မိုးဆက်တိုက်ရွာသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်

NEJ / ၃၁ မေ ၂၀၀၇-ယခုလအတွင်း မန္တလေးနှင့်မေမြို့တွင် မိုးဆက်တိုက်ရွာသွန်းသောကြောင့် အချိန်စောရေ၀င်မှု
များရှိခဲ့ပြီး မေမြို့ဘက်မှ စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ခဲ့ကြောင်း မြို့ခံများကပြောသည်။

“မန္တလေးတောင်အနောက်ဘက် ညောင်ကွဲလို အရပ်ဆိုရင် ပုံမှန်ဇူလိုင်လလောက်မှရေ၀င်ပြီး လုပ်ငန်းရပ်တာမျိုး။ ခုမေ
လပဲရှိသေးတယ် ရေတွေဝင်နေပြီ။ လုပ်ငန်းရပ်ကြရတယ်” ဟု မန္တလေးမြို့ခံတဦးကပြောသည်။

ယခုအတိုင်းသာဖြစ်နေပါက ဧရာဝတီမြစ်ရေတိုးပြီး မန္တလေးတွင် ရေကြီးရေလျှံမည်ကို စိုးရိမ်ရကြောင်း၊ မြစ်ကြောင်း
တလျှောက် တာရိုးတာဘောင် သိပ်မခိုင်သည့် မြို့ရွာများတွင် ရေကြီးသည့် အန္တရာယ်ရှိနိုင်ကြောင်း ၎င်းကပြောသည်။

မေမြို့မှ ပန်းစိုက်တောင်သူတဦးကလည်း မိုးဆက်တိုက်ရွာသဖြင့် ပန်းစိုက်ခင်းများပျက်ကာ ပန်းခင်းအများစုမှာလေဖူး
များအဖြစ် အချိန်မတန်ဘဲပွင့်ပြီး ဈေးနှုန်းများကျဆင်းနေသည်ဟုပြောသည်။

ချက်စိမ်း၊ သစ်ခွ၊ လိပ်ပြာနီ၊ ပတ္တမြားသစ်ခွ စသည့်ပန်းမျိုးများသည် သင်္ကြန်မတိုင်ခင်က အပွင့် (၁၀၀) လျှင် (၁,၃၀၀) ကျပ်ဈေးရသော်လည်း ယခုမိုးဖျက်သောကြောင့် အပွင့် (၁၀၀) လျှင်ကျပ် (၂၀၀) ခန့်ဈေးသာရှိသဖြင့် မေမြို့ဘက်မှ ပန်းစိုက်တောင်သူများ အရှုံးပေါ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ ဒေသအချို့တွင် ယခုရက်ပိုင်းအတွင်း အချိန်မတိုင်ခင် မိုးဆက်တိုက်ရွာသွန်းခြင်း၊ ရေကြီးခြင်း စသည့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ဒေသခံများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှုများရှိခဲ့
သည်။ ။

တပ်ဆင်၏ ထိုင်းရတ်ထိုင်းပါတီ ဖျက်သိမ်းခံရ ပါတီခေါင်းဆောင်များကို နိုင်ငံရေးမလုပ်ရန်တားမြစ်-NEJ / ၃၁ မေ ၂၀၀၇

31-5-07_thai01.gif

ဝန်ကြီးချုပ်ဟောင်း၏ ထိုင်းရတ်ထိုင်းပါတီသည် ရွေးကောက်ပွဲ၌ မသမာမှုကျူးလွန်ခဲ့သည်ဟု ထိုင်း ရွေးကောက်ပွဲဆိုင်ရာတရားရုံးက ဆုံးဖြတ်ပြီး
ပါတီကို ယမန်နေ့က ဖျက်သိမ်းလိုက်ကြောင်း
ထိုင်းမီဒီယာများတွင် ဖော်ပြသည်။

ဝန်ကြီးချုပ်ဟောင်း တပ်ဆင်ရှင်နာဝါထရာနှင့် ပါတီခေါင်းဆောင် (၁၁၀) ကိုလည်း နိုင်ငံရေး
မလုပ်ရဟု (၅) နှစ် ပိတ်ပင်လိုက်သည်။

ထိုင်းရတ်ထိုင်းပါတီသည် ယမန်နှစ်ဧပြီ ရွေးကောက် ပွဲတွင် ပါတီငယ်များကို လက်သိပ်ထိုးငှားရမ်းခဲ့မှု

အတွက် အပြစ်ရှိသည်ဟု တရားရုံးကဆုံးဖြတ်ပြီး ယင်းပါတီသည် ဒီမိုကရက်တစ်နည်းလမ်းများကို လိုက်နာရန်ပျက်ကွက်သည်ဟု တရားသူကြီး ဗီချိုင်းချွန်ချွမ်ပွန်နွတ်က ပြောကြားသည်။

၎င်းက “ဒီပါတီဟာ ပါလီမန်ဒီမိုကရေစီ ရွေးကောက်ပွဲကို တချက်လွှတ်အာဏာရရေး တခုတည်း အတွက် အသုံးချခဲ့တယ်။ ဒီပါတီဟာ ဒီမိုကရက်တစ်စနစ်ကို မယုံကြည်ဘူးဆိုတာ ထင်ရှားပေါ်လွင် နေတယ်။ ဒီမိုကရေစီစနစ်ရဲ့ အဓိကသော့ချက်ဖြစ်တဲ့ ဥပဒေစိုးမိုးမှုကို မလေးစားဘူးဆိုတာလည်း ပြနေတယ်” ဟုပြောသည်။

ထိုင်းရတ်ထိုင်းပါတီကို ဦးဆောင်တည်ထောင်သည့် မစ္စတာတပ်ဆင်သည် ပါတီကို ၎င်း၏ကိုယ်ကျိုး အတွက် အသုံးချခဲ့သည်ဟု တရားရုံးက အပြစ်တင်သည်။

၂၀၀၁ ခုတွင် အာဏာစတင်ရရှိသည့် ထိုင်းရတ်ထိုင်းပါတီသည် ၂၀၀၅ ခု ရွေးကောက်ပွဲတွင် မဲအများစုဖြင့် ထပ်မံအနိုင်ရကာ ယမန်နှစ် စက်တင်ဘာတွင် ၀န်ကြီးချုပ်တပ်ဆင်ကို ထိုင်းစစ်တပ်က ရာထူးမှဖယ်ရှားပြီး အာဏာသိမ်းခဲ့သည်။

ယမန်နှစ် ဧပြီရွေးကောက်ပွဲကို ပိတ်ဆို့ဟန့်တားနိုင်ရန် ပါတီငယ်များကို အသုံးချမှုနှင့် ထိုင်းရတ်ထိုင်း ပါတီကို အသရေဖျက်မှုအပါအ၀င် စွဲချက်လေးခုအတင်ခံထားရသည့် ဒီမိုကရက်ပါတီကို အပြစ်မရှိဟု တရားရုံးက ဆုံးဖြတ်သည်။

ဒီမိုကရက်ပါတီသည် ယမန်နှစ်ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သဖြင့် ယင်းရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ဘက်အရေအတွက် မပြည့်မီခဲ့ပေ။

ထိုင်းရတ်ထိုင်းပါတီကို ဖျက်သိမ်းလိုက်သောကြောင့် တပ်ဆင်ကိုထောက်ခံသူများက ပြင်းထန်သည့် ဆန့်ကျင်မှုများ လုပ်လာနိုင်ပြီး လက်ရှိစစ်အစိုးရ၏ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးနှင့် ရွေးကောက်ပွဲသစ်ကျင်းပရေး လုပ်ငန်းများတွင် အခက်အခဲများ ပိုမိုဖြစ်ပေါ်စေမည်ဟု ခန့်မှန်းချက်များ ပေါ်ထွက်နေသည်။

ဘန်ကောက်မြို့တော်တွင် လုံခြုံရေးတိုးမြှင့်တင်းကျပ်ထားပြီး ၀န်ကြီးချုပ် ဆူရာယွတ်ချူလာနွန့်က ဆူပူအကြမ်းဖက်မှု ဖြစ်ပွားပါက အရေးပေါ်အခြေအနေကြေညာရန် အသင့်ရှိသည်ဟု ပြောကြား သည်။ ။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှု ထိုင်း-မြန်မာနယ်စပ်တွင် စတင်

NEJ / ၃၀ မေ ၂၀၀၇-နယ်စပ်အခြေစိုက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသည့်အဖွဲ့များ ပူးပေါင်း
ပါဝင်သော ကော်မတီတရပ်ဖွဲ့စည်းပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအား
လုံး လွတ်မြောက်ရေး လှုပ်ရှားမှုကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့စတင်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ပေါ်ပြောင်းလဲရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး
အကျဉ်းသားများ ခြွင်းချက်မရှိလွတ်မြောက်ရေးမှာ ပထမဆုံးလိုအပ်ချက်ဖြစ်သည်ဟု ထိုလှုပ်
ရှားမှုကော်မတီ၏ ညှိနှိုင်းရေးမှူး ဦးငွေလင်းကပြောသည်။

၎င်းက “ဗမာပြည်မှာနိုင်ငံရေးအကျပ်အတည်းကို ပြောင်းလဲစေချင်တယ်ဆိုရင် တွေ့ဆုံဆွေးနွေး
ရေးကိုလုပ်ရမှာဖြစ်တယ်။ အဲဒါလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး
ကို ပထမဆုံးလွှတ်ပေးရမှာဖြစ်တယ်။ ဒီတွေ့ဆုံဆွေးနွေးရေးမှာ သူတို့ပါဖို့လိုတဲ့အတွက် ဒီလှုပ်
ရှားမှုဟာ အင်မတန်အရေးကြီးတဲ့ကိစ္စအနေနဲ့ လှုပ်ရှားရတာဖြစ်တယ်” ဟုပြောသည်။

ဤလှုပ်ရှားမှုကို ယနေ့မှစ၍ ဇွန် (၁၉) ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး စကားဝိုင်း၊ ဆုတောင်းပွဲ
နှင့်ဆန္ဒပြုလက်မှတ်ကောက်ခံခြင်း၊ သွေးလှူခြင်း စသည့်လှုပ်ရှားမှုများနှင့် အ၀ါရောင်ဖဲကြိုးရင်
ထိုး၊ ပို့စ်ကတ်၊ လက်ကမ်းစာစောင် စသည်တို့ကို ဖြန့်ဝေခြင်းတို့ ပါဝင်သည်။

‘ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးလှုပ်ရှားမှုကော်
မတီ’ တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များ
ကွန်ဂရက်၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) စသည့်အဖွဲ့များ ပူးပေါင်းပါဝင်သည်။ ။

ညွှန်ကြားချက်များရှိသော်လည်း ကျောင်းအပ်စရိတ် များနေဆဲ

NEJ / ၃၀ မေ ၂၀၀၇-လာမည့်ဇွန် (၁) ရက်တွင် စတင်ဖွင့်မည့် ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနက သတ်
မှတ်ထားသည့် ကျောင်းအပ်နှုန်းထားထက် ပိုမိုကောက်ခံခြင်းမပြုရန် စစ်အစိုးရက အခြေခံပညာကျောင်းများကို ညွှန်
ကြားချက်ထုတ်ထားသော်လည်း ကျောင်းအပ်ကုန်ကျစရိတ်များ များနေဆဲဖြစ်ကြောင်း ရန်ကုန်မြို့ခံများကပြောသည်။

အခြေခံပညာကျောင်းအသီးသီးက ကျောင်းရန်ပုံငွေအတွက် စေတနာအလျောက်ထည့်ဝင်ရန်ဟုဆိုကာ ကျောင်းသား
ဟောင်းဖြစ်ပါက ကျပ်သောင်းဂဏန်း၊ ကျောင်းသားသစ်ဖြစ်ပါက ကျပ်သိန်းဂဏန်းအထိ တောင်းခံနေကြောင်းကျောင်း
သား မိဘများထံမှ သိရသည်။

ဒဂုံအထက (၁) တွင်ကျောင်းအပ်ခဲ့သူ ကျောင်းသားမိဘတဦးက ၎င်း၏သား (၆) တန်းကျောင်းသားအတွက် ကျောင်း
ဝင်ကြေး (၆၀၀) ကျပ်၊ မိဘဆရာအသင်းကြေး၊ အားကစားကြေးနှင့် စာကြည့်တိုက်ကြေး (၁,၅၀၀) ကျပ်အပြင် ကျောင်းရန်ပုံငွေအတွက် ထည့်ခဲ့ရသည်ဟုပြောသည်။

“စေတနာရှိသလောက်လို့ တောင်းပေမယ့် အနည်းဆုံး ကျပ်တသောင်းသတ်မှတ်ထားတော့ မထည့်ချင်ပေမယ့်လည်း ကိုယ့်ကလေးမျက်နှာငယ်ပြီး အငြိုးထားဆက်ဆံတာ ခံရမှာစိုးရိမ်လို့ ငွေတသောင်းထည့်ခဲ့ရတယ်” ဟု ၎င်းကပြော
သည်။

လသာအထက (၁) တွင် ကျောင်းသားသစ်အဖြစ် အပ်နှံခဲ့သည့် ဆယ်တန်းကျောင်းသူတဦး၏ မိဘတဦးကလည်း ကျောင်းအပ်ကုန်ကျစရိတ်အပြင် အလှူငွေ ကျပ် (၁) သိန်း ထည့်ခဲ့ရကြောင်း ပြောပြသည်။

ယခုနှစ်တွင် ဗလာစာအုပ်များမှာ စာရွက်ကြမ်းဖြင့် တဒါဇင် ကျပ် (၂,၀၀၀-၃,၀၀၀) ရှိပြီး အချောစားမှာ (၄,၃၀၀)
အထိရှိကြောင်း၊ ခဲတံတချောင်း ကျပ် (၃၀၀) မှ (၇၀၀)၊ တရုတ်လုပ်ကွန်ပါတဘူး ကျပ် (၇၀၀) မှ (၁,၀၀၀) ကျော်၊ ဘောလ်ပင်တချောင်း ကျပ် (၁၀၀) မှ (၃၀၀) ကျော်အထိ အစားစား ရှိကြောင်း သိရသည်။

နအဖစစ်အစိုးရက အခြေခံပညာကျောင်းများကို ယခုနှစ်မှစပြီး ကျောင်းဝင်ကြေးအဖြစ် သူငယ်တန်းမှ စတုတ္ထတန်းအ
ထိ အခမဲ့၊ ပဉ္စမတန်း (၅၀၀) ကျပ်၊ ဆဋ္ဌမတန်း (၆၀၀)၊ သတ္တမတန်း (၇၀၀)၊ အဋ္ဌမတန်း (၈၀၀)၊ န၀မတန်း (၉၀၀)၊
ဒဿမတန်း (၁,၀၀၀) ကျပ်သာ ကောက်ခံရန်နှင့်ကျောင်းအဆောက်အဦဆိုင်ရာ ပရိဘောဂများအတွက် ကျောင်းသား
မိဘများထံမှ မကောက်ခံဘဲ ပညာရေးဝန်ကြီးဌာနသို့ တင်ပြတောင်းခံရန် ညွှန်ကြားထားကြောင်း သိရသည်။ ။

နအဖတပ်နှင့် KNU တပ်တို့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်

NEJ / မေ ၃၀ ၂၀၀၇-ယနေ့နံနက်၌ မြန်မာနအဖစစ်တပ် ခမရ-၂၀၆ နှင့် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မ
တော် (KNLA) ဗဟိုဌာနချုပ် တပ်ရင်း-၂၀၁ တို့ တိုက်ပွဲဖြစ်ပွားသည်။

တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးကဲထူး ဦးစီးသည့် KNLA တပ်ရင်း-၂၀၁ နှင့် မြန်မာစစ်တပ် ခမရ-၂၀၆ တို့သည် ကနဲလေး
ရွာနှင့် မော်ခီးရွာကြားတွင် နံနက် (၉း၄၅) နာရီခန့်၌ စတင်တိုက်ပွဲဖြစ်ပြီး(၁၀း၃၀) နာရီခန့်တွင် တိုက်ပွဲပြီးဆုံးသည်။

KNLA တပ်မဟာ-၆ ဌာနချုပ် စစ်ရုံးမှ ဗိုလ်မှူးတဦးက တိုက်ပွဲဖြစ်ပွားကြောင်း အတည်ပြုပြောကြားပြီး တိုက်ပွဲအပြီး
တွင် နအဖစစ်တပ်မှ စစ်သည်အလောင်း (၇) လောင်း ကျန်ရစ်ခဲ့ပြီး သေနတ် အရှည် (၂) လက်ကို သိမ်းဆည်းရမိ
ကြောင်း ပြောကြားသည်။

ယခုတိုက်ပွဲဖြစ်ပွားရာနေရာသည် မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ (၄၀) ခန့်တွင်တည်ရှိပြီး ဗဟိုဌာနချုပ်တပ်
ရင်း (၂၀၁) အခြေစိုက်ရာဒေသတွင်ဖြစ်သည်။

အဆိုပါဒေသ၌ KNLA နှင့် DKBA တပ်တို့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ ယခင်က ဖြစ်ခဲ့သော်လည်း ယခုတိုက်ပွဲတွင်
KNLA နှင့် နအဖစစ်တပ်တို့ ထိပ်တိုက်ဖြစ်ပွားခြင်းဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) စည်းရုံးရေးဌာန အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေက “ကော်သူးလေနယ်မြေ
ထဲမှာ နအဖက တောက်လျှောက် ထိုးစစ်မြှင့်တင်နေတယ်။ ပြီးခဲ့တဲ့ တိုက်ပွဲတွေမှာ DKBA ကို ရှေ့တန်းတင်တိုက်တာ
အဆင်မပြေလို့ အခုတိုက်ပွဲမှာ နအဖတပ်ကိုယ်တိုင် ၀င်တိုက်ရတဲ့အနေအထားဖြစ်တယ်” ဟုပြောသည်။

အဆိုပါဒေသရှိ ထိုင်းနယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တဦးက “KNLA က ပြောက်ကျားစနစ်ကို အသုံးပြုတာဖြစ်တော့ နယ်မြေကျွမ်းကျင်မှုမရှိဘဲ သူတို့ကိုလာတိုက်တော့ ဆုံးရှုံးမှုတွေရှိတာကတော့ ပုံမှန်ပါပဲ” ဟုပြောသည်။

KNLA တပ်မဟာ-၆ နယ်မြေအတွင်း ယခုလ (၂၃) ရက်တွင်တကြိမ်၊ (၂၄) ရက်တွင်တကြိမ် KNLA နှင့် နအဖ-DKBA ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

KNLA တွင် စခန်းအသေမထားရှိဘဲ ယာယီစခန်းအရှင်များထားကာ ခံစစ်ရှင်ပြောက်ကျားစနစ် ကျင့်သုံးနေကြောင်း ဗိုလ်မှူးစောလှငွေကပြောသည်။ ။

အန်အယ်လ်ဒီပါတီဝင်များ ဒီပဲယင်းအမှုမှန်ပေါ်ပေါက်ရန် တောင်းဆို

ပီတာအောင် / ၃၀ မေ ၂၀၀၇-ဒီပဲယင်းအကြမ်းဖက်မှု မျက်မြင်သက်သေ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ခေါင်းဆောင် ဦးတင်ဦးနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြန်လွှတ်၍
ဒီပဲယင်းအမှုမှန် ပေါ်ပေါက်ရေးဆောင်ရွက်ပေးရန် နအဖ စစ်အစိုးရကို မန္တလေးတိုင်း အန်အယ်
လ်ဒီပါတီဝင်များက တောင်းဆိုသည်။

ယနေ့နံနက် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်၌ ဒီပဲယင်းအကြမ်းဖက်မှုကြောင့် ကွယ်လွန်ခဲ့ရ
သူများအား ရည်စူး၍ သံဃာတော်အပါး (၂၅၀) အားဆွမ်းလောင်းပွဲနှင့် ဆရာတော်အပါး (၃၀)
အား ဆွမ်းကပ်လှူဒါန်းပွဲများ ပြုလုပ်ကာ တောင်းဆိုခြင်း ဖြစ်သည်။

မန္တလေးတိုင်း အန်အယ်လ်ဒီစည်းရုံးရေးအဖွဲ့ဝင် ဒေါ်ဝင်းမြမြက “အရိုက်ခံရတာက ကျမတို့
ခေါင်းဆောင်တွေ၊ အကျယ်ချုပ်ခံနေရတာက ကျမတို့ခေါင်းဆောင်တွေဖြစ်တဲ့အတွက် ကျမတို့
ခေါင်းဆောင်တွေ နစ်နာပါတယ်။ ဒါတွေကို အာဏာပိုင်တွေအနေနဲ့ ပြန်ပြီးဆင်ခြင်သုံးသပ်ပြီး
တော့မှ အမှန်တရားအတိုင်းဖြစ်အောင် ဆောင်ရွက်ပေးပါ” ဟုပြောသည်။

ဦးတင်ဦးနှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၀၃ ခု မေ (၃၀) ရက်တွင် စစ်ကိုင်းတိုင်း ဒီပဲ
ယင်းမြို့အနီး ကျီရွာ၌ စစ်အစိုးရ ကျောထောက်နောက်ခံပြုထားသည့် လူတစု၏ အကြမ်းဖက်
တိုက်ခိုက်ခံရပြီး အသက်မသေဘဲလွတ်မြောက်ခဲ့သော်လည်း စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်း
ခြင်းခံနေရသည်။

ယင်းတိုက်ခိုက်မှုတွင် သေဆုံးသူ (၁၀၀) ကျော်ထိရှိနိုင်သည်ဟု မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှား
သူ တို့ကခန့်မှန်းပြီး နအဖစစ်အစိုးရက (၄) ဦးသေဆုံးကာ (၅၀) ဒဏ်ရာရသည်ဟုဆိုသော်
လည်း တိုက်ခိုက်မှုကျူးလွန်သူတို့ကို ယနေ့တိုင် အရေးယူခြင်းမရှိပေ။

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေးအဖွဲ့ဝင် ဦးရွှေမောင်က “ဒီပဲ
ယင်းလူသတ်ပွဲမှာ ကျဆုံးသွားတဲ့ ကျနော်တို့ရဲ့ မြင့်မြတ်တဲ့ရဲဘော်တွေအတွက် ကျနော်တို့
ဆွမ်းကျွေး အမျှအတမ်းဝေပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံရဲ့သမိုင်းဆိုးမှတ်တိုင်ကို သွေးနဲ့
ရေးပြီးတော့ မြန်မာနိုင်ငံရဲ့အနာဂတ်ကို အေးချမ်းဖို့ပြသွားတယ်လို့ ကျနော်ဆိုချင်ပါတယ်။
နောက်နောင် မြန်မာနိုင်ငံအနာဂတ် အေးချမ်းဖို့အတွက် ဒီလိုမျိုးအဖြစ်အပျက်မျိုး မကြုံရပါစေ
နဲ့၊ ဒါသာလျှင် နောက်ဆုံးအကြိမ်ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်” ဟုပြောသည်။

ယနေ့ အန်အယ်လ်ဒီ၏ ဆွမ်းကပ်လှူဒါန်းပွဲနှင့် အချိန်ကိုက်၍ ကြံဖွံ့အဖွဲ့ကလည်း မစိုးရိမ်
ကျောင်းတိုက်သို့ အကြောင်းမဲ့သက်သက် လာရောက်ဆွမ်းကပ်လှူဒါန်းပွဲ ကျင်းပသော်လည်း
အန်အယ်လ်ဒီပါတီဝင်များနှင့် ပဋိပက္ခဖြစ်ပွားခြင်းမရှိဘဲ အေးအေးချမ်းချမ်း ပြီးဆုံးသွားသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်လည်း ဒီပဲယင်း (၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အလားတူ
ဆွမ်းကပ်လှူဒါန်းပွဲတခု ကျင်းပခဲ့ပြီး ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့၌ မြန်မာ့ဒီမိုကရေစီရေး
လှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နုတ်ထွက်
ပေးရေး ဆန္ဒပြတောင်းဆိုသည်။ ။

စစ်အာဏာရှင် ကုလားအုပ်အတွက် နောက်ဆုံးကောက်ရိုးတမျှင်-စိုးနေလင်း (၂၉-၅-၀၇)

ကျနော်တို့ မြန်မာစစ်အစိုးရနဲ့ပတ်သက်ပြီး ဘာမှမရေးဖြစ်တာကြာပါပြီ။ ဒါပေမယ့် နိစ္စဓူဝ ကြားနေ ဖတ်နေရတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်တွေက စိတ်ဆိုးစရာ၊ ဒေါသဖြစ်စရာတွေချည်းပဲဆိုတော့လည်း စာရေးချင်စိတ်က ပေါ်လာပြန်တာပါပဲ။ ရေးစရာအကြောင်းတွေကလည်း ခေါင်းထဲမှာ အလိုလို ရောက်လာတော့ ကိုယ်ရေးပြီးသားတွေများ ဖြစ်မလားဆိုပြီး website archive ကိုပြန်ကြည့်၊ ဂျာနယ်ဟောင်းတွေကို ပြန်ရှာကြည့်လိုက်တော့ ၁၅.၉.၂၀၀၄ က `စစ်အာဏာရှင်၊ ပြည်သူနဲ့ စတော့ပ်ဟုန်းစင်ဒရုန်းအန္တရာယ်´၊ ၂၃.၁၀.၂၀၀၄ က `ပြုပြင်၍မရအောင် ကမ်းကုန်သူများ (သို့) မြန်မာ့မိုက်လုံး ကမ္ဘာကို ဖုံးလွှမ်းစေရမည်´၊ ၂၂.၁၂.၂၀၀၄ က `စစ်အာဏာရှင်နှင့် သူ၏ ကကြိုး
များ´၊ ၁၄.၉.၂၀၀၅ က `စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး´၊ ဖေဖော်ဝါရီ ၂၀၀၄ ခေတ်ပြိုင်
ဂျာနယ် `စစ်အာဏာရှင်နှင့် ဖမ်းလွှတ်ကစားနည်း အသွယ်သွယ်´ စတဲ့ဆောင်းပါးတွေကို သွားတွေ့ရပါတယ်။ တခြားဆောင်းပါးတွေလည်း တကယ်တော့ စစ်အာဏာရှင်တွေနဲ့ပဲ ပတ်သက်တာပါပဲ။ ပြန်ဖတ်ကြည့်လိုက်တော့ ကျနော်ခုရေးချင်တဲ့ အချက်အလက်၊ တင်ပြချင်တဲ့ အချက်အလက်တွေချည်းပါပဲ။ အဲဒီတုန်းကလည်း စစ်အာဏာရှင်တွေရဲ့ ဇာတိရုပ်နဲ့ သူတို့ရဲ့ ဦးတည်ချက် နည်းပရိယာယ်တွေကို ရေးသားတင်ပြခဲ့ပြီးပြီဆိုတာ သွားတွေ့ရတယ်။

စစ်အာဏာရှင်အစိုးရဟာ သူတို့ရဲ့အာဏာကို နည်းနည်းလောက် ထိပါးလာတယ်လို့ထင်ရတဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ရင် လုံးဝသည်းမခံဘူး။ လုပ်တဲ့လူ လူကြီးလူငယ်မရွေး ဖမ်းမယ်၊ ပြစ်ဒဏ်ကြီးကြီးမားမား ချပစ်မယ်။ နိုင်ငံတကာဖိအားပေးလာရင် ရာဇ၀တ်အကျဉ်းသား
အများစုနဲ့ နိုင်ငံရေးအကျဉ်းသားနည်းနည်းလောက် လွှတ်ပြမယ်။ နောက် လက်သိပ်ထိုး
ပြန်ဖမ်းမယ်။ နောက်တခါ ဖိအားထပ်ပေးပြန်ရင် အဲဒီလိုပဲ ရာဇ၀တ်အကျဉ်းသားများများနဲ့ နိုင်ငံရေးအကျဉ်းသားနည်းနည်း ပြန်လွှတ်ပြမယ်။ အဲဒီလိုနဲ့ ကမ္ဘာကိုလိမ်နေတာဟာ အခုဆို ရာစုနှစ်တ၀က်လောက် ရှိလာခဲ့ပါပြီ။ ခုလည်း ဒီနည်းကို သုံးတုန်းပါပဲ။ နိုင်ငံတကာကလည်း `အပြုသဘောဆောင်လာပါပြီ´၊ `သဘောထား ပျော့ပျောင်းလာပါပြီ´၊ `ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးဘက်ကို ဦးတည်လာပါပြီ´ ဆိုပြီး ခေါင်းညိတ်လက်ခံတုန်းပါပဲ။ ကျနော်တို့ ပြည်သူတွေသာ ဒုက္ခမျိုးစုံနဲ့ လုံးပါးပါးကာ တိုင်းပြည်သာ ချွတ်ခြုံကျလာတာပါပဲ။

နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးအဖြေရှာတာ အကောင်းဆုံးပါပဲ။ အဲဒီလိုယုံကြည်ပြီး ရွေးကောက်ပွဲ အနိုင်ရပါတီ NLD က တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့တာ ကြာလှပါပြီ။ လက်နက်ကိုင်တိုင်းရင်းသားလူမျိုးစုတွေကလည်း တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်း တောင်းဆိုထားခဲ့တာ၊ လမ်းဖွင့်ထားတာ ကာလရှည်ကြာလှပါပြီ။ စစ်အာဏာရှင်အစိုးရက ဘယ်လိုတုံ့ပြန်ခဲ့ပါသလဲ။ ခုဆို စစ်အစိုးရ ၀န်ကြီးအဆင့် ဗိုလ်ချုပ်တွေကိုယ်တိုင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေးစရာ မလိုတော့ပါဘူး၊ တွေ့ဆုံဆွေးနွေးလိမ့်မယ် မဟုတ်
ဘူးလို့ အတိအလင်း ကြေညာထားခဲ့ပါပြီ။ သဘောထားက ရှင်းပါတယ်။ စစ်ဗိုလ်ချုပ်ကြီး
တွေပဲ သမ္မတဖြစ်ခွင့်ရှိတဲ့ ပြည်သူက ရွေးချယ်တင်မြှောက်ခံစရာမလိုတဲ့ စစ်တပ်ကိုယ်စားလှယ် (၂၅%) ပါဝင်မယ့် လွှတ်တော်နဲ့ စစ်အာဏာရှင်စနစ်လက်သစ်တခု ထူထောင်ပြီး ကိုယ့်အမျိုးသား ကိုယ့်ပြည်သူကို တသက်လုံးကျွန်ပြုသွားဖို့ ဦးတည်ထားပါတယ်။ အဲဒီဦးတည်ချက်အောင်မြင်ဖို့ ၁၉၈၈ ခုနှစ်ကစပြီး နည်းပရိယာယ်အမျိုးမျိုး၊ ကလိန်ကညစ်နည်းအသွယ်အသွယ်နဲ့ ကြိုးစား လာခဲ့တာ မြင်သာထင်ရှားဖြစ်ပါတယ်။

လူထုမပါလောက်တော့ဘူးလို့ အထင်သေးပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးကြည့်တယ်။ ဒါပေမယ့် ထင်သလို မဟုတ်ဘဲ လူထုထောက်ခံမှုအင်အား သိပ်ကြီးလာ တဲ့အခါ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး သဘောမတူသူ မထောက်ခံသူ ပြည်သူတွေက ကန့်ကွက် ဆန့်ကျင်တယ်ဆိုပြီး ကြိုတင်ကြံစည်တဲ့ စစ်အစိုးရဦးဆောင် လုပ်ကြံသတ်ဖြတ်မှုကြီးဖြစ်တဲ့ ဒီပဲယင်းလုပ်ကြံမှုကို အကွက်ကျကျ စီစဉ်ခဲ့ပါတယ်။ ကံကြီးလွန်းလို့ လွတ်မြောက်သွားတဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခုချိန်ထိ နေအိမ်အကျယ်ချုပ်နဲ့ ထားခဲ့ပါတယ်။ ဒီထက် ကမ်းကုန်အောင် ဆိုးသွမ်းမိုက်ရိုင်းတဲ့လုပ်ရပ် ရှိပါသေးသလား။ ဒါပေမယ့် စစ်အာဏာရှင်တွေရဲ့ သေနတ်နဲ့ အကျဉ်းထောင်ကို ပြစီးခြောက်လှန့်ထားမှုတွေအောက်မှာ ပိပြားနေတဲ့ ပြည်သူတွေက အုံကြွဆန့်ကျင်မှု မလုပ်ရဲခဲ့ကြပါဘူး။

နိုင်ငံတကာက ဖိအားပေးဆန့်ကျင်လာတဲ့အခါ Road Map ဆိုတာနဲ့ ထွက်ပေါက်ရှာပြီး ခုချိန်ထိ အချိန်ဆွဲထားနိုင်ခဲ့ပါတယ်။ အဲဒီ Road map ကိုသုံးပြီး တရားမ၀င်စစ်အစိုးရကနေ တရားဝင်
စစ်အစိုးရဖြစ်အောင် လုပ်ဖို့ကြိုးစားလာခဲ့တာ ခုဆို သူတို့ရဲ့ရည်ရွယ်ချက် အောင်မြင်လုနီးနီး ဖြစ်လာခဲ့ပါပြီ။ ဒါကို သိမြင်နားလည်ထားတဲ့ အကျဉ်းထောင်က လွတ်မြောက်လာကြသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက မတရားတဲ့ အမိန့်အာဏာတွေကို ဆန့်ကျင်အန်တု ပြလာကြသလို လူ့အခွင့်အရေးလှုပ်ရှားသူတချို့ကလည်း ဥပဒေဘောင်အတွင်းကနေ အကြမ်း မဖက်တဲ့နည်းနဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကန့်ကွက်၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးကို တောင်းဆိုလာခဲ့ကြပါတယ်။

အဲဒီအခါ နိုင်ငံတကာကို တရားဥပဒေရှိပါတယ်၊ ဥပဒေနဲ့အညီ အုပ်ချုပ်နေပါတယ်လို့ လိမ်ညာ ထားတဲ့ စစ်အစိုးရအတွက် အဲဒီအကြမ်းမဖက် အာခံဆန့်ကျင်မှုတွေကို ထိန်းချုပ်ကိုင်တွယ်လို့ အခက်အခဲ အကြီးအကျယ်ရှိလာပါတယ်။ ဆင်းရဲမွန်းကြပ်မှုတွေနဲ့ မတရားအနိုင်ကျင့် ဖိစီးနှိပ်စက် မှုတွေကို ခါးစည်းခံနေကြရတဲ့ ပြည်သူတွေကလည်း မထူးတော့ဘူးဆိုပြီး ပါဝင်ပူးပေါင်းလာ ကြပါတယ်။ အဲဒီအချိန်မှာ စစ်အာဏာရှင်တွေက ၁၉၈၈ လို လူထုအုံကြွမှုမျိုး ထပ်ဖြစ်လာမှာကို အကြီးအကျယ် ထိတ်လန့်လာခဲ့ပါတော့တယ်။ တကယ်လို့များ ရှစ်လေးလုံး လူထုအုံကြွမှု လူထုအရေးတော်ပုံကြီး ထပ်ပြီးဖြစ်ပေါ်လာမယ်ဆိုရင် လူထုအင်အားကို ထိန်းမနိုင်သိမ်းမရ
ဖြစ်ခဲ့ရင် ဒီတကြိမ်မှာတော့ စစ်အာဏာရှင် သူတို့ကိုယ်တိုင်သာမက သူတို့ရဲ့ အလိုတော်ရိ၊ ဘက်တော်သားတွေပါ ဇာတ်သိမ်းကောင်းနိုင်လိမ့်မယ် မဟုတ်ဘူးလို့ သူတို့ အမှန်တကယ် နားလည်သွားကြပါပြီ။

ဒီအခြေအနေနဲ့ ကြုံတွေ့လာရတဲ့အခါမှာလည်း စစ်အစိုးရမှာ သူ့ရဲ့စစ်မဟာဗျူဟာ လေ့လာရေး ဌာနကြီးက စူးစမ်းရှာဖွေတွေ့ရှိထားတဲ့ နည်းလမ်းကောင်းတလက်ဖြစ်တဲ့ လူထုထဲက ဖောက်ပြန် တဲ့အတွေးခေါ်ရှိသူ၊ ကိုယ်ကျိုးရှာသမား၊ လူမသမာတွေကို အခွင့်အရေးပေး မွေးမြူပြီး လူထုကို လူထုက ပြန်ဆန့်ကျင်ကန့်ကွက်စေတဲ့နည်းကို အသုံးချလာပြန်ပါတယ်။ ဒါဟာလည်း နည်းသစ် တခုတော့ မဟုတ်ပါဘူး။ ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံကာလမှာလည်း အသုံးချ ခဲ့ပြီးပါပြီ။ ဒါပေမယ့် မအောင်မြင်ခဲ့ရှာပါဘူး။

ဒါပေမယ့် ခုချိန်မှာတော့ လူနည်းစုသာရှိသေးတဲ့ အကြမ်းမဖက်အာခံဆန့်ကျင်သူတွေကို ဖောက်ပြန် တဲ့ ပြည်သူ့သစ္စာဖောက် လူအုပ်စုကြီးက ၀ိုင်းဝန်းဖမ်းဆီး နှိပ်ကွပ်တဲ့နည်းကို စစ်အာဏာရှင်တွေ စပြီးအသုံးချနေတာကို တွေ့မြင်နေရပါတယ်။ တကယ်တမ်း ကျနော်တို့ပြည်သူလူထု နားလည် ထားကြရမှာကတော့ ကျနော်တို့နိုင်ငံ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရှင်းလင်းပစ်နိုင်တဲ့သူဟာ ပြည်သူလူထုကြီးကိုယ်တိုင်သာ ဖြစ်ပါတယ်။ ပြည်ပနိုင်ငံရောက် အတိုက်အခံဒီမိုကရေစီ အင်အား စုတွေဟာ အရန်အင်အားစုသာဖြစ်ပါတယ်။ တခြားကမ္ဘာ့နိုင်ငံတွေရဲ့ ဖိအားပေးမှုဟာ အရန်ရဲ့ အရန်အင်အားစုလောက်သာ ဖြစ်တယ်ဆိုတာပါပဲ။

သန်း (၅၀) ကျော်ရှိတဲ့ ပြည်သူလူထုကြီးကသာ တကယ်တန်းငြင်းဆန်လက်မခံဘူးဆိုရင် ဘယ်လို အာဏာရှင်မျိုးမှ မခံနိုင်ပါဘူး။ ကျဆုံး နိဂုံးချုပ်ရမှာပါပဲ။ ကျနော်တို့မှာရှိတာက သန်း (၅၀) ကျော်၊ စစ်အာဏာရှင် စစ်အစိုးရမှာရှိတာက (၄) သိန်းပတ်ဝန်းကျင်လောက်ပဲရှိတာပါ။ ပြည်သူတွေ အားလုံးကသာ ဒါဟာ ငါတို့ရဲ့အရေးဖြစ်တယ်၊ ငါတို့တိုက်ရမယ့် တိုက်ပွဲဖြစ်တယ်လို့ စူးစူးနစ်နစ် ယုံကြည်ပြီး ပါဝင်လာကြတဲ့အချိန်မှာ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး ထပ်ပြီးဖြစ်ပေါ်လာ
ဦးမှာ အသေအချာပါပဲ။ အကြမ်းမဖက်တဲ့ ပြည်သူ့အရေးတော်ပုံကြီးရဲ့ ညီညွတ်စည်းလုံးမှုအင်အားနဲ့ ရင်ထဲက ပေါက်ကွဲတုန်ခါထွက်ပေါ်လာတဲ့ ကြွေးကြော်သံတွေရဲ့အောက်မှာ စစ်အာဏာရှင်တွေနဲ့ စစ်အာဏာရှင်စနစ်ကြီး ချုပ်ငြိမ်းကွယ်ပျောက်သွားတော့မှာပါ။

အဲဒီလိုမဟုတ်ဘဲ အာဏာငန်းဖမ်းနေတဲ့ စစ်အာဏာရှင်တွေက ဆက်ပြီး သူတို့ဟာ အာဏာ
တည်မြဲရေးအတွက် ကျားကုတ်ကျားခဲ ကြံ့ကြံ့ခံနေဦးမယ်ဆိုရင်လည်း ပြည်သူတွေက ဒါဟာ စည်းစည်းရုံးရုံးနဲ့ ငါတို့တိုက်ရမယ့်စစ်ပွဲပဲလို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ စစ်အာဏာရှင်တွေဟာ
လုံးဝခုခံဖြိုဖျက်လို့မရတဲ့ ပြည်သူ့စစ်ကို မလွဲမသွေ ရင်ဆိုင်ကြရမှာ အသေအချာပါပဲ။ “ပြည်သူ့ စစ်ကိုအနိုင်ယူနိုင်တဲ့ စစ်တပ်ရယ်လို့ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အဲဒီအခြေအနေအထိ ဆက် မိုက်တွင်းနက်နေကြဦးမယ်ဆိုရင်တော့ အသေဆိုးနဲ့ မိုက်ဇာတ်သိမ်းကြရမှာပဲ ဖြစ်ပါတယ်။

အခုအချိန်မှာ မြန်မာနိုင်ငံ ရန်ကုန်မြို့တော်နဲ့ အနယ်နယ်အရပ်ရပ်မှာ ပေါ်ပေါက်လာနေတဲ့ လူ့အခွင့် အရေးလှုပ်ရှားမှုတွေ၊ ပြည်သူ့ဆန္ဒထုတ်ဖော်ပြသမှုတွေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေး စုပေါင်းဆုတောင်း ပွဲတွေဟာ စစ်အစိုးရရဲ့ကျောရိုးကို သွင်သွင်ရိုက်ချိုးပစ်တော့မယ့် နောက်ဆုံးကောက်ရိုးတမျှင်ဖြစ် လာဖို့ တာစူနေပြီဖြစ်တဲ့အတွက် လှည်းနေလှေအောင်း မြင်းစောင်းမကျန် မြန်မာပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ပြီး စစ်အာဏာရှင်စနစ်ဆိုးကို ရိုက်ချိုးပစ်ကြပါစို့လို့ တိုက်တွန်းရေးသား လိုက်ပါတယ်။ ။

စီးပွားရေးလုပ်ငန်းရှင်ကြီးများကို အခွန်ဒဏ်ငွေချမှတ်

NEJ / ၂၉ ဇွန် ၂၀၀၇- ပြီးခဲ့သည့်မေလတွင် ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းခံနေရသည့် ကုမ္ပဏီပိုင်ရှင်များ
နှင့် မန်နေဂျင်းဒါရိုက်တာများသည် အခွန်ငွေပေးဆောင်ရန် ခံဝန်ချက်များဖြင့် ပြန်လည်လွတ်မြောက်လာကြသည်။
“ကျနော်တို့ ကုမ္ပဏီပိုင်ရှင် ပြန်လွတ်လာပါပြီ။ ဒဏ်ကြေးအပါအ၀င် အခွန်ငွေစုစုပေါင်း သိန်း(၄၀,၀၀၀) ကျော်ပေး
ဆောင်ပါ့မယ်ဆိုတဲ့ ကတိခံဝန်ချက်ကို လက်မှတ်ထိုးပြီး ပြန်လွတ်လာတာပါ၊ သူ့ကို ဖမ်းသွားပြီး အဓိကစစ်ဆေးသူ
တွေက စသုံးလုံးခေါ် အထူးစုံစမ်းစစ်ဆေးရေးဌာနကပါ” ဟု ပြည်တွင်းဖြစ်အရက်နှင့်အဖျော်ယမကာများ ထုတ်လုပ်
နေသည့် ကုမ္ပဏီကြီးတခုမှ ဈေးကွက်မန်နေဂျာတဦးက ပြောသည်။

ပြည်တွင်းအရက်ထုတ်လုပ်သည့် ပီအမ်ဂျီကုမ္ပဏီနှင့် အိုင်ဘီတီစီကုမ္ပဏီအပါအ၀င် အခြားကုမ္ပဏီကြီးအချို့ကို စစ်
အစိုးရ အထူးစုံစမ်းစစ်ဆေးရေးက ယခင်လအတွင်း ၀င်ရောက်ရှာဖွေစီးနင်းခဲ့ပြီး ကုမ္ပဏီအကြီးအကဲအချို့ကို ဖမ်းဆီး
စစ်ဆေးခဲ့သည်။

ရန်ကုန်တိုင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ အခွန်ဦးစီးမှူးတဦးက “စသုံးလုံးက တင်ပြလာတဲ့ အမှုတွဲ တွေကို စစ်ဆေးပြီး
ကျသင့်တဲ့ ဒဏ်ကြေးနဲ့ အခွန်ငွေကို တွက်ပေးတာရယ်၊ ဒဏ်ငွေနဲ့အခွန်ဆောင်ဖို့ ညွှန်ကြားစာထုတ်ပေးတာတွေကိုသာ ကျတော်တို့ဌာနက လုပ်တာပါ၊ အခုလည်း အမှုတွဲ (၁၀) ခုနီးပါး ကျန်သေးတယ်” ဟု ပြောသည်။

ခေါ်ယူစစ်ဆေးခံရသည့် ကုမ္ပဏီများအနက် နာမည်ကြီး စီးပွားရေးသမားများဖြစ်သည့် ဦးဝင်းအောင်၏ ဒဂုံအင်တာ
နေရှင်နယ်၊ ဦးဝေလွင်၏ ဆိုနီ၊ ဦးအောင်ကိုဝင်းခေါ် ဆရာကျောင်း၏ ကမ္ဘောဇကုမ္ပဏီတို့ ပါဝင်သည်ဟု သိရသည်။

ဦးအောင်ကိုဝင်းက အခွန်ကိစ္စဖြေရှင်းမှုအဖြစ် ၎င်းပိုင်တောင်ကြီးမြို့ရှိ ပုဂ္ဂလိက အထူးကုဆေးရုံကိုဇီဝိတဒါနသံဃာ့
ဆေးရုံအဖြစ် အစိုးရထံလွှဲပြောင်းလှူဒါန်းခဲ့ကြောင်း ထိုအခွန်မှူးကပြောသည်။

မြန်မာနိုင်ငံအခွန်ဥပဒေတွင် အမြတ်ငွေ၏ (၂၅) ရာခိုင်နှုန်းအထိ လှူဒါန်းမှုပြုလုပ်နိုင်ကြောင်း၊ လှူဒါန်းမှုကြောင့် အခွန်
သက်သာခွင့်ပေးကြောင်း သိရသည်။

ကချင်လက်နက်ကိုင်အဖွဲ့  ခြုံခိုတိုက်ခိုက်သဖြင့်ရဲများသေကျေဒဏ်ရာရ

NEJ / ၂၉ မေ ၂၀၀၇-ကချင်ကာကွယ်ရေးတပ်မတော် (KDA) က ကွတ်ခိုင်မြို့နယ်မှ အစိုးရတပ်ဖွဲ့ဝင်များ စီးနင်း
လိုက်ပါ လာသည့် ကားနှစ်စီးအား မေ (၂၇) ရက်ညပိုင်း၌ ခြုံခိုတိုက်ခိုက်သဖြင့် ဒု-ရဲအုပ်အပါအ၀င် ရဲသား (၅) ဦး
သေဆုံးပြီး (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်။

မေ (၂၇) ရက် ညနေပိုင်းက ကွတ်ခိုင်မြို့နယ် ကောင်းခါဒေသရှိ KDA တပ်ဖွဲ့၏ ပန်ဖိတ်စခန်းသို့ ကွတ်ခိုင်မြို့နယ်မှ
အထူးမူးယစ်၊ ရဲတပ်ဖွဲ့နှင့် စစ်တပ် စုစုပေါင်းအင်အား (၁၃) ဦး ကားနှစ်စီးဖြင့် ရောက်ရှိလာပြီး စီးပွားရေးတာဝန်ခံ
ယော်ချမ်းဝါဆိုသူကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးသွားခဲ့သည်။

ထိုသို့ဖမ်းဆီးပြီး ကွတ်ခိုင်မြို့သို့ပြန်လာစဉ် မုန်းစီကျေးရွာအနီး၌ KDA တပ်ဖွဲ့ဝင်အချို့က လမ်းမှခြုံခို တိုက်ခိုက်ရာ
ဒု-ရဲအုပ်တဦး၊ တပ်ကြပ်နှစ်ဦးနှင့် ရဲတပ်သားတဦး ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာရ ရဲတဦးမှာ မေ (၂၈) ရက် နံနက်ပိုင်း
တွင် ကွတ်ခိုင်ဆေးရုံ၌ ထပ်မံသေဆုံးသဖြင့် စုစုပေါင်း ရဲ(၅) ဦး သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူ ဒေသခံတဦး
ကပြောသည်။

၎င်းက “အခုသေတာက မူဆယ်မူးယစ်ကတွေချည်းပဲ။ ကားပေါ်ပါလာတဲ့ရဲတွေအားလုံး ဒဏ်ရာရ သွားတယ်။ အားလုံး ကွတ်ခိုင်ဆေးရုံမှာရောက်နေတယ်။ စစ်တပ်ကဗိုလ်ကြီးတဦးနဲ့ အခြားအဆင့်နှစ်ဦးတော့ တိုက်ပွဲမှာ ထွက်ပြေးသွားတယ်
်လို့ သိရတယ်။ သူတို့လည်း ဒဏ်ရာရ မရ အသေအချာ မသိရဘူး” ဟုပြောသည်။

အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ ကွတ်ခိုင်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစံရွှေသာကိုယ်တိုင် ကောင်းခါ ဒေသသို့ ရောက်ရှိနေပြီး တပ်နယ်တခုလုံးကို တပ်လှန့်ထားသည်ဟု တရုတ်နယ်စပ် စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောကပြောသည်။

၎င်းက “စံရွှေသာကိုယ်တိုင် ကောင်းခါကိုတက်သွားတယ်။ ပြီးတော့ ရမခတပ်တွေကို တပ်လှန့်သတိပေးထားတယ်လို့
ကြားရတယ်” ဟုပြောသည်။

KDA အရာရှိ၊ တပ်ဖွဲ့ဝင်များကို မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်ပြီး လွန်ခဲ့သည့်နှစ်နှစ်လောက် ကတည်းကစ၍ဖမ်းဆီး
မှုများလုပ်လာခဲ့သော်လည်း ယခုကဲ့သို့ ပြန်လည်လက်တုံ့ပြန်တိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ဖမ်းဆီးခံရသည့် ယော်ချမ်းဝါဆိုသူကို KDA တပ်ဖွဲ့က ပြန်လည်ကယ်ထုတ်ပြီး ဆုတ်ခွာသွားကာ သေကျေဒဏ်ရာရနေ
သည့် ရဲတပ်ဖွဲ့ဝင်များကို ပစ်ထားခဲ့ရာ ကွတ်ခိုင်အခြေစိုက်စစ်တပ်က သွားရောက်ရှင်းလင်းကာ ဆေးရုံသို့ ခေါ်ဆောင်ခဲ့
ရသည်ဟု ဒေသခံကပြောသည်။

KDA သည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ဗဟိုမှခွဲထွက်ပြီး မြန်မာစစ်အစိုးရနှင့် ၁၉၉၁ နှစ်ဦးပိုင်းတွင် အပစ်အခတ်
ရပ်စဲရေးပြုလုပ် ကာ ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၅) အဖြစ် ရပ်တည်နေခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသ၌ လက်နက်ကိုင်ဆောင်ခွင့်၊ စီးပွားရေးလွတ်လပ်စွာ လုပ်ခွင့်များ ရထားသည့်
KDA သည် မူးယစ်ဆေးဝါးလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု မကြာခဏ စွပ်စွဲခံနေရကာ အဖွဲ့ခေါင်းဆောင် ဦးမထု
နော်မှာ မြန်မာနအဖစစ်အစိုးရ၏ ညောင်နှစ်ပင်အမျိုးသား ညီလာခံတွင် ကိုယ်စားလှယ်အဖြစ် တက်ရောက်နေသည်။ ။

ထိုင်းမှတ်ပုံတင်အတုကိုင်ဆောင်သူ မြန်မာနိုင်ငံသားနှစ်ဦး အဖမ်းခံရ

NEJ / ၂၉ မေ ၂၀၀၇-သူတပါး၏ ထိုင်းမှတ်ပုံတင်ကို အယောင်ဆောင် ကိုင်ဆောင်ထားသော
မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဒေသခံ ထိုင်းရဲများက ယနေ့
နံနက် ဖမ်းဆီးလိုက်သည်။

ကရင်ပြည်နယ် ဘားအံမြို့နယ်မှ စောကျော်သီဟ နှင့်ဇနီး နော်နွယ်နွယ်ဦးတို့သည် မဲဆောက်မှ
အငှားဆိုင်ကယ်ဖြင့် မြ၀တီမြို့သို့အသွား လမ်းခု လတ် လေယာဉ်ကွင်းရှေ့တွင် ထိုင်းယာဉ်ထိန်း
ရဲက စစ်ဆေးရာမှ အဖမ်းခံရခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ထိုင်းကမ်းခြေ ပတ်တယားတွင်
သွားရောက်အလုပ်လုပ်ခဲ့ပြီး ဘန်ကောက်မြို့မှ တဆင့် ပြန်ဆင်းလာခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့ကိုင်ဆောင်ထားသည့် မှတ်ပုံတင်ထဲမှ ဓာတ်ပုံများသည် သာမန်မျက်စိဖြင့်ကြည့်ပါက ၎င်း
တို့နှင့် ရုပ်ချင်းဆင်တူသည်ဟု ထင်ရသော်လည်း အသေအချာကြည့်လျှင် လုံးဝမတူညီဟု မဲ
ဆောက်ရဲကပြောသည်။

စောကျော်သီဟက “ဒီထိုင်းမှတ်ပုံတင်နှစ်ခုကို တခု ဘတ် (၇၀၀) နှုန်းနဲ့ ဘန်ကောက်က ထိုင်း
လူမျိုးတဦးဆီက ၀ယ်လာတာပါ” ဟု ရဲစခန်းတွင် ထွက်ဆိုသည်။

ထိုဇနီးမောင်နှံအား တပါးသူမှတ်ပုံတင် အယောင်ဆောင်ကိုင်ဆောင်မှုဖြင့် တရားစွဲမည်ဖြစ်ပြီး
ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၆) လမှ (၅) နှစ်အထိ၊ သို့မဟုတ် ဒဏ်ငွေဘတ်တသောင်းမှ
တသိန်းအထိ ကျခံရနိုင်သကဲ့သို့ ပြစ်ဒဏ် နှစ်ရပ်လုံးလည်း ကျခံရနိုင်သည်ဟု မဲဆောက်
ယာဉ်ထိန်းရဲ လက်ထောက်စခန်းမှူး ရဲဗိုလ်ကြီး နိုင်ချန်ဝိနမ်က ပြောပြသည်။

ထိုင်းတွင် တရားမ၀င်လာနေသည့် မြန်မာများမှာ မည်သည့်လက်မှတ်မျှမရှိ၍ အဖမ်းခံရလျှင်
တရားမ၀င်နေထိုင်မှုကြောင့် အလွန်ဆုံး မြန်မာဘက်ကမ်းသို့သာ ပြန်ပို့ခံရလေ့ရှိသည်။

မဲဆောက်မြို့မှ အငြိမ်းစား ထိုင်းကျောင်းဆရာတဦးက “ထိုင်းမှာ တရားမ၀င်လာနေတဲ့ ဗမာတွေ
အနေနဲ့ ဘာလက်မှတ်မှမရှိလို့ ပုလိပ်ဖမ်းရင် အလွန်ဆုံး တရားမ၀င်နေထိုင်မှုနဲ့ ဗမာဘက်ကမ်း
ပြန်ပို့တာပဲရှိတယ်။ အခုလို စာရွက်စာတမ်း အတုတွေကိုင်တော့ ဖမ်းခံထိတော့ အပြစ်ကြီးတယ်၊
ခံရတာနဲ့ မကာမိဘူး” ဟုပြောသည်။ ။