စစ်အစိုးရ ထောင်မှလွှတ်ပေးသူများတွင် လွတ်သင့်သူများမပါ-ချမ်းလွန်/ ၄ ဇန်န၀ါရီ ၂၀၀၇

4-1-07-prison-inner.gif နအဖစစ်အစိုးရလွှတ်ပေးသော နိုင်ငံရေးအကျဉ်းသားများထဲတွင် အသက်အရွယ်ကြီး၍ ကျန်းမာရေးချို့တဲ့သည့် ခေါင်းဆောင်များ မပါဝင်သည့်အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကပြောသည်။

လွတ်ငြိမ်းသက်သာခွင့်နှင့် ယမန်နေ့က လွတ်မြောက်သူများတွင် ဒေါ်အောင်

ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ ပါဝင်မည်ဟု မျှော်လင့်ခဲ့ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောကြားသည်။

၎င်းက “ကျနော်တို့ကလေ အသက်အရွယ်ကြီးရင့်တဲ့သူတွေ၊ အထဲမှာကျန်းမာရေးညံ့ဖျင်းနေတဲ့ပုဂ္ဂိုလ်တွေ လွတ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ လွတ်လည်းလွတ်သင့်ပါတယ်။ အဲဒီအတွက် တော်တော် စိတ်မကောင်းဖြစ်ရပါတယ်” ဟုပြောသည်။

အကျဉ်းထောင်ထဲတွင် ကျန်းမာရေးမကောင်းသည့် ဒေါက်တာသန်းငြိမ်း၊ ဦးနိုင်းနိုင်း၊ မုံရွာဦးအောင်ရှင်၊ ဦးခင်မောင်ဆွေ၊ ဦးဝင်းထိန်၊ ဒေါက်တာမေ၀င်းမြင့်တို့သာမက ဦးခွန်ထွန်းဦးအပါအ၀င် ရှမ်းခေါင်းဆောင်များကိုလည်း လွှတ်ပေးသင့်ပြီဖြစ်ကြောင်း အန်အယ်လ်ဒီကပြောသည်။

“အမျိုးသားရင်ကြားစေ့ရေးနဲ့ တိုင်းပြည်တွင်းငြိမ်းချမ်းသာယာရေးကို ရှေးရှုမယ်ဆိုရင် အခု ကျနော်ပြောတဲ့ ပုဂ္ဂိုလ်တွေက အကုန်လုံးလွှတ်သင့်တဲ့ပုဂ္ဂိုလ်တွေပါ။ ဒါတွေမလွှတ်ပေးဘဲနဲ့တော့ ကျနော်တို့ အမျိုးသားရင်ကြားစေ့ရေးကို မျှော်မှန်းလို့မရဘူး” ဟု ဦးဥာဏ်ဝင်းကပြောသည်။

ယမန်နေ့ထုတ် နအဖစစ်အစိုးရသတင်းစာတွင် “အကျင့်စာရိတ္တနှင့် စိတ်ဓာတ်ရေးရာ ပြောင်းလဲ တိုးတက်ကောင်းမွန်လာသော အကျဉ်းသား (၂,၈၃၁) ဦးကို (၅၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးကြောင်း ဖော်ပြသည်။

လွတ်မြောက်သူများထဲတွင် လက်ရှိရထားသည့်စာရင်းအရ နိုင်ငံရေးအကျဉ်းသား (၅၀) ခန့်ပါဝင်ပြီး အန်အယ်လ်ဒီအဖွဲ့ဝင် (၁၇) ဦးပါဝင်ကြောင်း အန်အယ်လ်ဒီကပြောသည်။

အန်အယ်လ်ဒီအဖွဲ့ဝင်များထဲတွင် လားရှိုးလွှတ်တော်ကိုယ်စားလှယ်ဦးသန်းဌေး၊ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှ ဦးကျော်ဆွေ၊ မန္တလေးမှ ဦးထွန်းကြည်၊ ဦးဇော်ဝင်း၊ ဒေါ်နှင်းပပနှင့် ကိုသန့်ဇင်မျိုး၊ ရန်ကုန်တိုင်း ဒလမြို့နယ်မှ ဦးထွန်းရင်၊ ကွမ်းခြံကုန်းမှ ဦးခင်စိုး၊ လှိုင်သာယာမှ ဦးဖိုးအေး၊ ဦးလှအေးနှင့် ကိုသန့်ဇော်မိုး၊ သန်လျင်မှ ဦးတင်စံ၊ ရွှေပြည်သာမှ ဦးသိန်းကြည်နှင့် ဦးတင်ရွှေ၊ ဒေါပုံမှ ဦးဝင်းနိုင်နှင့် မင်္ဂလာဒုံမှ ကိုသီဟထွန်းလည်း ပါဝင်သည်။

လွတ်မြောက်လာသူများထဲမှ အချို့သည် အန်အယ်လ်ဒီရုံးချုပ်၌ ယနေ့ကျင်းပသည့် (၅၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ကြပြီး ၎င်းတို့အားလုံး ကျန်းမာရေးကောင်းမွန်သည်ကို တွေ့ရသည်ဟု ဦးဥာဏ်ဝင်းကပြောသည်။ ။

ဂျီအက်စ်အမ်ဖုန်းထုတ်ပေးမည်ဆိုကာ အကျဉ်းထောင်များသို့ ငွေလှူခိုင်း-NEJ / ၃ ဇန်န၀ါရီ ၂၀၀၇

မန္တလေးမြို့တွင် အကျဉ်းထောင်အတွက် ငွေပမာဏတခု လှူဒါန်းသူများကိုသာ ဂျီအက်စ်အမ်ဖုန်းများ ဦးစားပေး ချပေးသွားမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။မန္တလေးတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်က ထိုသို့အမိန့်ထုတ်ထားခြင်းဖြစ်ပြီး ဂျီအက်စ်အမ်ဖုန်းများ ချပေးရေးကိစ္စကို ၎င်းကိုယ်တိုင် ကိုင်တွယ်နေကြောင်း တိုင်းဆက်သွယ်ရေးဌာနမှ အရာရှိတဦးကပြောသည်။

၎င်းက    “ပထမ ၀န်ထမ်းတွေကို ဂျီအက်စ်အမ်ဖုန်းတွေ ချပေးမယ်လို့ ကြေညာထားတယ်။ နောက်တော့ ရံပုံငွေ လိုတယ်ဆိုပြီး ငွေ (၅) သိန်းထည့်မယ့်သူတွေကို ပေးမယ်ဖြစ်ပြန်တယ်။ နောက်ဆုံးတော့ ဖုန်းလျှောက်သူတွေဟာ အာမခံငွေ ကျပ် (၃) သိန်းပေးသွင်းရပြီး တကြိမ်မှ ဖုန်းမရသေးပါဘူးဆိုတဲ့ ၀န်ခံကတိ လက်မှတ်ရေးထိုးရတယ်” ဟု ပြောသည်။

အကယ်၍ ဖုန်းရရှိဖူးသူအဖြစ် စိစစ်တွေ့ရှိပါက အာမခံငွေ ကျပ် (၃) သိန်းဆုံးရှူံးမည်ဖြစ်သည့်အတွက် ယခု နောက်ပိုင်း ဖုန်းလျှောက်သူအရေအတွက် ကျဆင်းသွားသည်ဟု ထိုအရာရှိကပြောသည်၊၊

ယခုနောက်ပိုင်း ဂျီအက်စ်အမ်ဖုန်းရရှိလိုသူများသည် မန္တလေးအကျဉ်းထောင်အတွက် လိုအပ်သည့်ပစ္စည်းများနှင့် ငွေလှူဒါန်းရန်အတွက် တိုင်းကြံဖွံ့အဖွဲ့ထံ သွားရောက်ညှိနှိုင်းရကြောင်း၊ ကြံ့ဖွံ့ကသတ်မှတ်သည့် ငွေတန်ဖိုးနှင့် ပစ္စည်းများကိုလှူဒါန်းရပြီး ကြံ့ဖွံ့အဖွဲ့ကတဆင့် လှူဒါန်းပွဲနှင့် မှတ်တမ်းတင်မှုပြုလုပ်ကာ အဆိုပါဂုဏ်ပြုမှတ်တမ်းနှင့်တကွ  ဖုန်းလျှောက်ထားရကြောင်းသိရသည်။

မန္တလေးတိုင်း တိုင်းပြည်တွင်းအခွန်ဦးစီးဌာနမှ အရာရှိတဦးကမူ ၎င်းအနေဖြင့် ဂျီအက်စ်အမ်ဖုန်း လျှောက်ထားသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ယခုတိုင်မရသေးဟုပြောသည်။

ဂျီအက်စ်အမ်ဖုန်း အသုံးပြုခွင့်ရရှိသူများသည် ဆင်းကတ်တခုအတွက် ဆက်သွယ်ရေးဌာနကို ကျပ် (၁၅) သိန်းပေးရပြီး မန္တလေးတွင် လောလောဆယ် ဆင်းကတ်တခု ကျပ်သိန်း (၃၀) ပေါက်ဈေး ရှိနေကြောင်းသိရသည်။     ။

နအဖနှင့်ငြိမ်းချမ်းရေးဆွေးနွေးရန် KNLA မှကိုယ်စားလှယ်အဖွဲ့တဖွဲ့ရန်ကုန်ထွက်ခွာ-NEJ / ၃ ဇန်န၀ါရီ ၂၀၀၇

3-1-07karen_inside.gifနအဖနှင့်ငြိမ်းချမ်းရေးဆွေးနွေးရန် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇) မှ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဌေးမောင် ဦးဆောင်သည့် (၈) ဦးပါ ကိုယ်စားလှယ်အဖွဲ့တဖွဲ့သည် ယနေ့ နေ့လည်ပိုင်းတွင် မြ၀တီမြို့မှတဆင့် ရန်ကုန်မြို့သို့ထွက်ခွာသွားသည်။

ထိုအဖွဲ့တွင် ဒု-ဗိုလ်မှူးကြီးဖောဒို၊ ဗိုလ်မှူးရွှေရို၊ ဗိုလ်ကြီး မာနယ်၊ ဆရာဒိဒိ၊ ဆရာစေးသာ၊ စောစေးပလိုဖိုးနှင့်
ဆေးမှူး ဆရာဘောပက်တို့  လိုက်ပါသွားသည်။

ယနေ့ နံနက်ကျင်းပသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်
အစည်းအဝေးက ယခုခရီးစဉ်ကို KNU ၏ တရားဝင်ခရီးစဉ်အဖြစ် အသိအမှတ်မပြုကြောင်း ဆုံးဖြတ်ခဲ့သည်ဟု KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ပြောကြားသည်။

KNU နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ပဒိုဒေးဗစ်ထောက “သွားပြောတဲ့အကြောင်းအရာတွေက သိပ်ထွေထွေထူးထူး မဟုတ်ပေမယ့် အခုလိုသွားတာက တဦးနဲ့တဦး အပြန်အလှန်လေးစားမှု နားလည်မှု မရှိဘူးဆိုတဲ့ သဘောဆောင်နေပါတယ်။ KNU ဗဟိုကတော့ ဒီလိုသွားတာကို ခွင့်မပြုနိုင်ဘူး။ မထောက်ခံဘူး။ အမှန်တကယ်ကတော့ တိုင်ပင်ဆွေးနွေးမှုမရှိတဲ့အတွက်ကြောင့် KNU က သဘောမတူတာပါ။ သူတို့ သဘောနဲ့သူတို့ ဆုံးဖြတ်ပြီး သွားတဲ့ကိစ္စကတော့ KNU ဗဟိုအနေနဲ့  နားလည်ရခက်သွားတယ်” ဟု ရှင်းပြသည်။

ယနေ့ သွားရောက်သည့် တပ်မဟာ (၇) မှ အဖွဲ့၏ ခရီးစဉ်နှင့်ပတ်သက်၍ KNU ဗဟိုအလုပ်အမှု ဆောင်အဖွဲ့က အသေးစိတ် ထပ်မံစည်းဝေးပြီးမှသာ ဆုံးဖြတ်မည်ဟု ၎င်းကပြောသည်။

KNU က နအဖစစ်အစိုးရနှင့် တွေ့ဆုံရန် အစီအစဉ်ရှိပြီး KNU ကိုယ်စားလှယ်အဖွဲ့ ကို ရွေးချယ်ပြီး ဖြစ်ကာ ထိုအဖွဲ့တွင် တပ်မဟာ (၇) တပ်မဟာမှူးလည်း ပါဝင်သည်ဟု ပဒိုဒေးဗစ်ထောကပြောသည်။

နအဖကလွှတ်ပေးသည့်အကျဉ်းသား (၃) ထောင်နီးပါးတွင် နိုင်ငံရေးအကျဉ်းသားအနည်းငယ်ပါဝင်-NEJ / ၃ ဇန်န၀ါရီ ၂၀၀၇

နအဖစစ်အစိုးရက (၅၉) နှစ်မြောက်လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် အကျဉ်းသား
(၃) ထောင်နီးပါးကို လွတ်ငြိမ်းသာခွင့်ဖြင့် လွှတ်ပေးရာတွင်  အန်အယ်ဒီအဖွဲ့ဝင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားများလည်း လွတ်မြောက်လာကြောင်းသိရသည်။အင်းစိန်၊ မန္တလေး၊ ကလေး၊ သရက်နှင့် သာယာဝတီထောင်တို့မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား (၂၇) ဦးရှိပြီဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP(B) မှ သိရသည်။

လွတ်မြောက်လာသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှ ဦးသန်းဌေး၊ ဦးလှအေး၊ ဦးတင်ဆန်း၊ ဦးစိုးနိုင်၊ ဦးဖိုးအေး၊ ကိုသန့်ဇင်မျိုး၊ ဒေါ်နှင်းပပနှင့် ကိုအောင်နိုင်သူ စသူတို့ပါဝင်သည်။

ထို့ပြင် ကိုမိုးကျော်၊ ကိုဇော်မင်းလေး၊  ကိုခင်ဇော်ဦး၊ ကိုကျော်ရွှေ၊ ဦးဝင်းနိုင်၊ ဦးတင်ရွှေ စသည့် အခြားနိုင်ငံရေးအကျဉ်းသားများလည်း ပါဝင်ကြောင်း သိရသည်။

ယနေ့နံနက် (၁၁) နာရီတွင် ယင်းနိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရာ ယခုချိန်တွင် မန္တလေးအကျဉ်းထောင်မှ လွတ်မြောက်လာသည့် ဒေါ်နှင်းပပနှင့် သားဖြစ်သူ ကိုအောင်နိုင်သူတို့သည် နေအိမ်သို့ရောက်ရှိနေပြီဟု မျက်မြင်များက ပြောသည်။

ယနေ့နံနက်က မန္တလေးထောင်တွင် ထောင်ဝင်စာသွားတွေ့သည့် နိုင်ငံရေးအကျဉ်းသားတဦး၏ သမီးဖြစ်သူက “အခုသမီးတို့ တွေ့ခဲ့တာ အောင်နိုင်သူတယောက်တွေ့ခဲ့တယ်ရှင့်။ ဒေါ်နှင်းပပရယ်၊ လွတ်တဲ့လူတွေကတော့အများကြီးပဲ။ မနက် (၁၁) နာရီလောက်က၊ လူတွေအများကြီးကို အာတီစီကားကြီးတွေနဲ့ ခေါ်သွားတာ မြင်လိုက်တယ်”  ဟုပြောသည်။

အဓိကအားဖြင့် နအဖစစစ်အစိုးရက ယင်းတို့အတွက်အန္တရာယ်သိပ်မရှိသည့် နိုင်ငံရေး အကျဉ်းသားများကို ရိုးရိုးအကျဉ်းသားများနှင့် ရောလွှတ်ပေးလိုက်ခြင်းသာဖြစ်ကြောင်း AAPP(B) အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

၎င်းက “အခုလွတ်လာတဲ့လူ တော်တော်များများက ကျန်းမာရေးမကောင်းတဲ့လူတွေများပါတယ်။ ဒါပေမယ့် တကယ့်အထင်ကရ ပုဂ္ဂိုလ်တွေက ခုချိန်ထိမပါသေးဘူး” ဟု ပြောသည်။

ယခုလွှတ်ပေးသူများထဲတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့်
ဦးဝင်းတင်တို့ မပါဝင်သေးချေ။

ယနေ့ထုတ် နအဖစစ်အစိုးရသတင်းစာတွင် “အကျင့်စာရိတ္တနှင့် စိတ်ဓာတ်ရေးရာ ပြောင်းလဲတိုးတက်ကောင်းမွန်လာသော” အကျဉ်းသား  (၂၈၃၁) ဦးကို (၅၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၃၀) ရက်တွင်လည်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်များ၌ ဖမ်းဆီးချုပ်နှောင်ထားသည့် တရုတ်လူမျိုးအကျဉ်းသား (၃၁) ဦးကို နှစ်နိုင်ငံချစ်ကြည်ရေးအတွက် မြန်မာစစ်အစိုးရက တရုတ်အစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

နအဖစစ်အစိုးရက ၂၀၀၄ ခုမှ ၂၀၀၇ ခုအထိ အကျဉ်းသားစုစုပေါင်း (၂၃,၁၄၇) ကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။     ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆေးကုသခံရန် စင်ကာပူသို့ထွက်ခွာ-AFP/ ၂ ဇန်န၀ါရီ ၂၀၀၇

မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆေးကုသမှုခံယူရန် တနင်္ဂနွေနေ့က စင်ကာပူနိုင်ငံသို့သွားရောက် သည်ဟု လေဆိပ်သတင်းရပ်ကွက်မှ သိရသည်။အသက် (၇၃) နှစ် ရှိပြီဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသည် ရန်ကုန်လေဆိပ်မှ သီးသန့်လေယာဉ်ဖြင့် ဒီဇင်ဘာ (၃၁) ရက် နံနက် (၁၀) နာရီခွဲခန့်တွင် ထွက်ခွာသွားပြီး ၎င်း၏ဇနီး ဒေါ်ကြိုင်ကြိုင် လိုက်ပါသွားကြောင်းလေဆိပ်မှ အမည်မဖော်လိုသူတဦးက ပြောသည်။ယခုသီတင်းပတ်အစောပိုင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်တို့ ပြည်တွင်း၌ ဆေးစစ်ကုသမှုခံယူခဲ့ကြောင်းနှင့် ၎င်းတို့၏သမီး (၂) ဦး စင်ကာပူသို့လိုက်သွားဖွယ်ရှိသည်ဟု လေဆိပ်မှ အခြားတဦးကပြောသည်။
မည့်သည့်အချိန်တွင်ပြန်လာမည်ကို ရှင်းရှင်းလင်းလင်းမသိရသေးချေ။ ။

Follow

Get every new post delivered to your Inbox.