်းအဖွဲ့များ စသည်ဖြင့် အသွေးအရောင်အမျိုး
မျိုးတို့ လမ်းမပေါ်သို့အဆက်မပြတ် စုရုံးရောက်ရှိလာတော့သည်။
ပြည်သူများ၏ ညီညွတ်မှုများ အရှိန်အဟုန်ဖြင့် အားကောင်းလာသည်ဆိုသည့်တိုင် ချန်းဒူဝမ် အစိုးရသည် ပြည်သူ
တို့၏ဆန္ဒကို ချက်ချင်းလိုက်လျောလိုက်ခြင်း မဟုတ်ပါ။ စစ်အာဏာရှင်ပီသစွာ ပြည်သူကို ရက်ရက်စက်စက် ဖမ်းဆီး
ပစ်ခတ်ခဲ့ပါသည်။ ကိုရီးယားပြည်သူတို့၏ ညီညွတ်မှုကို ရက်စက်စွာ အကြမ်းဖက်ဖြိုခွဲခဲ့ပါသည်။
သို့သော် ဂွမ်ဂျူးအရေးအခင်း အတွေ့အကြုံ ရှိပြီးသားဖြစ်သည့် ကိုရီးယားပြည်သူများသည် နောက်တွန့်တွေဝေ
မနေတော့ဘဲ အဆက်မပြတ် ညီညွတ်စွာဆင်နွှဲသဖြင့် ဇွန်လ (၂၉) ရက်နေ့တွင် ချန်းဒူဝမ်အစိုးရသည် ပြည်သူများ၏
အလိုကျ အချက် ရှစ်ချက်ပါ ကြေညာချက်ကို မလွှဲ မရှောင်သာ ထုတ်ပြန်ပေးလိုက်ရတော့သည်။
ဇွန်လသည် ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်အတွက် ခိုင်ခိုင်မာမာ အုပ်မြစ်ချနိုင်ခဲ့သော ထူးမြတ်လှသော အချိန်အခါလည်းဖြစ်ခဲ့သည်။ ဂွမ်ဂျူးစိတ်ဓာတ်အောင်ပွဲခံသော တိုက်ပွဲကာလလည်း ဖြစ်ခဲ့သည်။
ဇွန်လအရေးအခင်းအောင်ပွဲမှ ရရှိလာသော ဇွန်လ (၂၉) ရက်ကြေညာချက်ပါ အချက် ရှစ်ချက်ကို အကောင်အထည်
ဖော်ဆောင်ရာမှ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများကျင်းပနိုင်၍ ကင်ဒေးဂျုံကဲ့သို့သော ပြည်သူချစ်
ခင်အားကိုးသော နိုင်ငံရေးခေါင်းဆောင်များလည်း ရွေး ကောက်ပွဲတွင် ပါဝင်နိုင်ခဲ့ကြသည်။
အရွေးချယ်ခံ သမ္မတ၏ အစိုးရအဖွဲ့သည် အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းလက်ခံရယူနိုင်ခဲ့ခြင်း၊ လူ့အခွင့်အရေးကို ကာကွယ်ပေးသောဥပဒေများ၊ ဒေသအလိုက် ပညာရေးနှင့် ပတ်သက်သည့် ဆောင်ရွက်နိုင်ခွင့်များ၊ ဒေသအလိုက်
စီမံပြဋ္ဌာန်းခွင့်များ၊ သတင်းလွတ်လပ်ခွင့်ဥပဒေများကို တဆင့်ခြင်း ပြဋ္ဌာန်းအကောင်အထည်ဖော်နိုင်ခဲ့သည်။
ကိုရီးယား၏ ၁၉၈၇ ခုနှစ် ဇွန်လအရေးအခင်းသည် အနှစ် (၂၀) ပြည့်ပြီဖြစ်သလို၊ မြန်မာ ပြည်သူ များ၏ ၁၉၈၈
ခုနှစ် ရှစ်လေးလုံးအရေးအခင်းသည်လည်း လာမည့်နှစ်တွင်အနှစ် (၂၀) ပြည့်ပေ တော့မည်။ ဒီမိုကရေစီအရေးကို
ဆောင်ရွက်သဖြင့် အဖမ်းအဆီး အနှိပ်စက်ခံခဲ့ရသော ကင်ဒေးဂျုံနှင့် ကင်ယုံစမ်သည် ကိုရီးယားနိုင်င်ငံ၏ သမ္မတကြီး
များအဖြစ် တာဝန်ထမ်းဆောင်ခွင့်ကို ရရှိခဲ့ ကြပြီး ယခုဆိုလျင် အေးချမ်းစွာ အနားပင် ယူနေကြပေပြီ။
မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ကြီးများကတော့ ယူနီဖောင်းလည်း မချွတ်ရဲသေးသလို၊ ဒေါ်အောင်ဆန်း စုကြည်နှင့် အကျဉ်း
ထောင် အသီးသီးက နိုင်ငံရေးအကျဉ်းသားများကိုလည်း ပြန်မလွှတ်ရဲသည် အထိ ဖြစ်နေပါသည်။ မြန်မာဗိုလ်ချုပ်
်ကြီးများတွင် ကိုရီးယားမှ အာဏာရှင် ချန်းဒူဝမ်၏ ယူနီ ဖောင်းကို ရဲရဲချွတ်၍ ထောင်ထဲမှ နိုင်ငံရေးအကျဉ်းသားများ
ကို ရဲရဲလွှတ်ပေးလိုက်မည်ဆိုသည့် သတ္တိမျိုး ရှာလို့မရအောင် ရှားပါးနေပါသည်။
ယနေ့ဆိုလျှင် ဂွမ်ဂျူအရေးအခင်း ပြီးခဲ့သည်မှာ (၂၇) နှစ်ပြည့်ခဲ့ပြီး၊ ၁၉၈၇ ဇွန်လအရေးအခင်း ကြီးကို ပြီးသတ်
အောင်ပွဲခံနိုင်ခဲ့သည်မှာ အနှစ် (၂၀) ပြည့်လေပြီ။ ဇွန်လအရေးအခင်း နှစ် (၂၀) ပြည့် အောက်မေ့ဂုဏ်ပြု အခမ်း
အနားကို ကျင်းပရန် ကိုရီးယားပြည်သူများမှ ကြိုးစားပြင်ဆင် နေသလို၊ ကိုရီးယားအစိုးရမှလည်း နိုင်ငံတော်အခမ်း
အနားဖြင့် ကျင်းပရန် စီစဉ်နေသည်။
နှစ်စဉ် ဇွန်လသို့ရောက်တိုင်း ပြည်တွင်းပြည်ပမှ ဧည့်သည်တော်များကိုပါ ဖိတ်ကြားပြီး ဒီမိုကရေစီ အောင်ပွဲကို ကိုရီးယားပြည်သူများနှင့်အတူ ဆင်နွှဲစေခဲ့သည်။ ကိုရီးယားနိုင်ငံတွင် အာဏာရှင်စနစ် ချုပ်ငြိမ်းသွားတာ နှစ်(၂၀) ပြည့်မြောက်သွားသော်လည်း ဂွမ်ဂျူးစိတ်ဓာတ်သည် ယနေ့တိုင် ရှင်သန် နေဆဲဖြစ်သည်။
ယနေ့အချိန်တွင် ဂွမ်ဂျူးစိတ်ဓာတ်သည်လည်းကောင်း၊ ဂွမ်ဂျူးအတွေ့အကြုံများသည်လည်းကောင်း ကိုရီးယားပြည်
သူများအတွက်သာ မဟုတ်တော့ဘဲ အဖိနှိပ်ခံ ကမ္ဘာ့ပြည်သူအားလုံးအတွက်ပါ အလေးအမြတ်ပြုစရာ ဖြစ်နေပေပြီ။
ကိုရီးယားမှ အာဏာရှင်များကျဆုံးသွားသည့်နည်းတူ မည်သို့ သောနိုင်ငံက အာဏာရှင်မဆို မုချ ကျဆုံးရမည်ဖြစ်
ပေသည်။
ဝေးခြင်း၊ နီးခြင်း၊ မြန်ခြင်း၊ နှေးခြင်းသည် အခြေအနေ အရပ်ရပ်ပေါ် တည်ပါလိမ့်မည်။ ဂွမ်ဂျူး စိတ်ဓာတ်နှင့် ထပ်
တူဖြစ်သော ရှစ်လေးလုံးစိတ်ဓာတ်ကို အခိုင်အမာ ကိုင်စွဲထားသော မြန်မာပြည်သူများအဖို့လည်း စစ်အာဏာရှင်
စနစ်ကို အချိန်ကာလတခုမှာ မုချ ဖျက်သိမ်းပစ်နိုင်ပါ လိမ့်မည်။ ။
Filed under: ဆောင်းပါး | Leave a comment »