ပါကစ္စတန်တွင် အသေခံဗုံးခွဲမှုကြောင့် လူအများအပြားသေဆုံး-Agencies / ၁၉ အောက်တိုဘာ ၂၀၀၇

19-10-07_b.gifပါကစ္စတန်နိုင်ငံ ကရာချီးမြို့သို့ ပြည်တော်ပြန် ခရီးအဖြစ် ယမန်နေ့က ရောက်ရှိလာသောဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူ တိုအား ကြိုဆိုမှုများပြုလုပ်နေစဉ် ဗုံးနှစ်လုံးပေါက်ကွဲခဲ့သဖြင့် လူပေါင်း (၁၂၀) ကျော် သေဆုံးခဲ့သည်။ဒူဘိုင်းနိုင်ငံ၌ (၈) နှစ်ကြာနေထိုင်ခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ပါကစ္စတန်သို့ ပြန်လာသော မစ္စဘူတိုအား ထိခိုက်မှုမရှိခဲ့သော်လည်း သူမစီးလာသည့် ကျည်ကာကား၏ ပြတင်းပေါက်မှန်များကွဲသွား၍ တံခါးလည်းပွင့်ထွက်သွားခဲ့သည်။မစ္စဘူတို၏ယာဉ်တန်း သည် အရေအတွက် သိန်းနှင့်ချီရှိသော သူမကို ကြိုဆိုနေကြသူများအကြား ကရာချီးမြို့လမ်းမကြီးတခုအပေါ်တွင် ယမန်နေ့ ညသန်းခေါင်ကျော်အချိန်၌ လုံခြုံရေးအစီအမံများဖြင့် တဖြည်းဖြည်းသွားနေစဉ် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူအများစုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဆေးရုံများမှ တာဝန်ရှိသူများနှင့် ပြည်ထဲရေးဝန်ကြီးအား ကိုးကား၍ သတင်းများတွင် ဖော်ပြကြသည်။ သေဆုံးသူဦးရေ ထပ်မံတိုးလာဖွယ်ရှိပြီး ဒဏ်ရာရသူအရေအတွက်လည်း (၅၀၀) ကျော်ရှိ နိုင်သည်ဟုဆေးရုံတာဝန်ရှိသူများက ခန့်မှန်းနေကြသည်။

အသက် (၅၄) နှစ်ရှိပြီဖြစ်သည့် ၀န်ကြီးချုပ်ဟောင်းအား လုပ်ကြံရန်ကြိုးစားသူသည် လက်ပစ်ဗုံးတလုံးကို ဦးစွာပစ်သွင်းခဲ့ပြီးမှ အသေခံ ဗုံးခွဲမှုတခုထပ်မံဖြစ်ပွားခဲ့ကြောင်း ကရာချီးရဲချုပ်အစ်ဇားဖါရူကီအားကိုးကား၍ ဒီပီအေသတင်း ဌာနတွင် ဖော်ပြသည်။

မစ္စဘူတို၏ ပါကစ္စတန်ပြည်သူ့ပါတီ (PPP) အဖွဲ့ဝင်တဦးဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားစဉ် ကြိုဆိုပွဲအတွင်း၌ရှိနေသည့် မီယံအဘ်ဒူရာဇတ်ကလည်း “ပေါက်ကွဲမှုအသေးစားတခုပထမစဖြစ်တော့ ကားတန်းကရပ်သွားတယ်။ လူတွေက ဘာဖြစ်တာလဲဆိုပြီး စုစုဝေးဝေး ဖြစ်သွားတဲ့အချိန်ကြမှ ပြင်းထန်တဲ့ နောက်ထပ်ပေါက်ကွဲမှုတခုထပ်ဖြစ်တာ” ဟု ပြောသည်။

ပါကစ္စတန်သို့ပြန်မလာမီ မစ္စဘူတိုက သူမအနေဖြင့် အာဖဂန်နယ်စပ်တွင် လှုပ်ရှားနေသော တာလီဘန်သူပုန်များကို လိုလားသည့် တောင်ပေါ်ဒေသစစ်သွေးကြွများအား နှိမ်နင်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သကဲ့သို့၊ စစ်သွေးကြွများကလည်း သူမအနေဖြင့် ပါကစ္စတန်သို့ပြန်လာပါက အသေခံတိုက်ခိုက်မှုများဖြင့် ကြုံတွေ့စေရမည်ဖြစ်ကြောင်းပြန်လည်ခြိမ်းခြောက်ခဲ့ သည်။

ယင်းသို့အပြန်အလှန်ခြိမ်းခြောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် သူမ၏အပြန်ခရီးစဉ်အတွက် လက်ရှိသမ္မတ မူရှာရတ်အစိုးရက ရဲ ဦးရေ (၁၅,၀၀၀) ကျော်ဖြင့် လုံခြုံရေးယူထားပေးသည့်အပြင်သူမ၏ PPP အဖွဲ့ဝင် (၅,၀၀၀) ခန့်ကလည်း အကာအကွယ်ပေး ထားသည့်အကြားမှ ယခုကဲ့သို့ ဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်ပေါ်ခဲ့သည်။

ယခုအခါ သူမ၏နေအိမ်သို့ ဘေးကင်းစွာဖြင့် ရောက်ရှိနေပြီဖြစ်သည့် မစ္စဘူတိုသည်(၁၉၈၈-၉၀) နှင့် (၁၉၉၃-၉၆) ခုတို့တွင် ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး သူမ၏အစိုးရအား အဂတိလိုက်စားသည်ဟု စွပ်စွဲခံရပြီးနောက် နိုင်ငံခြား တွင် ခိုလှုံနေထိုင်ခဲ့ရသည်။

မစ္စဘူတိုသည် မကြာမီ ကျင်းပရန်ရာထားသော ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် သမ္မတ မူရှာရတ်နှင့် အပေးအယူလုပ်၍ ပြည်တော်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုဗုံးခွဲလုပ်ကြံမှုအား ပါကစ္စတန်သမ္မတက “ဒီမိုကရေစီအား ဆန့်ကျင်သောလုပ်ရပ်” အဖြစ်ပြောဆိုလိုက်ပြီး ကုလသမဂ္ဂအပါ အ၀င် အမေရိကန်၊ ပြင်သစ်၊ အိန္ဒိယ၊ တရုတ် အစိုးရတို့ကလည်း ပြစ်တင်ရှုတ်ချခဲ့ကြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: