၁၉၈၈ ခုနှစ်နှောင်းပိုင်း ကာလများဆီက ဖြစ်ပါတယ်။
မြန်မာ့အသံ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေမှာ မနက်ဆိုလည်း စစ်ချီတေး၊ စစ်သည်တေး၊ နေ့လယ်ဆိုလည်း စစ်ချီတေး၊ စစ်သည်တေး၊ ညနေဆိုလည်း စစ်ချီတေး၊ စစ်သည်တေးနဲ့ တနိုင်ငံလုံးမှာ စစ်သားတွေရဲ့ သံပြိုင်ဟစ်ကြွေး သီဆိုသံတွေက ဟိန်းဟိန်းညံနေခဲ့ပါတယ်။
နေ့စဉ်နေ့တိုင်း ကြိမ်ဖန်များစွာ ကြားနေရတဲ့ ဒီအသံတွေကို လူကြီးတွေကတော့ `ဒါဟာ စိတ်ဓာတ် စစ်ဆင်ရေး လုပ်နေပါလား´ လို့ သဘောပိုက်ခဲ့ပေမယ့် ဘာမှန်းမသိတဲ့ အဲဒီတုန်းက လေးငါး ခြောက်နှစ်အရွယ် ကလေးသူငယ်တွေကတော့ အဲဒီအချိန်က ထုတ်လွှင့်ခဲ့တဲ့ စစ်ချီသီချင်းတွေကို လိုက်ဆိုခဲ့ကြတာကို မှတ်မိနေပါသေးတယ်။
***
`ဗိုလ်ချုပ်အောင်ဆန်းကို မကောင်းပြောတဲ့လူတွေ ရှိနေတယ် အစ်ကို´
`ဟင်..၊ ဟုတ်လား´
`ဟုတ်တယ် အစ်ကို၊ အောင်ဆန်းလို့တောင် ခေါ်တာ´
`သြော်၊ ခေါ်တဲ့လူက အသက်ဘယ်လောက် ရှိပြီလဲ´
`၂၄ နှစ်´
`သြော်´
`သူက ပြောသေးတယ်၊ အောင်ဆန်းခေါ်ခဲ့တဲ့ ဂျပန်တွေက မြန်မာပြည်က သယံဇာတတွေကို အများကြီး ယူသွားတာတဲ့။ အမှန်ဆို လွတ်လပ်ရေးက ရတာက ရမှာပဲတဲ့၊ နို့မို့ဆို အခုလောက်ဆိုရင် ဟောင်ကောင်လို ဖြစ်နေလောက်ပြီတဲ့။ အောင်ဆန်းကြောင့် တိုင်းပြည်က အခုအချိန်မှာ ဒီလိုဖြစ်နေ ရတာတဲ့´
`ဟင်´
အထက်ပါစကားတွေကို ကြားရတဲ့ အခိုက်အတန့်မှာ ကျနော့်စိတ်တွေ ဆူပွက်သွားပါတယ်။ ခံပြင်းမှု၊ ဒေါမနဿဖြစ်မှုနဲ့အတူ ၀မ်းနည်းခြင်းတွေကိုပါ တချိန်တည်းမှာ ခံစားလိုက်ရပါတယ်။ တဆက် တည်းမှာ သိလိုက်ရတာက အဲဒီစကားကိုပြောသူဟာ ဆိုဗီယက်ပြည်ထောင်စုကနေ ပြိုကွဲသွားတဲ့ ဥရောပနိုင်ငံတခုမှာ စစ်ပညာလာသင်နေတဲ့ ကောင်လေးပါလားဆိုတာ သိခွင့်ရလိုက်ပါတယ်။
အတန်ငယ် သွေးအေးသွားတဲ့ အချိန်မှာတော့ အနှီ အသက် (၂၄) နှစ်အရွယ် ပုဂ္ဂိုလ်လေး ဘယ်လို အကြောင်းတွေကြောင့် ဒီလိုအတွေးတွေ ၀င်နေရပါသလဲဆိုတာကို ဆန်းစစ်ကြည့်မိပါတယ်။
အသက် (၂၄) နှစ်ဖြစ်တဲ့အတွက်ကြောင့် ယခုလက်ရှိ ၂၀၀၇ ခုနှစ်ကနေရေတွက်ရင် ထိုပုဂ္ဂိုလ် လေးဟာ ၁၉၈၃ ခုနှစ်မှာ လူ့လောကကို စတင်ရောက်ရှိပါမယ်။ ဒီတော့ ၁၉၈၈ ခုနှစ်မှာ သူ့ အသက်ဟာ (၅) နှစ်သားပေါ့။ အဲဒီ ကလေးငယ် အသက် (၅) နှစ်ပြည့်မြောက်လို့ သူငယ်တန်း စတင်သင်ကြားတဲ့အချိန်မှာတော့ မြန်မာပြည်မှာ အထက်ကပြောခဲ့သလို စစ်ချီသီချင်းသံတွေ လှိုင်လှိုင်ကြီးကို ညံနေပါပြီ။
သူ လူမှန်းသိတတ်စအရွယ်မှာ အာဇာနည်နေ့မှာ မြန်မာ့အသံကနေ ဗိုလ်ချုပ်မိန့်ခွန်း မလွှင့်တော့ ပါဘူး။ `မှတ်မိသေးတော့သလေ … သတ္တိသွေးတွေ မွေးထုတ်ခဲ့ပေ … ဒို့ ဗိုလ်ချုပ်အောင်ဆန်းလေ´ ဆိုတဲ့ ဒေါ်ခင်ညွှန့်ရီရဲ့သီချင်းအစား `သူမပါရင်လေ … ဘယ်လိုများ ရှေ့ဆက်ဖြစ်ကြမယ် … သူမပါ ချင်လည်း တကယ်ကိုပဲ သားဆိုးများကြောင့်´ ဆိုတဲ့ ချစ်ကောင်းရဲ့ `အဖေနဲ့သားများ´ သီချင်းကို သာလျှင် ထပ်ခါတလဲလဲ ကြားနိုင်ပါလိမ့်မယ်။
အဲဒီကောင်လေး တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့ အချိန်မှာလည်း သူနေတဲ့ စာသင်ကျောင်းရဲ့ ရုံးခန်းထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုပ်ပုံ မရှိတော့ပါဘူး။ လက်ရှိအကြီးအကဲဆိုသူရဲ့ ဘေးတိုက် တမျိုး၊ တည့်တည့်တဖုံ အိုက်တင်တခွဲသားနဲ့ပုံကိုသာ သူမြင်ရပါလိ့မ်မယ်။
လက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူသည်လည်း ဒီအတိုင်းပါပဲ။ သူ ပိုက်ဆံစတင်သုံးရမယ့်အရွယ်၊ တနည်း အားဖြင့် လူလားမြောက်တဲ့အရွယ်မှာ သုံးစွဲနေတဲ့ ငွေစက္ကူတွေက ဗိုလ်ချုပ်ပုံအစား ဘာကောင်မှန်း မသိတဲ့ အကောင်တကောင်ပုံနဲ့ ငွေစက္ကူကိုသာ သူသုံးစွဲရပါလိမ့်မယ်။
တကယ်တော့ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကို သူ့ခေတ်သူ့အခါ ကတည်းက လူတိုင်းက ချစ်နေကြတာတော့ ဟုတ်မယ်မထင်ပါဘူး။ မုန်းတဲ့လူတွေလည်း ရှိခဲ့ကြမှာ ဧကန်မလွဲပါဘဲ။ မုန်းတဲ့လူတွေ ရှိခဲ့ကြလို့သာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အဖိုးတန်လှတဲ့ အာဇာ နည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတာပါ။
ဗိုလ်ချုပ်ကို မလုပ်ကြံခဲ့ပေမယ့် မနာလိုတိုရှည် ဖြစ်နေကြသူတွေကလည်း ထိုစဉ်အခါကတည်းက ရှိခဲ့မှာ အသေအချာပါ။ အဲဒီ မနာလိုတိုရှည်ဖြစ်နေကြသူတွေထဲက တယောက်ဖြစ်တဲ့ ဦးနေ၀င်းဟာ မြန်မာပြည်ကို (၂၆) နှစ်တိုင်တိုင် ဗိုလ်ကျစိုးမိုးခွင့် ရခဲ့ပါတယ်။
ဦးနေ၀င်း တခေတ်ကုန်ဆုံးလို့ နောက်တော်ပါး သူ့တပည့်တွေရဲ့လက်ထက်မှာတော့ ဗိုလ်ချုပ် အောင်ဆန်းအပေါ် သူတို့ရဲ့ မနာလိုဖြစ်မှုကို ထိန်းချုပ်ခြင်းငှာ မစွမ်းသာတော့ပါဘူး။ ဗိုလ်ချုပ်နဲ့ ပတ်သက်တာမှန်သမျှအားလုံး မှေးမှိန်အောင်၊ နောက်ဆုံးမှာ သမိုင်းကနေ ဖယ်ထုတ်ပစ်ဖို့ပါ တစတစနဲ့ အတင့်ရဲစွာ လုပ်ဆောင်ခဲ့ပါတယ်။
နိုင်ငံတခုမှာ လက်ရှိအာဏာရသူတွေဟာ သူတို့ရဲ့ဝါဒကို လူတွေလက်ခံလာအောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားရိုက်သွင်းပါတယ်။ နိုင်ငံပိုင် စာနယ်ဇင်း၊ ရုပ်သံ၊ ရေဒီယို အစရှိတဲ့ မီဒီယာတွေကို အသုံးချပြီး
ဝါဒဖြန့်ခြင်းများအပြင် နောက်ထပ် သူတို့လုပ်လေ့ရှိတာကတော့ မျိုးဆက်သစ်လူငယ်များကို သူတို့ရဲ့
ဝါဒကို သက်ဝင်ယုံကြည်လာအောင် ရိုက်သွင်းခြင်းပါပဲ။
အထက်ပါ (၂၄) နှစ်အရွယ် လုလင်လေးဟာ သူ့အသက် (၁၆) နှစ်၊ သို့မဟုတ် (၁၇) နှစ်မှာ ဗိုလ်လောင်းသင်တန်းကို တက်ရောက်ခွင့်ရတယ်ဆိုပါစို့။ အဲဒီအချိန်ဟာ ၁၉၉၉ ခုနှစ်၊ ဒါမှမဟုတ် ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်မှာပါ။ အဲဒီအချိန်ကာလမှာတော့ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်က အတော်ကြီးကို အားကောင်းနေပါပြီ။
၂၀၀၀ ပြည့်နှစ်မှာ ကျနော် အဝေးသင်တတိယနှစ်ဖြေရတော့ စစ်တပ်ထဲကနေ အဝေးသင်လာ
ဖြေတဲ့တယောက်နဲ့ အသိဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက သူပြောပြခဲ့ဖူးတာ တခုရှိပါတယ်။
`ငါတို့ စစ်တပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်စုလို့ မခေါ်ရ၊ စုကြည်၊ ဘိုကတော်လို့ပဲ ခေါ်ရမယ်လို့ တပ်ရင်းအစည်းအဝေးမှာ တခါပြောဖူးတယ်´
အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလို သဘောထားခဲ့တဲ့ အုပ်ချုပ်သူ ပုဂ္ဂိုလ်များဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖေ ဗိုလ်ချုပ်အောင်ဆန်းကိုတော့ ကြည်ညို လေးစားကြဖို့ဆိုတာ ရာခိုင်နှုန်း အင်မတန်နည်းလှပါတယ်။
ဒီတော့ အဲဒီကောင်လေးတက်ခဲ့ရတဲ့ ဗိုလ်လောင်းသင်တန်းကာလတွေမှာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို သူ့သင်တန်းဆရာတွေက ဘယ်လိုပုံစံနဲ့ သင်ကြားပို့ချခဲ့မလဲဆိုတာ စဉ်းစားစရာပါပဲ။
တကယ်ဆိုရင်တော့ ဗိုလ်လောင်းသင်တန်းလို နေရာမျိုးမှာ အမြှောက်စားခံရမယ့်လူတွေဟာ အမိန့်အနာခံဆုံး၊ အသားအသေဆုံး၊ တနည်းအားဖြင့် လက်ရှိအုပ်ချုပ်သူတွေရဲ့ သြ၀ါဒကို တသွေ မတိမ်းလိုက်နာဖို့ အလားအလာ အကောင်းဆုံးလူမျိုးကိုသာ မြှောက်စားမှာ မြေကြီးလက်ခတ်မလွဲပါ။
အဲဒီလို မြှောက်စားခံရတဲ့ ဗိုလ်လောင်းတယောက်က သင်တန်းဆင်းလို့ ဗိုလ်ဖြစ်လာတော့လည်း နှစ်နဲ့ချီပြီး ရိုက်သွင်းပေးလိုက်တဲ့ဝါဒတွေက အမြစ်တွယ်သွားပါပြီ။
နိုင်ငံခြားကို ပညာတော်သင် စေလွှတ်ခြင်းဆိုတာဟာလည်း မြှောက်စားခံရခြင်း တမျိုးပါပဲ။ ဒီကြားထဲကမှ စစ်ပညာတော်သင် သင်ကြားခွင့်ရသူဆိုရင်တော့ မြန်မာပြည်ကနေ တရားဝင် ဗီဇာနဲ့လာတာကလည်းဖြစ်၊ လက်ရှိအုပ်ချုပ်နေတဲ့ လူတန်းစားထဲကလည်းဖြစ်ဆိုတော့ သာမန် အားဖြင့် ကြည့်လိုက်ရင်တော့ ဆယ်ကျော်သက်အရွယ် မတိမ်းမယိမ်း လူငယ်တယောက်အဖို့ ယစ်မူးချင်စရာ၊ ခေတ်စကားနဲ့ဆိုရင်တော့ ခပ်မြောက်မြောက် ဖြစ်ချင်စရာတွေပါ။
ဒါပေမယ့် သတိပြုမိစရာတခုကတော့ အထက်ကတင်ပြခဲ့တဲ့ သူတို့လေးတွေရဲ့ နှုတ်ထွက်စကား တချို့ပါ။ ဒါတွေဟာ သူတို့ကို မွေးထုတ်ပေးလိုက်တဲ့ ကျောင်းတော်ကြီးရဲ့ သင်ခန်းစာတွေကပေးတဲ့ အသိလေလား၊ ဒါမှမဟုတ် သူတို့အထက်လူကြီးတွေရဲ့ ဆိုဆုံးမစကားတွေထဲက ပေါ်ထွက်လာတဲ့ ထင်ဟပ်မှုလေလားဆိုတာပါ။
ပြည်ပမှာ ပညာတော်သင်ခွင့်ရပြီးလို့ ရွှေပြည်ကြီးကို ပြန်ရောက်သွားတဲ့အချိန်မှာ သူတို့တွေရဲ့ ရာထူးတွေက အငြိမ်နေမှာ မဟုတ်ပါဘူး။ တဆင့်တဆင့်နဲ့ တိုးတက်လာဦးမှာပါ။ ဒီလို (အောင်ဆန်း လုပ်လို့ ငါတို့နိုင်ငံ ဒီလိုဖြစ်နေတာဆိုတဲ့) အရိုးစွဲမှုရှိနေတဲ့ လူငယ်လေးတယောက်က တချိန်ချိန်မှာ (မတော်တဆ) နဲ့ နိုင်ငံ့ခေါင်းဆောင် ဖြစ်သွားခဲ့ရင် …။
အားလုံး ကြည့်ပြီး သိပြီး ဖြစ်ကြမှာပါ။ လက်ရှိအကြီးအကဲဆိုသူရဲ့သမီးဟာ သူ့ရဲ့မင်္ဂလာဆောင်ကို ဆင်းရဲမွဲတေနေတဲ့ တိုင်းပြည်သူ ပြည်သားတွေဆီက မတရားခိုးယူသိမ်းပိုက်ထားတဲ့ငွေတွေနဲ့ ခမ်းနားကြီးကျယ်စွာ မျက်နှာပြောင်တိုက် ဆင်နွှဲခဲ့ပါတယ်။ သူတို့ရဲ့ ဆွေတော်မျိုးတော်တွေကလည်း နိုင်ငံရပ်ခြားမှာ ပညာတော်တွေသင်၊ ဆွေစဉ်မျိုးဆက် အကွက်ချလို့ မင်းဆက်တခု အသစ်ထပ် ဖော်တော့မလားတောင် ထင်မှတ်မှားနေရပါပြီ။
အဲဒီလို အခွင့်အရေးသမားတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းကြောင်းက မယှဉ်သာအောင် နံ့သာဆီနဲ့ အီးပမာ ကွာခြားလွန်းလှပါတယ်။ မစွန့်ဘဲ စားနေကြတဲ့လူတွေက မစားဘဲ စွန့်သွားတဲ့ ဗိုလ်ချုပ်ရဲ့သမိုင်းကို ဖျောက်ဖျက်ပစ်ရုံသာမက အခုတော့ ရိုင်းပျတဲ့အဆင့်ကိုပါ ရောက်ရှိနေပါပြီ။
အထက်တန်းကျောင်းသားဘ၀က သင်ခဲ့ရတဲ့ `ပတ္တမြားရွှေဂူ´ ကဗျာလေးကို အမှတ်ရမိပါတယ်။ တကယ်တော့ ပတ္တမြားရဲ့ တောက်ပြောင်ထွန်းလင်းမှုကို မရှုစိမ့်ဘဲ ညွှန်သွားလူးကြရင် မိမိကိုယ်ကို ဘယ်လိုအနေအထားကို ရောက်နေတယ်ဆိုတာကို ပြသနေပြီလဲဆိုတာ သတိချပ်သင့်ပါတယ်။ ဘယ်လိုပင် မှေးမှိန်အောင်လုပ်ပေမယ့် ပတ္တမြားရွှေဂူကတော့ အရောင်မှိန်မှာမဟုတ်ပါ။
အဲဒီပုဂ္ဂိုလ်လေး ရောက်ရှိ ပညာသင်ကြားနေကြတဲ့နိုင်ငံမှာ တခြားတခြားသောနိုင်ငံမှ စစ်ပညာ တော်သင် ရောက်ရှိနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြမှာပါ။ သူတို့ရဲ့အတွေး၊ အပြော၊ ခံယူချက်
တွေကို တခြားနိုင်ငံက လူတွေက ဘယ်လိုသုံးသပ်မလဲ။ မိမိနိုင်ငံ ကိုလိုနီဘ၀ကလွတ်မြောက်
အောင် အသက်ကိုတောင် ပဓာနမထားဘဲ ချမ်းသာခြင်းစည်းစိမ်ဆိုတာ တစိုးတစိမှ စံစားသွားခြင်း မရှိရှာတဲ့ အာဇာနည်ခေါင်းဆောင်တွေကိုတောင် စော်ကားဝံ့သူတွေဟာ ငါတို့နဲ့အတူတူ ပညာသင် နေကြပါလားလို့ မှတ်ယူသွားကြရင်ဖြင့် …။
သူ့ဆန်စားလို့ ရဲရသည့်တိုင်အောင် မိမိ၏ တကယ့်ကျေးဇူးရှင်အစစ်ကိုတော့ မစော်ကားစေလို၊ မရိုင်းပျစေလိုပါ။ စာသင်ခြင်း သို့တည်းမဟုတ် ပညာဆည်းပူးခြင်းဆိုတာဟာ အသိဥာဏ်ကို ရင့်သန်စေဖို့ ဖြစ်ပါတယ်။ လူ့ပတ်ဝန်းကျင်ကို အကျိုးရှိစေဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအတွေး အခေါ်နဲ့ မှိုင်းမိနေတဲ့ ဒီလိုဝါဒတွေကတော့ အပြစ်ဖြစ်စေဖို့ကိုသာ ဦးတည်နေပါပြီ။
ဗိုလ်ချုပ်ကို စော်ကားရိုင်းပျသူများကို ဗိုလ်ချုပ်ပြောသွားတဲ့ မိန့်ခွန်းတခု လက်ဆောင်ပါးလိုက်ချင် ပါတယ်။
`ဒီစိတ်ဓာတ်မျိုးရှိနေသမျှ ကာလပတ်လုံး၊ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည်မထူထောင်နိုင်ဘူး´
အမြင်မှား၊ အတွေးမှားသူတို့၏ ၀ါဒဖြန့် လှိုင်းတံပိုးအောက်မှ မျိုးဆက်သစ်များ လွတ်မြောက်ကြ စေရန် ရည်သန်လျက်…။ ။
Filed under: ဆောင်းပါး | Leave a comment »