ဂျပန်သို့ပို့ပေးမည်ဆိုသော ကုမ္ပဏီ၏ အကြီးအကဲကို စသုံးလုံးက စစ်ဆေးနေ-NEJ / ၂၂ ဇန်န၀ါရီ ၂၀၀၇

ဂျပန်နိုင်ငံသို့ ပို့ဆောင်ပေးမည်ဆိုကာ ငွေကြေးလိမ်လည်ရယူထားမှုဖြင့် တရားစွဲဆိုခံထားရသော PM ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ရုံးတွင် ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။

ရန်ကုန် ကျောက်တံတားမြို့နယ်ရှိ PM ကုမ္ပဏီက ဂျပန်နိုင်ငံတွင် သွားရောက်အလုပ်လုပ်လိုသူ လူငယ် (၂၀၀) ကျော်ထံမှ ၀န်ဆောင်ခစရံစုစုပေါင်း ကျပ်သိန်း (၂,၅၀၀) ကျော် လက်ခံရယူထားပြီး သတ်မှတ် ကာလကျော်သည့်တိုင် တဦးတယောက်ကိုမျှ ဂျပန်သို့မပို့ပေးရာမှ ဤအမှုစတင်ဖြစ်ပွားသည်။

ကုမ္ပဏီဒါရိုက်တာ ဒေါ်မြသောင်းဝေနှင့် ဒေါ်လွင်သောင်းဝေတို့ ညီအစ်မက လူငယ်များထံမှ တဦးလျှင် စရံကျပ် (၁၀) သိန်းမှ သိန်း (၄၀) အထိ ငွေလက်ခံဖြတ်ပိုင်းဖြင့်ယူထားပြီး (၆) လအတွင်း မပို့ပေးနိုင် လျှင် ငွေပြန်အမ်းမည်ဟု ကတိပြုလက်မှတ်ရေးထိုးပေးခဲ့ကြောင်း စရံပေးထားသူများကပြောသည်။

သတ်မှတ်ကာလ (၆) လကျော်သော်လည်း ငွေပြန်မရသဖြင့် စရံပေးထားသူများအနက် (၁၀) ဦးက ပြီးခဲ့သည့်ဒီဇင်ဘာတွင် ကျောက်တံတားရဲစခန်း၌ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀ (ပ) ၁၀၄၈ ဖြင့် အမှုဖွင့်ခဲ့ကြသည်။

“အမှန်က ရဲအရေးပိုင်ဖြစ်ပေမယ့် သူတို့က မစစ်ဆေးရဲလို့ စသုံးလုံးက တာဝန်ယူစစ်ပေးနေရတာ ဖြစ်ပါတယ်” ဟု ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်းရှိ စသုံးလုံးရုံးမှ ဦးစီးအရာရှိတဦးက ရှင်းပြသည်။

PM ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်မြသောင်းဝေကို ယခုလ (၁၇) ရက်တွင် စသုံးလုံးရုံးသို့ စတင်ခေါ်ယူစစ်ဆေးနေပြီး ၎င်းက “ကြိုက်သလိုအရေးယူနိုင်ကြောင်း၊ ငွေများကိုပြန်ပေးလိမ့်မည် မဟုတ်ကြောင်း” ပြောဆိုသည်ဟု စသုံးလုံးရုံးဝန်ထမ်းအသိုင်းအ၀ိုင်းမှ ကြားသိရသည်။

“သူ့အဖေက ဗိုလ်မှူးကြီးသောင်းဝေဦးလေ၊ သူ့အရှိန်အ၀ါက ခုထိရှိနေပါသေးတယ်။ ရဲစခန်းမှာ အမှုဖွင့်ပြီးညမှာပဲ အာမခံရလို့ အပြင်မှာ ပေါ်ပေါ်ထင်ထင် နေနေတာပဲ။ ရဲတွေတောင် အရေးတယူ မစစ်ဆေးရဲတာသာ ကြည့်တော့။ သူတို့က တော်တော်လေး ပေါက်ပေါက်မြောက်မြောက်ရှိတော့ တင်းနိုင်တာပေါ့” ဟု စရံကျပ်သိန်း (၂၀) ပေးထားသည့် လူငယ်တဦးကပြောသည်။

ဒေါ်မြသောင်းဝေနှင့် ဒေါ်လွင်သောင်းဝေတို့ ညီအစ်မသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၀င် အငြိမ်းစားဗိုလ်မှူးကြီးသောင်းဝေ၏ သမီးများဖြစ်သည်။

ပြည်တွင်းထုတ် သတင်းဂျာနယ်အချို့တွင် အဆိုပါ PM ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာက ကုမ္ပဏီ
ဒေ၀ါလီခံရန် အစီအစဉ်မရှိဘဲ လုပ်ငန်းဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ပြီး ရယူထားသောစရံငွေများ ကိုလည်း ပြန်လည်ပေးဆပ်သွားမည်ဖြစ်ကြောင်း ဖြေရှင်းချက်သတင်းများ ထုတ်ပြန်ထားသည်ကို တွေ့ရသော်လည်း လက်တွေ့တွင် စရံပေးထားသည့် မည်သူ့ကိုမျှ ဂျပန်သို့ မပို့ပေးနိုင်သေးသကဲ့သို့ စရံများလည်း ပြန်မပေးသေးကြောင်း သိရသည်။     ။

Leave a comment