လောင်စာဆီမီးပွားဖြင့် ဒီမိုကရေစီ ဒီရေမြင့်သစ် စစ်အစိုးရ ဖြုတ်ချကြလော့ (၁၃-၉-၀၇)

နအဖအစိုးရက လောင်စာဆီဈေးနှုန်းကို နှစ်ဆတိုးလိုက်သဖြင့် လူထုမှာ ကြီးစွာအထိနာသော
ကြောင့် ဆူပွက်လှုပ်ရှားနေသည်။ ပြည်သူလူထုက နည်းအမျိုးမျိုးနှင့် တိုက်နေကြသည်။ ရဟန်းတော်များပင်ပါဝင်၍ ဆန္ဒပြကြရာမှ မော်တော်ကားများကို ဖျက်ဆီးခြင်း၊ အိမ်များကို မီးရှို့ခြင်းအထိ ပြင်းထန်နေသည်။ အစိုးရကလည်း ရိုက်နှက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်မိခြင်း၊ ချက်ခြင်းနှစ်ရှည်လများ ထောင်ဒဏ်စီရင်ခြင်းတို့ဖြင့် နှိပ်ကွပ်သောကြောင့် ကမ္ဘာအရပ်ရပ်မှ ယဉ်ကျေးသောနိုင်ငံများကပါ မြန်မာစစ်အစိုးရအပေါ် ရန်ညှိုးသိုမိကြသည်။

ဥရောပနိုင်ငံများသမဂ္ဂက ယနေ့မြန်မာအစိုးရ၏ ဖိနှိပ်မှုများရပ်ဆိုင်း၍ ဖြစ်ရပ်ကို ကုလသမဂ္ဂသို့ တင်ပြီး တားဆီးရန် အဆိုပြုကြသည်။ ကုလသမဂ္ဂရပ်ကွက်ကလည်း မြန်မာပြည် ငြိမ်းချမ်းရေး အတွက် နည်းလမ်းရှာနေကြသည်။ မြန်မာပြည်ဖြစ်ရပ်ဆိုးများပြီးဆုံးရေးကို နိုင်ငံအများက အားထုတ်နေကြသည်။ သို့သော် မြန်မာစစ်အစိုးရက မြှင့်တင်ထားသော လောင်စာဆီဈေးကို ချမပေးဘဲ တင်းမာစွာရပ်တည်နေသည်။ ထို့ကြောင့် အလုပ်သမားများ အလုပ်ရုံသို့သွားရောက်ရေး၊ အိမ်ရှင်မများ ဈေးသို့သွားကာ စားသောက်ကုန်များ ၀ယ်ယူရေးတို့မှာ ခက်ခဲသွားသည်။ ကုန်ဈေး
နှုန်းများ မြင့်တက်သွားသဖြင့် လူထုက ပြင်းထန်စွာတိုက်ခိုက်နေကြသည်။

မြန်မာစစ်အစိုးရသည် ဤကဲ့သို့လူထုအား မတရားဖိနှိပ်သဖြင့် ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးက
ဝင်ရောက်တားဆီးရန် လွတ်လပ်သော နိုင်ငံကြီးများက ယခုနှစ်ဆန်းက အဆိုတင်ခဲ့သော်လည်း
ရုရှနှင့် တရုတ်အစိုးရတို့က ဗီတိုအာဏာအသုံးပြု၍ ဖယ်ရှားခဲ့ကြသည်။ လက်နက်ရူး ရူးနေသော မြန်မာစစ်အစိုးရက အနုမြူလက်နက် တပ်ဆင်နိုင်သည်အထိ အားထုတ်နေပြီး ရုရှက လက်နက် ကိရိယာများ ရောင်းချနေရ၍ မြန်မာစစ်ဗိုလ်များကို ထောက်ခံနေသည်။ တရုတ်ပြည်က လောင်စာဆီမှ ကျွန်းသစ်အထိ ၀ယ်ယူရရှိနေသောကြောင့် မြန်မာစစ်အစိုးရ တည်မြဲရေးကို ထောက်ခံနေခဲ့ကြသည်။ မြန်မာ့သယံဇာတများကို သူတို့က သိမ်းပိုက်ထားကြသည်။

ရုရှနှင့် တရုတ်တို့က သူတို့၏စီးပွားရေးအတွက် မြန်မာနိုင်ငံအစိုးရကို အားပေးအားမြှောက် ပြုနေ သောကြောင့် မြန်မာစစ်တပ် အစိုးရက မြန်မာလူထုအပေါ် ထင်သလိုဖိနှိပ်နေကြသည်။ ထိုအခြေ အနေမှ မြန်မာလူထုမှာ လွတ်ပေါက်မရှိဖြစ်နေသည်။

သို့သော် ယနေ့တိုက်ပွဲမှာ မြန်မာနိုင်ငံ၏ သယံဇာတများတွင် သဘာဝဓာတ်ငွေ့လောင်စာဆီ ပိုလျှံစွာထွက်ပါလျှက် မြန်မာစစ်အစိုးရက လက်နက်ရောင်းသူ တရုတ်နိုင်ငံသို့ရောင်းချနေပါလျက် ပြည်တွင်း၌ လောင်စာဆီ ဈေးတက်ရသည်မှာ လွန်မင်းစွာ အရုပ်ဆိုးနေပါသဖြင့် မြန်မာလူထု၏ လှုပ်ရှားမှုကို ကမ္ဘာက အားပေးနေကြသည်။ မည်သူက မည်နှယ်အားပေးစေကာမူ မြန်မာ အမျိုးသားတို့အဖို့ လက်ရှိစစ်အစိုးရကို ဖြုတ်ချနိုင်မှသာ ရင်ဆိုင်နေကြရသော အခက်အခဲ ပြဿနာများ ဖြေရှင်းပြီးပြတ်လေမည်ဟု ခေတ်ပြိုင်က သတိပေးလိုပေကြောင်း။ ။

တရုတ်ပြည်၌ ကျင်းပမည့် အိုလံပစ်ပွဲကို သပိတ်မှောက် (၁၄-၈-၀၇)

မြန်မာ၊ ဆူဒန်နှင့် မြောက်ကိုရီးယားအစိုးရများက လူ့အခွင့်အရေး ဖိနှိပ်မှုများပြုလုပ်နေသည်ကို ကူညီအားပေးနေသဖြင့် တရုတ်ပြည်၌ ၂၀၀၈ ခု သြဂုတ် (၈) ရက် (ရှစ်သုံးလုံးနေ့) တွင် စတင် ကျင်းပရန် စီစဉ်နေသော ကမ္ဘာ့အိုလံပစ် အားကစားပွဲတော်ကြီးကို အမေရိကန်အစိုးရက သပိတ် မှောက်ရန် အမေရိကန်လွှတ်တော် အမတ်မင်း(၇) ဦးတို့က အဆိုပြုစည်းရုံးနေကြသည်ဟု ယနေ့ အေအက်ဖ်ပီ ပြင်သစ်သတင်းတွင် ဖော်ပြထားသည်။

တရုတ်အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ရန် အဆိုပြုနေကြသော အမတ်မင်းများသည် အမေ
ရိကန်၌ အာဏာရပါတီမှ အမတ်မင်းများဖြစ်ကြသည်။ သမ္မတဘွတ်ရှ်၏ ရီပတ်ဗလီကင်ပါတီ အမတ်များက လှုပ်ရှားနေသည်ကို အတိုက်အခံ ဒီမိုကရက်ပါတီကလည်း ဆန့်ကျင်မှုမပြုဘဲ ပူးပေါင်းထောက်ခံဖွယ်ရှိသည်။ ယင်းကိစ္စ ယခုလဦးပိုင်းတွင် နိုင်ငံခြားရေး ကော်မတီတွင် တင်၍စဉ်းစားကြမည်ဖြစ်သည်။

အိုလံပစ်အားကစားပွဲတော်ကို “တည်ကြည်မှု၊ သမာဓိ၊ ဂုဏ်သိက္ခာ” ရှိသော နိုင်ငံများတွင်သာ ကျင်းပရမည်ဟု စည်းကမ်းချမှတ်ထားရာတွင် သိက္ခာမဲ့သော အာဏာရှင်နိုင်ငံတို့သည် မိမိတို့နိုင်ငံ သိက္ခာရှိရန်ဟန်ဝါဒဖြန့်ရေးအတွက် အိုလံပစ်အားကစားပွဲတော်ကို မိမိတို့နိုင်ငံတွင် ကျင်းပစေရန် အားထုတ်လေ့ရှိကြသည်။

၁၉၃၆ ခုက ဂျာမနီပြည်တွင် လူသတ်အာဏာရှင် ဟစ်တလာ တက်စဉ်က ဂျာမနီနိုင်ငံ၌ အိုလံပစ် ပွဲတော်ကျင်းပခွင့် ရရှိရေးအတွက် ကျားကုတ်ကျားခဲအားထုတ်ခဲ့ရဖူးသည်။ ယနေ့ တရုတ်ပြည်တွင် လူ့အခွင့်အရေးမရှိသည်သာမက အခြားသော လူ့အခွင့်အရေးဖိနှိပ်သော အာဏာရှင်နိုင်ငံများကို ကူညီနေသည်မှာ ထင်ရှားသည်။ ဆူဒန်ပြည်အစိုးရက ဒါဖားဒေသတွင် နိုင်ငံသားနှစ်သန်းကျော် သေခဲ့ရသည်အထိ ဖိနှိပ်သည်ကို တရုတ်အစိုးရက အကူပေးခဲ့သည်။

ထို့အတူ မြန်မာပြည်စစ်အာဏာရှင်အစိုးရက ပြည်သူတို့အား ဖိနှိပ်သတ်ဖြတ်မှုများ ပြုသည်ကို တရုတ်ကွန်မြူနစ်အစိုးရက လက်နက်အကူပေးခဲ့သည်။ ထိုမျှမကသေး ယခုနှစ်ဦး ဇန်န၀ါရီက အမေရိကန်အစိုးရက ဦးစီးပြီး မြန်မာစစ်အစိုးရအား လူမျိုးစုများနှင့် အတိုက်အခံများကို မတရား ဖိနှိပ်မှုများ ရပ်ဆိုင်းရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူရန် အဆိုသွင်းခဲ့သည်။ ထိုအဆိုကို တရုတ်ကွန်မြူနစ်အစိုးရနှင့် ရုရှကွန်မြူနစ်ပျက်အစိုးရတို့က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့သည်။ မဆီမဆိုင် ကုလသမဂ္ဂတင်သောအဆိုကိုပင် ၀င်ရောက်စွက်ဖက်သည်ကို
ထောက်ရှု၍ တရုတ်အစိုးရက မြန်မာလူသတ် စစ်အစိုးရကို ကူညီထောက်ခံအားပေးနေသူ ဖြစ်ကြောင်း သိသာသည်။

တရုတ်ပြည်တွင် ကွန်မြူနစ်အစိုးရ တက်လာချိန်မှ စတင်ပြီး နိုင်ငံတကာနှင့် ဆက်ဆံရာတွင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားဖြစ်ထွန်းစေသော အစိုးရနှင့် ခေါင်းဆောင်များကိုသာ ပူးပေါင်းကူညီ အားပေးသော မူလမ်းစဉ်ကိုသာ တရားသေ ကျင့်သုံးခဲ့သည်။ မြန်မာစစ်အစိုးရကို ကူညီသည်မှာ မြန်မာပြည်သယံဇာတများကို ရယူလိုသဖြင့် ဖြစ်သည်။ အရပ်စကားနှင့်ဆိုရလျှင် တရုတ်ကွန်မြူနစ် အစိုးရသည် ကိုယ်ကျိုးရှာအစိုးရသာ ဖြစ်ချေသည်။

ထို့ကြောင့် တရုတ်ပြည်တွင် အာဏာရနေသော တရုတ်ကွန်မြူနစ်အစိုးရသည် အိုလံပစ်အားကစား ပွဲတော်ကြီးကို လက်ခံကျင်းပနိုင်သော တည်ကြည်မှု၊ သမာဓိ၊ ဂုဏ်သိက္ခာကင်းမဲ့သည့် အစိုးရဖြစ် ပေသည်။ တဖန် ထို့ကြောင့် အမေရိကန်အမတ်မင်းများက တရုတ်ပြည်တွင် ကျင်ပမည့်အိုလံပစ် အားကစားပွဲတော်ကို အမေရိကန်အစိုးရက သပိတ်မှောက်ရန် အဆိုကို ခေတ်ပြိုင်က လေးနက်စွာ ထောက်ခံအပ်ပေကြောင်း။ ။

လောင်စာဆီမီးပွားဖြင့် ဒီမိုကရေစီ ဒီရေမြင့်သစ် စစ်အစိုးရ ဖြုတ်ချကြလော့ (၁၁-၇-၀၇)

မြန်မာနိုင်ငံစစ်အစိုးရက (၁၈) နှစ်တိုင် မတရားဖမ်းဆီးထားသော မန္တလေးမြို့ ဟံသာဝတီ
သတင်းစာ အယ်ဒီတာချုပ် ဦးဝင်းတင်အား ချက်ချင်းအမြန်လွှတ်ပေးပါဟု ကုလသမဂ္ဂ ပညာရေး
သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကိုအဖွဲ့ကြီး) ၏ ညွှန်ကြားရေးမှူးချုပ် မစ္စတာမတ်ဆူရာက
ရန်ကုန် န၀တစစ်အစိုးရအား လေးနက်စွာ တောင်းဆိုလိုက်လေသည်။

မြန်မာစစ်အစိုးရအပါအ၀င် ကမ္ဘာ့နိုင်ငံသားအားလုံးတို့ပါဝင်သော ကမ္ဘာ့အသင်းချုပ်ကြီးမှ တောင်းဆိုသည်မှာ အဓိပ္ပယ်လေးနက်သည်။ ကမ္ဘာသားတဦးကို လွန်မင်းစွာ ဖမ်းဆီးနှိပ်စက် နေကြောင်း သိသာထင်ရှားသည်။ ထို့ကြောင့် ခေတ်ပြိုင်ကလည်း ဦးဝင်းတင်အား ချက်ချင်း လွှတ်ပေးရမည်ဟု တောင်းဆိုအပ်ပေသည်။

ဦးဝင်းတင်သည် အနိုင်မခံ အရှုံးမပေးသော သတ္တိခဲဖြစ်ပါသည်။ သူသည် ဇွဲသတ္တိကြီးမားသော လူသားတဦးဖြစ်သောကြောင့် သူရသတ္တိနှင့် ဆိုင်သောဆုအမျိုးမျိုးကို ကမ္ဘာအရပ်ရပ်နိုင်ငံများက ပေးဆက်ချီးမြှင့်သည်ကို ရရှိခဲ့ပါသည်။ ၂၀၀၁ ခုနှစ်က ယူနက်စကို အဖွဲ့ကြီး၏ သတင်းစာ လွတ် လပ်ခွင့် တိုက်ရဲသူ သူရဲကောင်းဆုကို ရွေးချယ်ချီးမြှင့်ခဲ့ပါသည်။

ယခုအခါ အသက် (၇၈) နှစ် ရှိပြီဖြစ်သောကြောင့်တကြောင်း၊ မြန်မာပြည်ရှိ ထောင်များမှာ အကျဉ်းသားတို့ ကျန်းမာရေးကို လျစ်လျူရှုကာ ဖိနှိပ်ညှင်းဆဲနေခြင်း အကြောင်းတို့ကြောင့် အမျိုးမျိုးသော ဝေဒနာရောဂါများကို ခံစားနေရသဖြင့် လွှတ်ပေးသင့်ပါသည်ဟု ယူနက်စကို အရာရှိကြီးက တောင်းဆိုခဲ့လေသည်။

ယခုအခါ မြန်မာစစ်တပ်အစိုးရက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကြီးက အကျဉ်းထောင် များသို့သွားရောက်ကာ အကျဉ်းသားတို့၏သက်သာချောင်ချိမှု လုပ်ငန်းများ လုပ်ဆောင်ခွင့်ကို တားမြစ်ပိတ်ပင်ထားသဖြင့် ဦးဝင်းတင်နှင့်တကွ မြန်မာစစ်အကျဉ်းထောင်များမှ အကျဉ်းသား များတို့မှာ ပိုမိုဒုက္ခရောက်နေကြရရှာသည်ကိုလည်း ထုတ်ဖော်၍ တင်ပြခဲ့ပါ၏။

လွန်ခဲ့သော ရက်သတ္တပတ်အတွင်းက အကျဉ်းကျသက် (၁၈) နှစ်ပြည့်သောနေ့က ထောင်အရာရှိ နှစ်ဦးက ကျဉ်းမြောင်းသော ဦးဝင်းတင်၏အခန်းတွင်းသို့ ၀င်ရောက်စစ်ဆေးသည်ဟုလည်း သတင်း တရပ် ထွက်လာခဲ့သည်။ ထောင်မှူးတို့က အကယ်၍ ဦးဝင်တင်အားလွှတ်ပေးခဲ့ပါလျှင် နိုင်ငံရေး လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ပါမည်လားဟု မေးမြန်းကြကြောင်း၊ ဦးဝင်းတင်က
“မိမိသည် နိုင်ငံသားတဦးဖြစ်သဖြင့် ဒီမိုကရေစီရရှိရေးကို လုပ်ဆောင်ရန်တာဝန်ရှိသည့်အတိုင်း
မုချ နိုင်ငံရေးလုပ်မည်မှာ သေချာသည်” ဟု အဖြေပေးခဲ့သည်ဟု သိကြရသည်။

ယင်းသို့မေးမြန်းခြင်းအရ စစ်တပ်အစိုးရ၏ ယုတ်ညံ့မှုကြီးကို နိုင်ငံသားတို့က ကောင်းစွာ သိရှိ လိုက်ကြရသည်ကို ခေတ်ပြိုင်ကတင်ပြရပေမည်။ ၁၉၈၉ ခုနှစ်က ဦးဝင်းတင်အား ဖမ်းဆီးသည်မှာ နိုင်ငံရေးလုပ်ဆောင်မှုအတွက် ဖမ်းဆီးသည်မဟုတ်ပေ။ ဦးဝင်းတင်၏ တပည့်လူငယ်တယောက်၏ ကိုယ်ရေးကိုယ်တာအမှုတွင် ဦးဝင်းတင်က အကြံပေးသဖြင့် ထိုလူငယ်က ကျူးလွန်ခဲ့သည်ဟု မဆီ မဆိုင် ဖမ်းဆီးကာ ယင်းလူငယ်၏အမှုကို အားပေးကူညီမှုအဖြစ် ဖမ်းဆီးကာ ထောင်ဒဏ်အနည်း ငယ် စီရင်ခဲ့၏။ နောက်ပိုင်းတွင်မှ ထောင်သက်ကိုဆန့်ကာ (၁၈) နှစ်တိုင် မတရားချုပ်နှောင်ထားခဲ့ သည်။ ဖမ်းစဉ်က လူမှုရေးအမှုနှင့်စီရင်ခဲ့ပြီး (၁၈) နှစ်ကြာမှ နိုင်ငံရေးအမှု ကျူးလွန်ခဲ့လေဟန် စစ်အစိုးရက ဖန်တီးခြင်းသည် စစ်ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကလိန်ဥာဏ်ဖြစ်
သည်ကို လူထုကသိလာကြသည်။ သူသည် ရှက်ဖွယ်ကောင်းပြီး စက်ဆုတ်ဖွယ်ကောင်းသူ ဖြစ် ကြောင်း လူထုသိကြသည်။

အချုပ်အားဖြင့် ခေတ်ပြိုင်ကဆိုရလျှင် နိုင်ငံသားတဦးအား သူနှင့်မဆိုင်သောအမှုဖြင့် ဖမ်းဆီးပြီး (၁၈) နှစ်ကြာမှ နိုင်ငံရေးမလုပ်လျှင် လွှတ်ပေးလေယောင် လုပ်ဆောင်ခြင်းသည် ထိုအစိုးရ၏ ဦးစီးခေါင်းဆောင် ဗိုလ်ချုပ်ကြီးသန်းရွှေ သိမ်ဖျင်းလှသည်ကို ပေါ်လွင်စေပေ၏။ သူခေါင်းဆောင် သော နအဖအစိုးရသည် ဦးဝင်းတင်၏အမှုကဲ့သို့သော ယုတ်ညံ့သောအမှုများစွာရှိသည်။
အားလုံးကို လွှတ်ပေးပါ။ ဦးဝင်းတင်အား လွှတ်ပေးပေးပါဟု ခေတ်ပြိုင်က ကျယ်လောင်စွာ တောင်းဆိုအပ်ပေကြောင်း။ ။

ရန်ကုန်မြေနှင့် တိုက်များကို ထုခွဲသည်ကို ကန့်ကွက်ကြောင်း (၁၂-၆-၀၇)

ရန်ကုန်မြို့ရှိ အစိုးရအဆောက်အဦများနှင့် မြေကွက်ကြီးများကို ရောင်းချထုခွဲမည်ဟုသိရှိကြရ
သဖြင့် အမှားအနန္တကို ဆက်တိုက်လုပ်ဆောင်သော စစ်အစိုးရသည် ကြီးမားသောအမှားကြီးတခု ပြုပြန်သဖြင့် ချက်ချင်းရပ်စဲပါဟု ခေတ်ပြိုင်က ပြင်းထန်စွာ ကန့်ကွက်ရပြန်သည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှု ၀န်ကြီးဦးစိုးသာက အမှုဆောင်အဖွဲ့တခု ဖွဲ့စည်း၍ လုပ်ဆောင်မည်ဟု တရုတ်နီအစိုးရ သတင်းစဉ်က ရေးသားကြေညာ၏။ မိသားစုတခုတွင်ပင် မိမိတို့ပိုင် ပစ္စည်းတစုံတခုကို ရောင်းချထုခွဲလျှင် ထိုပစ္စည်းသည် မိမိ၏ပိုင်ဆိုင်မှု ဆုံးရှုံးသွားမည် ဖြစ်သောကြောင့် နအဖအစိုးရသည် စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနကို အသုံးပြုကာ စီးပွားရေး ဆုံးရှုံးပျက်စီးစေရန် ဖျက်ဆီးနေပြန်လေပြီ။

အစိုးရ၏ စီးပွားရေးဝင်ငွေမှာ အဘက်ဘက်က တိုးတက်နေသည်ဟု သတင်းများကဆိုသည်။ အထူးသဖြင့် သဘာဝဓာတ်ငွေ့များ ရောင်းချရေးဝင်ငွေသည် များစွာတိုးတက်နေသည်။ ဓာတ်ငွေ့ ဈေးကောင်းသဖြင့် နိုင်ငံခြားကုန်ရောင်းဝယ်မှု ၀င်ငွေမှာ ၂၀၀၇ ခုနှစ်တွင် ယခင် ၂၀၀၆ ခုထက်
(၄၃) ရာခိုင်နှုန်းအထိတိုးတက်နေသည်။ အမေရိကန်ဒေါ်လာ (၂,၀၉၀) ကုဋေ မှ (၇,၉၃၀) ကုဋေ
အထိ တိုးတက်နေကြောင်းနှင့် တရုတ်နီသတင်းတွင် ဖော်ပြထားသည်။

သဘာဝ သယံဇာတပေါကြွယ်ဝသော မြန်မာနိုင်ငံအဖို့ ကုန်ထုတ်စွမ်းအားကြီးမားနေပါလျက် နိုင်ငံ သားများအကျိုးအတွက်မူ ကျန်းမာရေး၊ ပညာရေးစရိတ်များ မတန်တဆလျှော့ပေါ့ကာ သုံးစွဲ နေသည်။ တိုးတက်သမျှ ၀င်ငွေများကို စစ်အာဏာရှင်တို့ အာဏာသက်ရှည်ကြာသန်မာရေးအတွက် လူသတ်လက်နက်များ ၀ယ်ယူနေရသဖြင့် တိုင်းပြည်မှာ ဆင်းရဲတွင်းနက်နေသည်။

ယခု ရန်ကုန်မှ အစိုးရမြေယာ တိုက်တာများကို ရောင်းချရသည့် အကြောင်းအရင်းမှာ ပျဉ်းမနား နေပြည်တော်သစ်ဆောက်လုပ်ရေးအတွက် သုံးစွဲရန်ဖြစ်သည်ဟု ခေတ်ပြိုင်က သိရှိရသည်။ ပင်လယ်ဆိပ်ကမ်းပေါ် တည်ရှိသည့် မြို့တော်ကိုဖျက်၍ တောကြိုအုံကြားတွင် နေပြည်တော်သစ် တည်ဆောက်ခြင်းသည် ရူးသွပ်သောအမှုဖြစ်သဖြင့် ခေတ်ပြိုင်နှင့်တကွ ပြည်သူတရပ်လုံးက ကန့်ကွက်ခဲ့ကြသည်။ ကမ္ဘာကလည်း မလိုအပ်ပါဘဲနှင့် နေပြည်တော်သစ်ဆောက်လုပ်မှုကို ရှုတ်ချ ကြသည်။ အသိဥာဏ်ကင်းမဲ့စွာတည်ဆောက်သဖြင့် လျှပ်စစ်ဓာတ်အား ပြဿနာပေါ်ပေါက်လာခဲ့
ကာ ပြည်သူတို့က လက်သီးလက်မောင်းပြ၍ ကန့်ကွက်ခြင်း ခံခဲ့ရသည်ကို ခါတိုင်းကဲ့သို့ ဖိနှိပ်မှု
မပြုဝံ့ဘဲ အလျှော့ပေးနေရပါလျက် လက်လျှော့မှုမပြုသည်မှာ မိုက်မဲလှသည်။

ထို့ပြင် နောက်ထပ် နေပြည်တော်သစ်များ ဆောက်လုပ်ရန်ပြင်ဆင်အားထုတ်နေသည်ဟု သတင်း များလည်း ထွက်နေပြန်သည်။ စစ်တပ်၏ ဒုတိယအာဏာရှင် ဗိုလ်ချုပ်ကြီးမောင်အေးက
ဗိုလ်သန်းရွှေ လွန်သောကာလတွင် ထီးနန်းစိုးစံရန် မေမြို့တခိုတွင် နေပြည်တော်သစ်တခု
ဆောက်လုပ်ရန် မြေများကိုလုယက်သိမ်းနေသည်ဟု သတင်းရသည်။ ဤသို့ဆိုလျှင် တတိယ အာဏာရှင်ဗိုလ်ရွှေမန်းက သူ၏ခေတ်ရောက်လျှင် မုံရွာယင်းမာပင်ဒေသ၌ နေပြည်တော်သစ် ဆောက်လိုပေဦးမည်။ အားလုံးတို့သည် ကိုယ်ပိုင်နေပြည်တော်သစ်ကလေးများတည်ရန် စိတ်ကူးယဉ်နေပေမည်။

ထို့ကြောင့် ရူးသွပ်နေကြသော နေပြည်တော်သစ်များ ဆောက်လုပ်ရေးကို မည်သူမှ ဆက်လက် လုပ်ဆောင်ခြင်းမပြုဘဲ အားလုံးရပ်ဆိုင်းကြပါဟု ခေတ်ပြိုင်က အပြီးအပြတ်တောင်းဆိုသည်။ အကယ်၍ အခြားအကြောင်းတခုခုအရ ရန်ကုန်နေပြည်တော်မှ အဆောက်အအုံများ မြေကွက်
များကို ရောင်းချရန် လိုအပ်ပါက (က) နိုင်ငံခြားသားများကို ရောင်းချခြင်းမပြုပါနှင့် လုံးဝရှောင်ကြဉ် ပါ။ (ခ) အစိုးရတိုက်တာ၊ အစိုးရမြေကွက်တို့သည် ကြီးမားမြဲဖြစ်သဖြင့် ဆင်းရဲသားများ ၀ယ်ယူရန်
တတ်နိုင်မည်မဟုတ်သည်ကို အခွင့်ကောင်းယူ၍ စစ်ဗိုလ်အသိုင်းအ၀ိုင်းသူကြွယ်များကို လက်သိပ် ထိုးရောင်းချခြင်းမပြုပါနှင့်။ (ဂ) ရှိပြီးဆင်းရဲသားတို့ သမ၀ါယမ လုပ်ငန်းများနှင့် သမ၀ါယမလုပ်ငန်း သစ်တို့အားသာ ရောင်းချပါ။ (ဃ) အရေးကြီးဆုံးမှာ ပုန်းလျှိုးကြိတ်ဝိုင်းများ မဖြစ်စေဘဲ လူသိရှင်ကြား ရောင်းချသည့် စနစ်ကိုသုံးပါဟု တောင်းဆိုရပေ၏။

သဘာဝဓာတ်ငွေ့ကိုရောင်းချ၍ ရေအားစက်များတည်သည်မှာ မှန်၏လော (၁၀-၅-၀၇)

ယခုတလော တရုတ်ကွန်မြူနစ်နိုင်ငံမှ သတင်းလွှာအများတွင် မြန်မာနိုင်ငံ၌ ပြဿနာကြီးစွာ ပေါ်နေသော လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ရေအဟုန်မှ ဓာတ်အားထုတ်ယူသောစက်များကို တည်ဆောက်ရန် အပြီးအပြတ် ဆုံးဖြတ်အားထုတ်နေသည်ဟု မြန်မာစစ်အစိုးရအား ချီးကျူး ရေးသားနေကြသည်ကို ခေတ်ပြိုင်က ဖတ်ရှုရပေသည်။ မေလ (၇) ရက်နေ့က ဆင်ဟွာသတင်း လွှာတွင် သံလွင်မြစ်ပေါ်၌ တာတမန်ကြီး ဆောက်လုပ်ကာ ရေစီးအင်အားမှ လျှပ်စစ်ဓာတ်အား ရရှိစေသည့် စက်ကြီးဆောက်လုပ်ရန် စီမံကိန်းကြီးကို ဦးတည်၍ ထောမနာနေသည်ကို ဖတ်ရှုရ၏။

တိဘက်ပြည် တန်ဂလာတောင်တန်းတွင် မြစ်ဖျားခံသော သံလွင်မြစ်သည် မိုင်ပေါင်း(၁,၇၅၀) ရှည် သည်။ မြန်မာနိုင်ငံတွင်း၌ မိုင် (၆၅၀) စီးဆင်း၍ ဖြတ်သန်းသည်။ မြန်မာပြည် သံလွင်မြစ် တာဆန်း၊ ၀ဲကြီး၊ ဓားခွင် စသည့်ဆိပ်ကမ်းများပေါ်တွင် ရေကာတာများတည်ဆောက်၍ လျှပ်စစ်ဓာတ်ထုတ်ရန် စီမံကိန်းသည် အကြီးဆုံးလုပ်ငန်းကြီးဖြစ်သည်။ သံလွင်မြစ်ကိုဖြတ်ကာ အမြင့်ပေ (၂၃၀) ရှိပြီး အလျား (၈၇၆) ပေရှည် ရေကာတာကြီးကို ဆောက်လုပ်မည်။ ထိုစက်ကြီးမှ လျှပ်စစ်ဓာတ်အား (၇,၁၁၀) မီဂါဝပ် ထွက်ရှိမည်။ တန်ဖိုး အမေရိကန်ဒေါ်လာ ကုဋေ (၆၀၀) တန်သည်။ တရုတ်နှင့် ထိုင်းကုမ္ပဏီကြီးများက ဆောက်လုပ်ပေးရန် လွန်ခဲ့သောဧပြီလက စာချုပ်ခဲ့ကြသည်ဟု အကျယ်
တ၀င့် အသေးစိတ်သတင်းရေးသည်။

အခြားတည်ဆောက်မည့် ရေမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းတို့မှာ မီဂါဝပ် (၆၀၀) ဓာတ် အားရရှိမည့် ထူးကြီးစက်ဖြစ်သည်။ ပြည်တွင်းသုံးရန်နှင့် ထိုင်းသို့ရောင်းချရန် ရည်ရွယ်သည်။ ရှမ်းပြည်ရှိ ရွှေလီမြစ်မှ ဓာတ်အားထုတ်လုပ်မည့်စက်များ ဆောက်ဦးမည်ဟု သတင်းက ရေးသား အားပေးသည်။ ထိုစက်များ တည်ဆောက်ရေးမှာ စာချုပ်များနှင့် စီမံကိန်းများသာဖြစ်သည်၊ ချက်ချင်းလက်ငင်းရရှိမည့် ဓာတ်အားများမဟုတ်သည်ကိုမူ သတင်းတို့က ဖုံးဖိရေးသားသည်။ တရုတ်တို့ဝါဒဖြန့်သော သတင်းများနှင့် ထွက်ရှိလာမည့် ဓာတ်အားတို့သည် တနှစ်အတွင်း မြင်ကြ ရမည်၊ သုံးစွဲကြရမည်မဟုတ်ပေ။

သံလွင်မြစ်ကမ်းပေါ်မှ ကြီးမားသောတာတမံကြီး ဆောက်လုပ်မည့် စီမံကိန်းအတွက် ရေအရှိန်
အဟုန် လုံလောက်စွာ ရရှိပါမည်လောဟူသော မေးခွန်းကိုလည်း တာတမံကြီးဆောက်လုပ်၍
မပြီးမီ သိရှိရန် မလွယ်ပေ။ သံလွင်မြစ်သည် ကမ္ဘာပေါ်တွင် အရှည်ဆုံးမြစ်တစင်းဖြစ်သည်။ ရေစီးကြမ်းသဖြင့် ရေစီးအရှိန်ကြီးမားသည်မှာ မှန်သော်လည်း မြန်မာဆည်ကြီးအထက်ပိုင်းတွင် တရုတ်အစိုးရက ဆည်များ၊ တာတမံများ အဆင့်ဆင့် ဆောက်လုပ်နေကာ ဓာတ်အားယူနေခဲ့ သောကြောင့်ဖြစ်၏။ မြန်မာဆည်ကြီး၏အထက်တွင် တရုတ်ဓာတ်အား ထုတ်သောစက်ကြီးများ
(၁၃) ခုရှိသည်။ ထို့ကြောင့် မြန်မာဆည်ကြီးပြီးစီးချိန်တွင် ရေအရှိန်လျော့ပါးနိုင်သည်ဟု ခန့်မှန်း သူများက ခန့်မှန်းသည်။ စိုးရိမ်ဖွယ်ပင်။

အရေးအကြီးဆုံးမှာ ကမ္ဘာအရပ်ရပ်တို့၌ရှိသော မြစ်ကြီးငါးရာ မြစ်ငယ်ငါးသွယ်တို့၏ ကမ်းခြေ
များတွင် လူနေအိမ်ခြေများ ကြီးမားစွာ တိုးများလာသည်။ ငါးဖမ်းလှေငယ်တို့မှစတင်၍ စက်မှု လက်မှုလုပ်ငန်းအများ ဓာတ်အားပေးစက်ကြီးများ တည်ဆောက်ကြသောကြောင့် မြစ်ရေတို့သည် နောက်ကျိလာကြသည်၊ ခန်းခြောက်လာကြသည်။ ထိုအချိန်တွင်မှ မြန်မာက ရေအဟုန်ကိုအားကိုး
၍ ဓာတ်အားစက်တည်ဆောက်နေခြင်းသည် မှန်မှမှန်ပ့ါမည်လောဟု ပညာရှင်အများက သံသယ
များ ဖြစ်ပေါ်နေသည်။ မြန်မာနှင့် လူမျိုးစုများပါ လူဦးရေ (၆) သန်းကျော်သည် သံလွင်မြစ်ကမ်းကို အမှီပြု၍ အသက်မွေးကာ နေထိုင်ကြသည်။ သံလွင်မြစ်ဝှမ်းမှ သားငါးများ၊ သီးနှံများကို မှီခိုနေကြ သည့် ထိုလူဦးရေ (၆) သန်းကျော်တို့၏ အသက်မွေးမှုများ ထိခိုက်နိုင်သည့် ဘေးအန္တရာယ်လည်း ရှိသည်။

လက်ငင်းလက်တွေ့ ဘေးအကင်းဆုံးမှာ မြန်မာ၏ သယံဇာတမြေမှထွက်သော သဘာဝဓာတ်ငွေ့ များကို သုံးစွဲသော လျှပ်စစ်ဓာတ်အားပေးစက်များဖြစ်သည်။ ရှေးက မြန်မာနိုင်ငံတွင် ဓာတ်ငွေ့နှင့် လည်ပတ်သော စက်တို့မှ ဓာတ်အားသည် (ပျဉ်းမနားနိုင်ငံသစ်မတည်မီကာလက) နိုင်ငံကသုံးစွဲ သမျှ၏ (၆၅) ရာခိုင်နှုန်း ထုတ်လုပ်ပေးခဲ့ပါ၏။ ကျွန်းချောင်း၊ မြန်အောင်၊ ရွှေတောင်နှင့် မန်းတို့တွင် (၄) လုံးရှိပါသည်။ ရန်ကုန်တခိုတွင် အလုံ၊ လှော်ကား၊ သာကေတနှင့် ရွာမတို့တွင် (၄) လုံးရှိပါ
သည်။ အကယ်၍သာ သဘာဝဓာတ်ငွေ့သိုက်အများ အောင်နေသော မြန်မာနိုင်ငံတွင် သဘာဝ
ဓာတ်ငွေ့နှင့် လည်ပတ်သော လျှပ်စစ်စက်များကို ပြန်လည်အသုံးပြုသည်သာ မှန်ကန်သော လမ်းစဉ်ဖြစ်သည်ဟု ခေတ်ပြိုင်က ယူဆသည်။

ထို့ကြောင့် တရုတ်အစိုးရထံမှ ငွေကြေးကုဋေကုဋာချေး၍ ရေအဟုန်ဓာတ်အားစက်ကြီးများ တည်ဆောက်နေသည်ကို တရုတ်ဝါဒဖြန့်စာစောင်များက ချီးကျူး၍ ရေးသားသမျှကို ခေတ်ပြိုင်က ယုံကြည်မှုမရှိဟု ပြတ်သားစွာ တင်ပြရပေမည်။ ။

နိုင်ငံအ၀ှမ်း လျှပ်စစ်ဓာတ်ဖြတ်၍ ပျဉ်းမနားတွင် ဖြုန်းတီးမည် (၁၁-၄-၀၇)

မြန်မာနိုင်ငံသားတို့သည် လျှပ်စစ်မီးကို သုံးစွဲခြင်းမပြုနိုင်ကြသဖြင့် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပညာရေး နိမ့်ကျရာမှ ပျက်စီးတိမ်ကောရတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။ ထိုသို့ ယိုယွင်းပျက်ပြားနေသော အခြေအနေမှ လွတ်မြောက်ရေးကို အားထုတ်ရန် တာဝန်ရှိသော နအဖ စစ်အစိုးရက လုပ်ဆောင်ခြင်းမပြုသည်သာမက ရှိရှိသမျှ လျှပ်စစ်ဓာတ်အားကို စစ်တပ်များကသာ ပိုမိုသုံးစွဲနေသဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် စစ်အစိုးရခေါင်းဆောင်များအား ခေတ်ပြိုင်က ပြင်းထန်စွာ ရှုတ်ချပြစ်တင်လိုပေသည်။

ရိုက်တာသတင်းထောက်ကြီး ဦးအောင်လှထွန်းက လျှပ်စစ်ဓာတ်အားမရသဖြင့် ယနေ့ မြန်မာနိုင်ငံသားတို့ ခံစားနေရရှာသည့် ကြီးမားသော ဆင်းရဲဒုက္ခတို့ကို အခြေအနေမှန်အတိုင်း သတင်းထောက်လှမ်းတင်ပြ သဖြင့် ခေတ်ပြိုင်က အထူးကျေးဇူးတင်ရှိရပေသည်။

မြန်မာနိုင်ငံမြို့ကြီးများတွင် အမြဲတမ်းလာရမည့် လျှပ်စစ်ဓာတ်အားသည် မှန်ကန်စွာမရကြောင်း၊ အချို့မှာ သုံးရက်တာကာလအတွင်း ကိုးမိနစ်သာ ဓာတ်အားလွှတ်ပေးသဖြင့် သောက်သုံးရေပြတ်သွားသည့် မြို့နယ်များရှိကြောင်း၊ အချို့ဒေသတို့တွင် လျှပ်စစ်ဓာတ်အား တစက်မျှမရကြောင်းကို ခံစားရသည့် လူထုကြီး၏ တင်ပြချက်အတိုင်း သတင်းရေးသားသည်ကို ဖတ်ရှုရသည်။

ရလဒ်မှာ စစ်တပ်ဖက်ဆစ်အုပ်ချုပ်ရေးစနစ်ကြောင့် မူလက ပျက်စီးယိုယွင်းသော မြန်မာ့စီးပွားရေး တည်ငြိမ်ရေးကို ကြီးမြင့်စွာ ဟန့်တားနေကြောင်း၊ နိုင်ငံသားတို့မှာ ကမ္ဘာအရပ်ရပ်၌ အသုံးပြုနေကြသော လျှပ်စစ်မီးဖို၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက် စသည်များကို အသုံးမပြုနိုင်သောကြောင့် ကျန်းမာရေးနှင့် လူမှုရေး နစ်နာဆုံးရှုံးနေရကြောင်းဖြင့် သတင်းဆောင်းပါးတွင် ပြည့်စုံကုံလုံစွာ ရေးသားထားသည်။

စာကူးစက်၊ စားသောက်ဆိုင်၊ သတင်းကွန်ခြာကွန်ပျူတာဆိုင် စသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ရရှိနိုင်သော ဒီဇယ်လျှပ်စစ်ဓာတ်အားပေးစက်များကို အသုံးပြုကြရသဖြင့် ညစ်ညမ်းသောမီးခိုးများကို ရှူရှိုက်ကြရသောကြောင့် ရောဂါမျိုးစုံကို နိုင်ငံသားတို့ ရင်ဆိုင်နေကြရရှာကြောင်း၊ လူဦးရေ (၅၃) သန်း ရှိသော မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား (၁,၇၇၅) မီဂါဝပ်သာ ထုတ်လုပ်နိုင်ပြီး မြန်မာကဲ့သို့ ဆင်းရဲသားနိုင်ငံတခုဖြစ်သည့် ထိုင်းနိုင်ငံတွင် လူဦးရေ (၆၅) သန်းအတွက် မီဂါဝပ် (၂၆,၀၀၀) ထုတ်လုပ် သုံးစွဲနေကြောင်း၊ အိမ်နီးချင်း ထိုင်းအမျိုးသားတို့က လျှပ်စစ်ဓာတ်အား (၁၂) ဆထက် ပိုမိုသုံးစွဲနေကြ ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံသားတို့ထက် အဆများစွာ အောက်ကျနောက်ကျ ဖြစ်နေရကြောင်းနှင့် သတင်းကိုဖတ်ရသဖြင့် ကြေကွဲဝမ်းနည်းကြရပေ၏။

ပို၍ဆိုးသည်မှာ မြန်မာ့လူဦးရေ (၅၃) သန်းအတွက်ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို ရဲဌာနနှင့် အချုပ်ထောင်များ၊ စစ်တပ်များတို့က တ၀က်ကျော်သုံးစွဲနေသဖြင့် လူထုမှာ အဆများစွာ နိမ့်ကျထိခိုက် သည်ကို ခန့်မှန်းသိရှိနိုင်သည်။

မြန်မာနိုင်ငံခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပျဉ်းမနားတွင် နေပြည်တော်သစ် တည်ဆောက်ခြင်းသည် မိမိနှင့် မိမိ မိသားစု၊ တပည့်တပန်း စစ်ဗိုလ်ကြီးများ မတရားဇိမ်ခံနိုင်ရန် ဦးတည်ချက်ဖြစ်သည်မှာ တစတစ ထင်ရှားလာလေပြီ။ နိုင်ငံတ၀ှမ်းလုံး ဓာတ်အားမပေးနိုင်သဖြင့် မိမိ ပတ်ဝန်းကျင်၌သာ ဓာတ်အားပြည့်စုံစွာ ရရှိသုံးစွဲနိုင်ရန် အိမ်ပြောင်းသည်သာဖြစ်သည်ဟု ခေတ်ပြိုင်က ယိုးစွပ်လိုသည်။ စွပ်စွဲချက်မှန်ကန်မှုမရှိလျှင် နအဖအစိုးရက နိုင်ငံတခုလုံးအတွက် ထုတ်လုပ်နိုင်သော လျှပ်စစ်ဓာတ်အား မီဂါဝပ် (၁,၇၇၅) အနက် မည်ရွေ့မည်မျှကို ပျဉ်းမနားဇိမ်ခံနိုင်ငံကွက်ကွက်ကလေး အတွက် အသုံးပြုပါသည်ဟု စာရင်းမှန်နှင့်ထုချေပါဟု တောင်းဆိုလိုသည်။

ယခုနှစ်သင်္ကြန်ပွဲအစီအစဉ်ကို လေ့လာက သိနိုင်သည်။ ပထမ သင်္ကြန်ရုံးပိတ်ရက် ဆယ်ရက်သတ်မှတ်ပြီး ရေသဘင်ပွဲ ဆယ်ရက်ကျင်းပရန် စီစဉ်သည်။ နောက်မှ ရုံးပိတ်ရက်ဆယ်ရက်ကို အစိုးရအမှုထမ်းအားလုံး မဟုတ်၊ အချို့အတွက်သာဖြစ်သည်ဟု ပြင်ဆင်ကြေညာသည်။ တပြည်လုံးတွင် သောက်ရေရှားပါး နေချိန်၌ လျှပ်စစ်ဓာတ်အားကို ပျဉ်းမနားတွင် ဖြုံးတီးကြမည်။ ကြီးမားသော လေးလက်မ ခြောက်လက်မ ရေပိုက်ကြီးများနှင့် သားတော်၊ သမီးတော်၊ မြေးတော်တို့ ရေကစားနိုင်ကြရန်အတွက် စီစဉ်သည်သာ ဖြစ်သည်။

တပြည်လုံးတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်နေချိန်တွင် မိမိတို့နေထိုင်ရာဒေသကွက်ကလေးတွင်သာ ကြီးမားသော ရေသဘင်ကို ကြာမြင့်စွာကျင်းပရန် စီစဉ်သည်သာဖြစ်သည်။ ယင်းသို့ ကလေးကလား စီစဉ်သည်မှာ နိုင်ငံ၏အကြီးအကဲ ရူးသွပ်နေသဖြင့်သာ ဖြစ်ရမည်။

မြန်မာရာဇ၀င်တွင် မင်းအဖြစ် နန်းစံနေရင်း အကယ်အမှန် ရူးသွပ်သွားရှာလေသော မင်းနှစ်ပါးရှိခဲ့ဖူး၏။ ရွှေဘိုမင်း၊ ကုန်းဘောင်မင်းနှင့် သာယာဝတီမင်းဟု ဘွဲ့သုံးမည်တွင်ခဲ့သော သာယာဝတီမင်းနှင့် ပုဂံမင်း (ပေါင်းမင်းနှစ်ပါး) တို့သည် နိုင်ငံကို အုပ်ချုပ်နေရင်း ရူးသွပ်သွားကြသဖြင့် နန်းမှချရသည့် ‘ထုံး’ ရှိခဲ့သည်။

ပုဂံမင်းသည် ငယ်ရွယ်သူ မင်းညွန့်မင်းသွေးများကို ရက်စက်စွာ အစုလိုက်သတ်ပွဲ ကျင်းပလေ့ရှိရာ၌ ညီတော်မင်းသားတဦးနှင့် မိသားစုများကိုပါ လူပေါင်း (၃၀၀) ကို မီးလောင်တိုက်သွင်း၍ သတ်ဖြတ်သဖြင့် ရူးရှာလေပြီဟု ဆွေတော်မျိုးတော်တို့က ယူဆ၍ စောင့်ကြည့်ခဲ့သည်။ သင်္ကြန်ပွဲတော်ကို (၄၂) ရက်တိုင် စည်ကားစွာ ဆက်တိုက်ကျင်းပသောအခါတွင်မှ ရူးသွပ်နေသည်မှာ အမှန်ဖြစ်သည်ဟု ဆုံးဖြတ်ကြကာ နန်းမှချ၍ ချုပ်နှောင်ခဲ့ကြရသည်။ ယနေ့အခြေအနေမှာ အလားတူအခြေအနေဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရူးသွပ်နေသည်မှာ သေချာနေသဖြင့် လူထုကြီးက လျော်ကန်သည့်အတိုင်း စီရင်သင့်လေပြီဟု ခေတ်ပြိုင်က တပ်လှန့်လိုက်ပေသည်။     ။

ကုန်ဈေးတန်းတခိုမှ ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြပွဲ (၁၂-၃-၀၇)

နအဖစစ်အစိုးရသည် အနောက်အုပ်စုနိုင်ငံများက စစ်ဖက်ဆစ်စနစ်ကို အရေးယူရန် ကုလသမဂ္ဂသို့ တင်သည်ကို မကျေနပ်သဖြင့် ကြေးစားနိုင်ငံရေးသမားများကို ငှားရမ်းအသုံးပြု၍ ရန်ကုန်မြို့ရှိ သံရုံးများရှေ့၌ ဆန္ဒပြကန့်ကွက်ပွဲများ ကျင်းပခဲ့လေသည်။ မြန်မာနိုင်ငံသားတို့သည် မိမိတို့၏ဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့် ရှိလေဟန်နှင့် ဆန္ဒပြပွဲကို ကျင်းပစေခဲ့သော စစ်အစိုးရသည် မိမိပြုမူချက်ကို ဂယက်တုံ့ပြန်လာသောအခါ မရှုနိုင် မကယ်နိုင်၊ မလုပ်တတ် မကိုင်တတ် အကျပ်ရိုက် နေရရှာလေပြီ။

စစ်အစိုးရဗိုလ်ချုပ်ကြီးများကိုယ်တိုင်က တပဲနှစ်ပြားအခကြေးငွေပေး၍ ကြေးစားဆန္ဒပြပွဲများ ကျင်းပနိုင်လျှင်၊ ကျင်းပခွင့်ပြုနေလျှင်၊ ဆန္ဒပြပွဲများကို အားပေးအားမြှောက်ပြုနေလျှင် … မိမိတို့နိုင်ငံသားအားလုံးတို့သည်လည်း မိမိတို့ ရင်ဆိုင်နေရသည့် အခက်အခဲများကိုတင်ပြပြီး အဖြေရှာသည်မှာ လျှော်ကန်မှန်ကန်သင့်မြတ်သော လမ်းစဉ်ဖြစ်ပေသည်ဟု လူထုကြီးက ယုံကြည်လက်ခံလှုပ်ရှားလာသည်။ ရန်ကုန်မြို့တော်တွင် လူထုဆန္ဒပြပွဲများ ပြန်လည်ပေါ်ပေါက်လာလေ သည်။

အရပ်သားလူထုကြီးမှာ အံကြိတ်၍ ခံနေရသည်မှာ ကြာချေပြီ။ ကုန်ဈေးနှုန်းများ လွန်မင်းစွာကြီးမား နေသည်။ တက်မြင့်သော ကုန်ဈေးနှုန်းတို့၏မဟာမိတ်ဖြစ်သော လောင်စာဆီရှားသဖြင့် တရားဝင်မြို့ တော်ဖြစ်သော ရန်ကုန်မြို့တော်၌ပင် လျှပ်စစ်ဓာတ်အား လုံလောက်စွာမပေးနိုင်။ ဘတ်စ်ကား အငှားကားများ ကားခနှုန်းထားကြီးမြင့်ကြရပြန်သည်။ လူထုကြီး ခံနေရသည်မှာ များပြားလှသည်။ ပညာရေးစနစ်က ပျက်နေသည်။ အလုပ်အကိုင်က ရှားပါးသည်။ အလုပ်ရှိသောဝန်ထမ်းများက ရိုးဖြောင့်စွာအသက်မွေးမှုမပြုနိုင်တော့သဖြင့် လာဘ်ပေးလာဘ်ယူစနစ် ကြီးထွားလာပြန်သည်။

မိမိတို့ရင်ဆိုင်နေရသော အခက်အခဲများကို ဆွေးနွေးကြရင်း အရပ်သားလူထုသည် တစုတအုပ် ဖြစ်လာကြသည်။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ငယ်တဖွဲ့ ဖြစ်မြောက်လာသည်။ အဖွဲ့ကညှိ၍ အထူးထူးအ၀၀သော ပြဿနာအ၀၀ကို ခွဲမနေဘဲ ပူးပေါင်းလေ့လာပါက နအဖအစိုးရက ချက်ချင်းလုပ်ဆောင်ပေးရမည့်အမှုကိစ္စမှာ (၁၇) ချက်ရှိသည်ကို သူတို့တွေ့ကြရသည်။ မိမိတို့တွေ့သမျှကို နိုင်ငံတော်၏အာဏာကို သိမ်းယူအုပ်ချုပ်နေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် စစ်ဗိုလ်ကြီးတစုကို တင်ပြမှတော်ချေမည်ဟု ဆုံးဖြတ်ကာ ကော်မတီဝင်တို့သည် လွန်ခဲ့သောလ (၂၂) ရက်နေ့က မြို့လယ်မဟာဗန္ဓုလလမ်းတခိုသို့ ချီတက်ကြသည်။

လျှပ်စစ်မီးပေးပါ၊ ကုန်ဈေးနှုန်းချပေးပါ စသည်ဖြင့် တောင်းဆိုချက်ပိုစတာများနှင့် တင်ပြကြသည်။ လူစည်ကားရာဒေသတွင် ထိုမှသည် ကူးလူး၍ မိမိတို့လိုလားချက်ကို ငြိမ်းချမ်းစွာတင်ပြကြသည်။ ဒီမိုကရေစီခေတ်ကဆိုလျှင် အရက်သေစာ ဈေးမြင့်လျှင်ပင် နိုင်ငံတော်ဝန်ကြီးချုပ်၏အိမ်တော်သို့ သွားရောက်တင်ပြခွင့်ရှိခဲ့သည်။ အစိုးရလူတန်းစားမှန်သမျှ အုပ်ချုပ်ခံလူထု အစစ ၀လင်စွာစားသောက် နိုင်ရေးကို ဆောင်ရွက်ရသည်မှာ ကမ္ဘာကြီး၏ အစဉ်အလာဓမ္မတာ ဖြစ်သည်။

ယနေ့ပြဿနာဖြစ်သော လျှပ်စစ်ဓာတ်အားနှင့် ကုန်ဈေးနှုန်းကျဆင်းရေးသည် အရက်သေစာရှားပါးမှု ထက် အရေးကြီးသောကိစ္စရပ်များဖြစ်သည်။ စစ်အစိုးရ အာဏာရှင်များသည် ဆန္ဒပြသူများကို တွေ့ဆုံမေးမြန်း၍ အရေးယူဆောင်ရွက်ပါလျှင် ကောင်းသောဆန္ဒပြပွဲနှင့် မှန်ကန်သောအစိုးရတို့၏ လုပ်ငန်းများအဖြစ် အောင်မြင်ကြပေမည်။ ယခုမူ စစ်အစိုးရက မှန်ကန်ကောင်းမွန်သောနည်းလမ်းဖြင့် တုံ့ပြန်မှုမပြုဘဲ ဖောက်ပြန်သောနည်းနှင့် အရေးယူသည်။ ဆန္ဒပြသူများကို ခေါင်းဆောင်သည်ဟု ယူဆရသူများကို ဖမ်းဆီးသည်။ တာဝန်အရ သတင်းရယူကြရသော သတင်းထောက်များတို့ကိုပင် ယာယီထိန်းသိမ်းသည်။ နောက်ပိုင်း၌ ဆန္ဒပြသူများ၏နေအိမ်များသို့ လိုက်ကာဖမ်းပြန်သည်။

လူထုက လမ်းမှန်ကမ်းမှန်တင်ပြချက် အခက်အခဲများကို အရေးယူလက်ခံ၍ ဆောင်ရွက်မပေးဘဲ ဖမ်းဆီးအရေးယူနှိပ်ကွပ်ခြင်းသည် နအဖအစိုးရ၏ အမှားတော်ပုံဖြစ်သည်။ ယခုကဲ့သို့ ဖိနှိပ်ဖမ်းဆီး၍ လူစုခွဲခြင်းသည် ကြီးမားသောအမှားဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ဖမ်းဆီးထားသူအားလုံးကို ချက်ချင်းလွှတ်ပေးရမည်ဟု ခေတ်ပြိုင်က လေးနက်ပြင်းထန်စွာ တောင်းဆိုသည်။ ဖြစ်ရသည့် အကြောင်းအရင်းသည် နအဖအစိုးရက ပြည်သူတို့အကျိုးစီးပွားဖြစ်ထွန်းရေးကို ဆောင်ရွက်ရမည့်
တာဝန် လစ်ဟင်းပျက်ပြားနေသဖြင့်ဖြစ်သည်။ နိုင်ငံသားတို့က မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ကိုဖွဲ့ကာ ဆောင်ရွက်သည်မှာ မှန်ကန်သည်။

၁၉၅၈ ခုနှစ်မှစတင်တက်လာသော စစ်အစိုးရအဆက်ဆက်တို့သည် အမှားများကို အကြိမ်ကြိမ် ကျူးလွန်ခဲ့သဖြင့် နိုင်ငံသားတို့ အခက်အခဲများ ရင်ဆိုင်ကြရသည်။ ဆက်လက်၍ အမှားများကို စီစဉ်ဆဲရှိသည်ကို ခေတ်ပြိုင်က မြင်ရသည်။ ဥပမာ တပ်မတော်မှ ဗိုလ်အိုကြီးများကို တပ်တွင်မသုံးဘဲ အစိုးရအုပ်ချုပ်မှုယန္တရားကြီးတွင်းသို့ ပြောင်းလဲတာဝန်ပေးမည်ဟုဆိုသည်။ အစိုးရ၀န်ထမ်းအရာရှိ များကို စစ်သားများသာဆက်ခံမည်ဟု စီစဉ်သောအမှားက ပို၍ကြီးသဖြင့် အရပ်သားတို့ နာကြပေ ဦးမည်။ ဆန္ဒပြပွဲသစ်များ ဆက်တိုက်လာချေဦးမည်။ လက်ငင်းဆန္ဒပြပွဲ၌ အရပ်သားတို့ အလုပ် အကိုင်ရှားပါးနေပါသည်ဟု တင်ပြချက်ကို စဉ်းစားပါလေ။

အကယ်၍သာ စစ်အစိုးရက အုပ်ချုပ်ခံလူတန်းစား၏ အကျိုးစီးပွားကို ဆောင်ရွက်မည်ဆိုပါက အာညောင်းခံကာ အော်ဟစ်ဆန္ဒပြမည့်သူများ ရှိလေမည်မဟုတ်။ အချုပ်အားဖြင့်ဆိုရလျှင် စစ်အစိုးရသည် နိုင်ငံသားတို့ ၀လင်စွာ စားသောက်နေထိုင်နိုင်ရေးလမ်းစဉ်ကို တည်ဆောက်ပါဟု ခေတ်ပြိုင်ကတောင်းဆိုသည်။ ပထမဆုံးအဆင့်မှာ ကုန်ဈေးတန်းမှ ကုန်ဈေးနှုန်းချရန် ဆန္ဒပြ တောင်းဆိုသူများကို မိနစ်မဆိုင်းလွှတ်ပါဟု သတိပေးတောင်းဆိုအပ်ပေ၏။     ။

ပွင့်လင်းမှုမရှိသော အစိုးရ၏ အရပ်သားများ ပွင့်လင်းရန်အမိန့် (၉-၂-၀၇)

အများပြည်သူတို့ စုပေါင်းဖွဲ့စည်းထားကြသော စီးပွားရေးကုမ္ပဏီများသည် လုပ်ငန်းများကို လုပ်ဆောင်ကြရာတွင် သဘောတူညီချက် စည်းကမ်းမှတ်တမ်းများနှင့်အညီ ပွင့်လင်းစွာ ဆောင်ရွက်ကြရမည်ဟု ညွှန်ကြားချက်တစောင်ကို နအဖစစ်အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက ဇန်န၀ါရီ (၁၂) ရက်နေ့စွဲနှင့် ထုတ်ပြန်လိုက်သည်ဟု ခေတ်ပြိုင်က သတင်းရရှိသည်။

လုပ်ငန်းများကို လက်ဝါးကြီးအုပ် လုပ်ဆောင်ခြင်းမပြုကြဘဲ အစုရှင်များ၏ သဘောတူ အတည်ပြုချက်များနှင့် ကုမ္ပဏီဖွဲ့စည်းစဉ်က သတ်မှတ်ကြေညာခဲ့သော စည်းကမ်းနည်းလမ်းများကို စောင့်ထိန်းလုပ်ဆောင်ရမည်။ ဆုံးဖြတ်လုပ်ဆောင်ချက်များကို တာဝန်ယူကြရမည်ဟု ညွှန်ကြားချက်တွင် ဖော်ပြထားသည်။ ညွှန်ကြားချက်ကို လိုက်နာမှုမပြုလျှင် မည်သို့အရေးယူမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်ကို မတွေ့ရပေ။ အရေးယူသောအမှုလည်း မရှိခဲ့ပေ။

အစိုးရက တံခါးဖွင့်စီးပွားရေးလမ်းစဉ် ကျင့်သုံးချက်အရ နိုင်ငံသားအများပြည်သူတို့သည် စီးပွားရေးလုပ်ငန်းများကို စုပေါင်းတည်ထောင် လုပ်ကိုင်ခွင့်ရှိကြသည့်အတိုင်း အစုစပ်ကုမ္ပဏီများ တည်ထောင်လုပ်ဆောင်သော လုပ်ငန်းအများရှိသည်။ ယင်းလုပ်ငန်းများကို တာဝန်ခံတို့က ပွင့်လင်းစွာလုပ်ကိုင်ရန် လိုအပ်သည်။ အုပ်စည်းချုပ်ကိုင်ရမည့် တာဝန်ခံတို့အား အစုရှင်အားလုံးတို့က ဆန္ဒမဲနှင့် တင်မြှောက်ရန် တာဝန်ရှိပေသည်။ လုပ်ငန်းများကိုလည်း အစုရှင်များ၏ သဘောတူညီ ချက်ရရှိရန်လိုအပ်သည်။ ထို့ကြောင့် ထိုညွှန်ကြားချက်သည် လျော်ကန်သောညွှန်ကြားမှုဖြစ်သည်ဟု ခေတ်ပြိုင်ကယူဆသည်။

သို့ငြားသော်လည်း ထိုညွှန်ကြားချက်သည် ယနေ့မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ရန် ဖြစ်နိုင်ခြင်းမရှိဟု ခေတ်ပြိုင်က မြင်မိသည်။ အဘယ်ကြောင့်ဟူမူ ယနေ့ မြန်မာနိုင်ငံတွင် သာမန် နိုင်ငံသားများအဖို့ စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်ရန် အခွင့်အလမ်းမရှိသဖြင့်ဖြစ်၏။ လုပ်ငန်းကြီးများကို ပိုင်ဆိုင်သူများ၊ ကွပ်ကဲအုပ်ချုပ်သူများသည် စစ်ဗိုလ်လူထွက်များနှင့် စစ်ဗိုလ်တို့၏ ဆွေမျိုးညာတိများ စသည့်မျက်နှာကြီး အခွင့်ထူးခံများသာ လုပ်ပိုင်ခွင့်ရှိသောကြောင့်ပေ။ သူတို့တတွေသည် အာဏာလက်ရှိ စစ်ဗိုလ်ကြီးများ၏ အကာအကွယ်ဖြင့် မည်သည့်အမှုကိစ္စတွင်မဆို “ဘေးမဲ့အခွင့်အရေး” ရရှိနေသူများ ဖြစ်နေသောကြောင့်ပေ။

ပုဂ္ဂလိကလုပ်ငန်းများကို ပွင့်လင်းရမည်ဟု ညွှန်ကြားသော အစိုးရ၏၀န်ထမ်းများကရော ပွင့်လင်းပါ၏ လောဟု လက်ညှိုးထိုး၍ မေးရပေမည်။ “မည်သူမျှ ဥပဒေအထက် မရှိစေရပါ” ကြွေးကြော်သော ဗိုလ်ရွှေမန်းနှင့်သားများ အပါအ၀င် ထိပ်သီးမြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် သားသမီးတို့သည် မိမိတို့ပိုင်ဆိုင်သော နိုင်ငံခြားသုံးငွေများကို အင်္ဂလန်ဘဏ်ကြီးများတွင်အပ်နှံကာ စီးပွားသောင်းကျန်း နေကြသည်ဟုဆိုကာ အပ်နှံထားသော နိုင်ငံခြားသုံးငွေများကို ၂၀၀၆ ခု ဇွန်လ (၂) ရက်နေ့က အင်္ဂလန်ဗဟိုဘဏ်ကြီးက ထိန်းသိမ်းအရေးယူခဲ့သည်။

နိုင်ငံခြားငွေ ထိန်းသိမ်းခြင်းခံရသူတွင် ၀န်ကြီးချုပ်ပြုတ် ဗိုလ်ခင်ညွန့်ဇနီးနှင့် သားများ သမီးများ၊ ဗိုလ်ရွှေမန်းမိသားစုများ စသော အခွင့်ထူးခံ စစ်အာဏာရှင်ကြီးများ ပါဝင်သည်။ တည်ဆဲဥပဒေအရ နိုင်ငံသားများသည် နိုင်ငံခြားသုံးငွေ ပိုင်ဆိုင်ခွင့်မရှိပေ။ သို့စဉ်ပါလျက် နိုင်ငံကူးလက်မှတ်ကိုပြသ၍ ဘဏ်တို့၌ နိုင်ငံခြားသုံးငွေများအပ်နှံ၍ စီးပွားသောင်းကျန်းသည်မှာ မြန်မာနိုင်ငံတော်၏ တရားဥပဒေ ကိုလည်း ချိုးဖောက်သည်ဖြစ်သည်။ အင်္ဂလန်ဘဏ်က ကြေညာချက်အရ မည်သည့်ဗိုလ်ချုပ်ကြီး၊ မည်သည့်ဝန်ကြီး ပြည်ပ၌ စီးပွားသောင်းကျန်းနေသည့်အမှုပေါ်သည်ကို အစိုးရက အရေးယူရမည်ဖြစ် ပါလျက် လျှို့ဝှက်ထားသည်။ အစိုးရယန္တရားကြီး၏ ဦးစီးဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုမှစတင်ကာ အထက်တန်းအရာရှိကြီးအားလုံးတို့သည် ကုဋေကုဋာတန် စီးပွားရေးလုပ်ငန်းများကို ပိုင်ဆိုင်လုပ်ကိုင် နေကြသည်ကို ပွင့်လင်းမှုမရှိဘဲ လျှို့ဝှက်ထားကြသည်။

ထိုမျှမကသေး၊ နအဖ အစိုးရအဖွဲ့၏ ရသုံးမှန်းခြေငွေစာရင်းသည်ပင် ပွင့်လင်းမှုမရှိလေရာ အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက အရပ်သားတို့ပိုင် စီးပွားရေးလုပ်ငန်းရှင်များ ပွင့်လင်းစေရမည်ဟု အမိန့်ထုတ်သည်မှာ ရယ်ဖွယ်ပျက်လုံးတခုသာဖြစ်သဖြင့် ခေတ်ပြိုင်က ဟက်ဟက်ပက်ပက် ရယ်မိပေကြောင်း။     ။

မြန်မာစစ်အစိုးရ ရမ်းကားမှုကြီးကို အာဆီယံအဖွဲ့ကြီးက နှိမ်နင်းရန် (၁၁-၁-၀၇)

အာဆီယံအဖွဲ့ကြီးသည် အဖွဲ့ဝင်အစိုးရများတို့ မိမိတို့နိုင်ငံတွင်း၌ အုပ်ချုပ်ပုံကို ၀င်ရောက်စွက်ဖက်ခြင်း မပြုဘဲ နည်းလမ်းမှားက အပြုနည်းနှင့် ဆွေးနွေးသောမူကို အစဉ်တစိုက်ကျင့်သုံးခဲ့သည်။ သို့သော် မြန်မာစစ်အစိုးရအား အဖွဲ့ဝင်အဖြစ်လက်ခံမိချိန်မှစတင်ကာ အဖွဲ့ကြီး၏မျက်နှာကို အိုးမဲသုတ်ခံရသည်။ မြန်မာအစိုးရစစ်ဗိုလ်ကြီးများသည် မိမ်တို့နိုင်ငံအတွင်း လူထုကို ဖမ်းဆီးနှိပ်ကွပ်ရာတွင် လူမျိုးတုံး သတ်ဖြတ်ပွဲကြီးများ ကျင်းပသည်အထိ ရိုင်းစိုင်းသည်။ ဒီမိုကရေစီအဖွဲ့ကြီးအတွင်းဝင်ရောက်၍ ဒီမိုကရေစီဆန့်ကျင်ရေးကို ပြုလုပ်နေသည်။

အာဆီယံအဖွဲ့ဝင်အများမှာ နိုင်ငံတွင်းရေးရာကို ၀င်ရောက်စွက်ဖက်မှုမပြုရဟူသော စည်းကမ်းအရ မြန်မာစစ်အစိုးရ၏ ရမ်းကားမှုကို စွက်ဖက်မှုမပြုဘဲ လက်ပိုက်ကြည့်နေကြရသည်။ မြန်မာအစိုးရ အကြီးအကဲက အစည်းအဝေးတွင် မိမိတို့နိုင်ငံကို အပြုသဘောမဆောင်သောနည်းနှင့် ဝေဖန်မည်ဆိုက အစည်းအဝေးကြီများသို့ မိမိမတက်ဟု သပိတ်မှောက်ထားသည့်တိုင် အခွင့်အရေးယူနေသည်။ ရလဒ်မှာ အာဆီယံအဖွဲ့ကြီး နာမည်ပျက်သည်သာမက အခြားနိုင်ငံများ၏စီးပွားရေးအဖွဲ့များနှင့်ပင် ဆက်သွယ်မှု ပျက်ပြားနေကြရသည်။

ထို့်ကြောင့် အဖွဲ့ကြီး၏ဂုဏ်သိက္ခာဆည်ရန် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ဆက်ဆံနိုင်ရန် အဖွဲ့ဝင်များအားလုံး ဒီမိုကရေစီနိုင်ငံဖြစ်ရပါမည်၊ ဖောက်ပြန်မှုပြုက အဖွဲ့ဝင်များကဝေဖန်နိုင်ရန် အာဆီယံအဖွဲ့ကြီး၏
အဖွဲ့ဝင်များအတွက် ပဋိညဉ်အသစ်ကို ယခုဇန်န၀ါရီ (၁၃) ရက်၌ ဖိလစ်ပိုင်တွင်ကျင်းပမည့်ညီလာခံ၌ တင်သွင်းရေးသားရန် အားထုတ်နေကြသည်ဟု သတင်းများကြားရသည်။ သစ်သီးခြင်းတခုတွင် တလုံးပုပ်သဖြင့် အခြားသစ်သီးများပုပ်ရသည့်အဖြစ်ကို ပြုပြင်ရန် အားထုတ်ကြမည်ဟူသောသတင်းကို ခေတ်ပြိုင်က ၀မ်းမြောက်ဝမ်းသာ လက်ခုပ်လက်ဝါးတီး၍ ကြိုဆိုပေသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဟာဆမ်ဝိရာယုဒက “မြန်မာစစ်အစိုးရ၏ လုပ်ဆောင်မှုများကြောင့် မိမိတို့နိုင်ငံနှင့်အတူ အာဆီယံအဖွဲ့ဝင်များမှာ အထူးစိတ်မချမ်းမသာ ဖြစ်နေကြရပါသည်။ စစ်တပ် ဖက်ဆစ်နိုင်ငံစနစ်မှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲမည်ဟူသောကတိကို မြန်မာစစ်အစိုးရက တည်ကြည်စွာလုပ်ဆောင်ခြင်းမရှိဘဲ နှစ်လကြာမြင့်စွာ နှောင့်နှေးနေပါသည်။ ထိုပြဿနာကို ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆွေးနွေးကြသည်ကို မြန်မာအစိုးရက အာဆီယံအဖွဲ့ကြီးကို အကာ အကွယ်ယူနေသည်မှာ နည်းလမ်းမှန်ကန်မှုမရှိပါ” ဟု ထုတ်ဖော်ပြောသည်ဟု ရိုက်တာသတင်းက ဆိုသည်။

“မြန်မာနိုင်ငံ၏အိမ်နီးနားချင်းဖြစ်သော တရုတ်ကွန်မြူနစ်အစိုးရနှင့် အိန္ဒိယအစိုးရတို့သည် သဘာဝ ဓာတ်ငွေ့လောင်စာ ရရှိရေးအတွက် မြန်မာနိုင်ငံကို စည်းရုံးနေကြပါသည်။ နိုင်ငံကြီးများသည် မိမိတို့ ကိုယ်ကျိုးအပြင် အာဆီယံအဖွဲ့ကြီး၏ အားထုတ်မှုကိုလည်း ကူညီသင့်ပါသည်။ မတရားဖမ်းဆီးထား
သော အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေး ရေးကိုလည်း ပူးပေါင်းဆောင်ရွက်သင့်ပါသည်” ဟု အကျယ်တ၀င့်ပြောဆိုညည်းတွားသည်ဟု သိရ
သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး၏ မိန့်ခွန်းသည် သွေးထွက်အောင်မှန်ကန်ပါပေသည်။ ထို့ကြောင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အဖွဲ့ကြီးကို အကာအကွယ်ယူ၍ မိမိလက်အောက်ရှိ မြန်မာ နိုင်ငံသားများကို မတရားဖိနှိပ်နေသော မြန်မာစစ်အစိုးရအားဆုံးမရေးကို ထိရောက်စွာဆောင်ရွက်ပါဟု ခေတ်ပြိုင်က လေးနက်စွာတိုက်တွန်းအပ်ပေကြောင်း။    ။

ဦးအောင်ဆန်း၏ တွေးခေါ်မြော်မြင်မှုသဘောတရား(၃-၁-၀၇)

၁၉၄၈ ခု၊ ဇန်န၀ါရီ (၄) ရက်၊ နံနက် (၄) နာရီ မိနစ် (၂၀) တိတိတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ဖွားမြင်ခဲ့သည်။ ထိုနေ့က ရန်ကုန်မြို့ ဗြိတိသျှဘုရင်ခံ၏အိမ်တော်တွင် စိုက်ထူထားသော ယူနီယံ ဂျက်ဗြိတိသျှအလံကိုဖြုတ်ချပြီး ကြယ်ငါးပွင့်အလံတော်ကို မြှင့်တင်လိုက်ခြင်းဖြင့် ဘုရင်ခံ ဆာဟူး ဗတ်ရန့်စ်၏လက်တွင်းမှ အချုပ်အခြာအာဏာကို သမ္မတကြီး စပ်ရွှေသိုက်က လွှဲယူရရှိခဲ့ပေသည်။

လွတ်လပ်ရေး၏ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တော် မြို့လယ် ဗန္ဓုလပန်းခြံကြီးတွင် အဓိကရ ကျောက်တိုင်ကြီး စိုက်ထူခဲ့ကာ “သက္ကရာဇ် တထောင့်သုံးရာကိုးခုနှစ်၊ ပြာသိုလဆုတ် ၉ ရက်၊ တနင်္ဂနွေနေ့အား ဤ ငါတို့မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ် အခြာအာဏာပိုင် ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီးအဖြစ် ကောင်းစွာရောက်ပါသတည်း။” ဟု ကမ္ပည်းထိုးထားခဲ့ကြသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းတရာခန့် ဗြိတိသျှဘုရင့်အစိုးရ၏ ကျွန်နိုင်ငံဖြစ်ခဲ့ရသည်။ ထိုစဉ်က ဗြိတိသျှအင်ပိုင်ယာမှာ ကမ္ဘာ့မြေပြင်နှင့် လူဦးရေအစုစု၏ လေးပုံတပုံ (စတုရန်းမိုင် ၁၂ သန်းနှင့် လူဦးရေ ၃၇၂ သန်း) တို့ကို ပိုင်ဆိုင်အုပ်စိုးနေသည်ဖြစ်သဖြင့် နေမင်း မိုးကောင်းကင်၌ရှိသရွေ့ ကျွန်နိုင်ငံတို့၏သခင်ဖြစ်သည်ဟုဆိုကာ ‘နေမ၀င်သောအင်ပိုင်ယာ’ ဟု အင်္ဂလိပ်တို့က ကြွေးကြော် သည်ကို ခံခဲ့ရသည်။

ယင်းသို့ အင်အားကြီးမားခိုင်မြဲသော နယ်ချဲ့အစိုးရထံမှ လွတ်လပ်ရေးကိုရရှိရန် ပြန်လည်တုံ့ပြန် တိုက်ခိုက်ရသောတာဝန်သည် ကြီးမားလှသည်။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများ၏ ချွေးနှင့်သွေးနှင့်ရင်းကာ တိုက်ခဲ့ရသည်။ ရဟန်းရှင်လူ နိုင်ငံသား လူထုကြီးတရပ်လုံး ညီညွတ်စွာ တိုက်ခိုက်ကြမှ ဗြိတိသျှအစိုးရက လွတ်လပ်ရေးပေးရန် သဘောတူကာ အောင်ဆန်း-အက်တလီ၊
နု-အက်တလီစာချုပ်များကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချုပ်များအရ မြန်မာများဘက်မှ လွတ်လပ်ရေးအာဏာကို လက်ခံနိုင်ရန်အတွက် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ရေးဆွဲကြ ရသည်။

မြန်မာတို့သည် ဒီမိုကရေစီဝါဒကို လေးနက်စွာယုံကြည်ကြသည်။ လွတ်လပ်သောနိုင်ငံ တည်ထောင် ကြရန် အခွင့်အရေးရရှိတိုင်း ဒီမိုကရေစီသမ္မတနိုင်ငံ တည်ဆောက်ကြရေးကို ဦးတည်ကြလေ့ရှိသည်။ ဒီမိုကရေစီအစိုးရခိုင်မြဲရေးကို နိုင်ငံတော်၏ ကာကွယ်ရေးမဏ္ဍိုင်ဖြစ်သော စစ်တပ်က အန္တရာယ်ပြု တတ်သည်ကို အမြော်အမြင်ကြီးသော ရှေးနိုင်ငံရေးခေါင်းဆောင်ကြီးများက မြင်လေ့ရှိကြသည်။ ဂျပန်စစ်အစိုးရက အတုအယောင်လွတ်လပ်ရေး ပေးစဉ်ကပင် ဖွဲ့စည်းပုံဥပဒေတွင် ‘နိုင်ငံတော် အဓိပတိသည် တပ်မတော်၏ သေနာပတိချုပ်ဖြစ်ရမည်’ ဟု ဆုံးဖြတ်ရေးသားခဲ့သည်။ ဤဥပဒေအရ ရွေးကောက်တင်မြှောက်ခံရသော ဒေါက်တာ ဘမော်သည် အရပ်သားပင်ဖြစ်သော်လည်း နိုင်ငံတော် အဓိပတိ ဖြစ်လာသောအခါ တပ်မတော်၏ သေနာပတိချုပ်တာဝန်ကို ယူရသည်။ ၁၉၄၇ ခု အခြေခံဥပဒေရေးဆွဲစဉ်ကလည်း ခေါင်းဆောင်ကြီးဦးအောင်ဆန်းက ‘ဂျပန်ပြည်မှာလို စစ်တပ်က နိုင်ငံအုပ်ချုပ်ရေးမှာ ခြယ်လှယ်တာမျိုး၊ တိုင်းပြည်လွှတ်တော်က ဘာမှအစိုးမရတဲ့ စစ်အာဏာရှင်မျိုး၊ ဂျာမနီမှာ ဟစ်တလာတက်လာတာမျိုးမရှိအောင် ဖက်ဆစ်ဝါဒ ဗမာပြည်မှာ မပေါ်နိုင်အောင် လုပ်ကြရမည်၊ စစ်ဖက်ကို တိုင်းပြည်၏လွှတ်တော်က အုပ်စိုးခွင့်ရှိရမည်’ စသည်ဖြင့် မိန့်ကြား ညွှန်ပြခဲ့လေသည်။

ခေါင်းဆောင်၏ညွှန်ကြားချက်နှင့်အညီ ဥပဒေရေးသားကြသောအခါ၌ ဥပဒေပုဒ်မ (၉၇) တွင် ‘ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ လက်နက်ကိုင်တပ်များ ဖွဲ့စည်းရေးသည် ပါလီမန်၌သာတည်ရှိရမည်’ ဟု ရေးသားခဲ့ကြသည်။ စက်တင်ဘာ (၂၄) ရက်နေ့ တိုင်းပြည်ပြု လွှတ်တော်အစည်းအဝေးတွင် အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကြမ်းကို အတည်ပြုခဲ့သဖြင့် ဥပဒေဖြစ်မြောက်သွားခဲ့ကာ ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ထွန်းလာခဲ့ပေသည်။

ဦးအောင်ဆန်းကပင် မိန့်ကြားခဲ့သေးသည်။ နိုင်ငံငယ်များလွတ်လပ်၍ လက်နက်ကိုင်စစ်တပ်ဖွဲ့စည်း ခွင့် ရရှိသည်နှင့် လက်နက်ကိုင် စစ်တပ်တို့က လူထုအာဏာ ဒီမိုကရေစီစနစ်ကို ရန်ပြုတတ်ကြောင်း ‘စစ်အာဏာရှင်စနစ် ပေါ်ပေါက်ခြင်းမရှိရန်မှာ အခြေခံဥပဒေတွင် ပုဒ်ထီးပုဒ်မများရေးရုံနှင့် လုံလောက်မှုမရှိပါ၊ ကာကွယ်ရေးဌာနရဲ့ ပညာအရည်အသွေးနဲ့ စိတ်ဓာတ်က အဓိကပါ’ ဟုဆိုခဲ့သည်။
ဦးအောင်ဆန်းသည် အမြော်အမြင်ကြီးမားသည်။ ပြည်ထောင်စုသမ္မတနိုင်ငံတော်ကို ကာကွယ်ရေး အတွက် နိုင်ငံတော်၏ရိက္ခာကို စားသော ၀န်ထမ်းများဖြစ်သူ ဗမာ့တပ်မတော်က လွတ်လပ်ရေးသက် ဆယ်နှစ်ရှိသောကာလ ၁၉၅၈ ခုနှစ်မှစတင်ကာ တပ်နှင့် လက်နက်ကို အသုံးပြု၍ နိုင်ငံတော်၏ အာဏာကို သိမ်းယူထားခဲ့သည်။

ပြည်သူလူထုက မူအားဖြင့်လက်မခံနိုင်သဖြင့်တကြောင်း၊ နိုင်ငံပိုင်သယံဇာတများ စစ်တပ်နှင့် လက်နက်စရိတ်များတွင် ပိုမိုအသုံးပြု သဖြင့် နိုင်ငံသားအားလုံး ငတ်မွတ်ဆင်းရဲကြရသဖြင့်တကြောင်း စစ်အစိုးရကိုဖယ်ရှားရန် အားထုတ်တိုက်ခိုက်ကြသည်။ ပြည်သူတို့က ဒီမိုကရေစီဝါဒီများပီသစွာ စစ်အစိုးရအား ဒီမိုကရေစီနည်းနှင့် တိုက်ခဲ့ကြသည်။ (၄၈) နှစ်ကြာသည့်တိုင် ဒီမိုကရေစီနည်းနှင့် တိုက်ခိုက်ခဲ့ငြားသော်လည်း အခြေအနေမှာ လက်နက်ရှင်များကသာ အနိုင်ရရှိနေပေသည်။

ထို့ကြောင့် ပြည်သူတို့၏ လွတ်လပ်ရေးတိုက်ပွဲ သေနင်္ဂဗျူဟာနှင့်ပတ်သက်၍ ဦးအောင်ဆန်း ထုတ်ဖော်ခဲ့သော နည်းဗျူဟာတရပ်ကို စဉ်းစားကြရန် ခေတ်ပြိုင်က ထုတ်ဖော်တင်ပြလိုပေသည်။ ဖဆပလအဖွဲ့ချုပ်က အင်္ဂလိပ်အစိုးရအား တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး ဒီမိုက ရေစီနည်းနှင့်သာ အရေးဆိုနေသည်ကို အင်္ဂလိပ်နယ်ချဲ့တို့က ခေါင်းမာစွာ ငြင်းဆိုနေသဖြင့် ၁၉၄၆ ခု မေလ (၁၆) ရက်နေ့က ဦးအောင်ဆန်းက ဖဆပလဗဟိုဦးစီးအဖွဲ့သို့ အင်္ဂလိပ်ဘာသာနှင့် စာမျက်နှာ (၄၁) မျက်နှာတင်ပြသောစာတမ်းတွင် အောက်ပါအတိုင်း ရေးသား၍ အင်္ဂလိပ်အစိုးရကို သတိပေးခဲ့သည်။
‘နိုင်ငံရဲ့လွတ်လပ်ရေးစခန်းကို ဘယ်လိုချီတက်မလဲဆိုတာ လျှို့ဝှက်မထားဘဲ ရှင်းရှင်းပဲပြောနိုင်ပါတယ်။ လူထုက အာဏာဖီဆန်တဲ့ နည်း၊ စင်ပြိုင်အစိုးရထောင်တဲ့နည်း၊ အခွန်မဆောင်တဲ့နည်း စတဲ့ သွေးထွက်သံယိုမရှိတဲ့နည်းတွေ ပြင်ထားပါတယ်။ ဒါပေမယ့် တဖက်က (အင်္ဂလိပ်အစိုးရ) တာဝန်က လည်း ရှိပါသေးတယ်။ တဖက်က ကျုပ်တို့ကို အလောဆုံးဆယ်ဖိရင်တော့ လာမည့်ဘေးကို ပြေးတွေ့ဖို့ အသင့်ရှိပါတယ်။’
‘ကျုပ်တို့က ရမ်းကားကျူးလွန်မှာတော့မဟုတ်ဘူး။ ကျုပ်တို့က ငြိမ်းချမ်းသာယာမှုကို သူတကာထက်လိုလားတယ်၊ အလိုလားဆုံး ဖြစ်တော့ လွတ်လပ်ရေးလမ်းဆုံးအရောက် ငြိမ်းချမ်းသာယာတဲ့နည်းနဲ့ သွားလိုကြတယ်။ ရှောင်လွှဲလို့မရရင်တော့ … ဗြိတိသျှတို့နဲ့ ကျုပ်တို့ ရန်သူဖြစ်လိုစိတ် မရှိပါဘူး။     ။