အကျဉ်းထောင်တွင်းမှ ဘုရားသားတော်များ -နိုင်ကျော် (၂၈-၉-၀၇)

(၁)

ကျနော်တို့မြန်မာနိုင်ငံဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ဗုဒ္ဓသာသနာ ပြန့်ပွားထွန်းကားခဲ့တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများက ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါးကို အထွတ်အမြတ်ထား ကိုးကွယ်ခဲ့ကြတာပါ။ သံဃာတော်များကိုလည်း ဘုရားရဲ့ သားတော်များအဖြစ် ယုံကြည် ဆည်းကပ်ခဲ့တာပါ။

ဒီကနေ့ နအဖ အစိုးရကလည်း ဘုရားကျောင်းကန်များ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ သံဃာ တော်များအား ဆွမ်း၊ ကွမ်း၊ ဆေး စတဲ့လှူဖွယ် ပစ္စည်းအစုစုနဲ့ အလှူဒါန ပြုနေကြတဲ့အကြောင်း အစိုးရထုတ်နေ့စဉ် သတင်းစာများနဲ့ ရုပ်မြင်သံကြားအစီအစဉ်များမှာ စဉ်ဆက်မပြတ် ဖော်ပြနေ ဆဲပါပဲ။

သိုပေမယ့် ကျနော်ကြုံတွေ့ခဲ့ရတဲ့ စစ်အစိုးရ အာဏာပိုင်များရဲ့ သံဃာတော်များအပေါ် ဆက်ဆံမှု
ဟာ စစ်အစိုးရ မီဒီယာများမှာ နေ့စဉ်ပါနေတာနဲ့ ပြောင်းပြန်အောင် ဆန့်ကျင်နေခဲ့ပါတယ်။ ကျနော် ဟာ သုံးနှစ်နီးပါး စစ်အစိုးရရဲ့အကျဉ်းထောင်များ (အင်းစိန်၊ ပြည်၊ သရက်) မှာ နေခဲ့ရပါတယ်။ ဒီလို နေခဲ့ရတဲ့ ကာလတလျှောက် ခါးသီးမှု အတိနဲ့ ပြီးခဲ့တာပါ။ အစကတည်းက မျှော်လင့်ပြီးသားမို့ ကျနော်ခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ထောင်တွင်းမှ သံဃာတော်များ နေထိုင်၊ စားသောက်ရမှုတွေ၊ ထောင်အာဏာပိုင်များက သံဃာတော်များအပေါ် ဆက်ဆံမှုတွေကို မြင်တွေ့ရတဲ့အခါမှာ ဖော်မပြ နိုင်လောက်အောင် ခံစားခဲ့ရပါတယ်။ စာနဲ့ရေးပြီး ပြောမယ်ဆိုရင် အခြားသူများ တဆင့်ကူးယူ ခံစား နိုင်ဖို့ကို တိကျပေါ်လွင်အောင် ရေးပြနိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါပေမယ့် ကျနော်ပြောပြချင်
နေပါတယ်။ ရေးပြချင်နေပါတယ်။

(၂)

သံဃာတော်များအများစုဟာ နိုင်ငံရေးမှုနဲ့ထောင်ကျလာတာများပါတယ်။ သံဃာတော်များကို
ထောင်ချလိုက်ပြီဆိုတာနဲ့ တပြိုင်နက် သင်္ကန်းဆွဲချွတ်ခြင်းခံရပါတယ်။ အချို့သံဃာတော်များဆိုရင် ထောင်ဒဏ်မကျခင် စစ်ကြောရေးမှာကတည်းက သင်္ကန်းဆွဲချွတ်ခြင်း ခံရပါတယ်။ (ဗုဒ္ဓဘာသာရဲ့ ပညတ်ချက်များအရ ပါရာဇိကမကျတဲ့ရဟန်းတပါးကို အလိုမတူပါပဲ သံဃာမဖြစ်စေနဲ့လို့တားပိုင်ခွင့် မရှိပါဘူး။ ထို့အတူ သင်္ကန်းဆွဲချွတ်ရုံနဲ့ ရဟန်းတပါးဟာ ရဟန်းဘ၀မှသာမန်လူဖြစ်မသွားပါဘူး။)

ထောင်တွင်းမှာ သံဃာတော်များကို အာရုံဆွမ်းကပ်ခြင်းမရှိပါဘူး။ သံဃာတော်များကတော့ ပညက်ချက်အတိုင်း နေ့လွှဲ ညစာ ဆွမ်းမဘုန်းပေးပဲ ကျင့်ခဲ့ကြပါတယ်။ တချို့အလျဉ်းသင့်တဲ့ အခါ များမှာတော့ နိုင်ငံရေးအကျဉ်းသားများက ညနေပိုင်းကျွေးတဲ့ ထမင်းများကို မပုပ်မသိုးအောင် သိမ်း ဆည်းထားပြီး သံဃာတော်များကို အရုဏ်ဆွမ်းကပ်ကြပါတယ်။ ဒါဟာလည်း ခိုးဝှက်ပြီး လုပ်ဆောင် ရတာဖြစ်တယ်။ တကယ်လို့သာ အာဏာပိုင်များက သိခဲ့ရင်ကြီးလေးတဲ့ အပြစ်ဒဏ်များပေးခြင်း ခံရပါတယ်။

သံဃာတော်များ နေရေးထိုင်ရေးကိစ္စတွေမှာလည်း များစွာဒုက္ခရောက်ရပါတယ်။ ရေချိုးတဲ့အခါမှာ ပုံစံနဲ့ချိုးရပါတယ်။ ရေကန်ဘုတ်ကိုင်က ‘ခပ်’ ဆိုမှခပ်ရပြီး ‘ရပ်’ ဆိုရင် ချက်ချင်းရပ်ရပါတယ်။
နောက်ကျရင် နင်ပဲငဆ အဆဲခံရပါသေးတယ်။ ဆွမ်းစားတဲ့အခါမှာလည်း ပုံစံပုဂံပြားကို လက်မှကိုင် တန်းစီထမင်းဘုတ်ကိုင်မှ ထည့်ပေးတာကို လက်နှစ်ဘက်နဲ့ ခံပြီးယူရပါတယ်။ ညအိပ်ရာဝင်တဲ့အခါ မှာလည်း အခန်းလူကြီး၊ အခန်းစာရေးစသည်ဖြင့် အခန်းဆိုင်ရာလူကြီးမင်းများရဲ့ခြေရင်းမှာအိပ်စက် ရပါတယ်။ တရားထိုင်ခွင့် မရှိပါဘူး။ ထောင်တွင်းမှာ ထောင်ဝန်ထမ်းများက သံဃာတော်များကို ဆက်ဆံရာမှာလည်း မင်းနဲ့ငါနဲ့၊ မင်းနဲ့ဆရာနဲ့ (ထောင်ဝန်ထမ်းများဟာ အကျဉ်းသားနဲ့ဆက်ဆံရာမှာ သူတို့ကိုသူတို့ ဆရာလို့ပြောပြီး သူတို့ကိုလည်း ဆရာလို့ ခေါ်ခိုင်းပါတယ်) ပြောဆိုဆက်ဆံပါတယ်။

(၃)

ကျနော်အဆောင် (၅) မှာနေစဉ်အခါက ရန်ကုန်မြို့ရွှေဘုန်းပွင့် ကျောင်းတိုက်များမှ ဆရာတော်များ ဖြစ်တဲ့ ဦးသြဘာသ၊ ဦးဝါယမ၊ ဦးဇောတိက၊ ဦးကောသံလတို့နဲ့ တခန်းတည်း အတူနေခဲ့ရပါတယ်။ ဒီဆရာတော်များဟာ ၁၉၉၀ အောက်တိုဘာလ ဘုန်းတော်ကြီးများ ပတ္တနိက္ကုစ္စန ကံဆောင်ရာမှာ
ပါဝင်ခဲ့တာကြောင့် န၀တမှ ပုဒ်မ ၂၉၅ ( သာသနာကို ညှိုးနွမ်းအောင်ပြုမှု)။ အရေးပေါ်စီမံချက် ပုဒ်မ ၅(ည) ဖြင့် အလုပ်နဲ့ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခံထားရတာဖြစ်တယ်။ ဒီလိုအတူတူနေစဉ်အတွင်း ၁၉၉၁ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့ တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ကျော် မနက် (၃) နာရီ ကျော်ကျော်လောက်မှာ အဆောင်တွင်းကို အယောက် (၅၀) ထက် မနည်းတဲ့ ၀န်ထမ်းများဒလကြမ်း ၀င်ရောက်လာပြီး အကျဉ်းသားအားလုံးကို (အခန်းလူကြီးများမှ အပ) အရေးပေါ်ပုံစံကြီး ထိုင်ခိုင်း ထားစေပါတယ်။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားများထဲမှ ထောင်ပြောင်းရွှေ့မည့် လူများစာရင်းကို တယောက်ချင်း ခေါ်ထုတ်ပြီး အခန်းအပြင်ကို ထွက်စေပါတယ်။ ကျနော်နာမည်လည်း ပါတာကြောင့် ချက်ချင်းထ အိပ်ယာခင်းလိပ်ပြီး အခန်း အပေါက်ဝကို တန်းသွားခဲ့တယ်။ အခန်းဝရောက်တော့ ဆရာတော်များကို နောက်ဆုံးဖူးမြော်ချင်တာကြောင့် အရဲစွန့်ပြီး လှမ်းကြည့်လိုက်မိတယ်။

ကျနော်တွေ့လိုက်ရတာက ဆရာတော်များဟာ တင်ပလ္လင်ခွေထိုင်။ ခါးကို ရှေ့သို့ချိုးကာ နဖူးနဲ့ ကြမ်းပြင်ကိုထိကပ်ထားရပြီး လက်နှစ်ဖက်ကိုလည်း ရှေ့သို့ဆန့်တန်းကာ ကြမ်းပြင်ပေါ် ထိကပ် ထားတာကို တွေ့လိုက်ရပါတယ်။ ထောင်ထဲမှာတော့ အရေးပေါ်ပုံစံကြီးလို့ခေါ်ပါတယ်။ ခံစားလိုက် ရတာက သံဃာတော်များက ၀န်ထမ်းများကို ပြန်ပြီး ဦးချနေသလို မြင်ယောင်ခံစားလိုက်ရပါတယ်။ ဒီမြင်ကွင်းကိုတွေ့လိုက်ရတော့ ကျနော်ဟာ အရာရာကို မေ့လျော့သွားခဲ့ပြီး မှင်သက်နေမိခဲ့တယ်။ ဘယ်လောက် ကြာသွားမှန်းတော့ မသိလိုက်ဘူး။ ကျောပေါ် နံပါတ်တုတ် လေး၊ ငါးချက်ကျလာမှ သတိပြန်ဝင်ခဲ့ပါတယ်။ ဒီအခါ ကျနော့်မျက်လုံးအိမ် မှ မျက်ရည်များ လိမ့်ဆင်းလာခဲ့တယ်။ တုတ်နဲ့ ရိုက်လို့ နာတဲ့ဒဏ်ကြောင့် ကျလာတဲ့ မျက်ရည် မဟုတ်ဘူး ဆိုတာကိုတော့ ကိုယ့်ဘာသာသိလိုက် ပါတယ်။

ကျနော်တို့ အယောက် (၁၀၀) ထောင်ပြောင်းတဲ့အထဲမှာ သံဃာတော် (၆) ပါး ပါလာခဲ့ပါတယ်။
ဒီအထဲက မဂ္ဂင်ဆရာတော်ကြီးဆိုရင် သက်တော် (ရ၄) နှစ်ရှိပြီဖြစ်ပေမယ့် သံခြေချင်းခတ်ပြီး
ပြောင်းရွှေ့ခဲ့ပါတယ်။ သရက်မြို့သဘောင်္ဆိုက်တဲ့နေရာမှ ထောင်အထိကို (၂) နာရီကျော်ကျော် လောက်ထိအောင်လမ်းလျှောက်ရပါတယ်။ လမ်းဘေးတဘက်ဆီမှ ရဲများ၊ ထောင်ဝန်ထမ်းများ၊ စစ်သားများက နံပါတ်တုတ်များ၊ သေနတ်များနဲ့ အစွန်းထွက်သောသူများကို ရိုက်နှက်ပြီး မောင်းခဲ့ပါ တယ်။ ဖိနပ်များကိုလည်း အင်းစိန်ထောင်မှ ထွက်ကတည်းက သိမ်းဆည်းထားတာကြောင့် ခြေ ထောက်အတိုင်းပဲ သွားခဲ့ရပါတယ်။ ဆူးများ၊ ခြုံပုတ်များ၊ မြက်ရိုင်းပင်များကို လုံးဝရှောင်မရဘဲ နင်းပြီးသွားစေခဲ့ပါတယ်။ ဆရာတော်ဟာ ခြေချင်းကို တဖက်၊ အိပ်ယာလိပ်ကိုတဖက်ကိုင်ပြီး ထော့နင်းထော့နင်းနဲ့ သွားနေတာကို လှမ်းမြင်ရတဲ့အတွက် သေသေချာချာကြည့်လိုက်မိတဲ့အခါ ဆရာတော်ရဲ့ ခြေထောက်မှာ သွေးအလိမ်းလိမ်း ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ ကြေကွဲစွာခံစား လိုက်ရပါတယ်။  အာဏာပိုင်တွေက သံဃာတော်များကို ဒီလိုဆက်ဆံခဲ့တာပါ။ ကြေကွဲနာကျဉ်း စရာပါ။

တခါက ၁၉၉၁ ခု အောက်တိုဘာလလောက်ထင်ပါတယ်။ ကျနော်နေတဲ့ အင်းစိန်ထောင် အဆောင် (၅) မှာ သံဃာတော်တပါးဖြစ်တဲ့ ဦးဇင်း ဦးပြည်ကျော်ကို အခန်းလူကြီး အောင်ထွန်းက သူ့ရဲ့ရှေ့မှာ ပုံစံအနေအထားနဲ့လမ်းမလျှောက် ရပါလားဆိုပြီး ဂျပန်များ ပါးရိုက်နည်းကား (ရုပ်ရှင်ထဲမှာ ကြည့် ဘူးတာပါ) ဘယ်ပြန်၊ ညာပြန် အချက်ပေါင်းများစွာ ရိုက်ခဲ့ပါတယ်။ ဒါကို မြင်တွေ့ရတဲ့ နိုင်ငံရေး အကျဉ်းသားများက ချက်ချင်းပဲ အဆောင်မှူး ဦးစောထွန်းထံ သွားရောက် တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ဦးစောထွန်းက ထောင်ထဲမှာ ဘယ်သူမဆို ထောင်ရဲ့အမိန့်ကို လိုက်နာရမယ်လို့ ပြန်ပြော လွှတ်လိုက် တာကြောင့် အခန်းလူကြီး အောင်ထွန်းကလည်း ဦးဇင်းဦးပြည်ကျော်ကို ပြန်တောင်းပန် ခိုင်းပြန်ပါတယ်။ ဦးဇင်းက မတောင်းပန်တာကြောင့် နိုင်ငံရေးအကျဉ်းသားများနဲ့ အကျဉ်းသား အာဏာပိုင်များ ရန်စောင်မှုအထိဖြစ်ခဲ့ပါတယ်။

တချို့တရားရုံးများက ကံဆောင်ရာမှာပါဝင်တဲ့ သံဃာတော်များကို အရေးပေါ်စီမံချက် ပုဒ်မ ၅၊ည နဲ့တရားမစွဲဘဲ သာသနာကို ဖျက်လို ဖျက်ဆီးလုပ်မှုဆိုတဲ့ ပုဒ်မ (၂၉၅ )နဲ့ တရားစွဲ အမိန့်ချမှတ် ခဲ့တာလည်းရှိပါတယ်။ ဒီလို တမှုတည်းနဲ့ ချမှတ်ခြင်းခံရတဲ့ သံဃာတော်များကိုတော့ ရဲဘက်စခန်း များကို ပို့ခြင်းခံရပါတယ်။ ရန်ကုန်မြို့ကိုးထပ်ကြီး ကျောင်းတိုက်မှ ဆရာတော်တပါး (ဘွဲ့အမည် မမှတ်မိတော့ပါ) ဟာ ကံဆောင်ပွဲမှာ ပါဝင်ခဲ့ပြီး ပုဒ်မ (၂၉၅) တမှုတည်းနဲ့ ထောင်ဒဏ် (၃) နှစ် ချမှတ်ခြင်းခံခဲ့ရပါတယ်။ ဒီဆရာတော်ဟာ ၁၉၉၁-ခုနှစ် အောက်တိုဘာလလောက်မှာ ကျနော်နေတဲ့ အဆောင် (၅) မှ ရဲဘက်စခန်းသို့ ခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။

(၄)

ရွှေဘုန်းပွင့် ဆရာတော်တပါးဖြစ်တဲ့ ဦးဇောတိကဟာ သက်တော် (၆၀) ရှိပြီး ၁၉၉၂-ခုနှစ် ဒီဇင်ဘာ လမှာ အင်းစိန်ထောင်တွင်းမှာ နာမကျန်းဖြစ်ခဲ့ပါတယ်။ ထောင်ဆေးရုံမှာ တက်ရောက်ကုသသော် လည်း မသက်သာဘဲ ရောဂါအခြေအနေဆိုးရွားလာခဲ့ပါတယ်။ ထောင်ဆရာဝန်များ လက်လျှော့ လိုက်တဲ့အခါမှာမှ ရန်ကုန်ပြည့်သူ့ဆေးရုံကြီး မြေအောက်ထပ် အကျဉ်းသားများ ဆေးကုသသည့် အဆောင်မှာ တက်ရောက်ကုသခွင့် ရခဲ့ပါတယ်။ ဆေးရုံရောက်ပြီးရက်အနည်းငယ်အကြာမှာပဲပျံလွန် တော်မူသွားခဲ့ပါတယ်။ ခြေတဖက်မသန်တဲ့ ဆရာတော်ဟာ ပျံလွန်တော်မူချိန်အထိ ထောင်ရဲ့အ၀တ် အစား လေးကီလိုခန့်လေးတဲ့ သံခြေချင်း ခတ်ထားခြင်း ခံခဲ့ရပါတယ်။

ဆရာတော်ဦးအာစရဟာ သက်တော် (၃၅) နှစ်ရှိပြီး တရားမ၀င်အသင်းများနဲ့ဆက်သွယ်မှုဖြင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခြင်း ခံထားရတဲ့ ရန်ကုန်မြို့သရက်တောကျောင်းတိုက်မှ ဆရာတော် တပါးဖြစ်ပါတယ်။ ဆရာတော်ဟာ သရက်ထောင်အတွင်း ၁၉၉၆-ခုနှစ် ဇန်န၀ါရီလမှ အသားရောင် အသားဝါရောဂါဖြစ်ပွားပြီး အပြင်းဖျားခဲ့ပါတယ်။ ပြင်ပဆေးရုံသို့ ထုတ်ယူကုသပေးရန် တောင်းဆိုခဲ့ ပေမယ့်လည်း ထောင်အာဏာပိုင်များက ငြင်းဆန်ခဲ့ပါတယ်။ သေလုမျောပါးအချိန်မှ သရက်မြို့ ဆေးရုံသို့ တက်ရောက်ကုသခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် အာဏာပိုင်များရဲ့ပစ်ပယ်မှုကြောင့် တရား မှတ်ကာ ပျံလွန်တော်မူမယ့် ရက်ကိုသာ စောင့်ဆိုင်းနေခဲ့ရတဲ့ အဖြစ်ကို ရောက်ခဲ့ပါတယ်။ အပြင် ဆေးရုံသို့ရောက်ပြီး နှစ်ရက်အကြာမှာ ပျံလွန်တော်မူခဲ့ပါတယ်။

သက်တော် (၅၂) နှစ်ရှိပြီဖြစ်တဲ့ ဆရာတော် ဘဒ္ဒ န္တ ရေ၀တဟာ စစ်အစိုးရကို ဆန့်ကျင်လှုပ်ရှားမှု များမှာ သံဃာတော်များကို ဦးဆောင်ခဲ့တာကြောင့် န၀တ စစ်ခုံရုံးမှ ထောင်ဒဏ် (၁၂) နှစ် ချမှတ် ထားခဲ့ခြင်းခံခဲ့ရပါတယ်။ အကျဉ်းထောင်တွင်း မန္တလေးအကျဉ်းထောင်မှ အိုးဘိုထောင်သို့ ပြောင်း ရွှေ့တဲ့အခါ ဆောက်လုပ်ပြီးကာစ တိုက်ခန်းငယ်ကလေးအတွင်း စိုစွတ်နေတဲ့ သံမံသလင်းပေါ်မှာ ဆင်းရဲပင်ပန်းစွာ အိပ်စက်ခဲ့ရခြင်း။ ဆေးဝါးလုံလောက်စွာ မရရှိခြင်း။ အချိန်မှန်စွာ ဆွမ်းမဘုန်းပေး ရခြင်းတို့ကြောင့် ကျောက်ကပ်ရောဂါ စွဲကပ်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်လယ်လောက်တွင် အာဏာပိုင် များက ထောင်မှပြန်လွှတ်ပေးခဲ့ပြီး ၁၉၉၉-ခုနှစ် ဇန်န၀ါရီလကုန်ပိုင်းမှာ ထောင်တွင်းမှ ခံစားလာရတဲ့ ရောဂါနဲ့ပဲ ပျံလွန်တော်မူသွားခဲ့ပါတယ်။

(၅)

ဒီလို အကျဉ်းစခန်းများဖြစ်တဲ့ ထောင်တွေထဲမှာ၊ စစ်ကြောရေးစခန်းတွေမှာ၊ ရဲဘက်စခန်းတွေမှာ ဘုရားသားတော်များဖြစ်တဲ့ သံဃာတော်များဟာညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဒုက္ခဆင်းရဲမှုတွေ၊ အသက် တွေဆုံးရှုံးနေမှုတွေ ခံနေရပါတယ်။ ဒါတွေဟာ ဘာကြောင့်ပါလဲ။ ဘယ်သူတွေဆီမှာ တာဝန်ရှိပါ သလဲ။ အပြစ်ရှိပါသလဲ မေးခွန်းထုတ်စရာအများကြီးဖြစ်လာရပါတယ်။ ဗုဒ္ဓဘာသာကိုအများအားဖြင့် ကိုးကွယ်ကြတဲ့ တိုင်းပြည်တပြည်က ဗုဒ္ဓဘာသာဝင်တစုဟာ (အမည်ခံတွေလို့ ဆိုစေဦးတော့) ဘယ်ကရတဲ့ မိုက်စိတ် မိုက်သွေးမျိုးနဲ့များ ဒီလိုဝန်လေးတဲ့ ဂရုကံကြီးကို ကျူးလွန်ဝန့်နေကြပါလဲ။ ကျနော်မစဉ်းစားတတ်အောင် ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကျနော်သဘောပေါက်လာတာတခုကတော့ ဒီအဖြစ်အပျက် ဆိုးတွေဟာ စစ်အာဏာရှင်ရဲ့ စိတ္တဗေဒနဲ့ တိုင်းပြည်ရဲ့ ယေဘူယျအခြေအနေ စတာတွေနဲ့ ခွဲမရ အောင်ဆက်စပ်နေတယ်ဆိုတာပါပဲ။ ဒီဖြစ်ရပ်ဆိုးတွေကို နားလည်အောင်ကြိုးစားတဲ့အခါ ဗုဒ္ဓ ဘာသာဝင်ဖြစ်ခြင်း။ မဖြစ်ခြင်းစတဲ့အချက်တွေဟာ အဓိကမကျဘူး ဆိုတာသိမြင်လာပါတယ်။ တချိန်တည်းမှာပဲ ညှင်းပန်းနှိပ်စက်သူဟာ တည်ဆဲအာဏာတည်ဆောက်ပုံစနစ်၊ ဓနဥစ္စာ ခွဲဝေပုံ စနစ်၊ လူမှုအဆင့်အတန်းစနစ်တွေထဲမှာ အခွင့်ထူးခံဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာနဲ့တောင် ပဓာနအား ဖြင့် သိပ်မဆိုင်လှဘူး ဆိုတာကိုပါသိမြင်လာပါတယ်။

တကယ်တော့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အနိုင်အထက်ပြုကျင့်မှု အားကြီးရင်ကြီးသလို နှိပ်စက် ကလူပြုကျင့်မှု (ခြုံပြောရရင် လူ့အခွင့်အရေးချိုးဖောက်မှု) တွေဟာ လူတွေဆီမှာ ထမင်းစား ရေသောက်လို သမရိုးကျအကျင့်တခုလို ဖြစ်လာနေတာသာ ပြဿနာရဲ့ အရင်းခံပါ။ အာဏာ လက်ကိုင်ရှိသူတွေ ဓနဥစ္စာ လက်ဝါးကြီးအုပ်ထားသူတွေက လူတွေရဲ့ အာဏာဥစ္စာဆက်တည်မြဲ ရေးအတွက် လူ့အခွင့်အရေးချိုးဖောက်နေရတာဖြစ်တယ်ဆိုတဲ့ အခြေအနေကို ကျော်လွန်သွားပါပြီ။ လူ့အခွင့်အရေးချိုးဖောက်မှု အနိုင်ကျင့်ချင်တဲ့စေ့ဆော်မှုဟာ ဖြစ်ရိုးဖြစ်စဉ်၊ လုပ်ရိုးလုပ်စဉ်တခု ဖြစ်နေအောင် စစ်အာဏာရှင်စနစ်က လူတွေရဲ့စိတ်ဓာတ်ကို ပုံသွင်းပစ်ခဲ့တာပါ။ စစ်အာဏာရှင် လက်အောက်က လူတဦးချင်းစီရဲ့ ထွက်ပေါက်မဲ့ စိတ်ကို တယောက်ကို တယောက် အနိုင်ကျင့် ညှဉ်းပန်းခြင်းနဲ့ အာသာပြန်ဖြေ သာယာမှုရှာ စတဲ့ ထွက်ပေါက်ရှာ ဖြေစိတ်တွေပဲလို့ ကောက်ချက်ရ မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့တတွေဟာ ဒီစနစ်ဆိုးကြီးကိုသာ မဟုတ်ဘူး။ စိတ်ထဲမှာ အမြစ် နက်နေတဲ့ ဒီအကျင့်ဆိုးကြီးကိုပါ ပြောင်းလဲပစ်ရမယ်ဆိုတာ ကိုယ်စီကိုယ်ငှ လေးနက်ထားကြဖို့ လိုပါတယ်။ ဒီတာဝန်ကို ကျနော်တတ်စွမ်းသ၍ ယူဖို့ ဆုံးဖြတ်ခဲ့ပြီးပါပြီ။ ဒီတော့ အောင်မြင်တဲ့အထိ ရှေ့ဆက်ရမှာကတော့ ကျနော်တို့ရဲ့ သန္နိဋ္ဌာန်ပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: