ကျော်ထင်(ထိုင်း) / ၄ အောက်တိုဘာ ၂၀၀၇-ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုသည့် သံဃာများနှင့် ပြည်သူလူထုကို သတ်
ဖြတ်ဖမ်းဆီးပြီးနောက်ပိုင်း ရှမ်းပြည်နယ်အတွင်း ပြုလုပ်နေသည့် ညောင်နှစ်ပင်ညီလာခံထောက်ခံပွဲများကို တိုက်ပွဲဝင်
နေဆဲ ရှမ်းပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းများက ဝေဖန်ပြောကြားသည်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ၏ ပြီးခဲ့သည့်ခရီးစဉ်အတွင်း ရှမ်းပြည်နယ်၊ လာရှိုးတွင် လူထုသိန်းချီ
တက်ရောက်သည့် ညီလာခံထောက်ခံပွဲကို နအဖက ပြသခဲ့သည့်အပြင် ကျိုင်းတုံနှင့်လင်းခေးတို့တွင်လည်းထောက်ခံပွဲ
များပြုလုပ်ခဲ့သည်။
ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က “လူထုကို လုပ်အားပေးခေါ်သလို
ပေါ့၊ မလာရင် ဒဏ်ငွေရိုက်တယ်ဆိုတဲ့ပုံစံပေါ့။ ကျနော်တို့ဒေသ မှာ ညီလာခံထောက်ခံပွဲတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးကနေ
တဆင့် အားယူတာ” ဟု ပြောသည်။
အပစ်အခတ်ရပ်စဲထားသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ခေါင်းဆောင် ဦးအောင်ခမ်းထီသည် ရှမ်ပြည်နယ်ကြံ့ခိုင်
ဖွံ့ဖြိုးရေးအသင်း နယကဖြစ်ပြီး အတွင်းရေးမှူးခွန်စံလွင်သည် ပြည်နယ် အတွင်းရေးမှူး တာဝန်ယူထားကြောင်း သိရ
သည်။
ညီလာခံရလဒ်များကို နအဖက အပစ်အခတ်ရပ်စဲရေးအဖွဲ့အချို့နှင့် ပူးပေါင်းကာ ဆက်လက် အကောင်အထည်ဖော်
သွားမည်ဖြစ်ပြီး ယင်းအဖွဲ့များအနက် အချို့သည်ကိုယ်ကျိုးတခုတည်းကိုသာကြည့်ပြီး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း
ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။
၎င်းက “ဥပမာ ပအိုဝ်းတွေဆိုရင် ကိုယ့်အခွင့်အရေးက (၁၀၀) ရာခိုင်နှုန်းမရရင်တောင်မှ (၂၀) ရာခိုင်နှုန်းရရင်တော်ပြီ
ဆိုတဲ့သဘောလေ။ ဆိုလိုတာက အမြည်းကျက်အမြည်းစား ပုံစံပေါ့” ဟု ပြောသည်။
ညီလာခံရလာဒ်များကို မည်သို့ အကောင်အထည်ဖော်စေကာမူ အဖိနှိပ်ခံပြည်သူများကို ကိုယ်စား မပြုကြောင်း၊ တိုင်း
ပြည်ဘယ်တော့မှ ငြိမ်းချမ်းမည်မဟုတ်ဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ကိုလည်း အမှန်တကယ်အကောင်အထည်
ဖော်နိုင်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
SSA-S ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက “ကျနော်ကြားရသလောက်
PNO, PNA လောက်ပဲ ပါတယ်လို့ကြားရပါတယ်။ သူတို့ခေါင်းဆောင် ပိုင်းလောက်တော့ ပါရင်ပါမှာပါ။ အောက်ခြေ
ပိုင်းတော့အဲဒါတွေ ထောက်ခံမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့ဆိုတော့ ညီလာခံကထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ
ကို ထောက်ခံလိုက်ရင် ပြည်သူပြည်သားအားလုံး နအဖရဲ့ကျွန်ဘ၀ ရောက်သွားမယ်ဆိုတာ မလွဲပါဘူး။ ဒါကိုအားလုံး နားလည်သဘောပေါက်ပြီးသား ဖြစ်ပါတယ်။ ထောက်ခံလိုက်ရင်လည်း မဟာအမှားကြီးတခု ဖြစ်နေပြီဆိုတာပါပဲ” ဟု
ပြောသည်။
အလားတူ ယခင်လ (၂၉) ၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင်ပြုလုပ်သည့် ညီလာခံထောက်ခံပွဲ တက်ရောက်သည့်
ပြည်သူလူထုက နအဖ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော် တိုင်ပေးသည့်အတိုင်း လိုက်မအော်ဘဲ တို့အရေး၊ တို့အရေးဟု ဆန့်ကျင်ဘက်ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်။
အဆိုပါ ထောက်ခံပွဲသို့ ကချင်အပစ်ခတ်ရပ်အဖွဲ့အစည်းများဖြစ်သည့် KIA နှင့် NDA-K တို့မှ ခေါင်းဆောင်များ
တက်ရောက်ခဲ့သည်။
Filed under: သတင်း, မြန်မာသတင်း |
Leave a Reply