ခရီးရှည်လမ်းလျှောက်ဆန္ဒပြသူများ ဆက်လျှောက်နေဆဲ – ကိုဝိုင်း / ၂၈ ဖေဖော်ဝါရီ ၂၀၀၇

28-2-07_walking.gifကမ္ဘာနှင့်မြန်မာငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်း လျှောက်ဆန္ဒပြနေသည့် ငြိမ်းချမ်းရေးအဖွဲ့သည် ထိုင်းစစ်တပ်မှ တာဝန်ရှိသူများ၏ တားဆီးရန်ကြိုးပမ်း မှုများနှင့် ကြုံနေရသော်လည်း ဆက်လျှောက်နေ ဆဲဖြစ်သည်။

ယနေ့ညနေ (၃) နာရီကျော်တွင် ထိုင်းစစ်ဗိုလ်ကြီး တယောက်နှင့် စစ်သား (၄) ဦးပါအဖွဲ့က အထက် အမိန့်အရဟုဆိုကာ တာ့ခ်ရိုင်ရှိ စစ်စခန်းရုံးသို့ ကားဖြင့်ပင့်ဆောင်သော်လည်း ငြင်းဆိုခဲ့သည်ဟု ငြိမ်းချမ်းရေးအဖွဲ့ဦးဆောင်သူ အရှင်သောပါက က မိန့်ကြားသည်။ တခြားတဖွဲ့ကလည်း

အစီအစဉ်ရပ်တန့်ရန် ထပ်မံတားဆီးကြောင်း သိရသည်။

အရှင်သောပါကက “ဦးဇင်းတို့ကတော့ ရသမျှ တလှမ်းချင်းလျှောက်နေမယ်။ အကြမ်းဖက်ပြီး ဆက်မသွားနဲ့ဆိုပြီး လုပ်ရင်တော့ အဲဒီတားတဲ့နေရာကစပြီး ဦးဇင်းတို့က အစာငတ်ခံဆန္ဒပြဖို့ အားလုံးစီစဉ်ထားတယ်” ဟုပြောသည်။

ယခင်လ (၃၀) ရက်တွင် ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှ စတင်ထွက်ခွာပြီး မဲဆောက်မြို့ကို
မတ် (၁) ရက်၌ ၀င်ရောက်မည်ဟု သတ်မှတ်ထားသည့် ထိုငြိမ်းချမ်းရေးအဖွဲ့ကို ယမန်နေ့ညနေ (၄) နာရီကျော်၌လည်း ထိုင်းစစ်တပ်မှ ဒု-ဗိုလ်မှူးကြီးဆိုသူနှင့်အဖွဲ့က မဲဆောက်-တာ့ခ်အဝေးပြေးလမ်းပေါ်ရှိ တောင်ကြားတနေရာ၌ ရှေ့မဆက်ရန် တားမြစ်ခဲ့သည်။

ထိုင်းစစ်တပ်မှဆိုသူတဦးကလည်း ကားဖြင့်ရောက်လာပြီး အဖွဲ့ဝင်များ၏ အမည်၊ ဖုန်းနံပါတ်နှင့် မဲဆောက်တွင်တည်းခိုမည့် လိပ်စာတို့ကို မေးမြန်းခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌လည်း အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့ကို အစာငတ်ခံဆန္ဒပြခြင်းဖြင့် ထောက်ခံနေသူ (၉) ဦးနှင့် ပံ့ပိုးကူညီသူ (၂) ဦးတို့ကို ယမန်နေ့မွန်းလွဲ (၂) နာရီခန့်တွင် မဲဆောက်မြို့ ပိုင်တပ်ဖွဲ့၊ ရဲနှင့် အုံးဖျန်ဒုက္ခသည်စခန်းမှ တာဝန်ရှိသူများက ဖမ်းဆီးခဲ့သည်။

ဒုက္ခသည်လက်မှတ်ကိုင်ဆောင်ထားသည့် ဆန္ဒပြသူများအား သက်ဆိုင်ရာ အုံးဖျန်စခန်းတာဝန်ရှိသူက ယင်းနေ့ညနေ၌ပင် စခန်းသို့ပြန်ခေါ်သွားပြီး လက်မှတ်မရှိသူ (၂) ဦးမှာ မဲဆောက်အချုပ်၌ တညအိပ် ရပြီး ယနေ့မွန်းလွဲ၌ ပြန်လွတ်လာကြောင်း ဆန္ဒပြနေသူများကို အနီးကပ်ကူညီသူ မြန်မာပြည်သူများ အရေးပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးကပြောသည်။

အစာငတ်ခံဆန္ဒပြခြင်းကို တကိုယ်တော်စတင်ခဲ့သူ အလင်းတန်း (၉) သည် အုံးဖျန်စခန်း၌ ဆက်လက် ဆန္ဒပြနေပြီး ကျန် (၈) ယောက်နှင့်ပတ်သက်၍ အသေအချာမသိရသေးဟု ဦးမိုးကြိုးကပြောသည်။

၎င်းက “အဲဒီအထဲက အလင်းတန်း (၉) က ဆက်ပြီးအစာငတ်ခံနေတာ ရေတောင်မသောက်တော့ဘူး။ ဒီနေ့ပဲသတင်းရတာ” ဟုပြောသည်။

ခရီးရှည်လမ်းလျှောက်နေသည့်အဖွဲ့ကို ရှင်သောပါက၊ ရှင်ခေမာန္ဒ၊ ကိုရင် ရှင်တိလောကနှင့် ကပ္ပိယ ကိုခိုင်ကြီးတို့က စတင်ခဲ့ပြီး နောက်ပိုင်း၌ လူ့အခွင့်အရေးလှုပ်ရှားသူ ထိုင်းအမျိုးသမီးတဦးလည်း
ပါဝင်ပူးပေါင်းလာသည်။

ထိုအဖွဲ့သည် မဲဆောက်နှင့် (၁၈) ကီလိုမီတာအကွာသို့ ရောက်နေပြီး မနက်ဖြန်ညနေ၌ မဲဆောက်ကို
ဝင်မည်ဟုမှန်းထားကာ မူလအစီအစဉ်အရ စိတ်ဝင်စားသူ မြန်မာနိုင်ငံသားများအား ငြိမ်းချမ်းရေးတရား ဟောခြင်း၊ ဆန္ဒပြလမ်းခရီးအတွေ့အကြုံရှင်း လင်းခြင်းတို့ လုပ်ဆောင်မည်ဖြစ်သည်။

မတ် (၂) ရက် နံနက် (၇) နာရီတိတိတွင် မဲဆောက်မြို့လယ်ပန်းခြံ၌လူစုပြီး မြို့တွင်းမှတဆင့်
ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအထိ စီတန်းလမ်းလျှောက်ကြမည်ဖြစ်သည်။ ။

သံလွင်ရေကာတာတည်ဆောက်ရေး ရုပ်သိမ်းပေးရန်လူ့အခွင့်အရေးလှုပ်ရှားသူများ ဆန္ဒပြတောင်းဆို-NEJ / ၂၈ ဖေဖော်ဝါရီ ၂၀၀၇

28-2-07_thanlwin.gif 28-2-07_thanlwi01n.gif

သံလွင်မြစ်တွင်း ရေကာတာတည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့်စီမံကိန်းများ ရုပ်သိမ်း ပေးရန် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူများက ထိုင်းအစိုးရထံ ယနေ့တောင်းဆိုသည်။

ထိုင်းနိုင်ငံရှိ အစိုးရမဟုတ်သောအဖွဲ့အစည်းများ အပါအ၀င် ရှမ်း၊ ကရင်၊ ကရင်နီ စသည့် သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသည့်အဖွဲ့များပူးပေါင်း၍ ထိုင်းဝန်ကြီးချုပ် ဆူရာယွတ်ချူလာနွန့်နှင့် စွမ်းအင်ဝန်ကြီးတို့ထံ ထိုင်းလူ့အခွင့်အရေးကော်မရှင်မှတဆင့် မေတ္တာရပ်ခံလွှာ တင်သွင်းတောင်း ဆိုခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်းတပ်ဆင် လက်ထက်ကတည်းက စခဲ့သည့် သံလွင်ရေကာတာစီမံကိန်းကို လက်ရှိထိုင်းအစိုးရက ဆက်လုပ်နေ၍ ရုပ်သိမ်းပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း လှုပ်ရှားမှုကို ဦးဆောင်သည့် သံလွင်စောင့်ကြည့်ရေးအဖွဲ့မှ ဆက်သွယ်ညှိနှိုင်းရေးမှူးနှင့် ရှမ်းသဘာဝပတ်ဝန်းကျင် အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းစိုင်းက ပြောသည်။

၎င်းက “ဒီစီမံကိန်းဟာ ဘယ်လိုမျိုးလက်မှတ်ရေးထိုးသလဲဆိုတာလည်း ပွင့်လင်းရှင်းလင်းမှုမရှိဘူး။ လူထုတွေက ရေကာတာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဘာမှမရရှိခဲ့ဘူး။ ရေကာတာရဲ့ ဆိုးကျိုးတွေ သဘာဝပတ်ဝန်းကျင် ဘယ်လောက်ထိခိုက်သလဲ၊ ဒေသခံလူထုရဲ့ နယ်မြေဒေသတွေ ဘယ်လောက်အထိ ဆုံးရှုံးမှုရှိမလဲ လုံးဝမသိရဘူး။ ဒေသခံလူထုဟာ ဖိနှိပ်မှုခံရတယ်။ ဒါကြောင့် ဒီစီမံကိန်းကို ရပ်တန့်ပေးပါလို့ တောင်းဆိုတာပါ” ဟုပြောသည်။

ကရင်မြစ်ချောင်းစောင့်ကြည့် လေ့လာရေးအဖွဲ့ (Karen Rivers Watch) မှ လက်ထောက်တာဝန်ခံ စောခရင်းက “နအဖစစ်အစိုးရရဲ့ ဘယ်စီမံကိန်းမဆို ပြည်သူလူထုတွေအနေနဲ့ လုပ်အားပေး၊ ပေါ်တာ သွားရတာတွေ၊ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံမှု၊ နေရာဒေသ အတင်းအကျပ် ပြောင်းရွှေ့ ရတာတွေနဲ့အတူ အမြဲတမ်း စိုးရိမ်သောကအောက်မှာ နေထိုင်နေကြရတယ်” ဟုပြောသည်။

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း (၅) ခုတည်ဆောက်ရန် ထိုင်းအစိုးရ နှင့် မြန်မာစစ်အစိုးရတို့ ၂၀၀၅ ခုတွင် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီး ဦးဆုံးဆောက်လုပ်မည့် ဟတ်ကြီးရေကာတာသည် သံလွင်မြစ်နှင့် သောင်ရင်းမြစ်အောက်ပိုင်း (၃၃) ကီလိုမီတာအကွာ ဒီကေဘီအေဌာနချုပ်အနီးတွင် တည်ရှိမည်ဖြစ်ပြီး အခြားစီမံကိန်းများမှာ ပြည်တွင်းစစ်ဖြစ်နေသည့် နေရာများ၌ တည်ရှိသည်။

“ရေကာတာဆောက်မယ်ဆိုတော့ ရွာတွေပျောက်မယ်။ ဥယျာဉ်လယ်ယာတွေ ပျောက်မယ်။ တောတောင်တွေ ပျက်စီးမယ်။ လူတွေလည်း နေစရာမရှိတော့ဘူးဆိုတော့ ဒီသံလွင်စီမံကိန်းကို ဒီအရပ်မှာနေထိုင်တဲ့လူတွေ တယောက်မှမကြိုက်ဘူး” ဟု ဖာပွန်ခရိုင် ဆော့ဘွဲဒေါရွာသား စောဖားသူးကပြောသည်။

သံလွင်ရေကာတာစီမံကိန်းကြောင့် ကရင်ပြည်နယ်မှ ပြည်သူများ၏ဒုက္ခကို လူသားချင်းစာနာသည့် အနေဖြင့် အင်္ဂလန်၊ ကနေဒါ၊ အီတလီ၊ ဟောင်ကောင်နှင့် သြစတြေးလျနိုင်ငံတို့မှ နိုင်ငံခြားသား (၁၂) ဦးတို့ကလည်း ညနေ (၄) နာရီခန့်တွင် မဲဆောက်-မြ၀တီတံတားထိပ်၌ ပိုစတာများကိုင်ဆောင်ကာ ငြိမ်းချမ်းစွာဆန္ဒပြကြသည်။

ထိုပိုစတာများတွင် ရေကာတာတည်ဆောက်မည့်ကိစ္စကိုရပ်ရန် ထိုင်း၊ မြန်မာ၊ အင်္ဂလိပ် (၃) ဘာသာဖြင့် ရေးသားထားသည်။

ဆန္ဒပြသူများက ရေကာတာဆက်မဆောက်ရေး မေတ္တာရပ်ခံစာများထည့်ထားသော ထိုင်းဝန်ကြီးချုပ်ထံ လိပ်မူထားသည့် စာအိတ်များကို ဝေငှကြပြီး ထိုစာအိတ်များကို ၀န်ကြီးချုပ်ထံ ပေးပို့ကြရန် မေတ္တာ ရပ်ခံကြသည်။

ရေကာတာတည်ဆောက်မည့်ကိစ္စကြောင့် ဒုက္ခရောက်ရသည် တိုင်းရင်းသားများကို လူသားချင်းစာနာ၍ လာရောက်ပါဝင်ခြင်းဖြစ်သည်ဟု ဆန္ဒပြရာ၌ပါဝင်သည့် မစ္စစ်ဆူဆန်ကပြောသည်။

သံလွင်မြစ် ရေကာတာတည်ဆောက်ရေး ဆန့်ကျင်ရေးနေ့အဖြစ် ယနေ့တရက်တည်း၌ပင် တိုကျို၊
ဝါရှင်တန်၊ ဆန်ဖရန်စစ္စကို၊ ဆစ်ဒနီ၊ ဒေလီ၊ ဘာလင် စသည့် ကမ္ဘာ့မြို့ (၁၀) မြို့ကျော်ရှိ ထိုင်းသံရုံး
များနှင့် ကောင်စစ်ဝန်ရုံများရှေ့တွင် ဆန့်ကျင်ရေးလှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြကြသည်ဟုလည်း သိရသည်။ ။

ဖန်ငခရိုင်မှ မြန်မာကလေးငယ်များ ထိုင်းကျောင်းတွင် ပညာသင်ခွင့်ရရှိ-ချမ်းလွန် / ၂၈ ဖေဖော်ဝါရီ ၂၀၀၇

လာမည့် ၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့ရှိ အခြေခံ လူထုလူ့အခွင့်အရေး ပညာပေးကော်မတီ (GHRE) ကဖွင့်လှစ်ထားသော မြန်မာစာသင်ကျောင်းများမှ ကလေးငယ် (၄၀) ဦးသည် ထိုင်းစာသင်ကျောင်းသို့ ပြောင်းရွှေ့ပညာသင်ခွင့်ရပြီ်ဖြစ်သည်။

အသက် (၃) နှစ်မှ (၇) နှစ်အရွယ်ရှိ မူကြိုနှင့် သူငယ်တန်းမှ ကလေးငယ်များသည် လာမည့် မေလတွင် တကွာပါမြို့ရှိ ပါဝိနှင့် ဘန်နပိဟုခေါ်သော

အလယ်တန်းကျောင်း (၂) ကျောင်းသို့ တက်ရောက်မည်ဟု GHRE ပညာရေးတာဝန်ခံ ဒေါ်အချမ်းက ပြောသည်။

ယခုနှစ်ဆန်းပိုင်းမှစ၍ ထိုင်းအလယ်တန်းကျောင်း (၃) ကျောင်းနှင့် ညှိနှိုင်းခဲ့ပြီး ယင်းကျောင်းများ အနက် ပါဝိနှင့် ဘန်နပိကျောင်းတို့က မြန်မာကလေးငယ်များကိုလက်ခံရန် သဘောတူခဲ့ကြောင်း ၎င်းကပြောသည်။

၎င်းက “ကျမတို့ကျောင်းမှာက ကလေးတွေ တက္ကသိုလ်အထိ ပညာသင်ကြားနိုင်ဖို့ အာမခံချက်မရှိဘူး၊ ရေရှည် ပညာသင်ကြားလို့မရဘူး။ သူတို့ရဲ့ ပညာရေးတွေမြင့်မားစေဖို့ ထိုင်းတက္ကသိုလ်တွေ တက်ရောက်နိုင်ဖို့ ကျမတို့လုပ်ပေးတာဖြစ်တယ်” ဟုပြောသည်။

GHRE ကဖွင့်လှစ်ထားသည့်ကျောင်းများတွင် တက်ရောက်နေသည့် မြန်မာကလေးငယ်များသည် ထိုင်းစကားနှင့် ထိုင်းစာများကိုပါ သင်ကြားတတ်မြောက်ပြီးသူများဖြစ်သည်။

ထိုကလေးငယ်များသည် ထိုင်းကျောင်းသို့ ပြောင်းရွှေ့သင်ကြားမည်ဆိုပါက ကျောင်းတွင်းစားစရိတ်နှင့် ကျောင်းကားခ ပေးရမည်ဖြစ်ပြီး ကျောင်းသားတဦးလျှင် တလစာကားခ ဘတ်ငွေ (၁၅၀) နှင့် စားသောက်ခ တရက် (၁၀) ဘတ်နှုန်းပေးရမည်ဖြစ်သည်။

ကျောင်းအပ်ခနှင့် စာအုပ်ခကို ထိုင်းကလေးငယ်များနည်းတူ အစိုးရသတ်မှတ်ပေးထားသည့် ဈေးနှုန်း အတိုင်း ပေးရမည်ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားကလေးငယ်များသည် ထိုင်းကျောင်းများတွင် (၆) တန်းအထိသာ ပညာသင် ခွင့်ရကြောင်း၊ သို့သော် ယခုကလေးများကို အထက်တန်းနှင့် တက္ကသိုလ်များသို့ပါ တက်ရောက်ခွင့် ရနိုင်ရန် ကြိုးပမ်းပေးမည်ဟု ဒေါ်အချမ်းကပြောသည်။

၎င်းက “ကျမတို့ကလေးတွေ တက္ကသိုလ်အထိ ပညာသင်နိုင်ဖို့အတွက် ကြိုးစားသွားပေးမယ်။ သူတို့ ဆီက ပညာရေးအာဏာပိုင်တွေနဲ့ ဆွေးနွေးမှုတွေ ကျမတို့ထပ်လုပ်သွားမယ်” ဟုပြောသည်။

အခြေခံလူထုလူ့အခွင့်အရေးပညာပေးကော်မတီ (GHRE) က ဖန်ငခရိုင်တွင် မြန်မာအလုပ်သမား ကလေးငယ်များအတွက် သူငယ်တန်းမှ (၆) တန်းအထိ ကျောင်း (၅) ကျောင်းနှင့် မူကြိုကျောင်း
(၂) ကျောင်းတို့ကို ဖွင့်လှစ်ပေးထားပြီး စုစုပေါင်း ကျောင်းသားကျောင်းသူ (၅၈၀) ရှိသည်။

မူကြိုနှင့် သူငယ်တန်းမှအပ ထိုင်းကျောင်းသို့တက်ခွင့်မရသည့် အတန်းကြီးကျောင်းသားများအတွက် လောလောဆယ် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးနေပြီး နိုင်ငံတကာတွင် ပညာ သင်ခွင့်ရရှိရေးအတွက် ကြိုးစားသွားပေးမည်ဖြစ်ကြောင်း GHRE ကပြောသည်။ ။

တိုင်းရင်းသူများ မတရားပြုကျင့်ခံရသည့်ကိစ္စချင်းအမျိုးသမီးများအဖွဲ့ချုပ်က တင်ပြ-NEJ / ၂၈ ဖေဖော်ဝါရီ ၂၀၀၇

မြန်မာနိုင်ငံရှိ တိုင်းရင်းသူများအား နအဖစစ်တပ်က အစီအစဉ်တကျ မတရားပြုကျင့်နေကြောင်း ကုလသမဂ္ဂ၏ ဆူဒန်နှင့် မြန်မာအမျိုးသမီးများဆိုင်ရာ ဆွေးနွေးပွဲတရပ်တွင် ချင်းအမျိုးသမီးတဦးက တင်ပြဆွေးနွေးသည်။

ထိုဆွေးနွေးပွဲကို အမေရိကန်နိုင်ငံ၏ ကုလသမဂ္ဂကိုယ်စားလှယ်ရုံးက နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံး၌ စီစဉ်ခဲ့ခြင်းဖြစ်ပြီး အာဖရိကတိုက်မှ ဆူဒန်နှင့် အရှေ့တောင်အာရှမှ မြန်မာနိုင်ငံတို့တွင် ဖြစ်ပွားနေသည့် အမျိုးသမီးအကြမ်းဖက်ခံရမှုကိစ္စများ ဆွေးနွေးရာတွင် ချင်းအမျိုးသမီးများအဖွဲ့ချုပ်မှ တာဝန်ခံတဦး ဖြစ်သူ ချယ်ရီဇာဟောင်က တင်ပြခြင်းဖြစ်သည်။

၎င်းက ရှမ်း၊ ကရင်၊ ကရင်နီနှင့် မွန်အမျိုးသမီးများအား မြန်မာနအဖစစ်တပ်က မတရားပြုကျင့်မှုများကို ဖော်ပြခဲ့သည့် အစီရင်ခံစာများအကြောင်းနှင့်အတူ ချင်းပြည်နယ်အတွင်းမှ နောက်ဆုံးအဖြစ်များကို တင်ပြသွားသည်ဟု Asiantribune သတင်း၌ ဖော်ပြသည်။

၎င်းက “မကြာခဏဆိုသလို မုဒိမ်းကျင့်မှုတွေဟာ ရက်ရက်စက်စက် ဖြစ်ပျက်တာတွေရှိပါတယ်။ တချို့ကိစ္စတွေမှာဆိုရင် လူကိုပါ သတ်တဲ့အထိဖြစ်ပါတယ်။ အကျင့်ခံရတဲ့အမျိုးသမီးကို ကိုယ်လုံးတီးနဲ့ လက်ဝါးကပ်တိုင်မှာ ဘာသာရေးအရဆန့်ကျင်ပြီး ချိတ်ဆွဲတာတွေလည်း ရှိပါတယ်” ဟုပြောသည်။

မြန်မာစစ်တပ်က ချင်းအမျိုးသမီးများအပေါ် မကြာမီကကျူးလွန်သည့် မုဒိမ်းမှု (၃၈) မှုကို အထူး ပြုရှင်းလင်းတင်ပြပြီး ၎င်းတို့ထဲမှ (၅) မှုသည် (၁၂) နှစ်အရွယ် မိန်းကလေးတဦးအပါအ၀င် (၁၈) နှစ်အောက်မိန်းကလေးများအား ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ချယ်ရီဇာဟောင်ကပြောကြောင်း သတင်း၌ပါရှိသည်။

ချယ်ရီဇာဟောင်က မြန်မာ့အရေးအား ဆက်လက်ဆွေးနွေးပေးရန် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တောင်းဆိုပြီး လုံခြုံရေးကောင်စီ၌ ဆုံးဖြတ်ချက်မကျစေရန် ဗီတိုအာဏာသုံးခဲ့ကြသည့် တရုတ်နှင့် ရုရှားတို့ကိုလည်း ပြန်လည်စဉ်းစားပြီး မြန်မာ့ဒီမိုကရေစီအရေးအား ကူညီပေးရန် ပြောဆိုကြောင်း Asiantribune က ဖော်ပြသည်။

မြန်မာစစ်တပ်က ကရင်ကျေးရွာပေါင်း (၁၉၀) တွင် ကျူးလွန်ခဲ့သည့် မုဒိမ်းမှု၊ လူသတ်မှု၊ ညှဉ်းပန်း နှိပ်စက်မှု၊ အဓမ္မခိုင်းစေမှုများ နှင့်ပတ်သက်၍ အမှုပေါင်း (၄,၀၀၀) ကျော်ကို မှတ်တမ်းတင်ဖော်ပြထား သည့် အစီရင်ခံစာတခုကိုလည်း ကရင်အမျိုးသမီးအစည်းအရုံးက ယခုလ (၁၂) ရက်၌ ထုတ်ပြန်ခဲ့ သည်။ ။

ပြည်သူ့အင်အား တိုးပွားစီးဆင်းပါစေ-ဏီသစ် (၂၇-၂-၀၇)

လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေများကတော့ မုန်းတိုင်းထန်တဲ့နေ့တလှည့်၊ တပိုင်းတစ တိမ်လာများ ဖုံးအုပ်နေတဲ့ နေ့တလှည့်ဆိုတဲ့ အခြေအနေမျိုးပါ။ မိုးသားကင်းစင်တဲ့ ကောင်းကင်ပြာမှာ ထွက်ပေါ်လာမယ့်၊ အရှေ့ကရောင်နီကိုတော့ တွေ့မြင်နိုင်မယ့် အနေအထား မရှိသေးပါဘူး။ မျှော်လင့်နေရတုန်းပါ။

အဲဒီလိုအခြေအနေမျိုးအောက်မှာပဲ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ပြန်လည် အထိန်းအသိမ်းခံလိုက်ရခြင်း၊ ၈၈ မျိုးဆက်များရဲ့ Signature Campaign ၊ အဖြူရောင်ဖော်ပြမှု၊ ရင်ဖွင့်လွှာလှုပ်ရှားမှု စတဲ့လှုပ်ရှားမှုများ၊ UNSC က မြန်မာနိုင်ငံအတွက် Resolutions နဲ့ တရုတ်၊ ရုရှတို့ရဲ့ ဗီတို၊ ၈၈ မျိုးဆက်ခေါင်းဆောင်များအား ပြန်လည်လွှတ်ပေးခြင်း၊ KNU တပ်မဟာ (၇) က ကွဲအက်မှုများ၊ ငြိမ်ချက်သားကောင်းနေတဲ့ (တစည) က ဗိုလ်ခင်မောင်ကြီးရဲ့ Interview စတဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ရပြီး ဒီအကျိုးဆက်ရဲ့ဂယက်တွေလည်း ထခဲ့ရပါတယ်။

ဒီနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုမှာ အကျိုးဖြစ်ထွန်းတဲ့ အဖြစ်အပျက်တွေရှိခဲ့သလို အကျိုးနည်းခဲ့ရတဲ့ အဖြစ်တွေလည်း ပါခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ တပ်ဦးဖြစ်နေတဲ့
၈၈ မျိုးဆက်ရဲ့ ခေါင်းဆောင်များ ပြန်လည်လွတ်မြောက်လာခြင်းကတော့ အင်အားဖြစ်စေတဲ့ ကောင်းသောဖြစ်ပေါ်မှုပါ။ သို့သော်လည်း ၈၈ မျိုးဆက်များရဲ့ လှုပ်ရှားမှုများကိုတော့ တိုက်ရိုက်ရော၊ သွယ်ဝိုက်သောနည်းဖြင့်ရော ကန့်သတ်ထားပါတယ်။ စစ်အစိုးရရဲ့ မီဒီယာများကလည်း စဉ်ဆက်မပြတ် တိုက်ခိုက်နေဆဲပါ။ ဒီအခြေအနေတွေလည်း ပြည်သူလူထုကြားထဲမှာ အထူးသဖြင့်ေ၀၀ါးနေတဲ့ လူငယ်မျိုးဆက်သစ်တွေ၊ စားဝတ်နေရေးကြောင့် လက်ရှိ နိုင်ငံရေးအခြေအနေများကို မျက်ခြေပြတ်နေတဲ့ သာမန်လက်လုပ်လက်စားပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်အောင် ကိုအေးလွင်တို့၊ ဒေါက်တာစိုးလင်းတို့ကို အသုံးချပြီး သပ်လျှိုခွဲနေတာကလည်း ရှိနေပါတယ်။ ဒီလိုကိစ္စတွေကို နအဖက ဦးတည်ချက်ရှိရှိနဲ့ လုပ်နေတာပါ။ နအဖမှာ “သူတို့ကိုမကြိုက်ရင်၊ မထောက်ခံရင် နေပါစေ။ ဒီမိုကရေစီအင်အားစုများနဲ့ သာမန်ပြည်သူတို့ ရင်ချင်းမအပ်သွားဖို့ အရေးကြီးတယ်” ဆိုတဲ့ သဘောထားရှိပါတယ်။

တကယ်တော့ ပြည်သူလူထုက ဒီမိုကရေစီအင်အားစုများအပေါ် အားကိုးမှု လျော့နည်းလာအောင်၊ အထင်သေးေ၀၀ါးလာအောင် အလုပ်တခုအနေနဲ့ နအဖက တစိုက်မတ်မတ် လုပ်ဆောင်လာတာပါ။ ဒါကိုလည်း ကိုယ့်ဘက်က တော်လှန်ရေးသတိရှိရှိနဲ့ အမြဲတမ်း တွန်းလှန်နေနိုင်ရပါမယ်။ နအဖရဲ့ ပြည်သူအပေါ်ဖိနှိပ်မှုဟာ အင်မတန်မှ ပြင်းထန်ပါတယ်။ ဒီလိုအခြေအနေမှာ ဒီမိုကရေစီအင်အားစု များကို ပြတ်ပြတ်သားသားထောက်ခံတဲ့ ပြည်သူတွေ ရှိသလို နှစ်ဖက်စလုံးကို ဂရုမပြုနိုင်လောက်အောင် ပြင်းထန်တဲ့ဖိနှိပ်မှုအောက်မှာ မွန်းကြပ်စွာ ရုန်းကန်နေရပြီးေ၀၀ါးနေတဲ့ပြည်သူတွေ ရှိတယ်ဆိုတာ ကိုလည်း သတိပြုရပါလိမ့်မယ်။ တကယ်တော့ လူတိုင်းဟာ ဆင်းရဲငတ်မွတ်ခြင်းမှ လွတ်မြောက် ချင်ကြတာ ဓမ္မတာပါ။ ဒါကြောင့်လည်း ‘Hunger is a weapon’ ဆိုတဲ့ သဘောတရားကို အခြေခံပြီး နအဖဟာ သူတို့ရဲ့ အကျိုးစီးပွားမှာ အသုံးချလို့ရပြီဆိုရင် အရိုးအရင်းကို ချကျွေးဖို့ မနှမြောပါဘူး။ ဒီသဘောတရား အခြေခံပေါ်မှာပဲ ကြံ့ဖွံ့တို့၊ စွမ်းအားရှင်တို့ကို တည်ဆောက်ထားတာပါ။ နောက် သတိပြုသင့်တဲ့အချက်တခုက ပြည်တွင်းက ပြည်သူအများစု (အထူးသဖြင့် မြို့ကြီးများမှာနေထိုင်တဲ့ လက်လုပ် လက်စား အခြေခံလူတန်းစား) များဟာ DVB, BBC, RFA တို့ကို နားထောင်နေကြ တာမဟုတ်ပါဘူး။ နိုင်ငံရေး အသိစိတ်ဓာတ်ရှိသူများနဲ့ နိုင်ငံရေးအသိုင်းအ၀န်းနဲ့ နီးစပ်သူများသာ နားထောင်ဖြစ်ကြတာပါ။ အများစုက သတင်းတချို့ကိုသာ တဆင့်စကား တဆင့်ကြားကြတာပါ။ တကယ်တော့ သူတို့ဟာ နအဖသတင်းစာလည်း ဖတ်ကြတာမဟုတ်ပါဘူး။ ဒါတွေဟာ တကယ်ဖြစ် ပျက်နေတဲ့ Reality ပါ။ ဒါကြောင့် ဒီအချက်တွေကို ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။

နအဖဟာ မြန်မာပြည်ကို (၁၈) နှစ်ကြာအောင် အုပ်ချုပ်လာတဲ့ အစိုးရတခုပါ။ ဒီ (၁၈) နှစ် တလျှောက် မှာလည်း နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများနဲ့ စဉ်ဆက်မပြတ် တွေ့ကြုံနေရပါတယ်။ သို့သော်လည်း နိုင်ငံတခုကို လည်ပတ်နိုင်တဲ့ Infrastructure တွေကို ပိုင်ဆိုင်ချုပ်ကိုင်ထားနိုင်သေးလို့ သူတို့ဟာ အသက်ဆက်လည်ပတ်နိုင်နေသေးပါတယ်။ ဦးတည်ရန်သူဖြစ်တဲ့ ဒီမိုကရေစီအင်အားစု များကို အနိုင်ယူချေမှုန်းရေးအတွက် နေ့စဉ် အလုပ်တခုအနေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာပါ။
ဝန်ကြီးတွေ၊ တိုင်းမှူးတွေ၊ ဗိုလ်ချုပ်တွေရဲ့နောက်မှာ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေ ကိုသုံးသပ်ဖို့ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ‘think tank’ တွေ ရှိတယ်ဆိုတာ မေ့နေလို့မဖြစ်ပါဘူး။ နအဖဟာ ရန်-ငါစည်းပြတ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်အစိုးရဖြစ်တဲ့အတွက် ရန်သူရှိရင် ချေမှုန်းရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ အလုပ်လုပ်ပါတယ်။ တပ်မတော်မှာ သေနင်္ဂဗျူဟာတခု ရှိပါတယ်။ အင်အားတခုရှိပြီး နယ်မြေအခြေခံဒေသတခုကို ချုပ်ကိုင်ထားတဲ့ ရန်သူကို ချေမှုန်းတဲ့ နည်းပါ။ “မိမိအင်အားကို ထိန်းသိမ်း၊ ဖြတ်လေးဖြတ်နဲ့ ရန်သူကိုဖြတ်၊ လုံးပါးပါးပြီး ကိုယ့်ရဲ့ခွင်ထဲ
ဝင်လာတဲ့ ရန်သူကို အပိုင်ချေမှုန်းရေး ဖြစ်ပါတယ်။ ဒီအချက်အကြောင်းအရာတွေ ရန်သူကို အထင်ကြီးစေချင်လို့ ရေးနေတာမဟုတ်ပါဘူး။ “ရန်သူကို အထင်မသေးရသလို ရန်သူကို အထင် လည်းမကြီးရ” ပါဘူး။ သို့ပေမယ့် ရန်သူရဲ့သဘောသဘာဝကို နားလည်ထားရမယ်။ ရန်သူရဲ့ခြေ ဘယ်လိုလှမ်းနိုင်မလဲဆိုတာ ခန့်မှန်းနိုင်ရမယ်။ ရန်သူ ဘယ်လိုတွေးတတ်သလဲဆိုတာကိုလည်း လေ့လာရမယ်။ ရန်သူအလုပ်လုပ်သလိုလည်း ကျနော်တို့ အလုပ်လုပ်ရပါလိမ့်မယ်။ သူတို့က တနေ့ (၁၀) နာရီလုပ်ရင် ကျနော်တို့ တနေ့ (၁၂) နာရီလုပ်ရမယ်။ သူတို့က တနေ့ (၁၂) နာရီလုပ်ရင် ကျနော်တို့ (၁၄-၁၅) နာရီ လုပ်ရပါမယ်။ ကျနော်တို့ လေ့လာရမယ်။ ဆွေးနွေးရမယ်။ တွေးတောရမယ်။ ရေးသားကြရမယ်။ အဲဒီလို အလုပ်လုပ်ဖို့ လိုအပ်နေတဲ့ အချိန်ရောက်နေပါပြီ။ နအဖစစ်အစိုးရ မကောင်းတာ၊ ဖိနှိပ်တာ ပြည်သူတိုင်းသိပါတယ်။ ခံစားနေရပါတယ်။ ဒါကို တဆင့်ကျော်ပြီး ဒီစစ်အာဏာရှင်စနစ်ကို ဘယ်လိုဖြိုဖျက်မယ်၊ ပြည်သူ့ဒီမိုကရေစီစနစ်ကို ဘယ်လိုထူထောင်မယ် ဆိုတာကို အလုပ်လုပ်လို့ရမယ့် နည်းလမ်းတွေ ရှာရပါမယ်။ ဟို way မှ ဒီ way မှ မဟုတ်ပါဘူး။ လုပ်လို့ရနိုင်သမျှ way တွေ၊ နည်းလမ်းတွေ အကုန်လုံးနဲ့ ဒီထုကြီးကို ဖြိုဖျက်ပစ်ရမှာပါ။ အတွင်းကလုပ်မှာလား၊ အပြင်ကလုပ်မှာလားဆိုပြီး စောင့်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ အတွင်းအပြင် အပြန်အလှန်ကူညီလုပ်ဆောင်သွားရမယ့် အချိန်ဖြစ်နေပါပြီ။

ဒီလိုအခြေအနေမှာ တတိယနိုင်ငံက အင်အားစုတွေကို အပြုသဘော အကြံပြုတင်ပြချင်တာတခု ရှိပါတယ်။ မကြာခင်မှာဆိုရင် ဒီမိုကရေစီတော်လှန်ရေးအထိမ်းအမှတ်နေ့များ အခမ်းအနားရာသီ ရောက်လို့လာပါတော့မယ်။ မတ်လ ၁၃ ရက်နဲ့ ၁၆ ရက်၊ မေ ၂၇ ရက်၊ ဇွန် ၆၊ ၁၉ နဲ့ ၂၁ ရက်၊ ၇ ဇူလိုင်နဲ့ ၁၉ ဇူလိုင်၊ သြဂုတ် ၈ ရက်နဲ့ စက်တင်ဘာ ၁၈။ တကယ်တော့ ဒီနေ့ရက်များဟာ ခေတ်အဆက်ဆက် ဒီစစ်အာဏာရှင်ကို အန်တုစိန်ခေါ် တော်လှန်ခဲ့တဲ့ ပြယုဂ်များဖြစ်သလို သူရဲကောင်းအာဇာနည်များစွာတို့ သွေးမြေကျခဲ့ရတဲ့ နေ့စွဲများလည်းဖြစ်ပါတယ်။

ဒီအတွက်ကြောင့်လည်း တတိယနိုင်ငံက ဒီမိုကရေစီအင်အားစုများဟာ အခမ်းအနားတွေ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ ပြင်ဆင်နေကြမှာပါ။

ဒီနေရာမှာ ကျနော်တို့ တကယ်ကြုံတွေ့နေရတဲ့ အဖြစ်မှန်အခြေအနေကို ပြန်လည်သုံးသပ်စေချင်ပါ တယ်။ ဒီအခမ်းအနားတွေ၊ ဆန္ဒပြပွဲတွေကို အင်အားဘယ်လောက်တက်ရောက်ပြီး၊ ဘယ်သူတွေ တက်ရောက်ကြတာလဲဆိုတာကိုပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော် တချိန်တုန်းကတော့ ဒီလိုအခမ်း အနားတွေကို အတိုင်းအတာတခုအထိ အင်နဲ့အားနဲ့ ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ယခုလက်ရှိအခြေ အနေမှာတော့ ဒီလိုတတိယနိုင်ငံကြီးတွေမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားဦးရေဟာ ပိုမိုများပြား တိုးလာပေမယ့် အခုလိုအခမ်းအနားတွေကို တက်ရောက်နေတဲ့ အင်အားကတော့ ကျဆင်းလို့လာ ပါတယ်။ တချို့အခမ်းအနားတွေမှာဆိုရင် လူ ၂၀ လောက် အင်အားရနိုင်ဖို့ကို မနည်းစုစည်းနေရတာပါ။ အဲဒီမှာ ဖိတ်ထားတဲ့ နိုင်ငံခြားသား နိုင်ငံရေးသမား ၃၊ ၄ ယောက်လောက်ကလည်း ပါနိုင်သေးတယ်။ အဲဒီမြို့မှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားဦးရေကတော့ ၂ သောင်း၊ ၃ သောင်းလောက်ရှိပါတယ်။ ဒါတွေဟာ တနေရာ တမြို့ထဲမှာဖြစ်နေတဲ့ အကြောင်းအရာတွေမဟုတ်ပါ။ မြန်မာအများစု အခြေချနေထိုင်နေကြတဲ့ မြို့ကြီးတွေမှာဖြစ်နေတဲ့ reality ပါ။ အထိမ်းအမှတ်ပွဲတခုကို ကွဲနေကြတဲ့ အဖွဲ့အစည်းများစွာက နေရာတွေခွဲပြီး ကိုယ့်အစီအစဉ်နဲ့ အပြိုင်အဆိုင်သဘောမျိုး ကျင်းပနေတာကလဲ အင်အားကို ပြိုကွဲစေတဲ့ အကြောင်းအရာတခုပါ။ နောက် လူတွေမလာတာကိုလည်း အပြစ်မပြော အပြစ်မတင်ပါနဲ့။ လူတွေလာအောင် မစည်းရုံးနိုင်တာ၊ မစည်းရုံးကြတာကသာ ကျနော်တို့အတွက် ပြဿနာပါ။ အဲဒီလို အခမ်းအနားတွေကို မျိုးဆက်သစ်လူငယ် ဘယ်နှစ်ယောက်များ လာခဲ့သလဲ။ ဒီလိုအကြောင်းတရားတွေကို ကိုယ့်ကိုယ်ကို မညှာတမ်း ပြန်လည်စစ်ဆေးသင့်နေပါပြီ။

အခုဆိုရင် နိုင်ငံကြီးတွေမှာ အခြေချနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားများဟာ သိန်းချီရှိနေပါပြီ။ US, Canada, Australia, Europe နဲ့ Singapore တို့မှာ မြန်မာနိုင်ငံသားတွေ အများကြီးပါ။ မြန်မာနိုင်ငံသား သိန်းဝန်းကျင်နေထိုင်ကြတဲ့ မြို့ကြီးတွေလည်း ရှိပါတယ်။ တကယ်တော့ ဒါတွေဟာ အင်အားတွေပါ။ ဒီအင်အားတွေကို ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ပြည်တွင်းကို စီးဆင်းသွားစေနိုင်ပါတယ်။ သူတို့မှာလည်း ပြည်တွင်းမှာ မိသားစုတွေ၊ မိတ်ဆွေတွေ ရှိနေပါသေးတယ်။ နောက် သူတို့ဟာ ဒီတတိယနိုင်ငံက နိုင်ငံရေးလှုပ်ရှားမှု စည်းဝိုင်းထဲကသူများလိုမဟုတ်ဘဲ ပြည်တွင်းကို အချိန်မရွေး ၀င်ထွက်သွားလာ နိုင်သူတွေပါ။ နောက် တတိယနိုင်ငံများမှာရှိနေတဲ့ အဓိက နိုင်ငံရေးလှုပ်ရှားမှုပုံသဏ္ဌာန်ကို ကြည့်မယ်ဆိုရင် Lobby လမ်းကြောင်းဟာ အဓိကပုံသဏ္ဌာန်ဖြစ်နေပါတယ်။ Lobby လမ်းကြောင်း အပြင် တခြားသောပုံသဏ္ဌာန်ဖြစ်သော လှုပ်ရှားမှုများ၊ လမ်းကြောင်းများ၊ တတိယနိုင်ငံတွေမှာ မရှိနိုင်၊ ပုံမပေါ်နိုင်ဘူးလားဆိုတာကို စဉ်းစားစေချင်၊ သုံးသပ်စေချင်ပါတယ်။ တတိယနိုင်ငံက ခေါင်းဆောင်ကြီး များရဲ့ မိန့်ခွန်းများကို အခန်းတွေမှာ လာရောက်ပြီး နားထောင်ခိုင်းစေခြင်းထက် မျိုးဆက်သစ်များ၊ တိုင်းပြည်အရေးကို တကယ်တမ်း စိတ်ပါဝင်စားသူများကို သူတို့ကိုယ်တိုင် ပါဝင်အလုပ်လုပ်နိုင်၊ ဆွေးနွေးနိုင်တဲ့ လမ်းကြောင်းများကို ပုံဖော်ပေးခြင်းဖြင့် တတိယနိုင်ငံတွေမှာရှိတဲ့ ပြည်သူတွေရဲ့ ပိုမိုမြင့်တက်ပြီး အင်အားအဖြစ် စုစည်းလာစေနိုင်ပါတယ်။ ဒီစုစည်းမှုများ၊ အင်အားများဟာ သူတို့ရဲ့ ပြည်တွင်းကမိသားစုများ၊ မိတ်ဆွေများမှတဆင့်ဖြစ်စေ၊ တခြားသော အမျိုးမျိုးသော ပုံသဏ္ဌာန်များ ဖြင့်ဖြစ်စေ ပြည်တွင်းကို စီးဆင်းသွားစေနိုင်ပါတယ်။

နအဖစစ်အာဏာရှင်စနစ်ကို သူတို့နဲ့ အကျိုးစီးပွား အလွန်ဆက်နွယ်နေသူများမှလွဲလို့ ဘယ်နိုင်ငံသားမှ မကြိုက်ပါ၊ မလိုလားကြပါ။ သို့သော်လည်း သာမန်မကြိုက် မလိုလားရုံမျှမဟုတ်ဘဲ ဒီစစ်အာဏာရှင် စနစ်ကြီး ချုပ်ငြိမ်းသွားပြီး ပြည်သူ့ဒီမိုကရေစီခေတ် ထွန်းကားလာအောင် မြန်မာနိုင်ငံသားအားလုံးက တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိရှိစွာ ‘အုတ်တချပ် သဲတပွင့်’ အနေဖြင့်ပါဝင်ပြီး စစ်အာဏာရှင် စနစ်ကို ဖြိုဖျက်ရမယ့်အချိန် ရောက်နေပါပြီ။ ဒါကြောင့်လည်း ယခုလိုအခြေအနေ အချိန်အခါမျိုးမှာ တတိယနိုင်ငံတွေမှာရှိကြတဲ့ မြန်မာပြည်သူများရဲ့ အင်အားကိုလည်း မမေ့သင့်ပါကြောင်း။ ။

ဖေဖော်ဝါရီ (၂၂) ရက် ရန်ကုန်သိမ်ကြီးဈေး ဆန္ဒပြပွဲအား ဦးဆောင်ခဲ့သော မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကော်မတီ (MDC) မှ အဖမ်းမခံရသေးသော အဖွဲ့ဝင်နှစ်ဦးနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်- (27-2-07)

ဖေဖော်ဝါရီ (၂၂) ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့မှာပေါ်ပေါက်ခဲ့သော ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သော မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကော်မတီ (MDC) အဖွဲ့၏ အမာခံ (၁၂) ဦး အနက်မှ အဖမ်းမခံရသေးဘဲ တိမ်းရှောင်နေသူ (၂) ဦးကို တွေ့ဆုံမေးမြန်းထားပါတယ်။ အမည်တွေကိုတော့ လျှို့ဝှက်ပေးထားပါတယ်။

ခေတ်ပြိုင် – အမ်ဒီစီအဖွဲ့ဟာ ဘယ်လိုအဖွဲ့မျိုးဖြစ်ပြီး ဘယ်သူတွေပါဝင်လှုပ်ရှားနေပါသလဲ။

အမ်ဒီစီ (၁) – ကျနော်တို့ဖွဲထားတဲ့အဖွဲ့က မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကော်မတီပါ။ အင်္ဂလိပ်လိုတော့ Myanmar Development Committee ပေါ့၊ MDC လို့ အတိုကောက်သုံးပါတယ်။ ကျနော်တို့အဖွဲ့ထဲမှာ ကျောင်းသားရယ်၊ ၀န်ထမ်းရယ်၊ ပြည်သူရယ် ကျနော်တို့က ခွဲမထားပါဘူး။ ဒီဒုက္ခကို ခံစားနေရတဲ့ လူတွေ အားလုံးနဲ့ဖွဲ့ထားတယ်၊ ဘယ်သူမဆို ဒီထဲကိုဝင်နိုင်ပါတယ်။

ခေတ် – အမ်ဒီစီအဖွဲ့ကို ဘာရည်ရွယ်ချက်နဲ့ ဖွဲ့ထားတာပါလဲ။ ဆန္ဒပြမှုရဲ့နောက်ကွယ်မှာ နိုင်ငံရေးဆန္ဒ တခုခုများရှိမလား။

အမ် (၁) – ကျနော်အပါအ၀င် သန်း (၅၀) သောပြည်သူတွေ ခံစားနေရတဲ့ စိတ်ဆန္ဒကို ရှေ့တန်းတင်ပြီး ကျနော်တို့လုပ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသိပါစေဆိုတဲ့ စိတ်ဆန္ဒနဲ့ ကျနော်တို့လုပ်တာပါ။ နိုင်ငံရေး ဆန္ဒနဲ့လုပ်တာ မဟုတ်ပါဘူး။

ခေတ် – ဘာ့ကြောင့် ခင်ဗျား ဒီအဖွဲ့မှာဝင်ပြီး ဆန္ဒပြရာမှာ ပါဝင်လှုပ်ရှားတာလဲ။

အမ် (၁) – လူတွေလက်ရှိခံစားနေရတဲ့ ဒုက္ခတွေ ဗိုလ်ချုပ်မှူးကြီးသိပါစေ၊ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ကျနော်တို့ပြည်သူတွေကို တကယ်ချစ်လို့ရှိရင် ပါးစပ်နဲ့မချစ်ဘဲနဲ့ ကျနော်တို့ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခကို လက်တွေ့ဖြေရှင်းပေးဖို့၊ ပြည်သူ့ကို တကယ်ချစ်ရင် လက်တွေ့ဖြေရှင်းပေးဖို့ ကျနော်ဆန္ဒပြုတာ ပါ။ ငြိမ်းငြိမ်းချမ်းချမ်းပဲ ကျနော် ဆန္ဒပြုခြင်းပဲဖြစ်ပါတယ်။ သူတို့ကို ကျနော်တို့ အတိုက်အခံလုပ်တာ လည်း မဟုတ်ပါဘူး။

ခေတ် – ဆန္ဒပြနေချိန် ခင်ဗျားရဲ့စိတ်ထဲမှာ ဘယ်လိုခံစားရပါသလဲ။

အမ် (၁) – ပြည်သူကအားပေးတဲ့အချိန်မှာ ကျနော့်စိတ်က အမြင့်ဆုံးကိုရောက်နေတယ်။ သူတို့ ဆန္ဒလည်း ကျနော်တို့ထုတ်ဖော်တယ်၊ ကျနော်တို့ဆန္ဒလည်း ကျနော်တို့ထုတ်ဖော်တယ်။ ပြည်သူက အားပေးတဲ့အတွက် နိုင်းဆလို့မရအောင် ကျနော်တို့ တက်တက်ကြွကြွနဲ့ ပိုလုပ်ခဲ့တယ်။

ခေတ် – ခင်ဗျားတို့တောင်းဆိုတဲ့အရာတွေဟာ လူထုဖြစ်စေချင်တဲ့ဆန္ဒအားလုံးလို့ ပြောနိုင်ပါသလား။

အမ် (၁) – ကျနော်တို့တောင်းဆိုတဲ့အရာတွေဟာ မြန်မာတပြည်လုံးက သန်း (၅၀) ကျော်ပြည်သူတွေ အားလုံးဖြစ်စေချင်တဲ့ ဆန္ဒတွေလို့ ပြောနိုင်ပါတယ်။ တခြားဆန္ဒတွေလည်း ရှိဦးမှာပေါ့လေ။ ဒါပေမယ့် ပြည်သူတွေဟာ အဓိက လက်ရှိကုန်ဈေးနှုန်း အဆမတန်ကြီးမားနေတဲ့ဒဏ်ကို ခံစားနေရတယ်။ လျှပ်စစ်မီးရဲ့ ဒုက္ခကလည်း တနိုင်ငံလုံး ခံစားနေရတယ်။ နောက် ကျနော့်ပတ်ဝန်းကျင်မှာ တချို့အမျိုး သမီးလေးတွေက ကောင်းတယ်၊ သို့ပေမယ့် သူတို့ဘ၀ရပ်တည်ရေးအတွက် မလုပ်သင့်တဲ့အလုပ်တွေ သွားလုပ်နေရတယ်။ ဒါမြင်နေရတယ်။ သူတို့ဘ၀လေးတွေက လုံးဝ အမှောင်ဖုန်းနေတယ်။ နောက် မြန်မာပြည်မှာ ဒီလိုဖြစ်နေရင် မျိုးဆက်က ပျက်သုဉ်းနေမှာပဲလေ။

ခေတ် – ခင်ဗျားတို့ ရှေ့ဘာဆက်လုပ်မယ် စိတ်ကူးထားပါလဲ။

အမ် (၁) – ကျနော်တို့ ဆန္ဒပြုတဲ့ဟာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ဟာ မင်းတို့လုပ်တာမှန်တယ်၊ မင်းတို့ဖြစ်ချင်တဲ့အတိုင်းကို လုပ်ပေးပါမယ်ဆိုရင် ကျနော်တို့က ကျနော်တို့စီးပွား ကျနော်တို့ ဆက်ရှာ ရမှာပေါ့ ခင်ဗျာ။ အဲလိုမဟုတ်ဘဲနဲ့ မင်းတို့ကဘာလုပ်တာတုန်းဆိုပြီး ကျနော်တို့ပြောတဲ့အရာတွေကို မလုပ်ဆောင်နိုင်ဘူးဆိုရင် ကျနော်တို့က လုပ်စရာရှိတာ ဆက်လက်လုပ်ဆောင်ရမှာပေါ့။ မြန်မာပြည်သူတွေအားလုံးရဲ့ကိုယ်စား ကျနော်တို့က မားမားမတ်မတ် ရပ်တည်ဖော်ထုတ်ပေးတာပါ။

အခြား အမ်ဒီစီအဖွဲ့ဝင်တဦး

ခေတ် – ဆန္ဒပြပွဲမြင်ကွင်းနဲ့ ခင်ဗျားပါဝင်ခဲ့ပုံလေး ပြန်ပြောပြလို့ရမလား။

အမ်ဒီစီ (၂) – ဆန္ဒပြတဲ့အချိန်မှာ ကျနော်တို့က နောက်ကနေ စာတွေလိုက်ဝေတယ်။ စာတွေဝေပြီးတဲ့ အခါကျတော့ ကျနော်တို့လည်း ဆိုင်းဘုတ်ကိုင် ဆန္ဒပြပါတယ်။ ကျနော်တို့ဆန္ဒပြတာ အားလုံးပေါင်း အယောက် (၃၀) လောက်ရှိပါတယ်။ နောက်ကပါတဲ့အင်အားက လူအရမ်းများနေတဲ့အတွက် မှန်းဆလို့မရပါဘူး။

လမ်းပေါ်မှာလည်း လူတွေကပြည့်နေပါတယ်။ သိမ်ကြီးဈေးတံတားပေါ်မှာလည်း လူတွေကပြည့်နေ ပါတယ်။ ကျနော်တို့ရဲ့ ပြောနေတဲ့ဟာကို လူတွေက လက်ခုပ်လက်ဝါးတီးပြီး အားပေးပါတယ်။ ကျနော်တို့ဆီကိုလည်း အခြားဘေးကလူတွေက ၀င်လာပြီးတော့ ဆိုင်းဘုတ်တွေပြေးကိုင်ပြီးတော့ ကျနော်တို့နဲ့ ပါဝင်ဆင်နွှဲပါတယ်။ ကျနော်ကတော့ ကျန်းမာရေးအခမဲ့စောင့်ရှောက်ပေးရေးနဲ့ အလုပ်လက်မဲ့များ အလုပ်ရရှိရေး ပိုစတာကိုင် ဆန္ဒပြပါတယ်။

ခေတ် – ဆန္ဒပြနေချိန် ခင်ဗျားရဲ့စိတ်ခံစားမှု ဘယ်လိုရှိလဲ။

အမ် (၂) – စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ကျနော်တို့ လုပ်စရာရှိတဲ့အလုပ်ကို ပြီးပြတ်အောင် ကျနော်တို့ လုပ်သွားတယ်။ ကျနော်တို့ သွားသင့်တဲ့နေရာသွားတယ်၊ ရှောင်သင့်တဲ့နေရာ ရှောင်ပါတယ်။ ဒီအပေါ်မှာ ကျနော်တို့ ကြောက်တာ ရွံ့တာတွေ ဘာမှမရှိပါဘူး။

ခေတ် – ဆန္ဒပြပွဲပြီးသွားတော့ ခင်ဗျားတို့ အဖမ်းမခံရဘဲ ဘယ်လိုလွတ်သွားတာပါလဲ။

အမ် (၂) – ကျနော်တို့အဖွဲ့က ကိုထင်ကျော်ကိုဖမ်းသွားပါတယ်။ အဲဒီအခါကျတော့ ကျနော်တို့က ဆိုင်းဘုတ်သိမ်းပြီးတော့ ကျနော်တို့က နောက်ကြောင်းပြန်ခေါက်ပါတယ်။ ကျနော်တို့ကို ပြည်သူတွေက အကာအကွယ်ပေးပြီးတော့ မောင်လေးတို့ အမြန်ပြန်တော့၊ အစ်မတို့ ၀ိုင်းအုံပေး ထားမယ်ဆိုပြီးတော့ ပြည်သူတွေအနေနဲ့ ကာရန်ပေးထားခဲ့လို့ ကျနော်တို့လွတ်လာတာပါ။

ခေတ် – ခင်ဗျား ဘာဖြစ်လို့ ခုလို ပါဝင်ဆန္ဒပြရတာပါလဲ။

အမ် (၂) – ကျနော့်စိတ်ထဲမှာ ဘာရှိလဲဆိုရင် ကျနော်တို့ လက်ရှိ ဒီပြည်သူတွေ ခံစားနေရတဲ့ ဒီခံစားမှု တွေဟာလည်း တပ်မတော်မိသားစုတွေအပါအ၀င် ပြည်သူ့ဝန်ထမ်းတွေအားလုံးလည်း ဒီဆိုးကျိုးတွေ ခံစားနေရပါတယ်။ ပြည်သူတရပ်လုံး ခံစားနေရရုံတင်မဟုတ်ဘူး၊ ပြည်သူ့ဝန်ထမ်းတွေပါ ခံစားနေ ရတာကို ဒီအစိုးရအနေနဲ့ လက်ပိုက်ကြည့်မနေနိုင်အောင်လို့ ဘယ်လောက်အထိ အခြေအနေ ဆိုးရွားနေတယ်ဆိုတာကို သိစေချင်လို့ ကျနော်တို့အနေနဲ့ တကယ့်ပြည်သူ့သဘောထားကို ထုတ်ပြတာပါ။

ခေတ် – ဆန္ဒပြရင် အဖမ်းခံရနိုင်တယ်ဆိုတာ ခင်ဗျားတို့သိလျက်နဲ့ ပြတာပါလား။

အမ် (၂) – ကျနော်တို့ဆန္ဒပြတယ်ဆိုတာ မြန်မာပြည်ရဲ့ ပြည်သူပြည်သားတွေအကုန်လုံး ခံစားနေရတဲ့ ဒုက္ခတွေအားလုံးကို ကိုယ်ချင်းစာနာစိတ်ရှိတဲ့အနေနဲ့ ပြတာဖြစ်ပါတယ်။ အဖမ်းခံရနိုင်တယ်ဆိုတာ သိလျက်နဲ့ ကျနော်တို့ ပြည်သူ့အတွက် အသက်စွန့်ပြီး အလုပ်လုပ်ဖို့လိုပြီလို့ စဉ်းစားပြီးပြတာပါ။ ။

လူထုဆန္ဒဖော်ထုတ်မှုကြောင့် ထိန်းသိမ်းခံရသူများ လွတ်မြောက်လာ-ပီတာအောင် / ၂၇ ဖေဖော်ဝါရီ ၂၀၀၇

လူထုဆန္ဒဖြေရှင်းပေးရန် နအဖစစ်အစိုးရအား ဆန္ဒပြခြင်းကြောင့် ဖမ်းဆီးခံရသူအားလုံး ယနေ့ညနေ (၄) နာရီခန့်၌ ပြန်လွတ်လာသည်ဟု ပြန်လွတ်လာသူများနှင့် နီးစပ်သူများထံမှ သိရသည်။

ပြန်လွတ်လာသူတဦးဖြစ်သူ ကိုထွန်းထွန်းနှင့် နီးစပ်သူတဦးက “အောင်သပြေကနေ ပြန်လွတ်လာတာ။ လေးနာရီမတ်တင်းလောက်မှာ ကိုထွန်းထွန်းဖုန်းဆက်တယ်။ အကုန်လုံးလွတ်ပြီတဲ့။ သူကိုယ်တိုင်
မမေ၀င်းတို့ ဦးအုန်းသန်းတို့ တွေ့ခဲ့တယ်ပေါ့။ သူတို့ကို ကားပေါ်တင်ပြီးပြန်ပို့တယ်။ သူက
ညောင်တုန်းကို ပြန်ပို့ခံရမယ်တဲ့” ဟုပြောသည်။

ပြန်လွတ်လာသူများမှာ ဆန္ဒပြပွဲဦးဆောင်သူ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (MDC) အဖွဲ့ ခေါင်းဆောင် အန်အယ်လ်ဒီပါတီဝင်ဟောင်း ကိုထင်ကျော်၊ မြောက်ဥက္ကလာပမြို့နယ်နေ ကိုလှမြင့်အေး၊ ကိုမျိုးဦး၊ ကိုလှသိန်း၊ ကိုတင်ဝင်းနှင့် ဒေါ်ခင်မေ၀င်းခေါ် ဒေါ်မေ၀င်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေ မကြူကြူစမ်း၊ ညောင်တုန်းမြို့မှ ကိုထွန်းထွန်းနှင့် ဦးအုန်းသန်းတို့ဖြစ်သည်။

ဆန္ဒပြသူများသည် ကုန်ဈေးနှုန်းကျဆင်းရေး၊ (၂၄) နာရီလျှပ်စစ်မီးအပြည့်အ၀ရရှိရေး အပါအ၀င် မြန်မာလူထုရင် ဆိုင်နေရသည့် အထွေထွေအကျပ်အတည်းများကို ဖြေရှင်းပေးရန် ပြီးခဲ့ သည့်ကြာသပတေးနေ့က ရန်ကုန်မြို့တွင် နာရီဝက်ကြာဆန္ဒပြခဲ့ပြီးနောက် အောင်သပြေ ရဲအထူးသတင်းတပ်ဖွဲ့ရုံးတွင် အာဏာပိုင်များ၏ ထိန်းသိမ်းခံခဲ့ရသည်။     ။


မော်လမြိုင်နှင့်ကျိုင်းတုံ ICRC ရုံးခွဲများကို ပိတ်ပစ်တော့မည်-နေထူး / ၂၇ ဖေဖော်ဝါရီ ၂၀၀၇

27-2-07_thierry.gifမြန်မာနိုင်ငံရှိ နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) သည် လုပ်ငန်း အများစုကို ရပ်စဲထားရသောကြောင့် မော်လမြိုင်နှင့် ကျိုင်းတုံမြို့တို့ရှိ ရုံးခွဲများကို လာမည့်မတ်လကုန်တွင် စတင်ပိတ်ပစ်ရန် စဉ်းစားနေပြီဟု ရန်ကုန် ICRC ရုံး၏ ဒုတိယအကြီးအကဲ တယ်ရီရီဘော့စ်က ပြောကြားသည်။

“ရုံးခွဲ (၅) ခုထဲက (၂) ခုကို ပိတ်ပစ်ဖို့ကလွဲလို့ တခြားရွေးစရာမရှိ တော့ဘူး။ ကျန်ရုံး (၃) ခုကတော့ လောလောဆယ် ဆက်ဖွင့် ထားမယ်။ မြန်မာဝန်ထမ်းတွေ ဆက်ရှိမယ်” ဟု မစ္စတာရီဘော့စ်က ပြောကြားသည်။

မိုင်းထိသူများကို ခြေတုတပ်ဆင်ပေးသောလုပ်ငန်းကဲ့သို့ အကူအညီပေးရေးလုပ်ငန်းများတွင် အထောက်အကူပေးနေသည့် မန္တလေး၊ တောင်ကြီးနှင့် ဘားအံရုံးခွဲတို့ကို ဆက်ဖွင့်ထားမည်ဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းကိုပေးနေသည့် ငွေကြေးအပါအ၀င် အကူအညီများကိုလည်း ဆက်ပေးသွားမည်ဟု မစ္စတာရီဘော့စ်က ပြောသည်။

နယ်စပ်ဒေသများနှင့် အကျဉ်းထောင်များသို့ သွားရောက်အကူအညီပေးခြင်းအပါအ၀င် ICRC ကို ခွင့်ပြုထားသည့်လုပ်ငန်းများ ဆက်လုပ်ခွင့်ရရန် မြန်မာစစ်အစိုးရကို တောင်းဆိုညှိနှိုင်းသော်လည်း ခွင့်မပြုခဲ့သောကြောင့် ရုံးများပြန်ရုပ်သိမ်းရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း မစ္စတာရီဘော့စ်ကပြောသည်။

“ကျွမ်းကျင်သူတွေအပါအ၀င် ၀န်ထမ်းတချို့ အလုပ်ကနေရပ်စဲရမှာဖြစ်ပေမယ့် မြန်မာဝန်ထမ်း ဘယ် နှစ်ယောက် အလုပ်ကနေ ရပ်စဲမယ်ဆိုတာ မပြောနိုင်ပါဘူး။ ဒီလိုရပ်စဲရတဲ့အတွက် ကျနော်တို့ဝမ်းနည်း ပါတယ်။ အလုပ်စာချုပ်ရပ်စဲခံရတဲ့သူတွေအတွက် လူမှုအကူအညီပေးဖို့ အစီအစဉ်ရှိပါတယ်။ ကျနော် တို့မှာ မြန်မာဝန်ထမ်း (၂၂၀) လောက်ရှိပါတယ်။ ကိန်းဂဏန်းတွေက သိပ်အရေးမကြီးပါဘူး။ အရေးကြီးတာက ICRC က မလုပ်ဆောင်နိုင်တာပဲလို့ ပြောချင်ပါတယ်။ ဒါ အဓိကအချက်ပဲ” ဟု ၎င်းကပြောသည်။

စစ်အစိုးရသည် ယမန်နှစ် နှစ်လယ်ခန့်မှစတင်ကာ ICRC ၏ လုပ်ငန်းအချို့ဖြစ်သည့် အကျဉ်းသားများကို ကူညီစောင့်ရှောက်ခြင်း၊ ကျေးလက်ဒေသများ၌ ကျန်းမာရေးကူညီစောင့်ရှောက်ခြင်း စသည့်လုပ်ငန်း များကို ပိတ်ပင်တားမြစ်ခဲ့ပြီး မြို့နယ်ရုံး (၅) ရုံးကို ဆက်ဖွင့်ခွင့်ပြုထားသော်လည်း မိုင်းထိပြည်သူများကို ခြေတုတပ်ဆင်ပေးခြင်း လုပ်ငန်းတခုမှလွဲ၍ ကျန်လုပ်ငန်းအားလုံးကို နဂိုမူလအတိုင်း လုပ်ကိုင်ခွင့် မပေးဘဲ ရပ်စဲထားသည်။

“၂၀၀၅ ခုအကုန်ကတည်းက ဘယ်ထောင်ကိုမှ ကျနော်တို့သွားခွင့်မရတော့ပါဘူး။ လက်ရှိ ကျနော်တို့ လုပ်ခွင့်ရတာက မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ငွေကြေးထောက်ပံ့တာနဲ့ မိုင်းဒဏ်ထိတဲ့သူတွေကို ထောက်ပံ့ကူညီတာပဲ။ ဒါကြောင့်မို့ ရုံးတွေပိတ်ဖို့ စဉ်းစားရတာပါပဲ” ဟု မစ္စတာရီဘော့စ်ကပြောသည်။

မော်လမြိုင် ICRC ရုံးသည် စစ်အစိုးရ၏ခွင့်ပြုချက်မရ၍ ယခင်လုပ်နေကျ အကျဉ်းထောင်ထဲသွားခြင်း၊ ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို မလုပ်နိုင်သည်မှာ ကြာပြီဟု ထိုရုံးမှဝန်ထမ်း တဦးက ပြောသည်။

မစ္စတာရီဘော့စ်က “အစိုးရက သူတို့ရဲ့လမ်းညွှန်ချက်အတိုင်းလုပ်ဖို့ပဲ ထပ်တလဲလဲပြောနေတယ်” ဟု ပြောဆိုကာ ယခုလကုန်၌ တာဝန်ရှိသူများနှင့် နောက်တကြိမ်တွေ့ဆုံဆွေးနွေးညှိနှိုင်းရန်ရှိပြီး တိုးတက်မှု တစုံတရာရရှိရန် မျှော်လင့်ကြောင်းပြောသည်။ ။

အာဏာပိုင်များကို ကြောက်စရာမလိုဘဲ အဓမ္မအခိုင်းခံရမှု တိုင်ကြားနိုင်ပြီနအဖစစ်အစိုးရနှင့် ILO သဘောတူညီမှုရ-NEJ / ၂၇ ဖေဖော်ဝါရီ ၂၀၀၇

မြန်မာစစ်အစိုးရအာဏာပိုင်များ၏ အဓမ္မလုပ်အားပေးခိုင်းစေခြင်း ခံရသူများသည် နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ရန်ကုန်ရုံးခွဲသို့ အာဏာပိုင်များ၏ ဖမ်းဆီးနှောင့်ယှက်မှုကို စိုးရိမ်စရာမလိုဘဲ တိုင်ကြားနိုင်ပြီဖြစ်သည်။

အဓမ္မအခိုင်းစေခံရကြောင်း တိုင်ကြားသူများကို မြန်မာအာဏာပိုင်များက ယခင်က ဖမ်းဆီးမှုများ ရှိခဲ့သော်လည်း ယခုအခါ နအဖစစ်အစိုးရက ဖမ်းဆီးမည်မဟုတ်ဟု သဘောတူအာမခံကြောင်း အိုင်အယ်အိုက ယမန်နေ့၌ ထုတ်ပြန်သည်။

တိုင်ကြားလာမည့်သူနှင့်ပတ်သက်၍ ILO ရန်ကုန်ရုံးခွဲ ဆက်သွယ်ရေးအရာရှိက အထူးလျှို့ဝှက်ထား မည်ဖြစ်ပြီး အမှုကို သက်ဆိုင်ရာမြန်မာအာဏာပိုင်များက စုံစမ်းအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အာဏာပိုင်များ၏ အဓမ္မခိုင်းစေခံရသောကြောင့် ILO သို့ ယမန်နှစ်များ၌ တိုင်ကြားမှုများရှိခဲ့ပြီး နအဖအာဏာပိုင်များ၏ ခြိမ်းခြောက်ဖမ်းဆီးမှု ခံခဲ့ကြရသည်။ ရန်ကုန်အခြေစိုက် ILO ရုံးခွဲအရာရှိ များကိုလည်း ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

တိုင်ကြားသည့်ကိစ္စများကို ရန်ကုန် ILO ရုံးခွဲက တိုက်ရိုက်ကိုင်တွယ်နိုင်ခွင့်ရရေး၊ ILO ဆက်သွယ်ရေး အရာရှိအား တိုင်ကြားသူများနှင့် လွတ်လပ်စွာတွေ့ဆုံ စကားပြောခွင့်ရရေး၊ ခိုင်းစေခံရသူများက ခိုင်းစေ သည့်အာဏာပိုင်များအား တရားစွဲသောအခါ ဖမ်းဆီးမှုမလုပ်ရေး စသည်တို့ကို အာမခံချက်ပေးရန် ၂၀၀၆ ခု နိုဝင်ဘာတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ILO အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးမှ နအဖကို တောင်းဆိုခဲ့သည်။

မလိုက်နာပါက မြန်မာနိုင်ငံ၏ အဓမ္မခိုင်းစေနေမှုကိစ္စများကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သို့ တင်ပြမည်ဖြစ်ကြောင်း ILO က ထုတ်ပြန်ခဲ့သည်။

နအဖဘက်က ILO ၏ တောင်းဆိုမှုများကို လောလောဆယ် တနှစ်အာမခံမည်ဖြစ်ပြီး သက်တမ်း ဆက်တိုးသွားဖွယ်ရှိကြောင်း ILO ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံ၏ အဓမ္မလုပ်အားပေးခိုင်းစေမှုများကို ICJ သို့တင်လျှင် ILO ၏ ဖွဲ့စည်းပုံနှင့်မညီကြောင်း၊ ၁၉၅၅ မှ ၁၉၉၀ ခုအထိ ပြည်တွင်းစစ်အတွင်း ပြည်သူ့အင်အားသုံးစွဲမှုတချို့ရှိခဲ့ကြောင်း၊ ယခုလည်း အရပ်ဘက်တွင် ရယကများ အပါအ၀င် အမှုပေါင်း (၅၀) ခန့်နှင့် စစ်ဘက်တွင် (၁၂) မှု အရေးယူခဲ့ သည်ဟု နအဖအလုပ်သမား ဒု-၀န်ကြီး ဗိုလ်ချုပ်အောင်ကြည်က ပြီးခဲ့သည့် ဒီဇင်ဘာ နေပြည်တော် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။     ။

အစာငတ်ခံဆန္ဒပြသူများကို ဖမ်းဆီး၍ စခန်းပြန်ပို့ခရီးရှည်လမ်းလျှောက်သည့်အဖွဲ့ လမ်းဆက်လျှောက်ဆဲ-NEJ / ၂၇ ဖေဖော်ဝါရီ ၂၀၀၇

ကမ္ဘာနှင့်မြန်မာငြိမ်းချမ်းရေးအတွက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အစာငတ်ခံဆန္ဒပြနေသူ
(၈) ဦးနှင့် ပံ့ပိုးကူညီသူ (၂) ဦးတို့သည် ယနေ့မွန်းလွဲ (၂) နာရီခွဲခန့်တွင် ဒေသခံအာဏာပိုင်များ၏ ဒုတိယအကြိမ် ဖမ်းဆီးခံရသည်။

ထိုဆန္ဒပြသူများ (၁၀) ဦးအား ယမန်နေ့နံနက် (၁၁) နာရီခွဲခန့်တွင် မဲဆောက်ရဲစခန်းက ဖမ်းဆီး စစ်ဆေးရာ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူများဖြစ်၍ ထိုင်းရဲက ၎င်းတို့အား ပြန်လည် လွှတ်ပေးလိုက်သည်။

ယနေ့ဒုတိယအကြိမ် ဖမ်းဆီးခံရရာ၌ အစာငတ်ခံဆန္ဒပြသူတဦးထပ်မံတိုးလာပြီး စုစုပေါင်း (၁၁) ဦးအား ထိုင်းစစ်တပ်၊ ထိုင်းရဲနှင့် အုန်းဖျန်ဒုက္ခသည်စခန်းမှ စခန်းတာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က လာရောက်ဖမ်းဆီးခြင်းဖြစ်သည်။

ဆန္ဒပြသူများသည် အုန်းဖျန်ဒုက္ခသည်စခန်း၌ နေထိုင်ခွင့်ရထားသူများဖြစ်၍ ၎င်းတို့အား အုန်းဖျန် ဒုက္ခသည်စခန်းသို့ ထိုစခန်းမှတာဝန်ရှိသူတဦးက ယနေ့ညနေတွင် ခေါ်ဆောင်သွားသည်။ ပံ့ပိုးကူညီသူ (၂) ဦးမှာ မည်သည့်လက်မှတ် အထောက်အထားမျှမရှိသဖြင့် ရဲစခန်းတွင် ထိန်းသိမ်းခံရဆဲဖြစ်သည်။

ဘန်ကောက်မြို့မှ မဲဆောက်သို့ ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်လာသည့် အဖွဲ့ဝင်တဦး ဖြစ်သူ အရှင်ခေမာနန္ဒက “မဲဆောက်မှာ အစာငတ်ခံဆန္ဒပြတဲ့လူတွေ ဖမ်းဆီးခံရတယ်ကြားတော့ ဘုန်းကြီးတို့ စိတ်မချမ်းသာ ဖြစ်ရပါတယ်။ အခု ဘုန်းကြီးတို့ မဲဆောက်မြို့ကိုဝင်ဖို့ ကီလိုမီတာ (၅၀) အကွာမှာ ရောက်ရှိနေပါတယ်” ဟု မိန့်ကြားသည်။

ခရီးရှည်လမ်းလျှောက်သည့် ထိုအဖွဲ့ကို မြန်မာစကားကျွမ်းကျင်စွာပြောတတ်သည့် သူ့ကိုယ်သူ ထိုင်းစစ်တပ်မှ ဒု -ဗိုလ်မှူးကြီးဟုဆိုသူက ခရီးစဉ်ရပ်တန့်ပြီး ဆက်မသွားရန် တားမြစ်ကြောင်း၊ မြန်မာစကားပြောတတ်သည့် ထိုင်းစစ်တပ်မှဆိုသော အဖွဲ့တဖွဲ့ကလည်း လမ်းလျှောက်အဖွဲ့၏ အမည်၊ ဖုန်းနံပါတ်နှင့် မဲဆောက်တွင်တည်းခိုမည့်လိပ်စာ စသည်တို့ကို မေးမြန်းခဲ့ကြောင်း အရှင်ခေမာနန္ဒက မိန့်သည်။

“ဘုန်းကြီးတို့ကို မသွားဖို့တားမြစ်ပေမယ့် ဘုန်းကြီးတို့ကတော့ ခရီးစဉ်ပြီးဆုံးတဲ့အထိ ဆက်လက်လမ်း လျှောက် ချီတက်နေပါတယ်” ဟု ၎င်းကမိန့်ကြားသည်။     ။