(၁)
ဟီရိသြတပ္ပဆိုတဲ့ ‘အရှက်တရား’ ကြောင့် လူတွေဟာ ယဉ်ကျေးတဲ့သတ္တ၀ါလို့ အခေါ်ခံလာရတာ ဖြစ်ပါတယ်။ တိရစ္ဆာန်တွေမှာတော့ ဟီရိသြတပ္ပဆိုတဲ့ အရှက်တရားကို နားမလည်ကြပါဘူး။ အဲဒါကြောင့် သူတို့မှာ အဖေနဲ့သမီး၊ အမေနဲ့သား၊ အစ်ကိုနဲ့ ညီမဆိုတာမရှိပါဘူး။ ကိုယ်ဆာလောင်လို့ စားချင်တဲ့စိတ် ပေါ်လာရင် အင်အားကြီးတဲ့သူက ကိုယ့်အောက်အားနည်းတဲ့ သတ္တ၀ါလေးကို ဖမ်းယူစားသောက် ပစ်လိုက်တာပါပဲ။ မေထုန်မှီဝဲချင်ရင်လည်း မေထုန်မှီဝဲလိုက်တာပဲ။ အားနည်းသူကို အနိုင်ကျင့်ဗိုလ်ကျ တာဟာ ရှက်စရာပါလားလို့ တိရစ္ဆာန်တွေ နားမလည်ကြပါဘူး။ ဒီလိုပါပဲ ကိုယ့်ထက်အင်အားကြီးတဲ့ သတ္တ၀ါကိုတွေ့ရင် အားနည်းတဲ့သူက ထွက်ပြေးတာကိုလည်း ဒါဟာရှက်စရာပါလား ဆိုတာကိုလည်း သူတို့မသိပါဘူး။ တိရစ္ဆာန်တွေအတွက် အရေးကြီးဆုံးက သူတို့အသက်ရှင်ရပ်တည်ဖို့နဲ့ ကိုယ့်ဆန္ဒပြည့်ဝ ဖို့ပဲ ဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ‘အရှက်’ ဆိုတဲ့တရားတခုက လူနဲ့တိရစ္ဆာန်ကို အထင်ကရ စည်းခြားထားပေးတာဖြစ်ပါတယ်။
(၂)
၂၉-၅-၂၀၀၆ ရက်ညပိုင်း ဘီဘီစီအစီအစဉ်မှာ သတင်းတပုဒ်နားထောင်လိုက်ရပါတယ်။ အင်ဒိုနီးရှား နိုင်ငံမှာ ညစ်ညမ်းတဲ့ဗွီဒီယိုကားတွေကို ဆင်ဆာဖြတ်တောက်ဖြစ်ဖို့ကို လွှတ်တော်မှာဆွေးနွေးနေတဲ့ သတင်းဖြစ်ပါတယ်။ အမြင်တူတဲ့လူတွေရှိသလို အမြင်မတူတဲ့လူတွေလည်းရှိပါတယ်။ ထုတ်လုပ်သူတွေ ကတော့ ညစ်ညမ်းတဲ့အခန်းတွေကို သူတို့ကိုယ်တိုင်လည်း ဆင်ဆာလုပ်ပြီးမှ ဖြန့်တာဖြစ်တယ်။ ဒါဟာ သက်သက် အစိုးရက လွတ်လပ်စွာထုတ်ဖော်ပြခွင့်ကို ပိတ်ပင်တာပဲဖြစ်တယ်ဆိုပြီး ငြင်းချက်ထုတ်နေပါ တယ်။ ကွန်ပျူတာနည်းပညာခေတ်ကြီးကို ရောက်လာတဲ့အခါမှာ အင်တာနက်၊ ဆိုက်ဘာစပေ့ကနေ ညစ်ညမ်းတဲ့ရုပ်ပုံတွေ၊ ဇာတ်လမ်းတွေကို အချိန်မရွေး Download လုပ်ယူလို့ရနေပါတယ်။ ဒါကိုကော အစိုးရတွေအနေနဲ့ ဘယ်လိုပိတ်ပင်ထားဆီးမလဲ၊ နောက် ကလေးသူငယ်တွေကို လိင်ကိစ္စကို သိနိုင်တာ ဟာ မီဒီယာတခုတည်းကပဲလား၊ အခြားအကြောင်းတွေဆီကကော မရနိုင်ဘူးလား စတဲ့ အယူအဆ အမျိုးမျိုး ဖြစ်နေကြပါတယ်။
ဒီမှာ ကျမပြောချင်တာက ကျမတို့ငယ်ငယ်တုန်းကဆိုရင် ဇာတ်ကားထိုင်ကြည့်လို့ ညစ်ညမ်းအခန်း ပါလာရင် အဖေ၊ အစ်ကို၊ မောင်တွေရှိရင် မကြည့်တော့ပါဘူး။ ရှက်လို့ ကိုယ်ကိုယ်တိုင်ထသွားချင်သွား၊ မသွားရင်ကျော်ပစ်လိုက်၊ ပိတ်ပစ်လိုက်တာပါပဲ။ အခုခေတ်တော့ အဲဒီလိုမဟုတ်တော့ပါဘူး။ ခပ်တည်တည်ထိုင်ကြည့်နေကြတာပါပဲ။ အခုလူငယ်တွေကတော့ ဒါကိုရှက်စရာလို့ မထင်တော့ပါဘူး။ နောက် အမျိုးသမီးကလေးတွေဟာ အိမ်ထောင်သည်တွေရဲ့သဘာဝကို သူတို့အားလုံးသိနားလည်တယ်။ အိမ်ထောင်မရှိဘဲ ပဋိသန္ဓေတားဆေး ဘယ်ဆေးစားရင် ပိုကောင်းတယ်ဆိုတာကိုလည်း သူတို့သိပါ တယ်။ ဟိုအရင်ကဆိုရင် အဖေမပေါ်ဘဲ ကိုယ်ဝန်ရှိတဲ့ကိစ္စမျိုးဆိုရင် အလွန်ရှက်စရာပါ။ အချို့ ကိုယ့်ကိုယ် ကိုတောင် သတ်သေသွားကြတယ်။ အရှက်ကို အသက်နဲ့လဲသွားကြတယ်။ ဒီနေ့ခေတ်မှာတော့ သူတို့ဟာ ဒါဘာမှမဆန်းဘူးဆိုပြီး ပွင့်ပွင့်လင်းလင်းပြောပြီး ကိုယ်ဝန်ဖျက်ချလိုက်တာပဲ။ ရှက်စရာဆိုတာ ဘာတွေလဲလို့တောင် ပြန်မေးရမလို ဖြစ်နေပါပြီ။
အမေလူထုဒေါ်အမာကတော့ အမေ့ရှေးစကားမှာ ရုပ်ရှင်၊ တီဗွီတွေမှာ ယောက်ျား၊ မိန်းမ ဖက်ရမ်းနမ်းရှုပ် နေကြပုံတွေနဲ့ပတ်သက်ပြီး လက်မခံဘို့၊ အတုမခိုးဘို့ ဆုံးမထားပါတယ်။ နောက် “အမေဖြင့် ကိုယ့်သား သမီးကိုတောင် လက်တို့ပြီး ဆုံးမသွန်သင်ဖို့ခက်လိုက်တာ၊ အခုဖြင့် မရှက်မကြောက် စာရွက်ပေါ်ရေးပြ နေမိပါပကော” လို့ နားနဲ့မနာ ဖ၀ါးနဲ့နာကြပါဆိုပြီး သူမရဲ့ရှက်စိတ်ကို ရေးသားဆုံးမထားပါတယ်။
(၃)
ဒီလူငယ်လေးက အဖွဲ့အစည်းတခုက လူငယ်ခေါင်းဆောင်တယောက်ပါ။ အရည်အချင်းလည်းရှိပါတယ်။ ဒါပေမယ့် သူ့မှာပြောစရာက အိမ်ထောင်အတည်တကျမပြုဘဲ အမျိုးသမီးတယောက်ပြီးတယောက် တွဲတယ်။ တနေ့က သူနဲ့တွေ့တဲ့အခါကျတော့ မင်းဟာခေါင်းဆောင်တယောက်လုပ်ပြီး ဒီလိုသိက္ခာမရှိတဲ့ အလုပ်တွေကို လုပ်နေရင် ဘယ်လိုလုပ်ပြီး အများကရိုသေလေးစားတာကိုခံရမယ့် ခေါင်းဆောင်ဖြစ်မှာ လဲလို့ သူကိုပြောလိုက်တော့ သူက စိတ်မဆိုးပါဘူး။ ဟဲ .. ဟဲ နေပြီး အို.. အစ်မကလည်း အမေရိကန် သမ္မဟောင်း ကလင်တန်တောင် ရှုပ်တာပဲ၊ ကျနော်က ဘာဖြစ်လို့လဲလို့ ပြန်ပြောပါတယ်။ ဒီနေ့လူငယ် တွေဟာ ရှက်စရာကို ရှက်စရာလို့မမြင်ဘဲ လွဲမှားတဲ့အတုကိုယူနေတာ စိတ်မကောင်းစွာ တွေ့ရပါတယ်။ သူလိုလူမျိုး ဘယ်နှစ်ယောက်ရှိနေပြီလဲ …။
ဗြိတိသျှကိုလိုနီလက်အောက်ကနေပြီး လွတ်လပ်ရေးရအောင်ကြိုးစားနေတဲ့ သခင်အောင်ဆန်းဟာ နိုင်ငံခြားအကူအညီရရှိဖို့ သခင်လှမြိုင်နဲ့အတူ ဂျပန်ကိုရောက်သွားကြပါတယ်။ တိုကျိုမြို့ပြင်ရှိ ဟိုတယ်သို့ ရောက်သောအခါ ကာနယ်ဆူဇူကီးက ကျွန်ုပ်အား ပျော်ပါးရန် မိန်းမယူမလားဟု မေးတော့၏။ ထိုအချိန်က ကျွန်ုပ်မှာ တကယ့်လူပျိုစစ်စစ် အရိုင်းသက်သက်ဖြစ်သည့်အလျောက် ဆူဇူကီးစကားကို ကြားရသောအခါ အလွန်ရှက်သွေးမွှန်သွားမိပြီ မလိုချင်ပါဘူး နေပါစေဟု ပြန်ပြောလိုက်သည်။
ထိုစဉ် ကာနယ်ဆူဇူကီးက “ဒါရှက်စရာကိစ္စမဟုတ်ဘူး မိတ်ဆွေတို့။ ခင်ဗျားတို့ ကျုပ်တို့ ရေချိုးသလို သာမန်အလုပ်တခုပါပဲ” ဟု ပြောပြန်သည်။ ကျွန်ုပ်၏စိတ်ထဲ၌ကား …
အင်း … ဒါ ဂျပန်တွေက ငါတို့ကို ပထမအဆင့်အနေနဲ့ ကိုယ်ကျင့်တရားနဲ့ စိတ်ဓာတ်ပျက်ပြားသွားအောင် လုပ်တာပဲဟု တွေးမိလိုက်သည်။ အဲဒါနဲ့ပတ်သက်လို့ သခင်အောင်ဆန်းကိုယ်တိုင် Burma challenge စာအုပ်မှာ ရေသားထားတာကို ပြောပြလိုပါတယ်။
“… အဲဒီအချိန်မှာ ကျနော်ဟာ တရာ ရာခိုင်နှုန်း လူပျိုစစ်စစ်ပါ။ ကျနော့်ရဲ့လူပျိုဘ၀ကိုလည်း ကျနော်နဲ့ လက်ထပ်မယ့် အမျိုးသမီးအတွက် စောင့်ထိန်းသွားမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်။ ဗိုလ်မှူးကြီးက အခုလိုမေးလိုက်တဲ့အခါ ကျနော်မျက်နှာတခုလုံး ပူထူသွားပြီး “မလိုပါဘူး” လို့ ပြန်ဖြေလိုက်ပါတယ် …”
ဒါက ဘာကိုပြသလဲဆိုတော့ သခင်အောင်ဆန်းရဲ့ အရှက်နဲ့သိက္ခာကို တန်ဖိုးထားလေးစားတဲ့ မြင့်မြတ်တဲ့ စိတ်နဲ့ သခင်အကျင့်ကို ပြတာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက သခင်အောင်ဆန်းဟာ (၂၆) နှစ်သာ ရှိသေးတဲ့ လူငယ်တဦးပဲဖြစ်ပါတယ်။ အဲ့ဒီလိုမြင့်မြတ်တဲ့စိတ်နဲ့ သခင်အကျင့်တွေကြောင့်သာ တမျိုးသား လုံးကို ကိုလိုနီစနစ်အောက်က လွတ်မြောက်အောင် ဦးဆောင်မှုပေးနိုင်ခဲ့တာပဲဖြစ်တယ်။
(၄)
တနေ့က သူငယ်ချင်းနှစ်ယောက် ဒေါသတွေဖြစ်ပြီး အိမ်ကိုပေါက်ချလာတယ်။ ဘာဖြစ်လို့လဲ မေးကြည့် တော့ သူတို့အဖွဲ့အစည်းတခုမှာ အလုပ်သွားလျှောက်တာ အဲဒီအဖွဲ့က အတွင်းရေးမှူးက သူတို့ကိုမခန့်ဘူး။ သူ့ရဲ့ညီနဲ့ သူ့တူမကိုခန့်လိုက်လို့ မကျေမနပ်ဖြစ်လာကြတာပါ။ မတရားဘူးပေါ့။ သူ့ညီနဲ့ တူမက ဘာ အရည်အချင်းမှမရှိဘူး၊ အတွေ့အကြုံလည်းမရှိဘူး။ တို့မှာက ဆယ်နှစ်ကျော်လုပ်လာတဲ့ အတွေ့အကြုံ ရှိရဲ့သားနဲ့ သက်သက်ကိုယ်ကျိုးကြည့်တာဆိုပြီး မကျေမနပ်ဖြစ်နေကြတယ်။ ဒါဟာ သိပ်ခက်တာပဲ။ နေရာတခုမရလိုက်နဲ့၊ ရလိုက်တာနဲ့ ကိုယ့်အကျိုးအတွက် အရှက်ကိုလုံးလုံးမရှိကြတော့ဘူး။ ဒီလိုစိတ်ဓာတ်တွေနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ … အတော်ကြာကြာအထိ သူတို့ ဒေါသတွေ ပေါက်ကွဲခဲ့ကြပါတယ်။
၁၉၂၀ ပထမကျောင်းသားသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးထွန်းဖေဟာ ၁၉၄၉ ခုနှစ်မှာတော့ သူ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူနေပါတယ်။ အဲဒီနှစ်မှာ သူ့သားက တက္ကသိုလ်မြန်မာစာဌာနမှာ နည်းပြဆရာအလုပ်လျှောက်တယ်။ ရေးဖြေစာမေးပွဲမှာ ဒုတိယရတယ်။ သူ့သားထက် အမှတ်များတာ တယောက်သာရှိတယ်။ ဒါတောင် ဖဆပလခေတ်ပြန်ကြားရေးဝန်ကြီး ဦးထွန်းဖေဟာ လုပ်ဖော်ကိုင်ဖက် ရာထူးဝန်အဖွဲ့ကို ဒုတိယရတဲ့သူဟာ သူ့သားဖြစ်ကြောင်း အသိမပေးခဲ့ပါဘူး။ အဲဒါနဲ့ သူ့သားဟာ သူလုပ်ချင်တဲ့အလုပ်ကို လက်လွှတ်သွားခဲ့ရတယ်။ အဲဒီခေတ် ဦးထွန်းဖေက သူ့အကျိုးကိုမကြည့်ဘဲ သူ့သိက္ခာနဲ့အရှက်ကို တန်ဖိုးထားခဲ့တယ်။
၁၉၄၆ ခုနှစ်ဝန်းကျင်လောက်က ဖြစ်ပါတယ်။ ဖဆပလအဖွဲ့ဟာ ဗြိတိသျှအစိုးရဘုရင်ခံရဲ့ အမှုဆောင် ကော်မတီအဖွဲ့ထဲမှာပါဝင်ပြီး အစိုးရနေရာယူဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့အချိန် ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ သူရဲ့ကိုယ်ရေးအရာရှိ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း) ကိုခေါ်ပြီး ပြောပါတယ်။
“ဟေ့ကောင် ဒီနေ့ကစပြီး ငါဟာ အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်လာပြီ။ မင်းကလည်း ငါ့ရဲ့ပီအေ (အပါးတော်မြဲ အတွင်းဝန်) အဖြစ် တရက်နှစ်ရက်အတွင်း ပြန်တမ်းထွက်လာလိမ့်မယ်။ အစိုးရအဖွဲ့အနေနဲ့ ငါတို့မှာ အဆောင်အယောင် အခွင့်အရေးတွေလည်း ရလာလိမ့်မယ်။ ငါအခုပြောနေတာကို မင်းမြဲမြဲမှတ် ထားစမ်း၊ အာဏာရတယ်ဆိုရင်ပဲ ငါတို့ကို ချဉ်းကပ်အကူအညီတောင်းတာတွေ လာလိမ့်မယ်။ ဒီတော့ ငါ့ရဲ့ဆွေမျိုးတွေ၊ ငါ့မိန်းမဘက်ကအမျိုးတွေ၊ ပြီးတော့ မင်းနဲ့ပတ်သက်တဲ့ အပေါင်းအသင်းတွေအားလုံးကို ဘယ်သူ့ကိုမှ မတရားအခွင့်အရေး မပေးရဘူး။ သူတို့အကူအညီတောင်းတာကို လုပ်မပေးရဘူး။ မင်းတို့ ငါတို့ကလည်း ဘယ်သူ့ဆီကမှ အကူအညီမယူရဘူး၊ အဲဒါ အိမ်မှာအားလုံးကိုပြောထားလိုက်၊ ငါအခုပြောတဲ့အတိုင်း မလိုက်နာရင် မင်းနဲ့ငါနဲ့ အသိပဲ”
ကျမတို့ တနိုင်ငံလုံးက ဗိုလ်ချုပ်အပေါ် ယခုတိုင်လေးစားချစ်ခင်တန်ဖိုးထားနေကြတာဟာ ဗိုလ်ချုပ်ရဲ့ အဲ့ဒီလို မြင့်မြတ်တဲ့စိတ်ထားများကြောင့်ပဲ ဖြစ်ပါတယ်။
(၅)
ဘာပဲဖြစ်ဖြစ် အခုအခါမှာ အားလုံးကိုခြုံကြည့်လိုက်ရင် ‘အရှက်’ နဲ့ ‘သိက္ခာ’ ဆိုတဲ့ တန်ဖိုးတွေဟာ ပြောင်းလဲကျဆင်းသွားပြီလို့ ပြောနိုင်ပါတယ်။ လူတယောက်မှာ ‘အရှက်’ မရှိရင် ‘သိက္ခာ’ လည်းမရှိပါဘူး။ သိက္ခာကင်းမဲ့တဲ့သူမှာ လူ့တန်ဖိုးဆိုတာလည်း မရှိတော့ပါဘူး။ ‘အရှက်’ နဲ့ ‘သိက္ခာ’ ဟာ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။ ဟိုအရင်တုန်းကလူတွေက ‘အရှက်’ ကို ‘အသက်’ ထက် တန်ဖိုးထားကြတယ်။ ခေတ်ကာလတွေရွေ့လျားလာတာနဲ့အမျှ အခုခေတ်လူတွေကတော့ ‘အသက်’ ကို ‘အရှက်’ ထက် တန်ဖိုးထားနေပြီလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အသက်ရှင်နေပြီး လူ့တန်ဖိုးကုန်ခမ်းနေရင် ရှင်လျက်နဲ့ သေနေတာပါပဲ။
လူမှုရေးသိပ္ပံဆရာ အီရစ်ဖရွမ်ကတော့ သိမ်ငယ်စိတ် (Inferiority Complex) ရှိတဲ့လူဟာ အပြင်ပုံသွင် အားဖြင့် အရှက်ကြီးသယောင်ထင်ရပေမယ့် တကယ်တမ်းမှာ အရှက်မရှိတဲ့လုပ်ရပ်မျိုးတွေ ပြုမူတတ် တယ်လို့ ဆိုပါတယ်။ သူက တဦးချင်းသိမ်ငယ်စိတ်အပြင် အုပ်စုလိုက်သိမ်ငယ်စိတ်၊ လူမျိုးအလိုက် သိမ်ငယ်စိတ်ဝင်ခြင်းအကြောင်း ပြောထားတာဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ လူမျိုးတမျိုးဟာ ကိုယ့်ဘာသာကိုယ် သိမ်ငယ်စိတ်ဝင်လာပြီဆိုရင် ရှေ့အနာဂတ်အတွက် သိပ်စိုးရိမ်ဖို့ကောင်းတယ်တဲ့။ လူ့အဖွဲ့အစည်းအချို့ ကျဆုံးအားနည်းကွယ်ပျောက်သွားရတာဟာ ကိုယ့်ကိုယ်ကို မယုံမကြည်ဖြစ် လာတာ၊ အဲသလိုထင်မြင်လာတဲ့အခါ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတော့ဘဲ အောက်တန်းကျတဲ့ လုပ်ရပ်မျိုးတွေလည်း မရှက်မကြောက်လုပ်လာကြတာတွေကြောင့်လို့ သူကထောက်ပြထားပါတယ်။
သိမ်ငယ်စိတ်က ဟီရိသြတပ္ပတရားကို ချိုးဖောက်ကျူးလွန်စေပြီး ကျွန်စိတ်၊ ကျွန်အကျင့်တွေကို ပြုမူစေပါတယ်။ လွတ်လပ်တဲ့လူသားဘ၀၊ လွတ်လပ်တဲ့အနာဂတ်လူ့အဖွဲ့အစည်းတရပ်ကို တည်ဆောက်တော့မယ်ဆိုရင်တော့ သိမ်ငယ်စိတ်ကိုစွန့်ပစ်ဖို့လိုပါတယ်။ ဒါမှ ဟီရိသြတပ္ပတရားကို ကျင့်ကြံနိုင်ပြီး သခင်အကျင့်၊ သခင်စိတ်ဓာတ်ကို မွေးဖွားနိုင်မှာပဲ ဖြစ်ပါတယ်။ ။
Filed under: ဆောင်းပါး | Leave a comment »