“စစ်အုပ်စုအား စွဲချက်တင်ခြင်း” (၅) -လင်းဆွေ (၂၉-၉-၀၇)

စိန်စီသောည၊ Expire ဘ၀များနှင့် မြန်မာ့စီးပွားရေး (၁၉)နှစ်စစ်တမ်း

(၁)

စစ်အုပ်စုဟာ အာဏာသိမ်းပြီးတဲ့နောက် စီးပွားရေးစနစ်ကို ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးမယ် ဆိုပြီး တံခါးဖွင့်ပါတယ်။ ဒီလိုစီးပွားရေးလမ်းစဉ်တခုကို ပြောင်းလဲချမှတ်တဲ့နေရာမှာလည်း စနစ်
တကျ ပညာရှင်များနဲ့ ဆွေးနွေးညှိုနှိုင်းပြင်ဆင်းပြီး ချမှတ်ခဲ့ကြတာမဟုတ်ပါဘူး။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ကျင့်သုံးခဲ့တဲ့ စီမံကိန်းစီးပွားရေးစနစ်ဟာ မအောင်မြင်ဘူး။ တိုင်းပြည်ဆင်းရဲ မွဲတေပြီး ချွတ်ခြုံကျရတယ်။ ဒီတော့ စီမံကိန်းစီးပွားရေးစနစ်က ပြောင်း။ ဒီဟာ မကောင်းရင် ဟိုဟာပြောင်း ဆိုသလို စစ်အုပ်စုက ဈေးကွက်စီးပွားရေးဆိုပြီး ပြောင်းလဲကျင့်သုံးခဲ့ တာပါ။ အဲ့တော့ စစ်အုပ်စုရဲ့ ဈေးကွက်စီးပွား ရေး ကနဦးကာလ အရင်းအနှီး စုဆောင်းမှုက ဘယ်လို ပါလဲ။
ကနဦး လုပ်ငန်းရှင်ကြီးတွေကတော့ …။

မ.ဆ.လ လူထွက်လုပ်ငန်းရှင်တွေ စစ်အုပ်စုရဲ့ ဆွေတော် မျိုးတော်တွေ။ ကိုးကန့်အနွယ်ဝင်လုပ်ငန်း ရှင်တွေနဲ့ မြန်မာပြည်ဖွား တရုတ်လူမျိုးလုပ်ငန်းရှင်ကြီးတွေပါပဲ။ မဆလခေတ် မှောင်ခိုစီးပွားရေးက ရထားကြတဲ့ ငွေကြေးအရင်းအနှီး၊ မူးယစ်ဆေးဝါးကရတဲ့ ငွေကြေးအရင်းတွေနဲ့ စစ်အုပ်စုရဲ့ဈေးကွက် စီးပွားရေး အရင်းအနှီး စုဆောင်းမှုကို စခဲ့ကြတာပါ။ ငွေမဲများနဲ့ စတဲ့စီးပွားရေးပါ။ ဒီတော့ စစ်အုပ်စု ရဲ့ဈေးကွက်စီးပွားရေးက စကတည်းက ယဉ်သကိုလို့ ဆိုရမှာပါ။

ဒီလိုနဲ့စခဲ့တဲ့ စစ်အုပ်စုရဲ့ ဈေးကွက်စီးပွားရေး ဖုတ်သွင်းရထားကြီးက သက္ကရာဇ်များကိုတနှစ်ပြီးတနှစ် ကျော်ဖြတ်လို့ လာခဲ့တယ်။ (၁၉) နှစ်ရှိခဲ့တဲ့ ဒီနေ့ ဒီအခြေအနေမှာ နိုင်ငံရဲ့စီးပွားရေးအခြေအနေက ဘယ်လိုလဲ။ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ လူမှုဘ၀များကရော ဘယ်လိုပါလဲ။

(၂)

ဗိုလ်ချုပ်မှူးကြီးရဲ့စိန်စီသော ပွဲသဘင်ဆင်ယင်နေတဲ့ အချိန်မှာ သာမာန်ပြည်သူလူထုအတွင်းမှာတော့ ထမင်းရည်ဟာ ကုန်စည်တမျိုးအဖြစ်နဲ့ ၀ယ်လိုအား ကောင်းနေခဲ့ရတယ်။ နေ့စား၊ အလုပ်သမား လေးတဦး တနေ့ကျပ် (၅၀၀) ရဖို့ နေပူကျဲကျဲထဲ ချွေးသံရွှဲရွှဲနဲ့ ကုန်းရုန်းလုပ်နေရတဲ့အချိန်မှာ ဦးပိုင် လိမီတက်မှာ အစုရှယ်ယာထည့်ဝင်ထားခွင့်ရတဲ့ စစ်တပ်ရဲ့ ဆွေတော်မျိုးတော်များကတော့ (၃၀)% အမြတ်ကို အချိန်တန် ထုတ်ယူရရှိလို့နေပါတယ်။

နိုင်ငံစီးပွားရေးနဲ့ တဆက်တည်းဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ အညွှန်းပြချက်တွေကို ကြည့်မယ် ဆိုရင်လည်း (၅) နှစ်အောက် ကလေးငယ်များရဲ့ သေဆုံးမှုမှာ အဟာရချို့တဲ့လို့ သေကြရတာက (၄၉.၃) % ရှိပါတယ်။ (၅) နှစ်ပြည့်လို့ မူလတန်းပညာကို စတင်မသင်ကြားနိုင်ကြတဲ့ ခလေးတွေက (၅၇) % ရှိနေပါတယ်။ ကျောင်းနေနိုင်ခဲ့တဲ့ ကလေး (၄၃) % ဟာလည်း မူလတန်းပညာပြီးလို့ အလယ်တန်းပညာကို ဆက်သင် နိုင်ကြတဲ့ကျောင်းသားက (၂၅)% သာရှိပြီး (၇၅)% က မူလတန်းပညာနဲ့ပဲ ပြီပြီး ကျောင်းထွက်လိုက်ကြပြန် ပါတယ်။

ကျေးရွာပေါင်း ၄၇၁-ရွာမှာ ကျေးလက်ဆေးပေးခန်း တခုသာ ရှိတဲ့ ဒီနိုင်ငံမှာလူ့သက်တမ်းဟာလည်း ၅၈-နှစ်သာရှိပါတော့တယ်။ အခြားအိမ်နီးချင်း အာရှနိုင်ငံတွေထက် (၆) နှစ်လျော့နည်းလို့နေတယ်။ လူ့ဘ၀ဆိုတာ ရခဲပါတယ်။ အပ်ဖျားချင်းထိဖို့ခက်ခဲသလို ခက်ခဲတယ်။ ဒီလိုရခဲတဲ့ လူဘ၀ကို စစ်အုပ်စုလက်အောက် မြန်မာနိုင်ငံမှာ ရခဲ့ရင်တော့ အခြား အိမ်နီးချင်း နိုင်ငံက လူ့ဘ၀ထက် (၆) နှစ် သက်တမ်းတိုပြီး လူ့ဘ၀ကို ရကြရမှာပါပဲ။ မတတ်နိုင်။ မနုသတ္တ ဒုလဘ္ဘ။

(၃)

စစ်အုပ်စုရဲ့ (၁၉) နှစ်တာ စီးပွားရေးကိုကြည့်ရင် ထောင်တက်နေတာတွေကတော့ ကုန်စည်းဈေး နှုန်းတွေ။ ငွေကြေးဖောင်းပွမှုတွေပါ။ ပေါများလာတာကတော့လှည့်လည်သုံးစွဲနေတဲ့ ကျပ်ငွေပမာဏ။ ကျဆင်းနေတာ ကတော့ မြန်မာကျပ်ငွေတန်ဘိုး။ နှစ်စဉ်နှစ်တိုင်းလိုနေတာကတော့ အစိုးရရဲ့ ဘတ် ဂျတ်လိုငွေလို့ ဆိုရမှာပါ။

တွေ့ရတဲ့အညွှန်းပြကိန်းတွေကို ချုပ်ကြည့်လိုက်ရင် အဖြေက။ စစ်အုပ်စုနဲ့ဈေးကွက်စီးပွားရေးဟာ ပုံပျက်ပန်းပျက်နဲ့ ပျက်စီးကျဆင်းနေတာပါပဲ။ စစ်အုပ်စုရဲ့ ဒီဘက် (၁၀) နှစ်ရဲ့ ကုန်စည်ဈေးနှုန်း ကိုကြည့်ရင် ၁၉၉၇ ခုနှစ် ဇူလိုင်လမှာ ရွှေဈေးက (၄၄,၀၀၀) ကျပ်ရှိခဲ့တယ်။ ပေါ်ဆန်းမွှေးဆန်က တအိတ်ကို (၂,၅၀၀) ကျပ် ဈေးပါ။ ဆယ်နှစ်ကြာသွားတဲ့ ၂၀၀၇ ခုနှစ် ဇူလိုင်လမှာတော့ ရွှေဈေးက (၄၆၆,၀၀၀) ကျပ်ထိ တက်လာခဲ့ပြီး ပေါ်ဆန်းမွှေးဆန်ကလည်း တအိတ်ကို (၂၈,၅၀၀) ကျပ်ဖြစ် လာပါတယ်။ ဆယ်နှစ်အတွင်း ကုန်စည်ဈေးနှုန်း (၁၁) ဆကျော် ထိုးတက်ခဲ့တာပါ။ ကုန်စည်ဈေးနှုန်း ဆတိုးတက်နေတာနဲ့ အချိုးတူစွာပဲ ဖြစ်လာတာက ငွေကြေးဖောင်းပွမှုပါ။

နောက်တခုက မြန်မာ့ကျပ်ငွေတန်ဘိုး။ ဘယ်လိုလဲ။ တရားဝင်သတ်မှတ်တဲ့ ငွေလဲမှု စံနှုန်းကတော့ အမေရိကန် တစ်ဒေါ်လာကို (၆) ကျပ်လောက်ပါပဲ။ ဒါပေမယ့် လက်တွေ့မှာ တရားဝင်သတ်မှတ် အသုံးပြုနေရတဲ့ ကျပ်ငွေရဲ့ တန်ဘိုးကတော့ အမေရိကန် တဒေါ်လာကို ၁၉၈၈-၈၉ မှာ (၅၅) ကျပ်၊ ၁၉၉၀မှာ (၆၂) ကျပ်၊ ၉၁ မှာ (၈၁) ကျပ်၊ ၉၂ မှာ (၁၀၀) ကျပ် ၊ ၉၄ မှာ (၁၂၀) ကျပ်၊ ၉၅ မှာ (၁၂၅) ကျပ်၊ ၉၇မှာ (၁၈၀-၃၀၀)-ကျပ်။ နှစ်စဉ် အမြဲကျလာ လိုက်တာ ၂၀၀၇ မှာ တော့ (၁၅၀၀) ကျပ် အထိ ဖြစ်ခဲ့ပါပြီ။

ဘောဂဗေဒပညာရှင်များရဲ့အဆိုအရ။ ဒေါ်လာတန်ဖိုးတိုးနှုန်းဟာ ကျပ်ငွေပမာဏ (Money Supply) တိုးတဲ့နှုန်းနဲ့ တိုက်ရိုက်အချိုးတူပါပဲလို့ ဆိုပါတယ်။ နောက်တဆက်တည်း ဆက်နွယ်နေတာက အစိုးရရဲ့ ဘတ်ဂျတ်လိုငွေပြမှု ပါ။ ဘတ်ဂျတ်လိုငွေတိုးတဲ့  ပမာဏနဲ့အညီ ကျပ်ငွေ ငွေကြေးပမာဏ တိုးတဲ့ ပမာဏဟာလည်း အတူတူရှိပြန်ပါ တယ်။ ဥပမာ ပြောရရင် ၁၉၉၅-၉၆ မှာ အစိုးရရဲ့ဘတ်ဂျတ် လိုငွေဟာ ကျပ်သန်းပေါင်း (၅၁,၄၇၂) သန်း ရှိခဲ့တယ်။ အဲ့ဒီ ပမာဏအတိုင်းပါပဲ။ ငွေကြေးပမာဏ လည်းတိုးခဲ့ပါတယ်။ အဲ့လိုတိုးတဲ့အခါမှာ ပုဂ္ဂလိကများက ဘဏ်အပ်ငွေကျပ်သန်း နှစ်သောင်းကျော်နဲ့ ၀ါဇီကရိုက်ထုတ်လိုက်ရတဲ့ ကျပ်သန်းပေါင်း ၂၅,၀၀၀ ကျော် ပမာဏကို ဖြည့်လိုက်ရပါတယ်။

အစိုးရရဲ့ဘတ်ဂျတ်လိုငွေပြမှုကလည်း နှစ်စဉ်နှစ်တိုင်းဆိုသလို လိုငွေပြမှုက တိုးနေတာပါ။ လိုငွေပြမှု တိုးသလောက်ကို ၀ါဇီက ကျပ်ငွေစက္ကူတွေ ရိုက်ထုတ်ပြီး ဖြည့်နေရပါတယ်။ အစိုးရရဲ့ ဘတ်ဂျတ် လိုငွေပြမှုက စလာတဲ့ဖြစ်စဉ်ဟာ မုန့်လုံးစက္ကူကပ်လို ဖြစ်နေတော့တာပါပဲ။ ဘတ်ဂျတ်လိုငွေပြလေ ငွေကြေးပမာဏက လိုက်တိုး ငွေကြေးပမဏတိုးတဲ့နှုန်းနဲ့ ဒေါ်လာတန်ဖိုးက တိုးလာ ဒေါ်လာတန်ဖိုး တိုးတော့ကျပ်ငွေတန်ဖိုးကျ။ ကျပ်ငွေတန်ဖိုးကျတာနဲ့အမျှ ငွေဖောင်းပွမှုကကြီးမားလာပြီး။ နောက်ဆုံး တော့ ကုန်စည်ဈေးနှုန်းများက အဆမတန်တက်။ အဆုံးမှာတော့ ပြည်သူလူထုသာပင် ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို အလူးအလဲ ထိတွေ့ခံစားနေကြရတော့တာပါပဲ။

အရင်းစစ်ကြည့်ရင် အစိုးရရဲ့ဘတ်ဂျတ်လိုငွေပြနေမှုဟာ အဓိကပြဿနာပါ။ ဒီပြဿနာကို မဖြေရှင်း နိုင်သ၍တော့ “မုန့်လုံးစက္ကူကပ်” ဖြစ်စဉ်ထဲက ထွက်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့ နှစ်စဉ်နှစ်တိုင်း အစိုးရရဲ့ ဘတ်ဂျတ်ဟာ လိုငွေပြနေရသလဲ။ အဖြေက တကြောင်းတည်းနဲ့ပြီးပါတယ်။ စစ်အုပ်စုရဲ့ မက္ကရို စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းလို့ပါပဲ။ နောက်တဆင့်တက်ပြီး ပြောရရင်တော့ စစ်အုပ်စုဟာ
မက္ကရို စီးပွားရေးစီမံခန့်ခွဲမှုကို ဈေးကွက်စီးပွားရေး ဖွံ့ဖြိုးမှုရှုဒေါင့်က စီမံခန့်ခွဲခြင်းမျိုးမလုပ်ဘဲ စစ်အာဏာရှင်စနစ် ရှင်သန်တည်မြဲရေးဘက်က ရပ်ပြီး စီမံခန့်ခွဲလို့ပဲဖြစ်ပါတယ်။

တိုင်းပြည်အတွက် မလိုအပ်ဘဲ တပ်မတော်အင်အားကို တိုးချဲ့တယ်။ ဒီတော့ ကာကွယ်ရေးစရိတ်က တက်လာပါ တယ်။ ၁၉၉၇-၉၈ မှာ ကာကွယ်ရေး အသုံးစရိတ်က အစိုးရဘတ်ဂျတ်အားလုံးရဲ့ (၃၀.၆)% သုံးပါတယ်။ ဒါက လွန်ခဲ့တဲ့ (၁၀) နှစ်က၊ ကာကွယ်ရေးအသုံးစရိတ်ပါ။ အခု စစ်အုပ်စုက ကြပ်ပြေးနေပြည်တော် တည်ပြန်ပါတယ်။ နေပြည်တော်တိုင်းဆိုပြီး စစ်တိုင်းကြီးလည်း တိုးချဲ့ပြန် ပါတယ်။ ၂၀၀၇ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်က လွန်ခဲ့တဲ့ ၉၇ ခုနှစ်ကထက် ရာခိုင်နှုန်းဘယ်နှစ်ဆ များမလဲ။ နောက်ပြီး ကြံ့ဖွံ့၊ စွမ်းအားရှင်၊ အမျိုးသမီးအဖွဲ့များ ဖွဲ့ပါတယ်။ အသုံးစရိတ်များက အစိုးရရဲ့ ဘတ်ဂျတ်ထဲက သုံးပါတယ်။ ဒီတော့ အစိုးရရဲ့ ဘတ်ဂျတ်လိုငွေဟာ တိုးပြီးရင်း တိုးလို့သာ နေတော့မှာပါ။

(၄)

ဈေးကွက်စီးပွားရေးရဲ့ အဓိကအနှစ်သာရက ဈေးကွက်ကိုလွတ်လပ်စွာ ဖွင့်ထားပေးဖို့နဲ့ လက်ဝါးကြီး အုပ်မှု မရှိဖို့ပါပဲ။ ဈေးကွက်အတွင်းမှာ ဈေးနှုန်းတွေဟာ ဈေးကွက်ရဲ့ပြဌာန်းမှုနဲ့ ဖြစ်ပေါ်နေမှာပါ။ အတက်အကျ ရှိနေပါမယ်။ ဒါဟာ ဈေးကွက်ရဲ့ သဘာဝပါ။ ဈေးကွက် ဈေးနှုန်း အတက်အကျကများ နေပြီး “မျှခြေ” ဖြစ်ဖို့လိုရင်လည်း ဈေးကွက်ကပဲမောင်းနှင်ပေးသွားပါလိမ့်မယ်။ ဒါကို ဈေးကွက်စီးပွား ရေးရဲ့ ခေါင်းကိုင်ဖခင်ကြီးဖြစ်တဲ့ ဒေါက်တာ အဒမ်စမစ်ကတော့ “မမြင်ရသောလက်” က ဈေးကွက်ကို တည်ငြိမ်အောင် ထိန်းပေးတာလို့ ဆိုပါတယ်။

ဒါပေမယ့် ၀ီစီမှုတ်ပြီး၊ သေနတ်သာဖောက်တတ်တဲ့ စစ်အုပ်စုကတော့ ဈေးကွက်စီးပွားရေးစနစ် ဆိုင်းဘုတ်ရှေ့ကနေပြီး ကုန်ဈေးနှုန်းတွေကို အမိန့်ပေးသတ်မှတ်နေပြန်ပါတယ်။ ဆန်ကုန်သည်ကြီး များကိုခေါ်ပြီး စပါးဈေး၊ ဆန်ဈေးကို ဘယ်၍ ဘယ်မျှနဲ့ရောင်း မကျော်စေနဲ့၊ ဈေးမကစားနဲ့ သတ်မှတ် ဈေးထက် ကျော်ရင် ဖမ်းမယ်။ ဆီကုန်သည်ကြီးများကိုလည်း ဒီအတိုင်းပါပဲ။ ဆန်ဈေး၊ ဆီဈေးတွေ ကိုဝီစီမှုတ် အမိန့်ပေးပြီး သတ်မှတ်နေတာပါ။ ထူးဆန်းစွာပါပဲ။ လွတ်လပ်တဲ့ဈေးကွက် စီးပွားရေး ကျင့်သုံးတာပါဆိုတဲ့ မြန်မာပြည်ရဲ့ ဈေးကွက်မှာ မှောင်ခိုဈေးနှုန်းဆိုပြီးဖြစ်လာခဲ့တာပါပဲ။ ဘုရင်နောင် ကျော်ထင်အနော်ရထာရဲ့ စစ်ချီ၊ စစ်တက်လောက်သာ လေ့လာဖူးတဲ့ စစ်အုပ်စုဟာ ဒေါက်တာ အဒမ်စမစ်ရဲ့ “မမြင်ရသောလက်” သဘောတရားကို မသိဘဲ ဈေးကွက်စီးပွားရေးစနစ်ကို အကောင် အထည်ဖော်နေကြပြန်တာလည်း အခက်သား။

ဈေးကွက်စီးပွားရေးစနစ်ရဲ့ “ရှင်သန်”မှုက လွတ်လပ်စွာ ပြိုင်ဆိုင်မှု ရှိခြင်းပါပဲ။ ဈေးကွက်ထဲမှာ ပါဝင်ကြတဲ့ အင်အားစုအားလုံးဟာ “ ပြင်ညီကွင်း” မှာ ရှင်ပြိုင်နိုင်ခွင့်၊ အခွင့်အရေးရှိဖို့ပါ။ အဲ့လိုမဟုတ် ရင် လက်ဝါးကြီး အုပ်မှုက ကြီးစိုးထားပြီးရှင်ပြိုင်ခွင့် အခွင့်အရေးက ပြင်ညီကွင်း မဖြစ်ဘူး။ နီးစပ်ရာ အသိုင်းအ၀ိုင်းက တာထွက်သာနေမယ့် အခြေမျိုးရှိနေပြီဆိုရင်တော့ အဲ့ဒီဈေးကွက်ဟာဈေးကွက်သေ ဖြစ်နေမှာပါ။ စစ်အုပ်စုရဲ့ ဈေးကွက်စီးပွားရေးမှာ ခေတ်တွေရှိခဲ့ပါတယ်။ ထွန်းကြည်ခေတ်၊ ခင်ညွှန့် ခေတ်၊ သန်းရွှေခေတ် စသဖြင့်ပါ။ အဲ့ဒီခေတ်တွေအလိုက် တာထွက်စောခဲ့ကြရတဲ့ ပုဂ္ဂိုလ်များ ရှိခဲ့ကြ ပါတယ်။ မေဖလားဝါးဦးကျော်ဝင်း၊ အာရှဓန ဦးအိုက်ထွန်း။ ယုဇန ဦးဌေးမြင့်၊ ဆရာကျောင်း။ အခု နောက်ဆုံးက ဦးတေဇတို့ခေတ်ပါ။

နောက်တခုကတော့ လက်ဝါးကြီးအုပ်မှုပါ။
၁၉၉၀ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ “စီးပွားရေးဦးပိုင် လီမိတတ်” ရဲ့ လက်ဝါးကြီးအုပ်ချုပ်ကိုင်မှုပါ။ စစ်တပ်က စီးပွားရေးမှာ ၀င်ရောက်လက်ဝါးကြီးအုပ်မှုပါပဲ။ စစ်အုပ်စုရဲ့ အာဏာစီးဆင်းမှု စာရင်းအရ နံပါတ် (၃-၄) အဆင့် ရှိတဲ့ ဗိုလ်ချုပ်ကြီးတဦးက ဦးပိုင်ရဲ့ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီးလုပ်ပါတယ်။ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေက လီမိတက်ရဲ့ အဖွဲ့ဝင်တွေပါ။ `မ´ တည်အရင်းအနှီးက နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေနဲ့ စပါတယ်။ နိုင်ငံတော် ဘဏ္ဍာငွေဆိုတာက သိကြတဲ့အတိုင်း ပြည်သူတွေရဲ့ အခွန်ဘဏ္ဍာ တွေပါ။ အကျိုးအမြတ်ခံစားကြရတာကတော့ စစ်တပ်ရဲ့ ဆွေတော် မျိုးတော်တသင်းပါပဲ။

၂၀၀၂ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာအရ – အဲဒီနေ့အထိ လုပ်ငန်းပေါင်း ၄၈-မျိုးကို လုပ်ကိုင်နေခဲ့ ပါတယ်။ အပ်ချုပ်ဆိုင်လုပ်ငန်းကအစ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအလယ် ဘဏ်လုပ်ငန်း၊ ကျောက် မျက်ရတနာ တူးဖော်ရေးလုပ်ငန်းအဆုံး။ အကုန်လုပ်ပါတယ်။ အာဏာနဲ့ ဆက်ထားတဲ့အတွက် လက်တံက ရှည်ပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းကလွဲလို့ ကျန်တဲ့မြန်မာ့စီးပွား ရေးကဏ္ဍအားလုံးက လုပ်ငန်းအမျိုးမျိုးတိုင်းမှာ ဦးပိုင်က၀င်ပြီး လုပ်ပါတယ်။ မြန်မာ့စီးပွားရေးရဲ့ (၆၅)% လောက်ကို စီးမိထားပြီး လုပ်နေတာဖြစ်ပါတယ်။ သွင်းကုန်နဲ့ ပတ်သက်ရင် ဆီကုန်သည်ကြီး များအသင်းက နိုင်ငံခြားက စားဆီတင်သွင်းခွင့် မရပါဘူး။ ဦးပိုင်က သွင်းပါတယ်။

အုပ်စိုးသူအာဏာရှင်က စစ်အုပ်စု၊ စစ်အုပ်စုရဲ့ အကျိုးစီးပွားအတွက် ဦးပိုင်က စီးပွားရေးမှာဝင်ရောက် လုပ်ကိုင်တဲ့ လီမိတက်။ ဒီတော့ ဦးပိုင်နဲ့ ယှဉ်ပြီးပြိုင်လို့ ဘယ်သူရပါ့မလဲ။ ယှဉ်ပြိုင်မှုကင်းစွာနဲ့ ဦးပိုင်ဟာ မြန်မာ့စီးပွားရေးကို လက်ဝါးကြီးအုပ် ချုပ်ကိုင်လာတော့တယ်။ ဦးပိုင်ရဲ့ ၀ါးမြိုမှု့က ဒါနဲ့တင် မရပ်ပါဘူး။ အခြားသော ပုဂ္ဂလိက ကုမ္ပဏီများရဲ့ ရှယ်ယာများကိုလည်း အများအပြား ၀ယ်ပြီး ၀ါးမြိုဖို့ လုပ်နေပြန်ပါတယ်။ ဒီတော့ ချုပ်ကြည့်ရင် လက်ဝါးကြီးအုပ်မှုကြောင့် ပျက်စီးသွားရတာက မြန်မာ့ဈေးကွက်စီးပွားရေး။ လက်ဝါးကြီးအုပ်ချုပ်ကိုင်ပြီးလုပ်လို့ အကျိုးဖြစ်ထွန်းနေကြရတာက စစ်တပ်ရဲ့ဆွေတော်မျိုးတော် လက်တဆုပ်စာ။

ကိုလိုနီ ခေတ်လယ်လောက်ကပါ။ မြန်မာ့စီးပွားရေးကိုနိုင်ငံခြားသားအရင်းရှင်တွေ လက်ဝါးကြီးအုပ် အမြတ်ထုတ်နေတဲ့ အချိန်အခါပါ။ အထူးသဖြင့် တောင်သူလယ်သမားတို့ လယ်မဲ့၊ ယာမဲ့ဘ၀နဲ့
“ကူလီ” ဘ၀ အစပျိုးနေချိန်ပါ။ အဲ့ဒီလိုကာလဆိုးကြီးမှာ (၂၁) ဦးပါတီက ငါးထောင်စားဝန်ကြီးတွေ
ကို ကြည့်ပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ရွံရှာစွာနဲ့ စာချိုးခဲ့ပါတယ်။

“…..အင်မတိ အင်မတန် မဟော်အသစ်တွေနှင့်
ကဇော်ခေတ်မှာ နွားပျိုနွားရိုင်းလိုပ ….။”
စစ်အုပ်စုလက်အောက် (၁၉) နှစ်တာ မြန်မာနိုင်ငံကလည်း ဆရာကြီးရဲ့ စာချိုးအတိုင်း “ကဇော်ခေတ်” ထက်တော့ မလျော့။

ကိုးကား….
-၂၀၀၁၊ ၀၂ ဦးပိုင်လီမိတက်နှစ်ပတ်လည် အစီရင်ခံစာ
– စီအာပီပီ၏ တနှစ်ပြည့် အစီရင်ခံစာ
-ကျော်ဝင်း၏ နိုင်ငံများ၏ဓန
– ၁၉၉၆ ခုနှစ် ၊ ဒီဇင်ဘာလထုတ် ဓနမဂ္ဂဇင်းတွင်ပါရှိသည့် စီးပွားရေးပညာရှင်များစကားဝိုင်း

ကုလအထူးသံတမန် မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံရောက်ရှိ

NEJ/ ၂၉ စက်တင်ဘာ ၂၀၀၇-ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး
ကိုယ်စားလှယ် မစ္စတာအီဘရာဟင် ဂမ်ဘာရီသည် ယနေ့ ညနေပိုင်းတွင် စင်ကာပူနိုင်ငံမှတ
ဆင့် Silk လေကြောင်း လိုင်းဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း ရန်ကုန်မှလာသော
အေဂျင်စီ သတင်းများတွင် ဖော်ပြသည်။မစ္စတာဂမ်ဘာရီသည် နေပြည်တော်သို့ ဆက်လက်
ထွက်ခွာကာ နအဖ စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု သတင်းများတွင် ဖော်ပြသော်
လည်း ယခုခရီးစဉ်အတွင်း အခြားမည်သူတို့နှင့် တွေ့ဆုံမည်ဆိုသည်ကိုမူ ဖော်ပြခြင်း မရှိပေ။
မစ္စတာ ဂမ်ဘာရီသည် လာမည့်အောက်တိုဘာလလယ်၌ သွားရောက်ရန် မူလကစီစဉ်ထား
သော်လည်း မြန်မာနိုင်ငံ၌ သပိတ်မှောက်ဆန္ဒပြသူများကို ပစ်ခတ်နှိမ်နင်းနေသည့်အခြေအ
နေကြောင့် သတ်မှတ်ချိန် ထက်စော၍ မြန်မာနိုင်ငံသို့ သွားရောက်ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံရန် မစ္စတာ
ဂမ်ဘာရီဘက်ကယခုအချိန်အထိ အကြောင်းကြားခြင်းမရှိသေးကြောင်း အန်အယ်လ်ဒီပါတီက
ပြောသည်။

အန်အယ်လ်ဒီ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက “ကျနော်တို့ဘက်ကတော့
တွေ့ရင် ပြောရမှာတွေတော့ အဆင်သင့်ရှိပါတယ်။ သို့သော် တွေ့ဖို့ မတွေ့ဖို့ကို အခုထက်ထိ
မသိရသေးပါဘူး။ သူတို့က ဖိတ်မှပဲတွေ့ရမှာ” ဟုပြောသည်။

မစ္စတာ ဂမ်ဘာရီ မလာရောက်မီကတည်းက ရန်ကုန်မြို့ကုန်သည်ကြီးများဟိုတယ်အနီးနှင့်
ရန်ကုန်မြို့တွင်း လမ်းများပေါ်၌ ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြပွဲများ ယနေ့ဖြစ်ပွား
လျက်ရှိကြောင်း၊ စစ်တပ်နှင့်လုံထိန်းရဲများကလည်း သေနတ်မိုးပေါ်ထောင်ပစ်ခတ်ခြင်းနှင့်ဖမ်း
ဆီးခြင်းများရှိကြောင်း ရန်ကုန်မြို့ခံတဦးကပြောသည်။

၎င်းက “အဓိကဦးဆောင်တာတော့ ကျောင်းသားတွေပဲ။ ခွပ်ဒေါင်းအလံတွေလည်း တွေ့ရ
တယ်။သံဃာတော်တွေတော့ သိပ်မတွေ့ရဘူး။ ဖြိုခွဲတဲ့လူတွေကလည်း ဒိုင်းကာတွေနဲ့ရှိတယ်။
လက်နက် တွေနဲ့၊ စပီကာနဲ့ အော်ပြီးဖြိုခွဲတာပဲ။ သူတို့လိုက်လာပြီဟေ့ဆို ကလေးတွေက
ရှေ့ကပြေးတယ်။ လူတွေက စုံပြုံပြီး လိုက်အားပေးတယ်” ဟုပြောသည်။

ယခုရက်ပိုင်းအတွင်း အန်အယ်လ်ဒီပါတီဝင်များ နေ့စဉ်ရက်ဆက်ဆိုသလို ဖမ်းဆီးခံနေရ
ကြောင်း၊ ပြီးခဲ့ သည့်ညက ပါတီ၏သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်တဦးဖြစ်သူ ဆင်ပေါင်ဝဲ
မြို့နယ် လွှတ်တော်အမတ် ဦးဟန်ဇော်၊ အရာတော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦး
ဗလ၊ ဗဟိုအမျိုးသမီးအဖွဲ့ဝင် ဒေါ်လဲ့လဲ့ နှင့် မန္တလေးတိုင်း စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ဝင်းမြ
မြ အပါအ၀င် အနည်းဆုံး (၁၀) ဦး ဖမ်းဆီးခံရ ကြောင်း အန်အယ်လ်ဒီပါတီက ပြောကြား
သည်။

အကျဉ်းထောင်တွင်းမှ ဘုရားသားတော်များ -နိုင်ကျော် (၂၈-၉-၀၇)

(၁)

ကျနော်တို့မြန်မာနိုင်ငံဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ဗုဒ္ဓသာသနာ ပြန့်ပွားထွန်းကားခဲ့တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများက ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါးကို အထွတ်အမြတ်ထား ကိုးကွယ်ခဲ့ကြတာပါ။ သံဃာတော်များကိုလည်း ဘုရားရဲ့ သားတော်များအဖြစ် ယုံကြည် ဆည်းကပ်ခဲ့တာပါ။

ဒီကနေ့ နအဖ အစိုးရကလည်း ဘုရားကျောင်းကန်များ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ သံဃာ တော်များအား ဆွမ်း၊ ကွမ်း၊ ဆေး စတဲ့လှူဖွယ် ပစ္စည်းအစုစုနဲ့ အလှူဒါန ပြုနေကြတဲ့အကြောင်း အစိုးရထုတ်နေ့စဉ် သတင်းစာများနဲ့ ရုပ်မြင်သံကြားအစီအစဉ်များမှာ စဉ်ဆက်မပြတ် ဖော်ပြနေ ဆဲပါပဲ။

သိုပေမယ့် ကျနော်ကြုံတွေ့ခဲ့ရတဲ့ စစ်အစိုးရ အာဏာပိုင်များရဲ့ သံဃာတော်များအပေါ် ဆက်ဆံမှု
ဟာ စစ်အစိုးရ မီဒီယာများမှာ နေ့စဉ်ပါနေတာနဲ့ ပြောင်းပြန်အောင် ဆန့်ကျင်နေခဲ့ပါတယ်။ ကျနော် ဟာ သုံးနှစ်နီးပါး စစ်အစိုးရရဲ့အကျဉ်းထောင်များ (အင်းစိန်၊ ပြည်၊ သရက်) မှာ နေခဲ့ရပါတယ်။ ဒီလို နေခဲ့ရတဲ့ ကာလတလျှောက် ခါးသီးမှု အတိနဲ့ ပြီးခဲ့တာပါ။ အစကတည်းက မျှော်လင့်ပြီးသားမို့ ကျနော်ခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ထောင်တွင်းမှ သံဃာတော်များ နေထိုင်၊ စားသောက်ရမှုတွေ၊ ထောင်အာဏာပိုင်များက သံဃာတော်များအပေါ် ဆက်ဆံမှုတွေကို မြင်တွေ့ရတဲ့အခါမှာ ဖော်မပြ နိုင်လောက်အောင် ခံစားခဲ့ရပါတယ်။ စာနဲ့ရေးပြီး ပြောမယ်ဆိုရင် အခြားသူများ တဆင့်ကူးယူ ခံစား နိုင်ဖို့ကို တိကျပေါ်လွင်အောင် ရေးပြနိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါပေမယ့် ကျနော်ပြောပြချင်
နေပါတယ်။ ရေးပြချင်နေပါတယ်။

(၂)

သံဃာတော်များအများစုဟာ နိုင်ငံရေးမှုနဲ့ထောင်ကျလာတာများပါတယ်။ သံဃာတော်များကို
ထောင်ချလိုက်ပြီဆိုတာနဲ့ တပြိုင်နက် သင်္ကန်းဆွဲချွတ်ခြင်းခံရပါတယ်။ အချို့သံဃာတော်များဆိုရင် ထောင်ဒဏ်မကျခင် စစ်ကြောရေးမှာကတည်းက သင်္ကန်းဆွဲချွတ်ခြင်း ခံရပါတယ်။ (ဗုဒ္ဓဘာသာရဲ့ ပညတ်ချက်များအရ ပါရာဇိကမကျတဲ့ရဟန်းတပါးကို အလိုမတူပါပဲ သံဃာမဖြစ်စေနဲ့လို့တားပိုင်ခွင့် မရှိပါဘူး။ ထို့အတူ သင်္ကန်းဆွဲချွတ်ရုံနဲ့ ရဟန်းတပါးဟာ ရဟန်းဘ၀မှသာမန်လူဖြစ်မသွားပါဘူး။)

ထောင်တွင်းမှာ သံဃာတော်များကို အာရုံဆွမ်းကပ်ခြင်းမရှိပါဘူး။ သံဃာတော်များကတော့ ပညက်ချက်အတိုင်း နေ့လွှဲ ညစာ ဆွမ်းမဘုန်းပေးပဲ ကျင့်ခဲ့ကြပါတယ်။ တချို့အလျဉ်းသင့်တဲ့ အခါ များမှာတော့ နိုင်ငံရေးအကျဉ်းသားများက ညနေပိုင်းကျွေးတဲ့ ထမင်းများကို မပုပ်မသိုးအောင် သိမ်း ဆည်းထားပြီး သံဃာတော်များကို အရုဏ်ဆွမ်းကပ်ကြပါတယ်။ ဒါဟာလည်း ခိုးဝှက်ပြီး လုပ်ဆောင် ရတာဖြစ်တယ်။ တကယ်လို့သာ အာဏာပိုင်များက သိခဲ့ရင်ကြီးလေးတဲ့ အပြစ်ဒဏ်များပေးခြင်း ခံရပါတယ်။

သံဃာတော်များ နေရေးထိုင်ရေးကိစ္စတွေမှာလည်း များစွာဒုက္ခရောက်ရပါတယ်။ ရေချိုးတဲ့အခါမှာ ပုံစံနဲ့ချိုးရပါတယ်။ ရေကန်ဘုတ်ကိုင်က ‘ခပ်’ ဆိုမှခပ်ရပြီး ‘ရပ်’ ဆိုရင် ချက်ချင်းရပ်ရပါတယ်။
နောက်ကျရင် နင်ပဲငဆ အဆဲခံရပါသေးတယ်။ ဆွမ်းစားတဲ့အခါမှာလည်း ပုံစံပုဂံပြားကို လက်မှကိုင် တန်းစီထမင်းဘုတ်ကိုင်မှ ထည့်ပေးတာကို လက်နှစ်ဘက်နဲ့ ခံပြီးယူရပါတယ်။ ညအိပ်ရာဝင်တဲ့အခါ မှာလည်း အခန်းလူကြီး၊ အခန်းစာရေးစသည်ဖြင့် အခန်းဆိုင်ရာလူကြီးမင်းများရဲ့ခြေရင်းမှာအိပ်စက် ရပါတယ်။ တရားထိုင်ခွင့် မရှိပါဘူး။ ထောင်တွင်းမှာ ထောင်ဝန်ထမ်းများက သံဃာတော်များကို ဆက်ဆံရာမှာလည်း မင်းနဲ့ငါနဲ့၊ မင်းနဲ့ဆရာနဲ့ (ထောင်ဝန်ထမ်းများဟာ အကျဉ်းသားနဲ့ဆက်ဆံရာမှာ သူတို့ကိုသူတို့ ဆရာလို့ပြောပြီး သူတို့ကိုလည်း ဆရာလို့ ခေါ်ခိုင်းပါတယ်) ပြောဆိုဆက်ဆံပါတယ်။

(၃)

ကျနော်အဆောင် (၅) မှာနေစဉ်အခါက ရန်ကုန်မြို့ရွှေဘုန်းပွင့် ကျောင်းတိုက်များမှ ဆရာတော်များ ဖြစ်တဲ့ ဦးသြဘာသ၊ ဦးဝါယမ၊ ဦးဇောတိက၊ ဦးကောသံလတို့နဲ့ တခန်းတည်း အတူနေခဲ့ရပါတယ်။ ဒီဆရာတော်များဟာ ၁၉၉၀ အောက်တိုဘာလ ဘုန်းတော်ကြီးများ ပတ္တနိက္ကုစ္စန ကံဆောင်ရာမှာ
ပါဝင်ခဲ့တာကြောင့် န၀တမှ ပုဒ်မ ၂၉၅ ( သာသနာကို ညှိုးနွမ်းအောင်ပြုမှု)။ အရေးပေါ်စီမံချက် ပုဒ်မ ၅(ည) ဖြင့် အလုပ်နဲ့ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခံထားရတာဖြစ်တယ်။ ဒီလိုအတူတူနေစဉ်အတွင်း ၁၉၉၁ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့ တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ကျော် မနက် (၃) နာရီ ကျော်ကျော်လောက်မှာ အဆောင်တွင်းကို အယောက် (၅၀) ထက် မနည်းတဲ့ ၀န်ထမ်းများဒလကြမ်း ၀င်ရောက်လာပြီး အကျဉ်းသားအားလုံးကို (အခန်းလူကြီးများမှ အပ) အရေးပေါ်ပုံစံကြီး ထိုင်ခိုင်း ထားစေပါတယ်။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားများထဲမှ ထောင်ပြောင်းရွှေ့မည့် လူများစာရင်းကို တယောက်ချင်း ခေါ်ထုတ်ပြီး အခန်းအပြင်ကို ထွက်စေပါတယ်။ ကျနော်နာမည်လည်း ပါတာကြောင့် ချက်ချင်းထ အိပ်ယာခင်းလိပ်ပြီး အခန်း အပေါက်ဝကို တန်းသွားခဲ့တယ်။ အခန်းဝရောက်တော့ ဆရာတော်များကို နောက်ဆုံးဖူးမြော်ချင်တာကြောင့် အရဲစွန့်ပြီး လှမ်းကြည့်လိုက်မိတယ်။

ကျနော်တွေ့လိုက်ရတာက ဆရာတော်များဟာ တင်ပလ္လင်ခွေထိုင်။ ခါးကို ရှေ့သို့ချိုးကာ နဖူးနဲ့ ကြမ်းပြင်ကိုထိကပ်ထားရပြီး လက်နှစ်ဖက်ကိုလည်း ရှေ့သို့ဆန့်တန်းကာ ကြမ်းပြင်ပေါ် ထိကပ် ထားတာကို တွေ့လိုက်ရပါတယ်။ ထောင်ထဲမှာတော့ အရေးပေါ်ပုံစံကြီးလို့ခေါ်ပါတယ်။ ခံစားလိုက် ရတာက သံဃာတော်များက ၀န်ထမ်းများကို ပြန်ပြီး ဦးချနေသလို မြင်ယောင်ခံစားလိုက်ရပါတယ်။ ဒီမြင်ကွင်းကိုတွေ့လိုက်ရတော့ ကျနော်ဟာ အရာရာကို မေ့လျော့သွားခဲ့ပြီး မှင်သက်နေမိခဲ့တယ်။ ဘယ်လောက် ကြာသွားမှန်းတော့ မသိလိုက်ဘူး။ ကျောပေါ် နံပါတ်တုတ် လေး၊ ငါးချက်ကျလာမှ သတိပြန်ဝင်ခဲ့ပါတယ်။ ဒီအခါ ကျနော့်မျက်လုံးအိမ် မှ မျက်ရည်များ လိမ့်ဆင်းလာခဲ့တယ်။ တုတ်နဲ့ ရိုက်လို့ နာတဲ့ဒဏ်ကြောင့် ကျလာတဲ့ မျက်ရည် မဟုတ်ဘူး ဆိုတာကိုတော့ ကိုယ့်ဘာသာသိလိုက် ပါတယ်။

ကျနော်တို့ အယောက် (၁၀၀) ထောင်ပြောင်းတဲ့အထဲမှာ သံဃာတော် (၆) ပါး ပါလာခဲ့ပါတယ်။
ဒီအထဲက မဂ္ဂင်ဆရာတော်ကြီးဆိုရင် သက်တော် (ရ၄) နှစ်ရှိပြီဖြစ်ပေမယ့် သံခြေချင်းခတ်ပြီး
ပြောင်းရွှေ့ခဲ့ပါတယ်။ သရက်မြို့သဘောင်္ဆိုက်တဲ့နေရာမှ ထောင်အထိကို (၂) နာရီကျော်ကျော် လောက်ထိအောင်လမ်းလျှောက်ရပါတယ်။ လမ်းဘေးတဘက်ဆီမှ ရဲများ၊ ထောင်ဝန်ထမ်းများ၊ စစ်သားများက နံပါတ်တုတ်များ၊ သေနတ်များနဲ့ အစွန်းထွက်သောသူများကို ရိုက်နှက်ပြီး မောင်းခဲ့ပါ တယ်။ ဖိနပ်များကိုလည်း အင်းစိန်ထောင်မှ ထွက်ကတည်းက သိမ်းဆည်းထားတာကြောင့် ခြေ ထောက်အတိုင်းပဲ သွားခဲ့ရပါတယ်။ ဆူးများ၊ ခြုံပုတ်များ၊ မြက်ရိုင်းပင်များကို လုံးဝရှောင်မရဘဲ နင်းပြီးသွားစေခဲ့ပါတယ်။ ဆရာတော်ဟာ ခြေချင်းကို တဖက်၊ အိပ်ယာလိပ်ကိုတဖက်ကိုင်ပြီး ထော့နင်းထော့နင်းနဲ့ သွားနေတာကို လှမ်းမြင်ရတဲ့အတွက် သေသေချာချာကြည့်လိုက်မိတဲ့အခါ ဆရာတော်ရဲ့ ခြေထောက်မှာ သွေးအလိမ်းလိမ်း ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ ကြေကွဲစွာခံစား လိုက်ရပါတယ်။  အာဏာပိုင်တွေက သံဃာတော်များကို ဒီလိုဆက်ဆံခဲ့တာပါ။ ကြေကွဲနာကျဉ်း စရာပါ။

တခါက ၁၉၉၁ ခု အောက်တိုဘာလလောက်ထင်ပါတယ်။ ကျနော်နေတဲ့ အင်းစိန်ထောင် အဆောင် (၅) မှာ သံဃာတော်တပါးဖြစ်တဲ့ ဦးဇင်း ဦးပြည်ကျော်ကို အခန်းလူကြီး အောင်ထွန်းက သူ့ရဲ့ရှေ့မှာ ပုံစံအနေအထားနဲ့လမ်းမလျှောက် ရပါလားဆိုပြီး ဂျပန်များ ပါးရိုက်နည်းကား (ရုပ်ရှင်ထဲမှာ ကြည့် ဘူးတာပါ) ဘယ်ပြန်၊ ညာပြန် အချက်ပေါင်းများစွာ ရိုက်ခဲ့ပါတယ်။ ဒါကို မြင်တွေ့ရတဲ့ နိုင်ငံရေး အကျဉ်းသားများက ချက်ချင်းပဲ အဆောင်မှူး ဦးစောထွန်းထံ သွားရောက် တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ဦးစောထွန်းက ထောင်ထဲမှာ ဘယ်သူမဆို ထောင်ရဲ့အမိန့်ကို လိုက်နာရမယ်လို့ ပြန်ပြော လွှတ်လိုက် တာကြောင့် အခန်းလူကြီး အောင်ထွန်းကလည်း ဦးဇင်းဦးပြည်ကျော်ကို ပြန်တောင်းပန် ခိုင်းပြန်ပါတယ်။ ဦးဇင်းက မတောင်းပန်တာကြောင့် နိုင်ငံရေးအကျဉ်းသားများနဲ့ အကျဉ်းသား အာဏာပိုင်များ ရန်စောင်မှုအထိဖြစ်ခဲ့ပါတယ်။

တချို့တရားရုံးများက ကံဆောင်ရာမှာပါဝင်တဲ့ သံဃာတော်များကို အရေးပေါ်စီမံချက် ပုဒ်မ ၅၊ည နဲ့တရားမစွဲဘဲ သာသနာကို ဖျက်လို ဖျက်ဆီးလုပ်မှုဆိုတဲ့ ပုဒ်မ (၂၉၅ )နဲ့ တရားစွဲ အမိန့်ချမှတ် ခဲ့တာလည်းရှိပါတယ်။ ဒီလို တမှုတည်းနဲ့ ချမှတ်ခြင်းခံရတဲ့ သံဃာတော်များကိုတော့ ရဲဘက်စခန်း များကို ပို့ခြင်းခံရပါတယ်။ ရန်ကုန်မြို့ကိုးထပ်ကြီး ကျောင်းတိုက်မှ ဆရာတော်တပါး (ဘွဲ့အမည် မမှတ်မိတော့ပါ) ဟာ ကံဆောင်ပွဲမှာ ပါဝင်ခဲ့ပြီး ပုဒ်မ (၂၉၅) တမှုတည်းနဲ့ ထောင်ဒဏ် (၃) နှစ် ချမှတ်ခြင်းခံခဲ့ရပါတယ်။ ဒီဆရာတော်ဟာ ၁၉၉၁-ခုနှစ် အောက်တိုဘာလလောက်မှာ ကျနော်နေတဲ့ အဆောင် (၅) မှ ရဲဘက်စခန်းသို့ ခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။

(၄)

ရွှေဘုန်းပွင့် ဆရာတော်တပါးဖြစ်တဲ့ ဦးဇောတိကဟာ သက်တော် (၆၀) ရှိပြီး ၁၉၉၂-ခုနှစ် ဒီဇင်ဘာ လမှာ အင်းစိန်ထောင်တွင်းမှာ နာမကျန်းဖြစ်ခဲ့ပါတယ်။ ထောင်ဆေးရုံမှာ တက်ရောက်ကုသသော် လည်း မသက်သာဘဲ ရောဂါအခြေအနေဆိုးရွားလာခဲ့ပါတယ်။ ထောင်ဆရာဝန်များ လက်လျှော့ လိုက်တဲ့အခါမှာမှ ရန်ကုန်ပြည့်သူ့ဆေးရုံကြီး မြေအောက်ထပ် အကျဉ်းသားများ ဆေးကုသသည့် အဆောင်မှာ တက်ရောက်ကုသခွင့် ရခဲ့ပါတယ်။ ဆေးရုံရောက်ပြီးရက်အနည်းငယ်အကြာမှာပဲပျံလွန် တော်မူသွားခဲ့ပါတယ်။ ခြေတဖက်မသန်တဲ့ ဆရာတော်ဟာ ပျံလွန်တော်မူချိန်အထိ ထောင်ရဲ့အ၀တ် အစား လေးကီလိုခန့်လေးတဲ့ သံခြေချင်း ခတ်ထားခြင်း ခံခဲ့ရပါတယ်။

ဆရာတော်ဦးအာစရဟာ သက်တော် (၃၅) နှစ်ရှိပြီး တရားမ၀င်အသင်းများနဲ့ဆက်သွယ်မှုဖြင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခြင်း ခံထားရတဲ့ ရန်ကုန်မြို့သရက်တောကျောင်းတိုက်မှ ဆရာတော် တပါးဖြစ်ပါတယ်။ ဆရာတော်ဟာ သရက်ထောင်အတွင်း ၁၉၉၆-ခုနှစ် ဇန်န၀ါရီလမှ အသားရောင် အသားဝါရောဂါဖြစ်ပွားပြီး အပြင်းဖျားခဲ့ပါတယ်။ ပြင်ပဆေးရုံသို့ ထုတ်ယူကုသပေးရန် တောင်းဆိုခဲ့ ပေမယ့်လည်း ထောင်အာဏာပိုင်များက ငြင်းဆန်ခဲ့ပါတယ်။ သေလုမျောပါးအချိန်မှ သရက်မြို့ ဆေးရုံသို့ တက်ရောက်ကုသခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် အာဏာပိုင်များရဲ့ပစ်ပယ်မှုကြောင့် တရား မှတ်ကာ ပျံလွန်တော်မူမယ့် ရက်ကိုသာ စောင့်ဆိုင်းနေခဲ့ရတဲ့ အဖြစ်ကို ရောက်ခဲ့ပါတယ်။ အပြင် ဆေးရုံသို့ရောက်ပြီး နှစ်ရက်အကြာမှာ ပျံလွန်တော်မူခဲ့ပါတယ်။

သက်တော် (၅၂) နှစ်ရှိပြီဖြစ်တဲ့ ဆရာတော် ဘဒ္ဒ န္တ ရေ၀တဟာ စစ်အစိုးရကို ဆန့်ကျင်လှုပ်ရှားမှု များမှာ သံဃာတော်များကို ဦးဆောင်ခဲ့တာကြောင့် န၀တ စစ်ခုံရုံးမှ ထောင်ဒဏ် (၁၂) နှစ် ချမှတ် ထားခဲ့ခြင်းခံခဲ့ရပါတယ်။ အကျဉ်းထောင်တွင်း မန္တလေးအကျဉ်းထောင်မှ အိုးဘိုထောင်သို့ ပြောင်း ရွှေ့တဲ့အခါ ဆောက်လုပ်ပြီးကာစ တိုက်ခန်းငယ်ကလေးအတွင်း စိုစွတ်နေတဲ့ သံမံသလင်းပေါ်မှာ ဆင်းရဲပင်ပန်းစွာ အိပ်စက်ခဲ့ရခြင်း။ ဆေးဝါးလုံလောက်စွာ မရရှိခြင်း။ အချိန်မှန်စွာ ဆွမ်းမဘုန်းပေး ရခြင်းတို့ကြောင့် ကျောက်ကပ်ရောဂါ စွဲကပ်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်လယ်လောက်တွင် အာဏာပိုင် များက ထောင်မှပြန်လွှတ်ပေးခဲ့ပြီး ၁၉၉၉-ခုနှစ် ဇန်န၀ါရီလကုန်ပိုင်းမှာ ထောင်တွင်းမှ ခံစားလာရတဲ့ ရောဂါနဲ့ပဲ ပျံလွန်တော်မူသွားခဲ့ပါတယ်။

(၅)

ဒီလို အကျဉ်းစခန်းများဖြစ်တဲ့ ထောင်တွေထဲမှာ၊ စစ်ကြောရေးစခန်းတွေမှာ၊ ရဲဘက်စခန်းတွေမှာ ဘုရားသားတော်များဖြစ်တဲ့ သံဃာတော်များဟာညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဒုက္ခဆင်းရဲမှုတွေ၊ အသက် တွေဆုံးရှုံးနေမှုတွေ ခံနေရပါတယ်။ ဒါတွေဟာ ဘာကြောင့်ပါလဲ။ ဘယ်သူတွေဆီမှာ တာဝန်ရှိပါ သလဲ။ အပြစ်ရှိပါသလဲ မေးခွန်းထုတ်စရာအများကြီးဖြစ်လာရပါတယ်။ ဗုဒ္ဓဘာသာကိုအများအားဖြင့် ကိုးကွယ်ကြတဲ့ တိုင်းပြည်တပြည်က ဗုဒ္ဓဘာသာဝင်တစုဟာ (အမည်ခံတွေလို့ ဆိုစေဦးတော့) ဘယ်ကရတဲ့ မိုက်စိတ် မိုက်သွေးမျိုးနဲ့များ ဒီလိုဝန်လေးတဲ့ ဂရုကံကြီးကို ကျူးလွန်ဝန့်နေကြပါလဲ။ ကျနော်မစဉ်းစားတတ်အောင် ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကျနော်သဘောပေါက်လာတာတခုကတော့ ဒီအဖြစ်အပျက် ဆိုးတွေဟာ စစ်အာဏာရှင်ရဲ့ စိတ္တဗေဒနဲ့ တိုင်းပြည်ရဲ့ ယေဘူယျအခြေအနေ စတာတွေနဲ့ ခွဲမရ အောင်ဆက်စပ်နေတယ်ဆိုတာပါပဲ။ ဒီဖြစ်ရပ်ဆိုးတွေကို နားလည်အောင်ကြိုးစားတဲ့အခါ ဗုဒ္ဓ ဘာသာဝင်ဖြစ်ခြင်း။ မဖြစ်ခြင်းစတဲ့အချက်တွေဟာ အဓိကမကျဘူး ဆိုတာသိမြင်လာပါတယ်။ တချိန်တည်းမှာပဲ ညှင်းပန်းနှိပ်စက်သူဟာ တည်ဆဲအာဏာတည်ဆောက်ပုံစနစ်၊ ဓနဥစ္စာ ခွဲဝေပုံ စနစ်၊ လူမှုအဆင့်အတန်းစနစ်တွေထဲမှာ အခွင့်ထူးခံဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာနဲ့တောင် ပဓာနအား ဖြင့် သိပ်မဆိုင်လှဘူး ဆိုတာကိုပါသိမြင်လာပါတယ်။

တကယ်တော့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အနိုင်အထက်ပြုကျင့်မှု အားကြီးရင်ကြီးသလို နှိပ်စက် ကလူပြုကျင့်မှု (ခြုံပြောရရင် လူ့အခွင့်အရေးချိုးဖောက်မှု) တွေဟာ လူတွေဆီမှာ ထမင်းစား ရေသောက်လို သမရိုးကျအကျင့်တခုလို ဖြစ်လာနေတာသာ ပြဿနာရဲ့ အရင်းခံပါ။ အာဏာ လက်ကိုင်ရှိသူတွေ ဓနဥစ္စာ လက်ဝါးကြီးအုပ်ထားသူတွေက လူတွေရဲ့ အာဏာဥစ္စာဆက်တည်မြဲ ရေးအတွက် လူ့အခွင့်အရေးချိုးဖောက်နေရတာဖြစ်တယ်ဆိုတဲ့ အခြေအနေကို ကျော်လွန်သွားပါပြီ။ လူ့အခွင့်အရေးချိုးဖောက်မှု အနိုင်ကျင့်ချင်တဲ့စေ့ဆော်မှုဟာ ဖြစ်ရိုးဖြစ်စဉ်၊ လုပ်ရိုးလုပ်စဉ်တခု ဖြစ်နေအောင် စစ်အာဏာရှင်စနစ်က လူတွေရဲ့စိတ်ဓာတ်ကို ပုံသွင်းပစ်ခဲ့တာပါ။ စစ်အာဏာရှင် လက်အောက်က လူတဦးချင်းစီရဲ့ ထွက်ပေါက်မဲ့ စိတ်ကို တယောက်ကို တယောက် အနိုင်ကျင့် ညှဉ်းပန်းခြင်းနဲ့ အာသာပြန်ဖြေ သာယာမှုရှာ စတဲ့ ထွက်ပေါက်ရှာ ဖြေစိတ်တွေပဲလို့ ကောက်ချက်ရ မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့တတွေဟာ ဒီစနစ်ဆိုးကြီးကိုသာ မဟုတ်ဘူး။ စိတ်ထဲမှာ အမြစ် နက်နေတဲ့ ဒီအကျင့်ဆိုးကြီးကိုပါ ပြောင်းလဲပစ်ရမယ်ဆိုတာ ကိုယ်စီကိုယ်ငှ လေးနက်ထားကြဖို့ လိုပါတယ်။ ဒီတာဝန်ကို ကျနော်တတ်စွမ်းသ၍ ယူဖို့ ဆုံးဖြတ်ခဲ့ပြီးပါပြီ။ ဒီတော့ အောင်မြင်တဲ့အထိ ရှေ့ဆက်ရမှာကတော့ ကျနော်တို့ရဲ့ သန္နိဋ္ဌာန်ပါပဲ။

ယမန်နေ့ပစ်ခတ်မှုတွင် (၉) ဦးသေဆုံးကြောင်း နအဖ ၀န်ခံ

ံNEJ/ ၂၈ စက်တင်ဘာ ၂၀၀၇-ယမန်နေ့က ရန်ကုန်မြို့၌ သပိတ်မှောက်ဆန္ဒပြကြသည့် သံဃာ
တော်များနှင့်လူထုကို စစ်တပ်က ပစ်ခတ်သောကြောင့် (၉) ဦးသေဆုံးပြီး (၁၁) ဦးဒဏ်ရာရှိခဲ့
ကြောင်း နအဖ စစ်အစိုးရပိုင် သတင်း မီဒီယာများမှ တရားဝင်သတင်းထုတ်ပြန်သည်။

သေဆုံးသူများအနက် အသက် (၅၂) နှစ်အရွယ်ရှိ ဂျပန်နိုင်ငံသား မစ္စတာနာဂအိကန်ဂျီလည်း
ပါဝင်ကြောင်း၊ ၎င်းသည် ခရီးသွားဗီဇာဖြင့် လာရောက်ခြင်းဖြစ်သော်လည်း ဆန္ဒပြသူများနှင့်
လိုက်ပါသတင်းရယူရာမှ သေနတ်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယနေ့ထုတ်မြန်မာ့အလင်း
သတင်းစာ ၌ဖော်ပြသည်။

ဆန္ဒပြသူများ၏လက်ချက်ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၃၁) ဦးထိခိုက်ဒဏ်ရာရသည်ဟုလည်း
ပါရှိ သည်။

ယမန်နေ့က ရန်ကုန်မြို့ တာမွေ၊ ကျိုက္ကဆံဘုရားအနီးနှင့် ဆူးလေဘုရားအနီးတို့တွင် သပိတ်
မှောက်သည့် ပြည်သူလူထုအား နအဖ စစ်တပ်က အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့ပြီး သေဆုံး
ဒဏ်ရာရသူ အများအပြားရှိနိုင်ကြောင်း မျက်မြင်တွေ့သူတို့က ခန့်မှန်းကြသည်။

စက်တင်ဘာ (၂၆) ရက် ပစ်ခတ်မှုတွင်လည်း (၁) ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရခဲ့ကြောင်း
စစ်အစိုးရ က တရားဝင်သတင်းထုတ်ပြန်ထားသည်။

လူထုကို သတ်ဖြတ်သည့် နအဖ စစ်အစိုးရအား ထိုင်းနိုင်ငံရောက် မြန်မာများကန့်ကွက်ဆန္ဒပြ

NEJ/ ၂၈ စက်တင်ဘာ ၂၀၀၇-မြန်မာနိုင်ငံတွင်း၌ နအဖစစ်တပ်က ရဟန်းသံဃာတော်များနှင့်
လူထုကို အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်နေမှုများ ကိုကန့်ကွက်ရှုတ်ချသည့်အနေဖြင့် ထိုင်းနိုင်
ငံမြန်မာသံရုံး ရှေ့၌် မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံသား (၇၀၀) ကျော်တို့က သွားရောက်
ဆန္ဒပြကြသည်။ဘန်ကောက်အခြေစိုက် နိုင်ငံရေးလှုပ်ရှားသည့် အဖွဲ့ အစည်းများ၊ အန်ဂျီအိုများ၊
ကျောင်းသားများနှင့် မြန်မာအလုပ်သမားများသာမက သံဃာတော်များပါ ပူးပေါင်းဆန္ဒပြကြ
သည်။ဆန္ဒပြသူများကမြန်မာနိုင်ငံလွတ်မြောက်ရေး ကြွေးကြော်သံများအော်ဟစ်ကြပြီး မြန်မာ
နိုင်ငံသားများက ကမ္ဘာမကြေဘူးသီချင်းနှင့် ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့
မဟုတ်ဘူး စသည့် ကြွေးကြော်သံများ ဟစ်ကြွေး ဆန္ဒပြကြသည်။

ဆန္ဒပြသူတဦးဖြစ်သူ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ဦးကျော်သောင်းက “ကျနော်ကြုံတွေ့
ဘူးသလောက်တော့ ဒီတခါလာပြတာ အရေအတွက်အများဆုံးပဲ။ ဘုန်းကြီးသတ်တဲ့ နအဖ
မိုးကြိုးပစ်လို့ သေပါစေဆိုပြီး အော်ပြီးဆန္ဒပြကြတယ်။ ဒီနေ့ ဒီအချိန်မှာ သံဃာတော်တွေကို
သတ်နေတဲ့ စစ်သား တွေဟာ သတ်ဖို့အမိန့်ပေးနေတဲ့သူတွေဆီကို သေနတ်ပြောင်းဝလှည့်ဖို့
ကျနော်တောင်းဆိုပါတယ်” ဟုပြောသည်။

ဆန္ဒြုပသူ အလုပ်သမားတဦးကလည်း “ကျနော်တို့ ပြည်တွင်းမှာ ပြည်သူတွေကို ဒီလိုမျိုးအ
ကြမ်းဖက် တာ၊ သံဃာတော်တွေကို အကြမ်းဖက်နှိမ်နင်းတာကြောင့် အလုပ်သမားတွေအား
လုံး စိတ်ပါဝင်စားပြီး ပါဝင်လာတာဖြစ်တယ်” ဟုပြောသည်။

အလားတူ ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း၌လည်း မြန်မာပြည်
ငြိမ်းချမ်းရေးရရှိ ရန်အတွက် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းခြင်း အခမ်းအနားတရပ်ကို
ယနေ့နံနက်တွင် ကျင်းပသည်။

မဲဆောက်ရောက် မြန်မာနိုင်ငံသားများက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာ ဘုန်း
တော်ကြီးများ၊ ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် မွတ်စလင် ဗလီဆရာများတက်ရောက်ပြီး
ငြိမ်းချမ်းရေးအတွက် သက်ဆိုင်ရာ ဘာသာအလိုက် ဆုတောင်းကြသည်။

မြန်မာနိုင်ငံသား (၃၀၀) ခန့်တို့ကလည်း လက်ရှိမြန်မာနိုင်ငံတွင်း သံဃာတော်များနှင့် ပြည်
သူများ ခံစား နေရသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ကင်းဝေးပြီး ငြိမ်းချမ်းရေးရရှိရန် မိမိ
တို့ ကိုးကွယ် ယုံကြည်ရာဘာသာအလိုက် ဖယောင်းတိုင်မီးများထွန်း၍ ဆုတောင်းမေတ္တာပို့
သည်။

ဂျပန်သတင်းထောက်သေဆုံးမှု အဖြစ်မှန် ဖော်ထုတ်ပေးရန် ဂျပန်အစိုးရတောင်းဆို

Reuters / ၂၈ စက်တင်ဘာ ၂၀၀၇-ယမန်နေ့က ရန်ကုန်မြို့၌ဖြစ်ပွားသည့်ဆန္ဒပြပွဲတွင် ဂျပန်
သတင်းထောက်တဦး သေဆုံးခဲ့မှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးပါက မြန်မာနိုင်ငံအပေါ်ပေး
နေသည့် လူသားချင်းဆိုင်ရာအကူအညီများကို ရပ်ဆိုင်းရန်ဆုံးဖြတ်မည်ဖြစ်ကြောင်း ဂျပန်အစိုး
ရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ဆူးလေဘုရားလမ်း၌ ယမန်နေ့က ပြည်သူလူ
ထုကဆန္ဒပြကြသဖြင့် နအဖတပ်၏ ပစ်ခတ်မှုကြောင့် အသက် (၅၀) ၀န်းကျင် ဓာတ်ပုံ သတင်း
ထောက် မစ္စတာ နာဂအိကန်ဂျီ သေဆုံးခဲ့သည်။

“သူသေဆုံးသွားတဲ့ကိစ္စနဲ့ပက်သက်ပြီး ဖြစ်ရပ်မှန်ကိုဖော်ထုတ်ပေးဖို့မြန်မာအစိုးရကို ကျနော်တို့
တိုက်တွန်းပါမယ်” ဟု ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Nobutaka Machimura ကသတင်း
စာ ရှင်းလင်းပွဲတွင် ပြောသည်။မစ္စတာ နာဂအိကန်ဂျီသည် ၀ါရင့်သတင်းသမားတယောက်ဖြစ်
ပြီး တိုကျိုမြို့အခြေစိုက် APF သတင်း ဌာနတွင်လုပ်ကိုင်နေသူဖြစ်ပြီး အီရတ်နှင့်အာဖဂန်နစ္စ
တန်ကဲ့သို့ အတိုက်အခိုက်နှင့် နိုင်ငံရေးတင်းမာ မှုဖြစ်ပွားနေသည့် နိုင်ငံများသို့သွားရောက်၍
သတင်းယူခဲ့ကြောင်း The Australian သတင်းတွင် ဖော်ပြသည်။

မစ္စတာ နာဂအိကန်ဂျီ သေဆုံးမှုနှင့် ပက်သက်၍ မြန်မာနိုင်ငံကို ပေးနေသည့် အကူအညီများ
အား ရပ်ပစ်ရန်ကိစ္စကိုမူ မဆုံးဖြတ်ရသေးကြောင်း၊ ဂျပန်သတင်းထောက်သေဆုံးသည့် ပစ်
ခတ်မှုသည် တမင်သက်သက် လုပ်ဆောင်ခြင်း ဟုတ်မဟုတ် သေချာမသိသေးကြောင်း Ma-
chimura ကပြောသည်။

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့်ကိစ္စအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအ
ဝင် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏တုံ့ပြန်မှုအခြေအနေအပေါ် စောင့်ကြည့်ပြီးနောက် မြန်မာနိုင်
ငံအား ပိတ်ဆို့မှုများပြုလုပ်ရန် ဂျပန်နိုင်ငံက ဆုံးဖြတ်မည်ဟုလည်း ၎င်းကပြောသည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနအဖစစ်အစိုးရအပေါ် တင်းကြပ်စွာမကိုင်တွယ်ခြင်းကြောင့် ယခင်
က ဝေဖန်ခံရမှုများရှိခဲ့သည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထပ်မံဖမ်းဆီးထိမ်းသိမ်းခံရသည့် ၂၀၀၃
ခုနှစ်မှစ၍ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအား ကျန်းမာရေးစီမံကိန်းအပါအ၀င် အရေးပေါ်လိုအပ်
ချက်များအတွက် ငွေကြေးထောက်ပံ့မှုများမှလွဲ၍ ကျန်သည့်အကူအညီများကို ရပ်တန့်ခဲ့
သည်။

ယခုလက်ရှိတွင် မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံသား (၆၁၅) ဦးရောက်ရှိနေပြီး ဂျပန်ကုမ္ပဏီ (၇၄)
ခု ရှိနေကြောင်း Machiura က ယမန် နေ့က ပြောသည်။

ဗွီဒီယိုကြည့်ရန်- http://www.youtube.com/watch

စစ်တွေတွင် စစ်ရေးပြပြီး မြို့လူထုကို ခြိမ်းခြောက် သံဃာများအိမ်ပြန်စေရန် ဆရာတော်များကို ဖိအားပေး

ကျော်ထင်(ထိုင်း) / ၂၈ စက်တင်ဘာ ၂၀၀၇-သံဃာတော်များဦးဆောင်သည့် ငြိမ်းချမ်းစွာတောင်းဆိုမှုများ ဆက်တိုက်
ဖြစ်ပွားခဲ့သော ရခိုင်ပြည် နယ်၊ စစ်တွေမြို့၏ အဓိကလမ်းမကြီးများတွင် စစ်တပ်မှ စစ်ရေးပြမှုများလုပ်၍ သံဃာတော်
များနှင့် ပြည်သူများ လမ်းပေါ်မထွက်ရန် ခြိမ်းခြောက်နေသည်ဟု မြို့ခံတဦးက ပြောသည်။

“လုံခြုံရေးအခြေအနေကတော့ တအားဆိုးနေတယ်။ မနက်ကတည်းက လမ်းမကြီးရယ်၊ မေယုလမ်း၊ ကြံ့ခိုင်ရေးရုံးရှေ့
ကလမ်းနဲ့ ကြေးနန်းရုံးရှေ့က လမ်းတွေမှာ ဒိုင်းကာနဲ့ နံပါတ်တုတ်ကိုင်ထားတဲ့ လုံထိန်းတွေက စစ်ရေးလေ့ကျင့်တယ်
လို့ပြောရမလား၊ (၇) လှမ်း (၈) လှမ်းလောက် လှမ်းလိုက်၊ ဒိုင်းကာကို နံပါတ်တုတ်နဲ့ ခပ်ပြင်းပြင်း (၃) ချက် ရိုက်
လိုက်၊ ဆက်လျှောက်လိုက်နဲ့ ပြည်နယ်ရဲရုံးကို ဦးတည်ပြီးချီတက်နေကြတယ်” ဟု ၎င်းက ပြောသည်။

လုံထိန်းစစ်ကြောင်း တကြောင်းလျှင် အင်အား (၄၀) ခန့်ပါဝင်ပြီး အဓိကကျသောလမ်းများတွင် ချီတက်စစ်ရေးပြခြင်း
သည်ဆန္ဒပြမှုများ ဆက်လက်မဖြစ်ပွားရန်အတွက် ပြည်သူလူထုအား ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

မနေ့က ဆန္ဒပြပွဲများကိုဦးဆောင်သူတဦးဖြစ်သည့် စစ်တွေမြို့ မိဇံရပ်ကွက်မှ ဦးစောလှမောင်အား ညသန်းခေါင်ကျော်
တွင် လာရောက်ဖမ်းဆီးခဲ့သော်လည်း လွတ်မြောက်သွားကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်သာသနာရေးဌာနမှ တာဝန်ရှိသူများက ကျောင်းထိုင်ဆရာတော်များနှင့် အစည်းအ
ဝေးပြုလုပ်ကာ ကျောင်းတိုက်များရှိ သံဃာများအား နေရပ်ရင်းသို့ပြန်ရန်လျှောက်ထားခဲ့သည်ဟု မြို့မကျောင်းတိုက်မှ
ဦးပဉ္စင်းတပါးက မိန့်ကြားသည်။

“သူတို့ပြောတာက တည်ငြိမ်အေးချမ်းရေးအတွက် ဒီလို သံဃာတွေကို ပြဿနာတစုံတရာမဖြစ်ရအောင် မိမိနေရပ်ရင်း
ကိုပြန်ရင်ကောင်းမယ်လို့ ပြောပါတယ်။ ဒါကြောင့်မို့လို အချို့ကျောင်းတိုက်တွေမှာဆိုရင် ပြန်နေကြပြီ၊ အချို့ကပြန်ကြ
ဘူး၊ ၀ါတွင်းကာလဆိုတော့ အခက်အခဲရှိတယ်။ ဦးဇင်းတို့ ကျောင်းကတော့ ပြန်မယ့်သံဃာတွေရှိနေတယ်။ ဒါပေမယ့်
အခြေအနေ အရလေ” ဟု မိန့်ကြားသည်။

စစ်တွေမြို့ရှိဘုန်းကြီးကျောင်းတိုက် (၂၀၀) ခန့်တွင် သံဃာအပါး (၁) သောင်းခွဲခန့် သီတင်းသုံးလျက်ရှိကြောင်းအဆို
ပါ ဦးပဉ္စင်းက မိန့်ကြားသည်။

စစ်တွေမြို့တွင် ယခုလ (၁၈) ရက်က ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုတွင် အာဏာပိုင်များက မျက်ရည်ယိုဗုံးများသုံးပြီး သေ
နတ်များ မိုးပေါ်ထောင်ပစ်ကာ သံဃာတော်များကို ရိုက်နှက်ကန်ကျောက်၍ အကြမ်းဖက် လူစုခွဲခဲ့သည်။

ရန်ကုန်နှင့်မန္တလေးမြို့၌ လူထုဆန္ဒပြပွဲများ ဆက်လက်ပြုလုပ်

ပီတာအောင် / ၂၈ စက်တင်ဘာ ၂၀၀၇-ငြိမ်းချမ်းစွာဆန္ဒပြသူများကို နအဖ စစ်တပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှု
များပြုလုပ်နေသည့်ကြားမှ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ၌ လူထုသပိတ်တိုက်ပွဲများ ဆက်လက်ပြုလုပ်လျက်ရှိသည်။

မန္တလေးမြို့၌ ယနေ့မွန်းလွဲပိုင်းက (၃၃/ ၈၄) လမ်းနှင့် (၃၄/ ၈၄) လမ်း အနီး၌ သံဃာနှင့် လူထု အင်အား (၅) သောင်းခန့်ဆန္ဒပြနေရာသို့ စစ်တပ်က ရဟတ်ယာဉ်များပျံဝဲကာ စောင့်ကြည့်ခဲ့ပြီး ရိုက်နှက် ဖမ်းဆီးမှုများရှိသည်ဟု
မန္တလေးမြို့ခံတဦးက ပြောသည်။

မန္တလေးမြို့ခံတဦးက “ဒီမိုကရေစီရရှိရေး ဒို့အရေးလို့အော်နေကြတယ်။ လူထုအစုအဝေးရှိတဲ့ အပေါ်မှာ ရဟတ်
ယာဉ်တစီးလည်း ၀ဲနေတယ်။ စစ်တပ်ကတော့ သေနတ် မိုးပေါ်ထောင်ဖောက် တုန်းပဲ။ တုတ်နဲ့ရိုက်တယ် လုံထိန်း
ရော စစ်သားရောက ရိုက်တာ။ လက်ကိုလိမ်ချိုးဖမ်းတယ်။ တချို့လည်းကုတ်ကဆွဲသွားတယ်။ သူတို့ ရပ်ထားတဲ့ကား
ပေါ်တင်ထားတယ်။ မပြေးနိုင်မလွှားနိုင်တဲ့လူတွေကို ကောက်သင်းကောက်နေတာ” ဟု ပြောသည်။

ရိုက်နှက်မှုကြောင့် အချို့ဒဏ်ရာရပြီး အချို့ဖမ်းဆီးခံရကြောင်း စက်ဘီးနှင့် ဆိုင်ကယ်များလည်း သိမ်းဆည်းခံရ
ကြောင်းသိရသည်။

အလားတူ ရန်ကုန်မြို့လယ်ခေါင် ဆူးလေဘုရားပတ်ဝန်းကျင်၌ ယနေ့သပိတ်မှောက်ဆန္ဒပြသူများက ပြောက်ကျားစ
နစ်ဖြင့် ဆက်လက်ဆန္ဒပြနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

လမ်းမတော်မြို့နယ်တွင်နေထိုင်သူတဦးက “ဆူးလေမီးပွိုင့်ကနေ မြို့ထဲဘက်မှာ လူတွေအများကြီး ရှိတယ်။ ဒိုင်းကိုင်
ထားတဲ့ လုံထိန်းတွေကတော့ လူစုလူဝေးမဖြစ်အောင်လိုက်ခွဲနေတာပေါ့။ လူတွေ ကတော့ အရပ်ရှစ်မျက်နှာလုံး စုရုံး
စုရုံးပဲဗျ။ သူတို့လာရင်ရှောင်တယ်။ ဒါပေမယ့် တနေရာမှာပြန်စု တယ်။ အဲဒီမှာခွပ်ဒေါင်းအလံတွေ ကိုင်ထားတာတွေ့
တယ်။ လူစုခွဲပြီဆိုရင် ဟိုဝင်ဒီထွက်နဲ့ပြန်စုတာပဲ။ ၀ိုင်းကြီးပတ်ပတ်လို အနေအထားမျိုးပေါ့” ဟုပြောသည်။

မြို့လယ်ခေါင်၌ စစ်တပ်က ယမန်နေ့ကကဲ့သို့ လူစုအတွင်း လက်လွတ်စပယ် သေနတ်နှင့် ပစ်ခတ်မှုများ မပြုလုပ်
သော်လည်း မိုးပေါ်သေနတ်ထောင်ဖောက်ကာ လူစုခွဲမှုများရှိကြောင်း၊ ဘုန်းကြီး ကျောင်းများအား စစ်တပ်က စီးနင်း
ထားကာ သံဃာအများအပြားကို ဖမ်းဆီးထားသဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် သပိတ်မှောက် သံဃာအရေအ
တွက် သိသိသာသာကျဆင်းသွားကြောင်း မြို့ခံတို့ကပြောသည်။

အရှေ့တောင်တိုင်း တိုင်းမှူးက ဒီကေဘီအေ တပ်ဖွဲ့ဝင်များကို ဆင့်ခေါ်

NEJ / ၂၇ စက်တင်ဘာ ၂၀၀၇-အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်း၏ ဆင့်ခေါ်ချက်ဖြင့် တိုးတက်သော
ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဝင်များသည် ကား (၁၀) စီးဖြင့် အင်္ဂါနေ့ည (၁၁)နာရီ
ခန့်တွင် မြ၀တီမြို့မှ ထွက်ခွာသွားကြောင်း မျက်မြင်သက်သေများက ပြောသည်။

“(၂၅) ရက်ည (၁၁) နာရီမှာ လက်နက်အပြည့်အစုံနဲ့ ဒီကေဘီအေယာဉ်တန်း (၁၀) စီး ဆင်းသွား တယ်။ အဲဒီယာဉ်
တန်းကို ဦးဆောင်တာကတော့ ဒီကေဘီအေက ဗိုလ်မောသိုနဲ့ ဗိုလ်ဘသိန်းတို့ ဖြစ်တယ်။ သူတို့ယာဉ်တန်းဟာနောက်
တနေ့မနက် (၈) နာရီလောက်မှာ မော်လမြိုင်မှာရှိတဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဝင်းထဲကို ရောက်ရှိသွားပြီလို့
သတင်းရတယ်။ ကျန်ခဲ့တဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေ ပြောတာကတော့ အခုဖြစ်နေတဲ့ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့
သွားတယ်လို့ ပြောတယ်” ဟု မြ၀တီမြို့တွင်နေထိုင်သည့် ဒီကေဘီအေနှင့်နီးစပ်သူတဦးက ပြောသည်။

အခြား ဒီကေဘီအေနှင့်နီးစပ်သူ သစ်လုပ်ငန်းရှင်တဦးကလည်း“တချို့ပြောတာကတော့ ရန်ကုန်လို့ပြောတယ်။ကျနော်
ထင်တာကတော့ မော်လမြိုင်မှာ သံဃာတော်တွေနဲ့ လူထုတွေရဲ့ဆန္ဒပြမှုအရှိန်မြင့်ခဲ့မယ်ဆိုရင် သူတို့ကိုထုတ်သုံးမယ်
လို့ထင်တယ်” ဟုမှတ်ချက်ပေးသည်။

မြိုင်ကြီးငူအပါအ၀င် ဒီကေဘီအေတပ်ရင်းတပ်ဖွဲ့များ ရုံးစိုက်ရာ နေရာ (၄) နေရာသို့ ဆက်သွယ် မေးမြန်းခဲ့ရာတွင်
ယခုကိစ္စအား ၎င်းတို့အနေဖြင့် သိရှိခြင်းမရှိကြောင်း ငြင်းဆိုကြပြီး မြ၀တီမြို့နယ်ဝေါလေကျေးရွာတွင် အခြေစိုက်
သည့် ဒီကေဘီအေ (၉၀၇) တပ်ရင်းရုံးမှ အရာရှိတဦးက “ဒီအချိန်မှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ကျနော်တို့ ဘာမှမ
လုပ်ပါဘူး။ ဘာမှလည်း ပြောပိုင်ခွင့်မရှိပါဘူး” ဟု ပြန်လည်ဖြေကြားသည်။

မဲဆောက်မြို့တွင် သီတင်းသုံးနေထိုင်သည့် ကရင်ဘုန်းတော်ကြီးတပါးက “ဒီကေဘီအေအနေနဲ့ နအဖပေးတဲ့ အမိန့်
အတိုင်းသာလုပ်ခဲ့မယ်ဆိုရင်တော့ ကမ္ဘာ့သမိုင်းမှာ ကရင်ဆိုတဲ့လူမျိုးဟာ သမိုင်းကွေးသွားပြီ။ ကမ္ဘာ့လူထုရဲ့ တံတွေး
ခွက်ထဲမှာ ပက်လက်မျောပါသွားဖို့ပဲ ရှိမယ်” ဟု မိန့် ကြားသည်။

အမျိုးဘာသာ သာသနာအတွက် ဖွဲ့စည်းထားသည်ဆိုသည့် ဒီကေဘီအေ ကရင်ဗုဒ္ဓဘာသာ တပ်မတော်အနေဖြင့် ရဟန်းသံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း လှုပ်ရှားမှုကြီးတွင် ပူးပေါင်းပါဝင်မှုမရှိသည့်အတွက် ကရင်ပြည်
နယ်အတွင်းရှိ ပြည်သူလူထုအများစုက အားမလိုအားမရ ဖြစ်နေကြကြောင်းသိရသည်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် (၂) ဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များ ဖမ်းဆီးခံရ

NEJ/ ၂၇ စက်တင်ဘာ ၂၀၀၇-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင် ဦးလှဖေနှင့်
အန်အယ်ဒီ ပြန်ကြားရေးတာဝန်ခံ တဦးဖြစ်သူ ဦးမြင့်သိန်း အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များကို နအဖ အာ
ဏာပိုင်များက ယမန်နေ့ညတွင် နေအိမ်၌ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်။ယမန်နေ့ည (၁) နာရီတွင် အာ
ဏာပိုင်များက ဦးမြင့်သိန်း၏နေအိမ်သို့လာရောက်ကြောင်း၊ ထို့နောက် နေအိမ်တွင်း တနာရီခန့် မွှေနှောက်ရှာဖွေပြီး စာရွက်စာတမ်းများနှင့် မှတ်တမ်းဓာတ်ပုံများကို သိမ်းယူသွားပြီး ဦးမြင့်သိန်းကို ည (၂) နာရီခွဲတွင် ဒိုင်နာကားတစီး
ဖြင့် ခေါ်ဆောင်သွားသည်ဟု ဇနီးဖြစ်သူက ပြောသည်။

၎င်းက “ညကလာတဲ့လူတွေက ရယက ပါတယ်။ အပိုင်ရဲစခန်းကပါတယ်။ ည (၁) နာရီမှာလူ (၁၀) ယောက်လောက်
က လာခေါ်တယ်၊ ရှာဖွေနေတာက တနာရီလောက်ကြာတယ်၊ အန်တီက အဲမှာ ပါလာတဲ့လူတချို့ကို ပြောတယ်လေ။
အန်တီရဲ့ ယောက်ျားကို ဘယ်သူတွေကလာခေါ်လဲ၊ ဘယ်အဖွဲ့ ကခေါ်တာလဲ၊ ဘယ်ကိုခေါ်သွားမှာလဲဆိုတာကို သိပါ
ရစေလို့။ အဲဒါကို လုံးဝမပြောဘူး၊ မပြောသွားဘူး” ဟုပြောသည်။

ဦးလှဖေနှင့် ဦးမြင့်သိန်းတို့ ဖမ်းဆီးခံရခြင်းကို အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အတည်ပြုပြီး ဦးအောင်
ရွှေနှင့် ဦးလွင်တို့မှာ အဖမ်းဆီးမခံရဘဲ ယနေ့မနက်ထိ ရှိနေသေးကြောင်း ၎င်းကပြောသည်။

ထို့ပြင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးထောင်ခိုထန်းအား ယမန်နေ့ည (၁) နာရီတွင်
အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီး ဇိုမီးအမျိုးသားကွန်ဂရက်မှ ဦးပူကျင့် ရှင်းထန်အား ယနေ့မနက် (၄)
နာရီတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။

ဦးထောင်ခိုထန်း၏ မိသားစုဝင်တဦးက “ပထမတော့ သန်းခေါင်စာရင်းစစ်ဖို့ ပုံစံနဲ့လာတယ်။ စာရွက် စာတမ်းတွေ ဘာ
တွေရှာတယ်။ အဖေနဲ့ စကားတွေ ဘာတွေနည်းနည်းပြောပြီးမှ ခေါ်သွားတယ်။၊ ဘယ်ကိုခေါ်သွားလဲတော့မသိသေး
ဘူး။ စုံစမ်းတုန်းပဲ” ဟုပြောသည်။

ဦးပူကျင့်ရှင်းထန်ကိုမူ ယနေ့မနက် (၄) နာရီတွင် အရပ်ဝတ်အာဏာပိုင်များကလာရောက်ဖမ်းဆီးပြီး စာရွက်စာတမ်း
များကို သိမ်းသွားကြောင်း၊ ဦးပူကျင့်ရှင်းထန်အား အောင်သပြေစစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားကြောင်းမိသား
စုဝင်များက အတည်ပြုပြောကြားသည်။

ယမန်နေ့ညနေ (၅) နာရီခန့်ကလည်း ပန်းပဲတန်း၊ အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးဌေးလွင်ကို အာဏာပိုင်များကဖမ်းဆီးခေါ်
ဆောင်သွားကြောင်း အန်အယ်လ်ဒီမှ သိရသည်။