မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ပေးရန် ၈၈ မျိုးဆက်ကျောင်းသားများတောင်းဆို

NEJ/ ၁၉ နိုဝင်ဘာ ၂၀၀၇-နအဖစစ်အစိုးရ၏ ဒီမိုကရေစီရေးလမ်းပြမြေပုံကို အတိအလင်း ဆန့်ကျင်ကန့်ကွက်ရန်အာ
ဆီယံခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်းထံ ၈၈ မျိုးဆက်ကျောင်းသားများက ယနေ့တောင်းဆိုသည်။

စင်ကာပူနိုင်ငံ၌ကျင်းပနေသည့် (၁၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်နေသော အာဆီယံနိုင်
ငံ ခေါင်းဆောင်များထံ ပေးပို့သည့်စာ၌ တောင်းဆိုခြင်းဖြစ်သည်။

“ငွေကြေးထောက်ပံ့မှုတွေ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို နအဖနဲ့မလုပ်ဘဲ မြန်မာပြဿနာ အဖြေရှာဖို့အတွက်
ကုလသမဂ္ဂ၊ အမေရိကန်၊ အီးယူနဲ့ အခြားနိုင်ငံတွေနဲ့အတူ ပူးပေါင်း လုပ်ဆောင်ဖို့ အာဆီယံကို ကျနော်တို့ တောင်းဆိုပါ
တယ်” ဟု ၈၈ မျိုးဆက်ကျောင်းသားများ၏ ပေးစာ၌ပါရှိသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စစ်မှန်သည့်တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်စတင်နိုင်ရေး မြန်မာစစ်အစိုးရကို
ဖိအားပေးရန်နှင့် နိုင်ငံတကာအသိုင်းအ၀န်း၏ အားထုတ်ကြိုးပမ်းမှုများကို စစ်အစိုးရက ဆက်လက်လျစ်လျူရှုနေပြီး သိ
သာ ထင်ရှားသည့် ရလဒ်ထွက်မလာပါက နအဖကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားရန်လည်း တိုက်တွန်းထား
သည်။

အာဆီယံကရေးဆွဲထားသည့် အာဆီယံပဋိညာဉ်ကို ကြိုဆိုကြောင်းနှင့် ထိုပဋိညာဉ်သည်ဒေသတွင်း နေလူထုအားလုံး၏ လူ့အခွင့်အရေးကို ကာကွယ်ပေးနိုင်ရန် အသုံးဝင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၈၈မျိုးဆက်ကျောင်းသားများက ပြော
သည်။

အာဆီယံခေါင်းဆောင်များထံ ပေးပို့သည့်စာကို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုထွန်းမြင့်အောင်၊
ကိုစိုးထွန်းနှင့် မနီလာသိန်းတို့က လက်မှတ်ရေးထိုးထားသည်။

မြန်မာကိုအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းရန် အာဆီယံပယ်ချ

AP/ ၁၉ နိုဝင်ဘာ ၂၀၀၇-မြန်မာနိုင်ငံအား အာဆီယံအဖွဲ့ဝင်အဖြစ်မှရပ်ဆိုင်းရန် အမေရိကန်အ
ထက်လွှတ်တော်၏ တောင်းဆိုချက်ကို အာဆီယံအဖွဲ့က ပယ်ချလိုက်သည်။မြန်မာနိုင်ငံသည်
အာဆီယံ၏မိသားစုဝင်ဖြစ်ကြောင်း၊ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းခြင်းဖြင့် ရလဒ်ကောင်းများ ရမည်
မဟုတ်ကြောင်း၊ ဆွေးနွေးခြင်းဖြင့်သာအဖြေရှာမည်ဖြစ်ကြောင်းအာဆီယံအတွင်းရေးမှူးချူပ်
အောင်ကင်ယောင်က အာဆီယံနှစ်ပတ်လည် ညီလာခံမတိုင်မီတွင် ပြောကြားခဲ့သည်။ ၎င်းက
“ခင်ဗျားဟာ မိဘတယောက်ဆိုရင် သားဆိုးတယောက်ကို အိမ်ပြင်ကိုထွက်သွားစမ်း၊ငါ မင်းနဲ့
စကားမပြောချင်ဘူးလို့ ခင်ဗျားပြောမလား” ဟုသတင်းထောက်များကို ပြောသည်။ အောင်ကင်
ယောင်က ကမ္ဘာ့နိုင်ငံများသည် ဒီမိုကရေစီကို ထောက်ခံအားပေးသည့် နိုင်ငံများဖြစ်သော်လည်း
၎င်းတို့၏ အကြံဥာဏ်များကသာလျှင် အလုပ်ဖြစ်လိမ့်မည်ဟု ပြောဆိုနေခြင်းသည် တရားမျှတမှု
ရှိပါသလားဟု မေးခွန်းထုတ်ခဲ့သည်။

အမေရိကန်အထက်လွှတ်တော်က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲကို စစ်အစိုးရကအ
ကြမ်းဖက်နှိမ်နင်းခဲ့သည့်အတွက် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းရေးအတွက်
တညီတညွတ်တည်းမဲပေးရန် ပြီးခဲ့သည့်သောကြာနေ့၌် သဘောတူဆုံးဖြတ်ခဲ့သည်။

ယင်းတောင်းဆိုဆုံးဖြတ်ချက်ကို အမေရိကန် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဘာဘ
ရာဘောက်စ်ဆာကတင်သွင်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်း
ရေးအတွက် အနှစ်သာရရှိသည့်လုပ်ငန်းများ လုပ်ဆောင်ရန် အာဆီယံအား တိုက်တွန်းသည်။

အောင်ကင်ယောင်က မြန်မာစစ်အစိုးရသည် သီးခြားနေရသည်ကို စိုးရိမ်ပူပန်ပုံမရှိဘဲ အထီး
ကျန်ဖြစ်စေရေး ၀ိုင်းဝန်းလုပ်ဆောင်မှုကိုလည်း စိုးရိမ်ကြောက်ရွံ့မည်မဟုတ်ဘဲ နိုင်ငံကိုတံခါး
ပိတ်၍နေမည်သာဖြစ်ကြောင်း ပြောဆိုသည်။

သက်တမ်း (၄၀) ပြည့်ပြီဖြစ်သည့် အာဆီယံအဖွဲ့ကြီး၏ (၁၃)နှစ်မြောက် ထိပ်သီးညီလာခံနှင့်
အခြားဆက်နွှယ်သည့် အစည်း အဝေးများကို စင်ကာပူနိုင်ငံတွင် ယခုလ (၁၉) မှ (၂၂) ရက်
အထိ ကျင်းပမည်ဖြစ်သည်။

အာဆီယံအဖွဲ့တွင် အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ ဘရူနိုင်း၊ ဗီယက်နမ်၊
လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာ နိုင်ငံတို့ပါဝင်သည်။

မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းနှင့် နည်းပညာရောင်းချသူ (၁၄) ဦး ပြစ်ဒဏ်ချမှတ်ခံရ

NEJ / ၁၆ အောက်တိုဘာ ၂၀၀၇-မြန်မာနိုင်ငံသို့ လက်နက်ပစ္စည်းများနှင့် နည်းပညာများကို တရားမ၀င်ရောင်းချမှုဖြင့် တောင်ကိုရီးယားနိုင်ငံသား (၁၄) ဦးကို ပြစ်မှုထင်ရှားကြောင်း တရားရုံးက ယမန်နေ့၌ စီရင်ချက်ချမှတ်လိုက်သည်။ဒေး
ဝူးအင်တာနေရှင်နယ် ဥက္ကဋ္ဌဟောင်း လီတေယွန်အား လက်နက်ပစ္စည်းတင်ပို့မှု၊ နည်းပညာပေါက်ကြားမှုတို့ဖြင့် ဆိုးလ်
မြို့ဗဟိုတရားရုံးချုပ်က အမေရိကန်ဒေါ်လာ(၅၄,၅၅၀) တန်ဖိုးရှိသည့် တောင်ကိုရီးယားဝမ်ငွေ သန်း (၅၀) ပေးဆောင်
ရန် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း တရားရုံးတာဝန် ရှိတဦးကို ကိုးကားပြီး အေပီသတင်းတွင်ဖော်ပြသည်။

စီးပွားရေးခေါင်းဆောင် (၁၀) ဦးမှာလည်း အလားတူ ငွေကြေးပမာဏအတိုင်း ဒဏ်ငွေချမှတ်ခံရပြီး ကျန် (၃) ဦးမှာမူ
ဆိုင်းငံ့ ထောင်ဒဏ် (၂) နှစ်မှ (၃) နှစ်ကြား ပြစ်ဒဏ်ချမှတ်ခံရကြောင်း အဆိုပါ တရားရုံးတာဝန်ရှိက ပြောသည်။

လက်နက်စက်ရုံ တည်ဆောက်ရေးပစ္စည်းများနှင့်နည်းပညာများကို မြန်မာနိုင်ငံသို့တရားမ၀င်တင်ပို့ရောင်းချမှုဖြင့် ထိပ်
တန်း တောင်ကိုရီးယားကုမ္ပဏီများမှ အရာရှိ(၁၄) ဦး၏ အဆိုပါအမှုကို ယမန်နှစ် ဒီဇင်ဘာတွင် စတင်စွဲဆိုခဲ့ခြင်းဖြစ်
သည်။

တရားစွဲခံရသူများသည် ဒေ၀ူးအင်တာနေရှင်နယ်နှင့် Doosan Infracore ကဲ့သို့သော ကုမ္ပဏီကြီးများအပါအ၀င်
ကုမ္ပဏီ (၇) ခုမှ ဖြစ်ပြီး ၎င်းတို့ထဲတွင် ဒေ၀ူးအင်တာနေရှင်နယ်ဥက္ကဋ္ဌ လီတေယွန်း၊ ယခင် Daewoo Heavy In-
dustries ဥက္ကဋ္ဌ ယန်ဂျေရှင်းနှင့် DoosanInfracore ၏ ဒု-ဥက္ကဋ္ဌတို့လည်း ပါဝင်သည်။

(၁၀၅) ဟောင်ဝစ်ဇာအမြောက်နှင့် တင့်ကားဖျက်ကျည်အပါအ၀င် ကျည်အမျိုးမျိုးအရေအတွက် သောင်းနှင့်ချီ၍ နှစ်
စဉ်ထုတ် လုပ်နိုင်သည့် စက်ရုံကို မြန်မာနိုင်ငံတွင် တည်ဆောက်ရန်ဒေ၀ူးနှင့်အတူ အခြားကိုရီးယားကုမ္ပဏီများသည်
မြန်မာစစ်အစိုးရ နှင့် ၂၀၀၁ ခု၌ အမေရိကန်ဒေါ်လာ (၁၃၃.၈) သန်းဖိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းကုမ္ပဏီများသည် မြန်မာနိုင်ငံ ပြည်မြို့အနီးရှိ လက်နက်စက်ရုံအတွက် တည်ဆောက်ရေးဆိုင်ရာ ပစ္စည်းများနှင့်
စစ်လက်နက်ထုတ်လုပ်သည့် ပစ္စည်းအမျိုးအစားပေါင်း (၄၈၀) ကျော်ကို ၂၀၀၂ ခုနှင့် ၂၀၀၆ ခုအတွင်း တင်ပို့ခဲ့သည်။

ယင်းလက်နက်စက်ရုံတည်ဆောက်မှုလုပ်ငန်းသည် (၉၀) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး ဒေ၀ူးကုမ္ပဏီကလုပ်ငန်းအစီအ
စဉ်ရေးဆွဲကာ စက်ရုံတည်ဆောက်ရေးဆိုင်ရာ ပစ္စည်းများနှင့် လက်နက်ထုတ်လုပ်ရာတွင် လိုအပ်သည့် အစိတ်အပိုင်း
များအတွက် Doosan Infracore ကတာဝန်ယူခဲ့သည်။

တောင်ကိုရီးယားသည် လက်နက်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် စီးပွားဖြစ်ပို့ကုန်များကို ပိတ်ပင်သည့် wassen-
aar Agreement ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံဖြစ်သည့်အပြင် မြန်မာနိုင်ငံသို့ လက်နက်အစိတ်အပိုင်းနှင့်
လက်နက်ထုတ် လုပ်မှုဆိုင်ရာပစ္စည်းများ၊ နည်းပညာများ တင်ပို့ရောင်းချခြင်းကို တားမြစ်ထားသည်။

ပီညဲရိုး နိုင်ငံရေးအကျဉ်းသားများနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံခရီးစဉ်ကို အဆုံးသတ်

NEJ/ ၁၆ နိုဝင်ဘာ ၂၀၀၇-ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်
ပါမောက္ခ ပေါ်လိုဆာဂျီယို ပီညဲရိုးသည် (၁၈) နှစ်ကျော် အကျဉ်းကျခံနေရသည့် သတင်းစာဆ
ရာကြီး ဦးဝင်းတင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအချို့နှင့်တွေ့ဆုံပြီးနောက် ၎င်း၏ (၅)ရက်
ကြာ မြန်မာနိုင်ငံခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။ပီညဲရိုးသည်ယမန်နေ့မွန်းလွဲပိုင်းက အင်းစိန်ဗဟို
အကျဉ်းထောင်သို့ သွားရောက်ကာနှစ်ရှည်နိုင်ငံရေးအကျဉ်းသား ဦးဝင်းတင်၊ ယခုသီတင်းပတ်
အင်္ဂါနေ့၌ဖမ်းဆီးခံရသည့် လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေး၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်း
ဆောင် ကိုမင်းဇေယျတို့ အပြင် ပုသိမ်မြို့မှအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးမောင်ကံနှင့် ဦး
ကြည်သန်းတို့ကိုပါတွေ့ဆုံခဲ့ကြောင်း ယနေ့ထုတ်နအဖသတင်းစာများတွင်ပါရှိသည်။ဦးဝင်းတင်
သည် ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး စိတ်ဓာတ်မြင့်မားဆဲဖြစ်ကြောင်း၊ ဖမ်းဆီးထားသူ
အများအပြားကို လွှတ်ပေးခဲ့သည့်အတွက် စစ်အစိုးရကို ကျေးဇူးတင်ကြောင်းနှင့် ၎င်းတွေ့ဆုံခဲ့
သူများအပါအ၀င် ပြန်မလွတ်သေးသည့် နိုင်ငံရေးအကျဉ်းသားများအတွက် စိုးရိမ်ပူပန်မိကြောင်း
ပီညဲရိုးက ရန်ကုန်လေဆိပ်တွင်ပြုလုပ်သည့် ယမန်နေ့သတင်းစာရှင်းလင်းပွဲ၌ပြောကြားကြောင်း
အေဂျင်စီသတင်းများတွင် ဖော်ပြသည်။

ထိန်းသိမ်းခံထားရသူတို့၏ အခြေအနေနှင့် အမည်စာရင်းအချက်အလက်များကို စစ်အစိုးရက
ပေးလိုက်သည့်အတွက် အလွန်ဝမ်းမြောက်မိကြောင်း၊သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့
ဆုံရန် တောင်းဆိုချက်ကိုမူ စစ်အစိုးရက ခွင့်မပြုခဲ့ကြောင်း ပီညဲရိုးက ပြောသည်။

ပီညဲရိုးသည် (၄) နှစ်ကျော် မြန်မာနိုင်ငံလာရောက်ခွင့် ပိတ်ပင်ခံခဲ့ရပြီးနောက် ပြီးခဲ့သည့်
စက်တင်ဘာတွင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း စစ်အစိုးရ၏လူ့အခွင့်အရေး ချိုးဖောက်မှု
များကို စုံစမ်းစစ်ဆေးရန် ယခုလ (၁၁) ရက်က မြန်မာနိုင်ငံသို့ လာ ရောက်ခွင့် ရရှိခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း မြန်မာအာဏာပိုင်များနှင့်သာမက ကုလသမဂ္ဂအမှုထမ်းများ၊ သံဃာတော်များ၊
ဖမ်းဆီးခံထားရသူများ၊ တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကျယ်ကျယ်
ပြန့်ပြန့်တွေ့ဆုံနိုင်ခဲ့သည်။

ပီညဲရိုးသည် ထိုင်းနိုင်ငံသို့ရောက်ရှိနေပြီး ယနေ့နံနက်၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့
ကြောင်း ထိုင်းနိုင်ငံခြားရေးဝန် ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပီညဲရိုးသည် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်သည့် ၎င်း၏ စုံစမ်းစစ်ဆေး
တွေ့ရှိချက်များကို ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီသို့ အစီရင်ခံတင်ပြမည်ဖြစ်သည်။

ပြည်သူလူထု၏ သတင်းပေးမှုကြောင့် ကမ္ဘာ့မီဒီယာများတွင် မြန်မာသတင်းနေရာယူနိုင်ခဲ့ဟု သတင်းသမဂ္ဂပြောကြား

ကျော်ထင်(ထိုင်း) / ၁၆ နိုဝင်ဘာ ၂၀၀၇ -ပြီးခဲ့သည့် စက်တင်ဘာဆန္ဒပြမှုများတွင် ဖြစ်ပွားခဲ့
သောအချက်အလက်များ၊ ဓာတ်ပုံ၊ ဗီဒီယို စသည်တို့ကို သတင်းထောက်များက ပေးပို့ခြင်းမ
ဟုတ်ဘဲ Citizen Journalist ဟု ခေါ်ဝေါ်သုံးစွဲသည့် ပြည်သူလူထုမှ အဆက်မပြတ် ပေးပို့ခဲ့
ကြ ခြင်းကြောင့်သာ စစ်အစိုးရ၏ အကြမ်းဖက်သတ်ဖြတ်နှိမ်နင်းမှုများကို ကမ္ဘာ့မီဒီယာများတွင်
ထိပ်တန်းသတင်းများအဖြစ် ဖော်ပြနိုင် ခြင်းဖြစ်ကြောင်း မြန်မာသတင်းသမဂ္ဂက ပြောဆိုသည်။
ယမန်နေ့က ထိုင်းနိုင်ငံတွင် ကျင်းပပြီးစီးသွားသည့် (၅) ကြိမ်မြောက် မြန်မာသတင်းသမဂ္ဂ (
BMA) ညီလာခံအပြီးတွင် BMA ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောဆိုခြင်းဖြစ်သည်။၎င်းက “အ
ဓိကတော့ Citizen Journalist တွေ လူထုသတင်းသမားတွေပေါ့။ သူတို့ကသတင်းသမားတွေ
လည်းမဟုတ်ဘူး၊ သတင်းပညာလည်းမသင်ဖူးဘူး။ သို့သော်သူတို့မှာကင်မရာရှိတယ်။ ကင်မရာ
ပါတဲ့ လက်ကိုင်ဖုန်းတွေရှိတယ်။ အဲဒါတွေနဲ့ ရိုက်ပြီးတော့ အင်တာနက်ကနေပို့တယ်။ အဓိကအ
ချက်ကတော့ အင်တာနက်နည်းပညာလည်း အရေးပါသလို Citizen Journalist တွေ လည်း
အရေးပါတယ်။ အင်တာနက်မှာ ရုတ်တရက်တော့ တင်လို့မရဘူး။ နည်းနည်းပါးပါး လေ့လာရ
တယ်လေ။ အဲလိုမျိုး လေ့လာနိုင်တဲ့ လူငယ်တွေလည်းရှိလာတော့ ဆုံသွားလို့လည်း ပါတာပေါ့”
ဟု ပြောသည်။

လက်ရှိ ပြည်တွင်း မီဒီယာအခြေအနေအရ ပြည်တွင်းသတင်းထောက်များ လွတ်လပ်စွာလုပ်
ဆောင်ခွင့် မရှိသောကြောင့် ပြည်သူလူထုမှ သတင်းပို့သောပုံစံဖြစ်သည့် Citizen Journalism
နှင့်မြန်မာနိုင်ငံအနေအထားသည် အံဝင်ခွင်ကျဖြစ်ကြောင်း၊၎င်းတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်
နိုင်ပါကမြန်မာသတင်းမီဒီယာများအတွက် အကျိုးရှိသကဲ့သို့ မြန်မာသတင်းများလည်းကမ္ဘာကို
ပြန့်လာမည်ဖြစ်ကြောင်း ဦးမောင်မောင်မြင့်ကပြောသည်။

ညီလာခံတွင် မြန်မာသတင်းထောက်များကာကွယ်ရေးအပါအ၀င် မြန်မာ့မီဒီယာအခန်းကဏ္ဍတိုး
တက်ရေးအတွက် ဆွေးနွေး ခဲ့ကြသည်။

ထို့အပြင် မြန်မာသတင်းထောက်များကာကွယ်ရေးကော်မတီ Burma Journalists Protection
Committee (BJPC) မှ မြန်မာသတင်းသမားများအတွက် နိုင်ငံတကာသတင်းအဖွဲ့အစည်း
(၄)ဖွဲ့ဖြစ်သော နယ်ခြားမဲ့သတင်းထောက်များအဖွဲ့ RSF, CPJ, BMA နှင့် Inst တို့၏ ထောက်
ခံမှုပါရှိသော ကဒ်များထုတ်ပေးခဲ့သည်။

“သတင်းသမားတွေပေါ့နော်၊ယုံကြည်ချက်ခိုင်ခိုင်မာမာရှိတဲ့ သတင်းသမားတွေအတွက်လုံခြုံရေး
ကို ရည်ရွယ်ပြီးတော့ အထူးသ ဖြင့် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ သတင်းထောက်
တွေရဲ့လုံခြုံရေးပေါ့။ နောက်ပြီးတော့သူတို့အလုပ်လုပ်တဲ့အခါ မှာလည်းလုံလုံခြုံခြုံနဲ့ အလုပ်လုပ်
နိုင်ဖို့အတွက်ကို ရည်ရွယ်တာပေါ့။ ဒီဟာက ခရီးသွားလက်မှတ်မဟုတ်ဘူး။ နေထိုင်ခွင့်လက်
မှတ်မဟုတ်ဘူး။ သို့သော် သူတို့အနေနဲ့ သတင်းသမားအစစ်ဖြစ်ကြောင်း ပြောပြနိုင်တယ်ဆို
လို့ရှိရင် အလုပ်လုပ်ရတဲ့အခါမှာ လွယ်ကူလိမ့်မယ်”ဟု ဦးမောင်မောင်မြင့်က ပြောသည်။

ညီလာခံသို့ နိုင်ငံခြားသတင်းထောက်များအပါအ၀င် နိုင်ငံတကာတွင် ပျံ့နှံ့နေထိုင်ကြသော
မြန်မာမီဒီယာသမား (၁၀၀) ကျော် ခန့် တက်ရောက်ခဲ့ကြပြီး Burma Media Institution
ထူထောင်နိုင်ရေးကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

ချင်းတွင်းမြစ်အတွင်း ရေယာဉ်နစ်မြုပ်၊ လူ (၂၃) ဦး ပျောက်ဆုံးနေ

NEJ/ ၁၅ နိုဝင်ဘာ ၂၀၀၇-စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့အနီး ချင်းတွင်းမြစ်နှင့် ဥရုချောင်းဆုံရာ၌ခရီးသည်တင်အမြန်ရေ
ယာဉ်တစီးတိမ်းမှောက်နစ်မြုပ်သဖြင့်လိုက်ပါလာသူ ခရီးသည် (၁၇၀) ဦးအနက် (၁၄၇) ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်
သူများကို သက်ဆိုင်ရာက ရှာဖွေနေဆဲဖြစ်ကြောင်း ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာ၌ ပါရှိသည်။

နစ်မြုပ်သွားသည့် သိင်္ဂံမိုးရေယာဉ်မှာ ပြီးခဲ့သည့် အင်္ဂါနေ့ ညနေ (၆) နာရီခန့်က ဟုမ္မလင်းမြို့မှ နန်းတောကျေးရွာသို့
မောင်းနှင်သွားစဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရရှိသည့် ခရီးသည်များကို ယာယီကယ်ဆယ်ရေးစခန်းများ၌ထားရှိပြီး ရေယာဉ်နစ်မြုပ်မှုနှင့်ပတ်သက်၍ရေ
ယာဉ်မောင်းသူကို ဖမ်းဆီးကာ အမှုဖွင့်ထားကြောင်းသိရသည်။

ယခုရေယာဉ်နစ်မြုပ်မှုသည် ယခုနှစ်အတွင်း တတိယအကြိမ်မြောက်ရေယာဉ်မတော်တဆ နစ်မြုပ်မှုဖြစ်သည်။ပြီးခဲ့သည့်
မေလ၌ တွံတေးတူးမြောင်းအတွင်း ရေယာဉ်တိုက်မှုတွင်အနည်းဆုံး လူ (၆) ဦး သေဆုံးခဲ့ပြီး မတ်လအတွင်း၌ တိုးမြစ်
အတွင်း စက်လှေနစ်မြုပ်မှုတွင်(၁၆) ဦးသေဆုံးခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းအပစ်ရပ်အဖွဲ့များကို ယဉ်ကျေးမှုဝန်ကြီးတွေ့ဆုံ

NEJ /၁၅ နိုဝင်ဘာ ၂၀၀၇ -နအဖသတင်းထုတ်ပြန်ရေးအဖွဲ့ဝင်လည်းဖြစ်သူ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ်ခင်အောင်မြင့်
သည် ရှမ်းပြည်မြောက်ပိုင်းအခြေစိုက်အပစ်ရပ်အဖွဲ့များဖြစ်သည့် ရှမ်းပြည်တပ်မတော် (SSA)၊ ၀ပြည်သွေးစည်းညီညွတ်
ရေးတပ်မတော် (UWSA)၊ ကိုးကန့်အဖွဲ့(MNDA)၊ ကချင်ကာကွယ်ရေး တပ်မတော် (KDA) တို့မှခေါင်းဆောင်များကို
လာရှိုးမြို့၌ ယမန်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့သည်။အပစ်ရပ်အဖွဲ့များကို စစ်ထောက်လှမ်းရေးများ၊ စစ်တိုင်းမှူးများက
သာ ခေါ်ယူတွေ့ဆုံလေ့ရှိပြီး ယခုကဲ့သို့ အရပ်ဘက်ဝန်ကြီးလည်းဖြစ်၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်လည်းဖြစ်သူက ခေါ်
ယူတွေ့ဆုံခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

တရုတ်နယ်စပ်မှ စစ်ရေးအကဲခတ်သူ ဦးအောင်ကျော်ဇောက “ကိုးကန့်က ဖုန်ကြားဖုတက်တယ်။“၀” က ဦးလျောက်မိ
လျံတက်တယ်။ သူတို့တွေ ဘာတွေဆွေးနွေးတယ်ဆိုတာမသိရသေးဘူး၊ဒါပြီး မြစ်ကြီးနားကိုသွားပြီး ကချင်အဖွဲ့တွေကို
တွေ့မှာ၊ သူတို့တွေကို အရင်လိုကြေညာချက်ထုတ်ခိုင်းတာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

နိုဝင်ဘာ (၁၄) ထုတ်နအဖသတင်းစာများတွင် နိုင်ငံရေးပါတီတခုဖြစ်သည့် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နှင့်
လက်နက်ကိုင်ငြိမ်းချမ်းရေးယူထားသောအဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်တို့က ကုလသမဂ္ဂအထူးကိုယ်စားလှယ်
မစ္စတာဂမ်ဘာရီမှတဆင့် နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်အပေါ် ကန့်ကွက်
ဝေဖန်၊ မထောက်ခံဘဲ နအဖ၏လမ်းပြမြေပုံကို ထောက်ခံသည့် ကြေညာချက် အသီးသီးထုတ်ပြန် ဖော်ပြခဲ့သည်။

အလားတူကြေညာချက်မျိုးကို အဆိုပါအပစ်ရပ်အဖွဲ့များအား ထုတ်ပြန်ခိုင်းနိုင်သည်ဟု နယ်စပ်စစ်ရေးလေ့လာသူများက
သုံးသပ်သည်။

အပစ်ရပ်အဖွဲ့များကို နအဖက မကြာခဏ ကြေညာချက်များ ထုတ်ပြန်ခိုင်းလေ့ရှိပြီး ၂၀၀၆ ခုနှစ် ကုန်ပိုင်းတွင် မြန်မာ့အ
ရေးကိုလုံခြုံရေးကောင်စီတွင် ဆွေးနွေးမည့်ကိစ္စအား ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ရန် ငြင်းဆန်ခဲ့သည့် ကချင်
ပြည်လွတ်လပ်ရေးအဖွဲ့အား စစ်အစိုးရက စီးပွားရေးနဲ့စစ်ရေးအရ ဖိအားပေးမှုများရှိခဲ့ပြီး ခရီးသွားလာမှုများကိုစစ်ဆေး
တင်းကြပ်ခဲ့ကြောင်းသိရသည်။

ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ခွင့်သက်တမ်း (၂) နှစ်ထပ်တိုးပေးမည်

NEJ/ ၁၅ နိုဝင်ဘာ ၂၀၀၇-ထိုင်းနိုင်ငံတွင်လုပ်ကိုင်နေသည့် အလုပ်လုပ်ခွင့်လက်မှတ်ရှိသည့် ရွှေ့ပြောင်းအလုပ်သမား
များကို အလုပ်လုပ်ခွင့်လက်မှတ်သက်တမ်း နောက်ထပ် (၂) နှစ်ထပ်မံတိုးပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာ
နက သတင်းထုတ်ပြန်သည်။ယခုလ (၁၂) ရက်နေ့တွင် ထိုင်းနိုင်ငံလုံခြုံရေးဆိုင်ရာ ဒု-၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ဆွန်ထိ ဘွန်ယာရတ်ဂလင်က၊ အလုပ်သမားဝန်ကြီး အဖိုင် ဂျန်ထနဂျွန်လက၊ အမြဲတမ်းအတွင်းဝန် ကျု့ထာထ၀ပ် အင်ထရပ်
စွပ်စီတို့နှင့် တရားမ၀င် ရွှေ့ပြောင်းအလုပ်သမား အုပ်ချုပ်ရေးဆိုင်ရာ ကော်မတီ အစည်းအဝေးပြုလုပ်ကြောင်း အလုပ်
သမားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြ ထားသည်။

ယင်းအစည်းအဝေးတွင် ၂၀၀၇ ခုအတွင်း ထိုင်းနိုင်ငံ၌အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ရရှိထားသည့် လာအို၊ ကမ္ဘောဒီးယား
နှင့် မြန်မာနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများအား ၂၀၀၈ ခုအတွင်း ငှားရမ်းရန်ကိစ္စကို ဆွေးနွေးသည်။

လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ အလုပ်လုပ်ခွင့်သက်တမ်းမတူညီသည့် ရွှေ့ပြောင်းအလုပ်သမားအုပ်စုသုံးစု၏ အလုပ်လုပ်ခွင့်လက်မှတ်များကို နောက်ထပ် (၂) နှစ် ထပ်မံယာယီတိုးပေးရန် အဆိုပါအစည်းအဝေးကသဘောတူလိုက်
သည်။

ရွှေ့ပြောင်းအလုပ်သမားအားလုံးအနေဖြင့် ၎င်းတို့၏အလုပ်လုပ်ခွင့်လက်မှတ်သက်တမ်းကို ပြန်လည်တိုးမြှင့်ရမည်ဖြစ်ပြီး ၂၀၁၀ ခု၊ ဖေဖော်ဝါရီတွင် လက်မှတ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမား အုပ်စုသုံးစုတွင် ၂၀၀၈ခု၊ ဖေဖော်ဝါရီ (၂၈) တွင် အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးမည့် တ
အုပ်စု၊မတ် (၁၄) တွင် လက်မှတ်သက်တမ်းကုန်ဆုံးမည့် တအုပ်စုနှင့် ဇွန်(၃၀) တွင်လက်မှတ်သက်တမ်း ကုန်ဆုံးမည့်
တအုပ်စုတို့ ဖြစ်သည်။အလုပ်လုပ်ခွင့်လက်မှတ် မှတ်ပုံတင်အသစ်ပြန်လည်တင်ရမည့်ကာလမှာ အုပ်စုတစ်သည်၂၀၀၈
ခု၊ ဖေဖော်ဝါရီ (၁) မှ (၂၈) ရက်အတွင်းဖြစ်သည်။ အုပ်စုနှစ်သည် ဖေဖော်ဝါရီ (၁၃) မှ မတ်လ (၁၄) ရက်အတွင်း
ဖြစ်သည်။ အုပ်စုသုံးသည် ဇွန်လ (၁) မှ (၃၀) ရက်အထိဖြစ်သည်။

ယခု အစည်းအဝေးဆုံးဖြတ်ချက်ရလဒ်ကို သဘောတူညီမှုရရှိရန်အတွက် ဗိုလ်ချုပ်ကြီး ဆွန်ထိဘွန်ယာရတ်ဂလင်က
အစိုးရ၀န် ကြီးအဖွဲ့သို့ မကြာခင်တင်ပြရန်ရှိကြောင်း ပြောသည်။

အဓမ္မခိုင်းစေမှုတားမြစ်ပေးရန် အိုင်အယ်လ်အိုတောင်းဆို

Reuters/NEJ ၁၅ နိုဝင်ဘာ ၂၀၀၇-မြန်မာနိုင်ငံ၌ အဓမ္မအလုပ်ခိုင်းစေမှုများအားလုံးကိုတားမြစ်ပိတ်ပင်ပေးရန် မြန်မာ
စစ်အစိုးရအား အပြည်ပြည်ဆိုင်ရာအလုပ်သ မားအဖွဲ့ (အိုင်အယ်လ်အို) က တောင်းဆိုသည်။

နိုင်ငံတကာအစိုးရများ၊ အလုပ်ရှင်များနှင့် အလုပ်သမားသမဂ္ဂများပါဝင်သည့် အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့က ဂျနီ
ဗာမြို့၌ မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ ယမန်နေ့ဆွေးနွေးအပြီး ထုတ်ပြန်သည့်ကြေညာချက်၌တောင်းဆိုခြင်း
ဖြစ်သည်။

“တနိုင်ငံလုံးမှာ အဓမ္မလုပ်အားပေးခိုင်းစေမှု ပုံစံအားလုံးကို တားမြစ်ပိတ်ပင်ထားတယ်ဆိုတာရယ်၊ လုပ်အားပေးခိုင်းရင်
ထိုက်ထိုက်တန်တန် အပြစ်ပေးခံရမယ်ဆိုတာရယ်ကို မြန်မာအာဏာပိုင်တွေအနေနဲ့ အပြင်းထန်ဆုံး ရှင်းရှင်းလင်းလင်း
ပြတ်ပြတ်သားသား လူသိရှင်ကြား ထုတ်ပြန်ကြေညာ ပေးသင့်ပါတယ်” ဟု ကြေညာချက်၌ ပါရှိသည်။

အဓမ္မလုပ်အားပေးခိုင်းစေသည့်အမှုများအား လာရောက်တိုင်ကြားသူများကို ဖမ်းဆီး၊ အပြစ်ပေးမှု ပြုလုပ်မည်မဟုတ်
ကြောင်းအာမခံချက်ပေးရန်နှင့် ကလေးစစ်သားများအား တပ်သားသစ်အဖြစ် စုဆောင်းမှုကိုတားဆီးပေးရန် အိုင်အယ်
လ်အိုက နအဖ စစ်စိုးရကို တိုက်တွန်းသည်။

အိုင်အယ်အိုအဖွဲ့သည် မြန်မာနိုင်ငံ၌ အဓမ္မအလုပ်စေခိုင်းမှုများမပြုလုပ်ရန် အစဉ်တစိုက်တောင်းဆိုနေသည့် အဖွဲ့ဖြစ်ပြီး
နအဖ စစ်အစိုးရကလည်း မြန်မာနိုင်ငံ၌ အဓမ္မအလုပ်ခိုင်းစေမှုများမရှိကြောင်းနှင့် ကျူးလွန်သူများကို အရေးယူရန် ဥပ
ဒေများထုတ်ထားပြီးဖြစ်ကြောင်း ၎င်းပိုင်မီဒီယာများမှ မကြာခဏတုံ့ပြန်လေ့ရှိသည်။

နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်

NEJ/ ၁၅ နိုဝင်ဘာ ၂၀၀၇-မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးမှအကျဉ်းသားများကို နအဖစစ်အစိုးရက ယနေ့ လွတ်
ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးရာ၌ နိုင်ငံရေးအကျဉ်းသားအချို့လည်း ပါဝင်ကြောင်း သိရသည်။

ပြန်လွတ်လာသူများအနက် ၂၀၀၂ ခု သြဂုတ်လတွင် မြို့တော်ခန်းမရှေ့၌ ခွပ်ဒေါင်းအလံကိုင်ဆောင်၍ ငြိမ်းချမ်းစွာဆန္ဒ
ပြသဖြင့် ထောင်ဒဏ် (၁၄) နှစ်အပြစ်ပေးခံထားရသူ ဒဂုံတက္ကသိုလ်နောက်ဆုံးနှစ်ဥပဒေကျောင်းသား ကိုသက်နောင်စိုး
လည်း ပါဝင်ကြောင်းသိရသည်။

ထို့အပြင် နိုင်ငံရေးလှုပ်ရှားသူ ကိုဘုန်းအောင်၊ ကိုသိန်းနိုင်ဦး၊ ကျိုက်ထိုမြို့မှမရီရီဝင်းနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
တောင်ဒဂုံလူငယ်အဖွဲ့ဝင် ကိုထွန်းလင်းကျော်တို့လည်းလွတ်မြောက်လာကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြော
သည်။

ယမန်နှစ်ကုန်ပိုင်းက ဖမ်းဆီးခံထားရသည့် မူဆယ်မြို့မှအကောက်ခွန် ၀န်ထမ်းအချို့လည်း မန္တလေးနှင့်လားရှိုး ထောင်
များမှပြန်လွတ်လာကြောင်း လွတ်မြောက်လာသူများနှင့် နီးစပ်သူတဦးက ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာပီညဲရိုး မြန်မာနိုင်ငံရောက်ရှိနေစဉ် အကျဉ်းသားများကို ပြန်လွှတ်
ပေးလိုက်ခြင်းဖြစ်ပြီး ပီညဲရိုးသည် ယနေ့ အင်းစိန်ထောင်သို့ သွားရောက်၍ နိုင်ငံရေးအကျဉ်းသားအချို့နှင့်တွေ့ဆုံရန်
စစ်အစိုးရ ထံမှ သဘောတူညီချက် ရရှိထားပြီး ယနေ့မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ ရန်ရှိသည်။

ပြီးခဲ့သည့်အင်္ဂါနေ့က စစ်အစိုးရဆန့်ကျင်ရေးပိုစတာကပ်မှုဖြင့် ဗဟန်းရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းခံနေရသည့် အန်အယ်
လ်ဒီ လူငယ်အဖွဲ့ဝင် မစုစုနွေးသည်လည်း အစာငတ်ခံ ဆန္ဒပြနေကြောင်းသိရသည်။