မြန်မာပြည်ရဲ့နိုင်ငံရေးဟာ အချိုးအကွေ့တခုကို ရောက်တော့မယ်လို့ မကြာခဏ သတင်းတွေထဲမှာ နားထောင်ရပါတယ်။ ဒီလိုနဲ့ပဲ (၁၉) နှစ်ပြည့်တော့မှာပါ။ ရွေးကောက်ပွဲ အနိုင်ရခဲ့တာလည်း
(၁၇) နှစ်ရှိခဲ့ပါပြီ။ ပြည်တွင်းမှာတော့ တကယ်ဇွဲရှိတဲ့သူတွေ၊ ခိုင်မာတဲ့ ယုံကြည်ချက်ရှိသူတွေသာ စစ်အုပ်စုနဲ့ ဆန့်ကျင်ဘက်လမ်းမှာ ရပ်တည်နေနိုင်တော့တဲ့ အချိန်လည်းဖြစ်ပါတယ်။
မေလ (၂၄) ရက်နေ့က သတင်းတွေမှာ အမေရိကန်သမ္မတကတော် လော်ရာဘုရှ်နဲ့ အထက် လွှတ်တော် အမျိုးသမီးအမတ်တွေက မြန်မာနိုင်ငံမှ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုလွှတ်ပေးဘို့ မြန်မာစစ်အစိုးရကို တောင်းဆိုတဲ့အကြောင်း နားထောင်လိုက်ရပါတယ်။ အဲဒီအဖွဲ့ကပဲ မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက်တရပ် ချမှတ်ပေးဖို့ တောင်းဆိုကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးးထံ စာရေး လက်မှတ်ထိုး တောင်းဆိုလိုက်တဲ့ သတင်းကိုလည်း တဆက်တည်း ကြားသိလိုက်ရပါတယ်။
ဒီသတင်းတွေနဲ့ တချိန်တည်းမှာပဲ ထိုင်းမြန်မာနယ်စပ်မှာလည်း မေ (၂၇) ရက်မှာ ကျရောက်မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (၁၇) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စကားဝိုင်း
တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး လှုပ်ရှားမှု ကော်မတီရဲ့စကားဝိုင်းတွေကို ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေကြားမှာ ကျင်းပပြုလုပ်နေတဲ့ အချိန်လည်း ဖြစ်နေပါတယ်၊ တချို့စကားဝိုင်းတွေကို ကျမတက်ရောက် နားထောင်ဖြစ်ခဲ့ပါတယ်။
အလုပ်သမားအများစုက အသက် (၃၅) နှစ်အောက်ဖြစ်နေကြလေတော့ မဲထည့်ခဲ့ဖူးသူ အင်မတန် နည်းပါတယ်။ အဲဒီအခါ စကားဝိုင်းတွေမှာ မဲထည့်ရဖို့အတွက် ဘယ်လို အဖြစ်အပျက်တွေက စခဲ့တယ်ဆိုတာကနေ စတင်ရှင်းပြတာကို ကြားရပါတယ်။
အဲဒီကတဆင့် ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ အကျိုးဆက်အဖြစ် ရွေးကောက်ပွဲကို ရရှိခဲ့တဲ့ အကြောင်း ပြောပြီးတဲ့နောက်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မဲအောင်နိုင်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဆက်လက်ရှင်းပြကြပါတယ်။
သူတို့တွေနဲ့ စကားဝိုင်းအတွင်းနားထောင်နေရင်း ကျမစိတ်က ဒီအကြောင်းတွေနဲ့အတူ ကျမတို့ နိုင်ငံရဲ့  ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို မိတ်ဆက်ပေးလိုစိတ် ဖြစ်ပေါ်နေမိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဆိုတာနဲ့ မြန်မာနိုင်ငံအတွင်းမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရ
သူလို့ ကမ္ဘာကအသိအမှတ်ပြုထားပြီးသားဖြစ်ပါတယ်။ သူမခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ဟာ ၁၉၉၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ (၈၂) ရာခိုင်နှုန်းကျော်နဲ့  အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်ဆိုတဲ့အချက်တွေနဲ့ အခုလိုအောင်ပွဲခံခဲ့တာနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံကပြည်သူလူထုတွေဟာ နိုင်ငံရေးအရ အင်မတန်ရင့်ကျက်ပါ
တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ (၁၂) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ ပြည်သူလူထုနဲ့တကွ ဒီချုပ်အဖွဲ့ဝင်တွေကို ပြောကြားခဲ့သလို ၁၉၉၈ ခုနှစ် မေလ (၂၈) ရက်နေ့က ပြောကြားခဲ့တဲ့ အနိုင်ရပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းမှာလည်း “၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်ပေးတာဟာ ပြည်သူတရပ်လုံးကို လိမ်လည်လှည့်ဖြား စော်ကားရာရောက်တယ်။ အာဏာပိုင်တွေဟာ မိမိတို့ သဘောမကျတဲ့ ရွေး ကောက်ပွဲရလဒ်ဆိုရင် လျစ်လျူရှုလိုက်၊ လိုချင်တဲ့ ရလဒ်ဖြစ်လာနိုးနိုး ရွေးကောက်ပွဲအသစ်တွေ ကျင်းပလိုက်နဲ့ လုပ်နေမယ်ဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်ကို ကစားရာရောက်ပါလိမ့်မယ်၊
တိုင်းပြည်ရဲ့ အနာဂတ်ဆိုတာ ကစားရမယ့်အရာမဟုတ်ပါဘူး။ တလေးတစားနဲ့ စောင့်ရှောက်သွားရ မယ့်အရာသာ ဖြစ်ပါတယ်၊ ဒါ့ကြောင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်ပဲ နောက်ရွေးကောက်ပွဲအသစ် ကျင်းပရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝလက်ခံမှာ မဟုတ်ဘူးလို့  ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။” လို့ ပြောကြားသွားပါတယ်။
ကျမစိတ်ကူးတွေထဲက ရွှေ့ပြောင်းအလုပ်သမားတွေကို ပြောပြချင်နေတဲ့ စကားလေးတွေပါ။ ပြည်သူတွေထဲက သာမန်ပြည်သူတယောက်အဖြစ်ဆွေးနွေးလိုတဲ့ အကြောင်းအရာလေးတွေကို စာတပုဒ်အဖြစ် တင်ပြလိုက်တာပဲ ဖြစ်ပါတယ်။
ဒီမေ (၂၇) အကြိုစကားဝိုင်းလေးတွေမှာ ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်ထားရတဲ့ အကြောင်း
တွေနဲ့ တဆက်တည်း ဟောပြောနေတဲ့စကားတွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြီးတော့မှာမို့  လူထု ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲ ထည့်ရန်ဖြစ်နေလို့ပါပဲ။ ကျမတယောက်တည်း စဉ်းစားမိသလောက် ပြောရရင် ဗိုလ်ချူပ်သန်းရွှေအနေနဲ့ အခြေခံဥပဒေကိုအဆုံးသတ်၊ လူထုဆန္ဒခံယူ၊ ရွေးကောက်ပွဲ အသစ်လုပ် ဒါတွေလုပ်ရင် ကိုယ့်ကိုယ်ကို သေတွင်းပို့တာနဲ့ တူနေပါ့မယ်။ သူအသက်ရှင်သရွေ့ အာဏာကိုင်ထားမှ ဖြစ်မှာမို့  အာဏာလက်လွှတ်ရမယ့်အဖြစ်ကိုမလုပ်ပါဘူး။ ဒါဆို ဒီလိုလုပ်မယ် ဆိုတာတွေက ဘယ်လိုအတွက်လဲလို့မေးရင် နိုင်ငံတကာကို မျက်စိလည်အောင်လို့ပါလို့ ကျမက ဖြေချင်ပါတယ်။
နောက်တချက်က တကယ်ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ကြံ့ဖွတ်ကို ပါတီပြောင်းဖို့က ထင် သလောက် မလွယ်ပါဘူး။ နိုင်ငံရေးပါတီဖြစ်လာပြီမို့ ၀န်ထမ်းတွေ။ ကျောင်းသားတွေ ထွက်ပေး ရပါမယ်။ နိုင်ငံတော်ပိုင် ငွေတွေနဲ့ ၀ယ်ယူထားတဲ့ အဆောက်အဦတွေ၊ ကားတွေ၊ နိုင်ငံတော်ပိုင်
ငွေ ပြည်သူတွေပိုင်တဲ့ ငွေတွေနဲ့ တည်ထောင်ထားတဲ့ သင်တန်းတွေ၊ အားလုံးကို လွှဲအပ်စာရင်း လုပ်ရဦးမှာပါ။ (၂၄) သန်းရှိပါတယ်ဆိုတဲ့ အဖွဲ့ဝင်တွေထဲက ဘယ်နှစ်ယောက်ကျန်ပါလေဦးမလဲ။
ဒါ့အပြင် ရွေးကောက်ပွဲ ကျင်းပရင် အခုထဲက မဲဆွယ်စည်းရုံးရမယ့် ပြည်သူတွေကို ကူညီနေတဲ့ နာရေးကူညီမှုအသင်းလို၊ အခမဲ့ဆေးခန်းတွေလို၊ လူမှုရေးအသင်းအဖွဲ့တွေကိုလည်း ဖျက်ပစ်
စရာ အကြောင်းမရှိပါဘူး။ အခုလိုဖျက်ပစ်တာဟာ သူတို့ကို ပြည်သူတွေက နာကြည်းမယ်ဆိုတာ သူတို့သိပါတယ်။ ရွေးကောက်ပွဲကိုပြင်ဆင်နေ သူတို့အနေနဲ့သူတို့ အနှုတ်လက္ခဏာဖြစ်မယ့် အလုပ်မျိုးကို လုပ်မယ်မထင်ပါဘူး။
ဒါ့ကြောင့် အခြေခံဥပဒေပြီးတော့မယ်ဆိုတာကအစ ကျမကမယုံပါဘူး။ ပြီးချင်ရင်ပြီးလို့ရတာ ကြာနေပါပြီ။ မပြီးချင်လို့ တမင်အချိန်ဆွဲပြီး နိုင်ငံတကာကို လေသံကောင်း ဟစ်ပြနေတာပါ။
ဒါဆိုရင် ကျမတို့ဘက်က ဘာကြောင့်သူတို့ရဲ့ ထွင်လုံးတွေထဲမှာ နစ်မြုပ်ခံနေရပါသလဲ။ ကျမ မေးလိုတဲ့ မေးခွန်းလေးပါပဲ။ ဘာ့ကြောင့် ကျမတို့တွေက စစ်အုပ်စုရဲ့ ဆိုက်ဝါးတွေထဲမှာ ပိတ်မိ နေတာလဲ။ သူတို့ခင်းတဲ့လမ်းကိုပဲ ကျမတို့က ဘာလို့လျှောက်နေရတာလဲ။ ကိုယ့်ဖာသာကိုယ် လျှောက်ရမယ့်လမ်းကို ဘာ့ကြောင့် မရွေးချယ်ကြပါသလဲ။
ပြည်သူလူထုကြီးကိုမနစ်နာစေချင်လို့၊ သွေးထွက်သံယိုမှုတွေကို မကြုံစေချင်လို့ဆိုတဲ့စကားတွေနဲ့ ကျမတို့မျိုးဆက်တွေကို ညံ့ဖျင်းတဲ့ ဆင်းရဲတဲ့ တိုင်းပြည်တွင်းက မထူးချွန်တဲ့ မထက်မြက်တဲ့ လူငယ်တွေအဖြစ် သမိုင်းရေးသွားစေမှာလား။ သွေးထွက်သံယိုဆိုတာ ကျမတို့ပြည်သူက ရွေးချယ်တာမဟုတ်ပါဘူး။ ကျမတို့  ပြည်သူတွေက လက်နက်ဆိုလို့ အပ်တိုတချောင်းတောင် မပိုင်ဆိုင်ပါဘူး။ ဒီလိုလက်နက်မဲ့ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ ပြည်သူတွေကို အကြမ်းဖက် လုပ်ကြံသတ်ဖြတ်ပြီး သွေးချောင်းစီးစေခဲ့တာက လက်နက်ကိုင် အုပ်စိုးသူတစုပါ။
ရွေးကောက်ပွဲ (၁၇) နှစ်မြောက်နှစ်ပတ်လည်နေ့
အဲဒီမေးခွန်းတွေရဲ့အဖြေကို ကျမရခဲ့ပါပြီ။ ကျမတို့သွားရမယ့်လမ်းကို ရှင်းရှင်းလေး မြင်နေရပါပြီ။ မှတ်မှတ်ရရ ၂၀၀၇ ခုနှစ် မေလ (၂၇) ရက်နေ့က ရွှေတိဂုံဘုရားမတက်ရလို့ အဖွဲ့ချုပ်ရုံးရှေ့မှာ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ရှင်းလင်းပြသခဲ့ပြီး ဖြစ်ပါတယ်။ ကျမတို့ ပြည်သူတွေရဲ့ အချုပ်အချာအာဏာတွေကို မတရားရယူ အုပ်ချုပ်နေတဲ့ စစ်အုပ်စု ကြိုက်ကြိုက် မကြိုက်ကြိုက် ကျမတို့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေအားလုံးရဲ့ထုံးနှလုံးမူပြီး အရေးတော်ပုံကြီးကို သတ္တိရှိရှိနဲ့  ဆက်လက်ဆင်နွှဲသွားမယ်လို့ ကိုမင်းကိုနိုင်တို့နဲ့ထပ်တူ ပြည်သူ လူထုကြီးက သစ္စာပြုလိုက်ပါတယ်။ ကျမတို့ ပြည်သူက ပြည်သူ့လမ်းကို ရှေ့ဆက်လျှောက်ရမှာ ဖြစ်ပြီး စစ်အုပ်စုအာဏာရှင်ကလည်း သူ့လမ်းကို သူရွေးချယ်ရမှာ ဖြစ်ပါတယ်။
ဒီပဲယင်းလုပ်ကြံမှု တရားခံတွေကို စစ်အုပ်စုက မဖော်ထုတ်ပေးဘဲ လုပ်ကြံခံရသူတွေကို ဖမ်းဆီး ထောင်ချထားခဲ့တာလည်း တကမ္ဘာလုံးအသိပဲမဟုတ်လား။ ကျမတို့ပြည်သူတွေက ကျမတို့ ခေါင်းဆောင် လွတ်မြောက်ရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ကြရမှာလည်း အမှန်လမ်းပါပဲ။ ဒါကိုလည်း စစ်အုပ်စုရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ စွမ်းအားရှင်၊ ကြံ့ဖွတ်အဖွဲ့ဝင်တွေက ဆုတောင်းပွဲ တွေမှန်သမျှကို နှောင့်ယှက်ဖျက်ဆီး ဖမ်းဆီးနေတဲ့အပြင် အခု ပြည်သူ့အရေခြုံပြီး ပြည်သူတွေ
ပါလို့ ပြောကာ လိုက်လံနှောင့်ယှက်နေပြီဖြစ်တယ်။
စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို မလိုမုန်းထားကာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ စကားတွေနဲ့ စစ်တပ်အတွင်းနဲ့ ကြံ့ဖွတ်အဖွဲ့အစည်းကို စည်းရုံးထားတာကိုတွေ့နေရတယ်။
ကျမတို့ အနေနဲ့ ဒီအခြေအနေကို ချေဖျက်ပစ်ဖို့  စစ်အုပ်စုသိမ်းသွင်းထားသူတွေ တကယ်မုန်းတီး ရမယ့်အရာတွေကို ထောက်ပြပေးသင့်တယ်လို့ ထင်ပါတယ်။
တကယ်မုန်းတီးရမယ့်သူက ဘယ်သူတွေပါလဲ။ ကျမတယောက်တည်းအမြင်ကတော့ အခု တိုင်းပြည်ထဲက သယံဇာတ သစ်နဲ့တကွ သဘာဝဓါတ်ငွေ့တွေကို ဘယ်သူတွေက ဈေးပေါပေါနဲ့ ရရှိနေသလဲ။ အနီးကပ်ဆုံး မိတ်ဆွေယောင်ဆောင်ထားတဲ့ ရန်သူအစစ်ကို လက်ညှိုးထိုးပြရ ပါလိမ့်မယ်။ တကယ်တော့ ကျမတို့ ဒုတိယရန်သူအစစ်ဟာ တရုတ်ပြည်ရဲ့အစိုးရပါ။ သူက သူတို့ တိုင်းပြည်ကောင်းစားဖို့ ကျမတို့ မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေ တောင်းဆိုမှုတွေ အားလုံးကို မျက်ကွယ်ပြုထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ တရုတ်တွေကို ဒုတိယရန်သူ နံပါတ်တပ်ရတာလည်းဆိုတော့ ပထမရန်သူက တိုင်းပြည်ရဲ့ သယံဇာတပစ္စည်းတွေကို မိမိပိုင် အလားသုံးစွဲပြီး သူတို့အာဏာတည်မြဲရေးအတွက်၊ သူတို့လက်နက်တွေ ၀ယ်ယူရရှိရေးအတွက် လာဘ်ထိုးနေတဲ့ တကယ်မျိုးချစ်စိတ်မရှိတဲ့ စစ်အုပ်စု ဖြစ်နေလို့ပါပဲ။
ရွှေ့ပြောင်းအလုပ်သမားတွေဆိုတာလည်း ပြည်သူတွေထဲက ပြည်သူတွေပါပဲ။ သူတို့တွေအနေနဲ့ စကားဝိုင်းတွေကို တက်ရောက်နားထောင်ရဲတဲ့အပြင် မေးခွန်းတွေကိုလည်း တက်တက်ကြွကြွ မေးမြန်းလာကြပါတယ်။ တချို့မေးခွန်းတွေက သိပ်စိတ်ဝင်စားစရာ ကောင်းတာကိုလည်း တွေ့မြင်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင်ရော သုံးပွင့်ဆိုင်ဆွေးနွေးရေးက တကယ်ဖြစ်လာမှာ လားတဲ့။
ကျမကတော့ တွေ့ဆုံဆွေးနွေးရေးလုပ်တာနဲ့ သူ့အာဏာလက်လွှတ်ရမှာမို့ ဘယ်တော့မှမလုပ်ဘူး
လို့ ပြောချင်ပါတယ်။ ဒါဆိုရင်ဘယ်အချိန်မှာ လုပ်မှာလည်းဆိုရင်တော့ မဖြစ်မနေပြည်သူလူထု
ကြီးက တွန်းအားပေးနိုင်တဲ့အချိန်၊ နအဖစစ်အုပ်စုအနေနဲ့ဘယ်လိုမှ ထွက်ပေါက်မရှိအောင် ချောင်ပိတ်မိနေတဲ့ အချိန်မှာတော့ သူတို့ဆွေးနွေးပါလိမ့်မယ်။
အဲဒီအချိန်ရောက်ဖို့ ကျမတို့အားလုံးရဲ့ပုခုံးပေါ်မှာ တာဝန်တွေရှိပါတယ်။ လူတဦးချင်းကစပြီး ကိုယ်တတ်နိုင်သလောက် လုပ်ရပါ့မယ်။ ကိုယ်တိုင်မလုပ်နိုင်ရင် လုပ်နိုင်တဲ့သူကို အားပေးခြင်း၊ ထောက်ပံ့ခြင်း၊ ကူညီခြင်းတွေလုပ်ရမယ်။ ဒါ့အပြင် စစ်အုပ်စုကို တော်လှန်နေတဲ့ ဘယ်လမ်းစဉ် ကိုမဆို အားပေးရလိမ့်မယ်။ ဒီအချက်က ဘုံရန်သူအဖြစ်သတ်မှတ်နိုင်မှုကို ပြတာပဲဖြစ်ပါတယ်။
နောက်တယောက်ကတော့ ဒီရက်ပိုင်းအတွင်းမှာပဲ အဝေးရောက်မြန်မာတဦးက အမွေဆိုတဲ့ ခေါင်းစဉ်နဲ့ ခေတ်ပြိုင်ကလောင်သစ်ကဏ္ဍမှာရေးလာတဲ့ ဆောင်းပါးလေးတပုဒ်ကို ဖတ်မိပါတယ်၊ ဆောင်းပါးထဲမှာ သူအရမ်းကြိုက်တဲ့စာသားလေးအတိုင်း ဖြစ်နေပြီလားတဲ့။ စာသားလေးကတော့ တို့ခေတ်တုန်းကလူငယ်တွေက တိုင်းပြည်အတွက် ဘာလုပ်ပေးရမလဲဆိုတာပဲ စဉ်းစားကြတယ်တဲ့။ အခုခေတ်လူငယ်တွေက တိုင်းပြည်ကကိုယ့်ကို ဘာပြန်လုပ်ပေးမလဲပဲ စဉ်းစားကြတယ်တဲ့။
ကျမကတော့ ဖြစ်နေပြီလားလို့ မမေးပဲ မဖြစ်အောင်ကိုယ်တိုင်က ကြိုးစားရမယ်လို့ မြင်မိပါတယ်။ ဆရာမဂျူးက ပင်လယ်နှင့်တူသော မိန်းမများဝတ္ထုမှာ အဲဒီစာသားကို ထည့်ရေးသွားပါတယ်၊
အဲဒီဝတ္ထုကို သူကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး “တခါက ဧရာဝတီညများ” ဆိုတဲ့ ရုပ်ရှင်ကားမှာလည်း ဇာတ်ကောင်ဟင်္သာအဖြစ် သရုပ်ဆောင်တဲ့ လွင်မိုးကို ပြောစေခဲ့ပါသေးတယ်။
တကယ်တော့ ကျမတို့တိုင်းပြည်မှာ လိုနေတာက ဘာလုပ်ပေးမလဲ ဆိုတဲ့ မျိုးဆက်မဟုတ်ပါဘူး။ ဘာလုပ်ပေးရမလဲ ဆိုတဲ့ လူငယ်မျိုးဆက်သစ်တွေကိုပါ။ ကိုယ်တိုင်က ဘာလုပ်ပေးမလဲလို့ မေးရမယ့် အစိုးရကောင်းလက်ထက်မှာမဟုတ်သလို အမွေကောင်း မရနိုင်တော့တဲ့အချိန်အခါမှာ လူဖြစ်နေရတာမို့ ကျမတို့နောက်မျိုးဆက်တွေ အမွေကောင်းရဖို့ ကျမတို့က အနစ်နာခံ စွန့်လွှတ် လုပ်ပေးရမှာက သမိုင်းပေးတာဝန်။ လက်ဆင့်ကမ်းရမယ့်တာဝန်အမွေပါပဲ။
ကိုမင်းကိုနိုင်နဲ့တကွ ကျောင်းသားလူငယ်တွေ၊ ပြည်သူတွေက ဘာတခုမှ အမွေကောင်းမကျန်နိုင် တော့တဲ့ တိုင်းပြည်ကို တိုးတက်ကောင်းမွန်အောင်လုပ်ဖို့ မေလ (၂၇) ရက်နေ့က သစ္စာပြုလိုက်ကြ ပြီလေ။
ကျမတို့မျိုးဆက်တွေအားလုံးဟာ လွတ်လပ်ရေးအရယူပေးခဲ့တဲ့၊ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တဲ့ မျိုးဆက်ခေါင်းဆောင်တွေနဲ့၊ အခုလက်ရှိစစ်အာဏာရှင်စစ်အုပ်စုကို ရင်ဆိုင်နေတဲ့ ကျောင်းသား ခေါင်းဆောင်တွေရဲ့ ငါတို့တိုင်းပြည်အတွက် ငါတို့ဘာလုပ်ပေးရင် ကောင်းမလဲဆိုတဲ့ စိတ်ဓါတ်မျိုး မွေးမြူနိုင်အောင် ကြိုးစားကြရပါလိမ့်မယ်။
ဒါ့အပြင် ကိုယ့်တိုင်းပြည်အကျိုးကို လော်ရာဘုရှ်တို့ လိုချင်တာထက် ကျမတို့ပြည်သူက ပိုလိုချင် တယ်ဆိုတာ အမှန်တရားပါ။ နိုင်ငံခြားက လုပ်ပေးသည်ဖြစ်စေ၊ မလုပ်ပေးသည်ဖြစ်စေ။ ထောက်ခံ သည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ။ ကိုယ့်တိုင်းပြည်အတွက် ကိုယ်တိုင် အနစ်နာခံလုပ်ရမှာပဲ ဖြစ်ပါတယ်။
ကိုမင်းကိုနိုင်နဲ့တကွ ပြည်သူလူထုတွေကတော့ မေ (၂၇) ရက်နေ့က ပြည်သူ့အရေခြုံတချို့တွေရဲ့ ရန်စမှု၊ အကြမ်းဖက်တိုက်ခိုက်ရန်ကြိုးစားမှုတွေကို ငြိမ်းချမ်းစွာ ကျော်ဖြတ်ပြခဲ့ပြီဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ မြန်မာပြည်သူလူထုက ဘယ်လိုထိုက်တန်ပါတယ်ဆိုတာကို လက်တွေ့ပြသခဲ့ပြီး ဖြစ်ပါတယ်။
မတရားတဲ့အမိန့်အာဏာတွေကို ဘယ်လိုဖီဆန်ရမယ်ဆိုတာ ပြည်သူတွေကို သင်ခန်းစာပေး
ခဲ့ပြီမို့ ကျမတို့ကလည်း တိုင်းပြည်တိုးတက်ပြောင်းလဲစေဖို့ ကျမတို့တတ်နိုင်တဲ့ဝန်ကိုထမ်းပေးဖို့ အခုကစလို့ ကြိုးစားလုပ်ဆောင်ကြပါစို့။ ကျမတို့မျိုးဆက်အနေနဲ့ တိုင်းပြည်အတွက် ဘာလုပ်ပေးရ မလဲဆိုတဲ့ မျိုးဆက်အဖြစ် သမိုင်းရေးလိုက်ကြပါစို့လို့ဖိတ်ခေါ်ပါရစေ။
Filed under: ဆောင်းပါး | Leave a comment »