ဇာဂနာပြက်လုံး ရေပန်းစား

NEJ/ ၂၃ အောက်တိုဘာ ၂၀၀၇-ဖမ်းဆီးထိန်းသိမ်းခံနေရာမှ လွတ်မြောက်လာပြီးသည့်နောက် ပြင်ပရေဒီယိုများနှင့်အင်
တာဗျူးလုပ်စဉ် ပြောကြားခဲ့သည့် သရုပ်ဆောင်ဒါရိုက်တာ မောင်သူရ ခေါ်ဇာဂနာ၏ ပြက်လုံးတခု လူထုအတွင်း ပျံ့နှံ့
နေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

အဆိုပါ အင်တာဗျူးတွင် ဇာဂနာက မြန်မာလူမျိုး ဗုဒ္ဓဘာသာများအနေဖြင့် မွေးဖွားစဉ်မှ သေဆုံးချိန်အထိ ဗုဒ္ဓံသရဏံ
ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိဆိုပြီး ရွတ်ဆိုပူဇော်ကြရကြောင်း၊ စစ်အစိုးရ၏ ပြုမူပုံများအရ ယခုအခါ
နောက်ဆုံး စာပိုဒ်ဖြစ်သည့် သံဃံသရဏံ ဂစ္ဆာမိကို သံဃံသရဏံ ဂန်းစာမိဟူ၍ ပြောင်းလဲရွတ်ဆိုရမလိုဖြစ်နေကြောင်း
ရဟန်း သံဃာများ အား အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုများနှင့် ပတ်သက်၍ ပြက်လုံးထုတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြက်လုံးသည် ရန်ကုန်မြို့ပေါ်ရှိ တက္ကစီဒရိုင်ဘာများ၊ လက်ဖက်ရည်ဆိုင်များ စသည့် နေရာများတွင်သာမက
အစိုးရရုံး များအတွင်း၌လည်း ပျံ့နှံ့ပြောဆိုနေကြကြောင်း ရန်ကုန်မြို့ခံ များက ပြောသည်။

ရန်ကုန် ရွှေဘုံသာလမ်းမှရွှေပွဲစားတဦးက “ကျွန်တော်တို့ ပွဲစားတန်းမှာ တယောက်နဲ့တယောက် လက်တို့ပြီး ဇာဂနာရဲ့
ပြက်လုံးကြားပြီးပြီလား၊ ဘာလဲလို့မေးရင် သံဃံသရဏံ ဂန်းစာမိလေကွာဆိုပြီး ပြောနေကြတယ်။ ဒီကတဆင့် စက်တင်
ဘာအရေးအခင်းတုန်းကအကြောင်းတွေ၊ စစ်အစိုးရရက်စက်ပုံတွေကို ပြန်ပြောကြရင်း လူတွေကစစ်တပ်ကို ရွံမုန်းနေကြ
တာပဲ” ဟု ပြောသည်။

သံဃာတော်များဦးဆောင်သည့် လူထုဆန္ဒပြပွဲများနိုင်ငံအနှံ့ပေါ်ပေါက်နေချိန် စက်တင်ဘာ(၂၅)ရက်ညတွင်အာဏာပိုင်
များက သရုပ်ဆောင် ဒါရိုက်တာ ဇာဂနာကို ၎င်း၏နေအိမ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြလှုပ်ရှားမှုကာလအတွင်း သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းသူ ရုပ်ရှင်၊ ဗီဒီယို၊ တေးဂီတနှင့် မော်ဒယ်
လောကမှ ထင်ရှားသည်အနုပညာရှင်များကို သံဃာတော်များ၏ လှုပ်ရှားမှုကို ထောက်ခံလာအောင် လှုံ့ဆော်သူအဖြစ်
စစ်အစိုးရက ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

ဇာဂနာသည် အောင်သပြေစစ်ကြောရေးစခန်း၊ အင်းစိန်ထောင်စစ်ခွေးတိုက်၊ အင်းစိန်ထောင်(၅) ဆောင် စသဖြင့် (၄)
နေရာခန့်၌ ချုပ်နှောင်ခံခဲ့ရပြီး ပြီးခဲ့သည့် အောက်တိုဘာ (၁၇) ရက် ညက ပြန်လည်လွတ်မြောက်ခဲ့သည်။

ပြန်လည်လွတ်မြောက်လာပြီးပြီးချင်း ပြင်ပရေဒီယို၊ ၀က်ဘ်ဆိုက်၊ သတင်းစာများနှင့် အင်တာ ဗျူးစဉ် ဖြစ်ပျက်ခဲ့သမျှကို
ပွင့်ပွင့်လင်းလင်း မကြောက်မရွံ့ပြောဆိုခဲ့သူ ဖြစ်သည့်အတွက် မြန်မာပြည်သူများအကြား အထူးရေပန်းစားနေသူတ
ယောက် ဖြစ်သည်။

%d bloggers like this: