အခွန်ကြွေးကျန်ကိစ္စ အရေးယူဆောင်ရွက်-NEJ / ၂၃ ဇန်န၀ါရီ ၂၀၀၇

23-1-07_b.gifအခွန်ကြွေးကျန် အများဆုံးစာရင်းဝင် စီးပွားရေးလောကမှ နာမည်ကြီးပုဂ္ဂိုလ်အချို့တို့အပေါ် အမှုဖွင့်ကောက်ခံတော့မည် ဖြစ်ပြီး ၀ရမ်းစွဲကပ်ခြင်း၊ တရားမမှုဖြင့် အရေးယူခြင်း စသည့် နည်းလမ်းများဖြင့် အဆင့်ဆင့် အရေးယူဆောင်ရွက်မည်ဟု သိရသည်။

ယင်းပုဂ္ဂိုလ်တို့သည် မြို့နယ်အဆင့် အခွန်အရာရှိများနှင့် နားလည်မှုယူကာ အခွန်လျှော့ပေါ့ခြင်း၊ တိမ်းရှောင်ခြင်းတို့ကို

ကျူးလွန်ခဲ့ကြသည်ဟု အခွန်ကြွေးကောက်ခံရေးအဖွဲ့မှ အထူးအရာရှိတဦးကပြောသည်။

၎င်းက “သူတို့တွေက မြို့နယ်အခွန်ဦးစီးမှူးရုံးကလူတွေနဲ့ နားလည်မှုယူပြီး လုပ်ထားကြတာ၊ ကျနော်တို့ အထူးအဖွဲ့က စုံစမ်းဖော်ထုတ်နိုင်လို့ သိလာရတာ။ ရုံးဘက်အပိုင်းရော၊ လုပ်ငန်းရှင်အပိုင်းကိုရော အရေးယူသွားဖို့ရှိပါတယ်” ဟု ရှင်းပြသည်။

ပုဂ္ဂလိကကဏ္ဍမှ အမြတ်ခွန်ကြွေးကျန်အများဆုံးပုဂ္ဂိုလ်များအနက် ကမာရွတ်မြို့နယ် ပြည်လမ်းမှ မြေကွက်ကို ရောင်းချခဲ့သူတဦးမှာ ပမာဏအများဆုံးဖြစ်ပြီး တဦးတည်း ကျပ် (၄၅) သန်း အမြတ်ခွန် ကြွေးကျန် ပေးဆောင်ရန်ရှိနေသည်ဟု အခွန်ကြွေးကောက်ခံရေးအဖွဲ့မှ အထူးအရာရှိတဦးကပြောသည်။

အခွန်ကြွေးကျန်အများဆုံး လုပ်ငန်းရှင်များတွင် နာမည်ကျော် စူပါအနုပညာရှင်တဦးလည်း ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်း အခွန်ဦးစီးဌာနမှူးရုံးက ၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်အတွင်း အခွန်ကြွေးကောက်ခံရရှိရေး စီမံချက်ချ ဆောင်ရွက်ခဲ့ရာ တတိယသုံးလပတ်မကုန်မီ ကြွေးကျန် ကျပ် (၁၃.၆) ဘီလီယံကျော်
(၅၃ ရာခိုင်နှုန်း) ကောက်ခံရရှိခဲ့သည်။

ပုဂ္ဂလိကကဏ္ဍ၌ အမြတ်ခွန်ကြွေးကျန် ကျပ်ဘီလီယံ (၂၀) ခန့်ကျန်ရှိပြီး ပြီးခဲ့သည့်နိုဝင်ဘာလကုန်အထိ ကျပ် (၁၂) ဘီလီယံကျော် ကောက်ခံရရှိထားပြီးဖြစ်ကြောင်း သိရသည်။

အမြတ်ခွန်ကြွေးကျန်ရှိသူများသည် ၎င်းတို့အား နှိုးဆော်တောင်းခံသည်ကို ပေးဆောင်ရန် ဆက်လက် ပျက်ကွက်နေမည်ဆိုပါက ဒဏ်ငွေထပ်ရိုက်၍ ထိရောက်စွာအရေးယူဆောက်ရွက်သွားကာ လူသိရှင်ကြား ထုတ်ဖော်သွားရန်ရှိကြောင်း အထက်ပါအထူးအရာရှိက ရှင်းပြသည်။

Leave a comment