ဒေါ်အောင်ဆန်းစုကြည် သံဃာတော်များအား ဖူးမျှော်ခွင့်ရ

NEJ / ၂၃ စက်တင်ဘာ ၂၀၀၇-ရန်ကုန်မြို့တွင် သံဃာတော်များက ငြိမ်းချမ်းစွာစီတန်းလှည့်
လည်ဆန္ဒပြလျှက်ရှိရာ (၅) ရက်မြောက် နေ့ဖြစ်သည့် ယမန်နေ့တွင် သံဃာတော်များနှင့်ပြည်
သူအချို့တို့သည် နေအိမ်အကျယ်ချုပ်ချခံ ထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရ
ရှိခဲ့သည်။ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့တွင် မေတ္တာပို့စီတန်းလှည့်လည်ရာတွင်
ပါဝင်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ဝင် ဆရာတော်တပါးဖြစ်သည့် ဦးပ
ဉ္စင်းဦးခေမိန္ဒက “ဒကာမကြီးအနေနဲ့က သံဃာတွေ သူ့ဘက်ပိုင်းကို ရောက်လာတဲ့အချိန်မှာ အ
သံကြားလို့ထင်တယ်။ သံဃာတွေက အဲဒီသူ့အိမ်နားအရောက်မှာ ပရိတ်ကို ပိုကျယ်ကျယ် ရွတ်
လိုက်တဲ့အခါကျတော့ အိမ်တံခါးပွင့်လာပြီး ဒကာမကြီးကနေ အောက်ဆင်း လက်အုပ်ချီရှိခိုးတာ
ဦးပဉ္စင်းတို့တွေ့ရတယ်။ အရှေ့မှာ လုံခြုံရေးတွေကလည်း အတော်များများရှိတော့ သူ့အိမ်ရှေ့
အိမ်တံခါးပေါက်ဝကနေ ရပ်ပြီးတော့ ကန်တော့တယ်” ဟု မိန့်ကြားသည်။

ယမန်နေ့ နေ့လည် (၁) နာရီခန့်တွင် သံဃာတော်အပါး (၂၀၀၀) ခန့်သည် ရွှေတိဂုံစေတီတော်
တွင်ဦးတိုက်ကာ မေတ္တာပို့စီတန်းလှည့်လည် လမ်းလျှောက်ကြရာတွင် တက္ကသိုလ်ရိပ်သာလမ်းရှိ
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့တွင်လည်း မိနစ် (၂၀) ခန့်မေတ္တာသုတ်များ ရွတ်ဆိုကာ
မေတ္တာပွားများသည်ကို ဒေါ်အောင်ဆန်းစုကြည်က ဖူးမျှော်ကြည်ညိုခွင့်ရရှိခဲ့သည်။

အခြားသံဃာတော်တပါးဖြစ်သည့် ဦတေဇနိယက “အဝေးက တွေ့ရတော့ သူလက်အုပ်ကလေး
ချီပြီးတော့ စိတ်မကောင်းတဲ့ပုံသဏ္ဌာန်တော့ဖြစ်တယ်။ ဦးပဉ္စင်းတို့တော့ မျက်ရည်ကျမိပါတယ်၊
ဒကာမကြီးလည်းပုံစံကြည့်ရတာတော့ လက်အုပ်ချီပြီး မျက်ရည်ကျမယ့်ပုံစံပါ” ဟု အမိန့်ရှိသည်။

ပြည်သူလူထု သုံးထောင်ခန့်ကလည်း သံဃာတော်များနှင့်အတူ ခြံရံလိုက်ပါကြကြောင်းသိရ
သည်။

ဒေါ်အောင်ဆန်းစုကြည်အား၂၀၀၃ ခု ဒီပဲယင်းအကြမ်းဖက်မှုကြီးအပြီး စစ်အစိုးရကထိန်းသိမ်း
ထား ခဲ့ရာမှ ပြည်သူလူထုအကြား ပထမဆုံးအကြိမ် ပြန်လည်တွေ့မြင်ခွင့်ရရှိခြင်းဖြစ်သည်။

ထိုသို့ဒေါ်အောင်ဆန်းစုကြည် သံဃာတော်များနှင့် ပြည်သူအချို့တို့ကို တွေ့ခွင့်ရရှိခြင်းအပေါ်
အန်အယ်လ်ဒီပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ၎င်းအနေဖြင့် အကောင်းဘက်မှရှုမြင်
သည်ဟု ပြောသည်။

၎င်းက “အခုဟာက သံဃာတွေရော လူထုတွေရော အားလုံး လှုပ်ရှားနေကြတဲ့အချိန်မှာ ဒီပြ
ဿနာ ကိုဖြေရှင်းဖို့နည်းလမ်းက အဓိက နှစ်ခုပဲလေ။ တခုကပြေလည်အောင် ပြေပြေလည်
လည်နည်း။ နောက်တခုကတော့ ဖြိုခွင်းတဲ့နည်းပေါ့။ အဲတော့ မနေ့ကအသွင်အပြင်ကိုကြည့်ရ
တာ လက်ရှိ အာဏာပိုင်တွေအနေနဲ့ ပြေလည်တဲ့နည်းကို စဉ်းစားတယ်လို့ ကျနော်တို့ ယူဆ
တယ်။ ပြေလည်အောင် ဆောင်ရွက်တယ်ဆိုရင်တော့ ပြည်သူရော တိုင်းပြည်ရော အားလုံး
စိတ်ချမ်းသာမယ့် ကိစ္စပဲလေ” ဟု ပြောသည်။

ဝါရင့်နိုင်ငံရေးသမားကြီးတဦးဖြစ်သည့် သခင်ချန်ထွန်းကလည်း စစ်အစိုးရအနေဖြင့် သံဃာ
တော်များ၏ဆန္ဒအစစ်အမှန်ကို သေချာသိနေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ကသံဃာ
တော်များကို ဖူးခွင့်ရစေရန် ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့တွင် မေတ္တာပို့သနိုင်အောင်ခွင့်ပြု
ခြင်းဖြစ်နိုင်သည်ဟု ယူဆကြောင်းပြောသည်။

၎င်းက “ဒါကိုကြည့်ခြင်းအားဖြင့် သံဃာတော်တွေရဲ့ တောင်းဆိုချက်တွေအတွက် အလားအလာ
ရှိတယ်လို့ ယူဆပါတယ်။ အမှန်အားဖြင့် အဲဒီလိုတောင်းဆိုချက်တွေကို လိုက်လုပ်ခြင်းအားဖြင့်
သာ တိုင်းပြည်အေးချမ်းသာယာသွားမှာပါ။ အပြီးအပြတ် ကိုယ်လိုချင်တဲ့အတိုင်း ဖြစ်မယ်ဆိုတာ
ကတော့ ပြောလို့မရသေးဘူးလေ။

တကယ်လို့အင်အားသုံးပြီးတော့ ဖြေရှင်းမယ်ဆိုရင်တော့ ပြဿနာတွေ ပြေလည်မှာမဟုတ်ပါ
ဘူး။ တိုင်းပြည်လူထုအဆင့်အတန်းလည်း ထာဝရနိမ့်ကျနေဖို့ပဲရှိတော့တာပဲ” ဟု ပြောကြား
သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်း ကွယ်ပျောက်စေရေးအတွက် ပြည်သူ
ပြည်သားအားလုံး မနက်ဖြန်တွင် သံဃာတော်များနှင့်အတူ လက်တွဲချီတက်သွားကြရန် သံဃာ့
တပ်ပေါင်းစုက ကြေညာချက်ထုတ်ပြန်နှိုးဆော်ထားသည်။ ။

Leave a comment