စစ်အုပ်စုအား စွဲချက်တင်ခြင်း အပိုင်း (၃)-လင်းဆွေ (၂၁-၉-၀၇)

နိုင်ငံတော်အကြမ်းဖက်မှု (သို့) သွေးစွန်းသော မေ ၃၀…

(၁)

စစ်အုပ်စုအုပ်ချုပ်တဲ့ (၁၉) နှစ်တာ ကာလကိုကြည့်ရင် သိသာမြင်သာတဲ့ လုပ်ဆောင်ချက် (၂) ခုကို တွေ့ရတယ်။ တစ်ခုက လက်နက်ကိုင်စစ်တပ်အင်အားကို (၁၀) ဆလောက် တိုးချဲ့ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။ ၁၃-၁၄ နှစ်အရွယ် ကလေးသူငယ်တွေပါမကျန် အတင်းအဓမ္မ စစ်သားစုဆောင်းပြီး တပ်မတော်အင်အားကို တိုးချဲ့ခဲ့တယ်။ စစ်တိုင်းကြီးတွေကိုလည်း တြိဂံတိုင်း၊ ကမ်းရိုးတန်းတိုင်း စတဲ့အမည်အမျိုးမျိုးပေးပြီး ဖွဲ့ခဲ့တယ်။ တခါ အခုနောက်ဆုံး နေပြည်တော်တိုင်းဆိုပြီး ဖွဲ့လာ
ပြန်တယ်။ ထားတော့…။

အခုပြောချင်တာက စစ်အုပ်စုလက်ထက် ဖွဲ့စည်းခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနဲ့ ပြည်သူ့စွမ်းအားရှင် အသင်းတွေ အကြောင်းပါ။ စစ်အုပ်စုဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို ၁၉၉၅ လောက်မှာ စတင်ဖွဲ့စည်းခဲ့တယ်။ လှုပ်ရှားမှုအနေနဲ့ စတင်တွေ့ရတာကတော့ အမျိုးသားညီလာခံ ထောက်ခံပွဲတွေ လျှောက်လုပ်တာက စတာပဲ။

အဲ့ဒီတုန်းက ကျိုက်က္ကဆံညီလာခံအထဲမှာ အခြေခံမူ (၁၀၄) ချက်နဲ့ပတ်သက်လို့ သဘောထားတွေ ကွဲနေကြတယ်။ ကွဲတဲ့အသံတွေလည်း အပြင်ကိုထွက်လာတယ်။ အဲ့ဒီမှာ စစ်အုပ်စုက ကြံ့ဖွံ့ကိုသုံးပြီး ဘောလုံးပွဲလူထုထောက်ခံပွဲတွေ လုပ်တော့တာပါပဲ။ အဲ့ဒီတော့ ကြံ့ဖွံ့ဟာဘာလဲ။ ရှင်းပါတယ်။ ၀ါဒက
စစ်ဝါဒ  စစ်အာဏာရှင်ဝါဒ၊ ပါဝင်သူတွေက အာဏာသိမ်းစစ်ကောင်စီဝင်တွေ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကြံ့ဖွံ့ရဲ့ နာယကကြီး။ ပြီးတော့ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးကစပြီး စစ်တိုင်းမှူးတွေ၊
စစ်ဝန်ကြီးအဖွဲ့ဝင်တွေ၊ တပ်မမှူးတွေ စတဲ့ အဆင့်ဆင့် ဦးဆောင်ပါဝင်တဲ့အဖွဲ့အစည်း။

တရားဝင်အောင် ဖွဲ့စည်းပေးခဲ့တာက စစ်အစိုးရရဲ့ အာဏာသိမ်း စစ်ကောင်စီဖြစ်တဲ့ နိုင်ငံတော်
ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဖြစ်တယ်။ ဒီတော့ ကြံ့ဖွံ့ကို လက္ခဏာသတ်မှတ်ရင် ၀ါဒနဲ့
သဘောတရားက စစ်ဝါဒ၊ စစ်အာဏာရှင်ဝါဒဖြစ်ပြီး ဦးဆောင်မှုအပိုင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကစလို့ အဆင့်ဆင့်သော စစ်ဗိုလ်ချုပ်ကြီးများ ပါဝင်တဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။

အာဏာသိမ်း (၁၉) နှစ်အတွင်း မြန်မာနိုင်ငံရဲ့ အာဏာဒေါက်တိုင်တွေနဲ့ ပတ်သက်ပြီးကြည့်ရင်  ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗဟိုပြုလို့ အဆင့်ဆင့်သော ဗိုလ်ချုပ် တွေမှတဆင့် ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်မတော်နဲ့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို နာယကကြီး အဖြစ် ဗဟိုပြုပြီး အဆင့်ဆင့်သော ဗိုလ်ချုပ်တွေရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းထားတဲ့ အရပ်သားများ
ပါဝင်တဲ့ လက်နက်မကိုင်သော ကြံ့ဖွံ့အဖွဲ့ဆိုပြီး စစ်အာဏာရှင်စနစ်ရဲ့ ခက်မ နှစ်ဖြာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီတော့ ကြံ့ဖွံ့နဲ့ပတ်သက်လို့ ပြောရရင် ကြံ့ဖွံ့ဟာ စစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုတယ်။ ကြံ့ဖွံ့ဟာ စစ်အာဏာရှင်ဝါဒကို လက်ကိုင်ထားတယ်။ ကြံ့ဖွံ့ဟာ စစ်ဗိုလ်ချုပ်ကြီးတွေ ပါဝင်ဦးဆောင်တဲ့ အဖွဲ့ ဖြစ်တယ်။ ဒီတော့ ကြံ့ဖွံ့ရဲ့ ပြုမူချက်၊ လုပ်ဆောင်ချက်အားလုံးဟာ စစ်အုပ်စုကို ကိုယ်စားပြုပါတယ်။ ပန်းနဲ့ ခေါင်းလို့တောင် ပြောလို့မရပါဘူး။ နှစ်ဘက်ကျောချင်းကပ်ထားတာမျိုး မဟုတ်ပါဘူး။ တထပ်တည်း။ တသားတည်း။ တသွေးတည်း။ တကိုယ်တည်းပါ။ ကြံ့ဖွံ့နဲ့စစ်အုပ်စုဟာ “သွေးတူ သားတူ” ပါ။

စစ်အာဏာရှင်စနစ် တည်မြဲရေး သေနင်္ဂဗျူဟာအရ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို တပ်မတော်နဲ့ တိုက်ခိုက်မယ်။ မြို့ပြရှိ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုကိုတော့ ကြံ့ဖွံ့နဲ့ နှိမ်နင်းမယ်။ ဖြိုခွင်းမယ်။

ဒီနေရာမှာ မြို့ပေါ်နိုင်ငံရေးအင်အားစုတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လှုပ်ရှားတက်
ကြွတဲ့ ပြည်သူလူထုကို အရေးယူနှိမ်နင်းဖို့ ကြံ့ဖွံ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ချပေးထားတဲ့ မဟာဗျူဟာနည်းလမ်း (၆) ရပ်ဆိုတာ ရှိပါတယ်။ အဲ့ဒါတွေက စည်းရုံးရေးနည်းလမ်း၊ စီးပွားရေး နည်းလမ်း၊ အုပ်ချုပ်ရေးနည်းလမ်း၊ တရားဥပဒေနည်းလမ်း၊ ပြည်သူ့စွမ်းအားအသုံးပြုတဲ့ နည်း
လမ်းနဲ့ သာလွန်တဲ့အင်အားကို အသုံးပြုပြီး အပြတ်ချေမှုန်းတဲ့ နည်းလမ်းဆိုတာတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီ နည်းလမ်း (၆) သွယ်ကို အကောင်အထည်ဖော်တဲ့ အခါမှာ ရက်စက်ကောက်ကျစ်မှုနည်းတွေ သုံးဖို့ ၀န်မလေးသလို၊ အကြမ်းဖက်မှုတွေ ကျူးလွန်ရမလားဆိုလည်း ကျူးလွန်ရဲကြပါတယ်။

(၂)

ဦးဝင်းစိန်က ဗိုလ်မှူးကြီးဟောင်းပါ။ ဘောင်းဘီချွတ်ထားတဲ့အတွက် ဦးဝင်းစိန် ဖြစ်နေတာပါ။ သူက ကြံ့ဖွံ့အဖွဲ့ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တဦးဖြစ်သလို (နအဖ) အစိုးရအဖွဲ့မှာလည်း ရထားပို့ဆောင်ရေး
ဝန်ကြီးဌာန ၀န်ကြီးတဦးဖြစ်ပါတယ်။ ဒီတော့ ဦးဝင်းစိန်ဟာ စစ်အစိုးရအဖွဲ့နဲ့ ကြံ့ဖွံ့အဖွဲ့ထဲမှာ
တာဝန်ရှိတဲ့ ခေါင်းဆောင်တယောက်လို့ ဆိုရမှာပါ။ ပြီးတော့ စစ်အုပ်စုမှာက တယောက်ချင်းရဲ့ သဘောထားကို ထုတ်ဖော်လို့မရသလို တယောက်ချင်းရဲ့ ဆန္ဒနဲ့လည်း လုပ်ဆောင်လို့မရပါဘူး။

စစ်အုပ်စုဝင်တိုင်းဟာ စစ်အုပ်စုရဲ့သဘောထားကိုသာ ထင်ဟက်ပြရပြီး စစ်အုပ်စုရဲ့ လုပ်ငန်းစဉ် ကိုသာ လုပ်ဆောင်ကြရပါတယ်။ ဒါ စစ်အုပ်စုရဲ့ “သံမဏိ လုပ်ထုံးလုပ်နည်း” ပါပဲ။  ခြွင်းချက်ဆိုပြီး ကင်းလွတ်တဲ့အခွင့်အရေးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေတောင် ယနေ့အချိန်ထိ မရသေးပါဘူး။ ထားတော့။

၁၉၉၆ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့ကစပြီး (၃) ရက်နေ့ထိ ဦးဝင်းစိန်ဟာ ကသာခရိုင်ကို ခရီး ထွက်ခဲ့ပါတယ်။ ကြံ့ဖွံ့အတွင်းရေးမှူးတယောက်အနေနဲ့သွားတဲ့ ၀န်ကြီးဦးဝင်းစိန်ရဲ့ ခရီးစဉ်ပါ။
နိုဝင်ဘာလ (၁) ရက်နေ့ မွန်းလွဲ (၂) နာရီလောက်မှာ ကသာခရိုင် အင်းတော်မြို့နယ်ထဲက လယ်ပြင်ကျေးရွာမှာ ရွာလုံးကျွတ် လူထုကိုခေါ်ပြီး အစည်းဝေးလုပ်ပါတယ်။

ကြံ့ဖွံ့အသင်းဝင်ကောက်တဲ့ အစည်းဝေးပါ။ အစည်းဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို သိမ်ဖျင်း ယုတ်ညံ့တဲ့စကားတွေနဲ့ ပုတ်ခတ်ပြောဆိုပါတယ်။ ထားပါတော့ ဒါက သူတို့ရဲ့သဘောထားပါ။ ပြောရင်းနဲ့ ဦးဝင်းစိန်က ကျေးရွာလူထုကို …

“ဒေါ်စုကြည်ကို သုတ်သင်ရှင်းလင်းပစ်ရမယ်။ သုတ်သင်ရှင်းလင်းပစ်ရမယ်ဆိုတာကို နားလည်ကြ ရဲ့လား…”

လူထုကို မေးပြန်ပါတယ်။ ပြီးတော့ သူ့ဘာသာ သူဆက်ပြီး ဖြေပါတယ်။

“သုတ်သင်ရှင်းလင်းတယ်ဆိုတာ… သတ်ပစ်ရမယ်”

“ဒေါ်အောင်ဆန်းစုကြည်ကို… သတ်ရဲလား ”

လူထုကိုဒေါသတကြီးနဲ့ (၅) ခါလောက် ထပ်ခါ ထပ်ခါ အော်ပြီး မေးပြန်ပါတယ်။ ကျေးရွာလူထုက တုတ်တုတ်မျှ မလှုပ် …။

နိုဝင်ဘာလ (၃) ရက်နေ့ကျတော့ ၀န်ကြီးရဲ့ခရီးစဉ်ပြောင်းပြန်ပါတယ်။ ကသာမြို့နယ် အင်းရွာကိုပါ။ အဲ့ဒီမှာလည်း ကျေးရွာလူထုကို ဦးဝင်းစိန်က ပြောပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သုတ်
သင်ဖို့ သတ်ဖို့။ ကျေးရွာလူထုကိုလည်း မေးပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သတ်ရဲလား။ အထပ်ထပ် မေးပါတယ်။ လူထုက တုတ်တုတ်မျှမလှုပ်…။

မပြီးသေး။ ၁၉၉၅ ခုနှစ် ၀န်ကြီး ဦးဝင်းစိန်ပင် ကသာသို့ ရောက်ခဲ့ပြီး ကသာခရိုင် (၂၄) နာရီ
မီးရရှိရေး အစည်းဝေးတခုကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးမှာလည်း ၀န်ကြီးဦးဝင်းစိန်က…
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လူလူချင်း ဒုတ်ဒုတ်ချင်း၊ ဓားဓားချင်း ရိုက်သင့်ရင် ရိုက်ရမှာပဲ” ဆိုပြီး ထည့်ပြောခဲ့ဖူးပါတယ်။ မြန်မာစကားပုံရှိပါတယ်။ စကားထဲက ဇာတိပြဆိုတာပါ။ စစ်အုပ်စု ဇာတိကတော့ ပြပြန်ပါပြီ။

(၃)

“နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး” ဆိုတဲ့ ဆောင်ပုဒ် တွေက စစ်အုပ်စု အစိုးရလက်ထက် မြန်မာနိုင်ငံမှာ အကြားရဆုံးသော အသံနဲ့ အမြင်တွေ့ရဆုံး ဆိုင်းပုဒ်တွေပါ။ ကမ္ဘောဇရိပ်သာ အ၀င်အ၀ရဲ့တဘက်၊ လမ်းပလက်ဖောင်းဘေးမှာတောင် ပြူးပြူး ပြဲပြဲနဲ့ ထောင်ထားတာကို တွေ့ရပါသေးတယ်။

၁၉၉၆ ခုနှစ် နိုဝင်ဘာလ (၉) ရက် စနေနေ့။ ညနေ (၃) နာရီ (၄၅) မိနစ်ခန့်…။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဋ္ဌတွေဖြစ်တဲ့ ဦးတင်ဦး၊ ဦးကြည်မောင်နဲ့ အထွေထွေအတွင်း ရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ စီးနင်းလာတဲ့ကားသုံးစီးဟာ ကမ္ဘောဇရိပ်သာ ၀င်းတံခါးက ထွက် လာပါတယ်။ ပြီးတော့ တောင်ဘက်ကိုချိုးပြီး ကမ္ဘာအေးဘုရားလမ်းအတိုင်း ဖြည်းညင်းစွာနဲ့ မောင်း နှင်လာခဲ့ပါတယ်။ ကားများချိုးကွေ့လိုက်တဲ့ လမ်းရဲ့ (၁၅) ပေလောက် အကွာမှာ ဘတ်စ်ကားမှတ် တိုင်ရှိပါတယ်။ အဲ့ဒီမှာ လူအုပ်ကြီးကို တွေ့ရပါတယ်။ လူအုပ်ကြီးက (၂၀၀) လောက်ရှိပါတယ်။

သူတို့က လမ်းရဲ့ဝဲယာကို ခွပြီး နေရာယူထားကြပါတယ်။ အချို့ကတော့ လမ်းမလယ်ခေါင်မှာ
ပိတ်ပြီးနေ နေကြပါတယ်။ ဘတ်စ်ကားစောင့်နေတဲ့သူတွေလား။ မဟုတ်ပါ။ သူတို့ရဲ့လက်ထဲမှာက ချိန်းကြိုးတွေ၊ သံဒုတ်တွေ၊ ခဲတွေ ကိုင်ထားကြပါတယ်။ မကြာပါ။ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ကား ကမ္ဘောဇ၀င်းအတွင်းက ခေါင်းပြူပြီးထွက်လာတာနဲ့ ခေါင်းဆောင်လို့ ထင်ရတဲ့သူက လူအုပ်ကြီးကို အော်ပြီး အမိန့်ပေးပါတယ်။

“ထွက်လာပြီ၊ ထွက်လာပြီ ”

“ချ၊ ချ ”

လူအုပ်ကြီးက ကားများကို ခဲများနဲ့ ထုပါတယ်။ သံဒုတ်များနဲ့ ရိုက်ပါတယ်။ ချိန်းကြိုးများနဲ့ ရမ်းပါ
တယ်။ ကားမှန်များ ကွဲကြေကုန်ပါတယ်။ ကားများအား အမြန်မောင်းထွက်ခဲ့ရပါတယ်။ နေ့ခင်း ကြောင်တောင် မြို့တော်ရန်ကုန်ရဲ့ အချက်အခြာကျတဲ့နေရာမှာ လူစုလူဝေးနဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြီးပါ။ ကြံ့ဖွံ့တို့ရဲ့ ပထမဆုံး ရန်ကုန်မြို့လယ် အကြမ်းဖက်တိုက်ခိုက်မှုပါ။ ပြီးတော့ စနစ်တကျနဲ့ အေးဆေးစွာပဲ အနားမှာရှိတဲ့ ယဉ်ကျေးမှု တက္ကသိုလ်ဝင်းထဲသို့ ၀င်သွားကြပါတယ်။

(၄)

တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ စနေ၊ တနင်္ဂနွေနေ့တိုင်း “စာဖတ်
ဝိုင်း” ပြုလုပ်ပါတယ်။ အဖွဲ့ချုပ်လူငယ်တွေရဲ့လေ့လာရေးအစီအစဉ်ပါ။ ဦးတင်ဦး၊ ဒေါ်အောင်ဆန်း စုကြည်စတဲ့ ခေါင်းဆောင်များက ဦးစီးပြီး ပြုလုပ်တာပါ။ စာဖတ်ဝိုင်းကို လာမယ့်လူငယ်တွေရဲ့ အမည်စာရင်းကိုလည်း ကြိုတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ဝင်းကိုစောင့်တဲ့ ထောက်လှမ်း ရေးတပ်ဖွဲ့ကို ပေးထားရပါတယ်။ ခွင့်ပြုမှ လာလို့ရတာပါ။

၁၉၉၈ခုနှစ် ဇွန်လ (၂၅) ရက်…။

မနေ့ကတည်းက အမည်စာရင်းပေးထားပြီးဖြစ်လို့ လူငယ်များဟာ ဒေါ်အောင်ဆန်းစုကြည်ခြံဝင်း
အတွင်းသို့ ၀င်ရန် ရောက်လာခဲ့ကြပါတယ်။ အဲဒီမှာ ခြံဝင်းအပြင်မှာ စောင့်နေကြတဲ့ လုံခြုံရေးတပ်ဖွဲ့
ဝင်တွေက ခြံဝင်းအတွင်း ၀င်ခွင့်မပြုပါဘူး။ လူငယ်များက တက္ကသိုလ်ရိပ်သာ လမ်းမပေါ်မှာ ၀င်ခွင့်ရ ရေးအတွက် စောင့်နေကြပါတယ်။

ထောက်လှမ်းရေးတပ်ဖွဲ့က ၀င်ခွင့်ပြုထားပြီးဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ နှစ်ဦး ခြံပြင်ကိုထွက်ပြီး လူငယ်များကို ခေါ်ပါတယ်။ လမ်းပေါ်မှာ ရှိနေကြတဲ့လူငယ်များနဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ ခြံထဲကိုဝင်ဖို့ လျှောက်လာခဲ့ကြပါတယ်။ အဲ့ဒီမှာ လုံခြုံရေးတပ်ဖွဲ့တွေက…

“ရိုက်ကွာ၊ ဘာခေါင်းဆောင်လဲ ခေါင်းဆောင်တွေဘာတွေ နားမလည်ဘူး၊ အဲဒီခေါင်းဆောင်ပါ
ရိုက်၊ ရိုက်”

လုံခြုံရေးတပ်ဖွဲ့တွေက နံပါတ်တုတ်များနဲ့ ၀င်ရိုက်ပါတော့တယ်။ ခြံအတွင်း အတင်းတိုးလို့ ၀င်ရောက် သွားမှသာ ရိုက်ပွဲက လွတ်ပါတော့တယ်။ လူငယ်အဖွဲ့ဝင် (၄) ယောက် ပြင်းထန်စွာ ဒဏ်ရာရကြပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ဒဏ်ရာရပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပြောင်ပြောင် တင်း တင်း ကျူးလွန်ခဲ့ကြတဲ့ တက္ကသိုလ်ရိပ်သာလမ်းပေါ် အကြမ်းဖက်မှုကြီးပါ။

(၅)

ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အဖွဲ့ချုပ်စည်းရုံးရေး ခရီးစဉ်ကို ၂၀၀၃ခုနှစ် မေလ (၆) ရက်နေ့က စတင်ခဲ့တယ်။ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်များသို့။ မြို့နယ်၊ ကျေးရွာ အဖွဲ့ချုပ်ရုံးတွေ ပြန်ပြီး ဖွင့်ပေးတယ်။ ဖြုတ်ချခြင်းခံထားရတဲ့ အဖွဲ့ချုပ်ဆိုင်းဘုတ် တွေ ပြန်တင်ပေးတယ်။ လူထုနဲ့ တွေ့တယ်။ စကားပြောတယ်။ လူထုက နေရာတိုင်းမှာ သောင်း သောင်းဖြဖြ ကြိုဆိုကြ၊ ထောက်ခံအားပေးကြတယ်။ ခြိမ်းခြောက်ထားတဲ့ ကြားမှ လူထုက
မကြောက်။

“ဘဘ ဦးတင်ဦး ကျန်းမာပါစေ”

“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”

ကြံ့ခိုင်ဖွံ့ဖြိုးရေးက လိုက်လံ၍ နှောင့်ယှက်၏။ နည်းမျိုးစုံနှင့် နေရာတိုင်းတွင်။ ဒါပေမယ့် လူထုအားကို မကျော်နိုင်။ အဖွဲ့ချုပ်၏ စည်းရုံးရေးခရီးကား အချိန်ကြာမြင့်လေ လူထုထောက်ခံမှုက ကြီးမားလာ
လေ။ အာဏာပိုင်တို့ စိုးရိမ်လာတော့တယ်။ ကြံ့ဖွံ့အင်အား ဟိုနားနည်းနည်း၊ ဒီနားနည်းနည်းနဲ့ နှောင့်ယှက်ရုံနှင့် မရနိုင်တော့။ အာဏာပိုင်တို့ သဘောပေါက်လာတော့တယ်။ ဒီတော့ အာဏာပိုင်တို့ ဘာလုပ်မလဲ။

၂၀၀၃ ခုနှစ် မေလ (၃၀) ရက်…။

ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ကားတန်း ဘုတလင်မြို့ကထွက်တော့  ညနေ (၄) နာရီခွဲပြီ။ ဘုတလင်မြို့အထွက် ဓာတ်ဆီဆိုင်တွင် လက်ပတ်တွေ ပတ်ထားတဲ့ ဘုန်းကြီးတွေ၊ ကြံ့ဖွံ့အဖွဲ့ဝင်တွေ၊ ပြည်သူ့စွမ်းအားရှင်တွေပါတဲ့ ကားများကို တွေ့ရတယ်။ ကားတွေက များတယ်။ ဘာလုပ်မှာလဲ။ သတိတော့ ထားမိကြတယ်။ ရှေ့ပြေးအဖွဲ့တွေ ကြို၍ထွက်သွားကြတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့က နောက်မှလိုက်လာကြတယ်။

ဘုတလင်အလွန် စိုင်ပြင်ရွာက လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင် အိမ်ကို ခဏ၀င်ကြ
တယ်။ ဦးဝင်းမြင့်အောင်က အကျဉ်းချခံနေရတယ်။ မိသားစုကိုဝင်ပြီး အားပေး စကားပြောတယ်။ စိုင်ပြင်ရွာက ပြန်ထွက်လာတဲ့အထိ ရှေ့ပြေးအဖွဲ့တွေက ပြန်ပြီး မဆက်သွယ်သေး။ တခုခုတော့
ထူးပြီ ။ ကားတန်းက ဆက်၍ထွက်လာခဲ့ကြတယ်။ ည အမှောင်က သိပ်သည်း၍လာပြီ။ လကွယ် ညဖြစ်၍ အမှောင်ထုက ကြီးစိုးလွန်းလှတယ်။ အရှေ့တွင် ကျည်ရွာ။ ကျည်ရွာလွန်လျှင် ဒီပဲယင်းသို့ ရောက်ပြီ။ (၂) မိုင်ခန့်သာ။

၂၀း၀၀ နာရီ…။

ကျည်ရွာသို့ရောက်ပြီ။ ရွာသူရွာသားများက အမှောင်ထဲမှာပင် ဇွဲကောင်းကောင်းနဲ့ အဖွဲ့ချုပ်ကားတန်း ကြီးအား ကြိုဆို၍နေကြတယ်။ ဖြည်းဖြည်းချင်းမောင်းနှင်ရင်း ဒေါ်အောင်ဆန်းစုကြည်က ရွာသူ ရွာသားများအား နှုတ်ဆက်တယ်။ ကားတန်းကြီးက ဆက်၍မောင်းနှင်ခဲ့တယ်။ ရှေ့ဆုံးက ဦးတင်ဦး ရဲ့ကား။ ဦးတင်ဦးရဲ့ ကားအနောက်က မန္တလေးတိုင်း အန်အယ်လ်ဒီမှ ဦးကိုကိုလေး မောင်းနှင် တဲ့ကား။ တတိယမြောက်ကားမှာက ဒေါ်အောင်ဆန်းစုကြည်တို့ လိုက်ပါခဲ့တယ်။ စတုတ္တမြောက် ကားက ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးကို တာဝန်ယူတဲ့ လူငယ်များရဲ့ကား။ ထိုကားများရဲ့ နောက်က အဖွဲ့ချုပ်အဖွဲ့ဝင်တွေပါတဲ့ကားများ။  အစဉ်လိုက် ကားတန်းကြီးက အစီအရီ။

ကျည်ရွာအား လွန်လာပြီ။ ကိုက် (၁၀၀) ခန့်သာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကားရှေ့သို့ ဦးပဉ္ဖင်း
နှစ်ပါး ထွက်ပြီးတားတယ်။ ကားကရပ်လိုက်ရပြီ။ ဦးပဉ္ဖဇင်းနှစ်ပါးက ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဖို့ တောင်းဆိုတယ်။ ကားကို ပေးမထွက်။ မထွက်နိုင်အောင် တားထားတယ်။ ဒေါ်အောင် ဆန်းစုကြည်တို့ရဲ့ ကားတန်းကြီးက ခေတ္တရပ်လို့သွားတယ်။ မကြာ။ ဒိုင်နာကားများ၊ ခရီးသည်တင် အဝေးပြေးကားကြီးများ၊ ရပ်နေတဲ့အဖွဲ့ချုပ်ကားတွေကို ကျော်တက်လာကြတယ်။ ကျော်ပြီး ရပ်လိုက် ကြတယ်။ အော်ဟစ်ပြီး ဆင်းလာကြတယ်။

“ပြည်ပအားကိုးပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီတွေ အလိုမရှိ…”

လက်ထဲမှာလည်း သစ်သားတုတ်တွေ၊ သံဒုတ်တွေ၊ ၀ါးချွန်တွေကိုင်လို့။ လက်မောင်းတွေမှာတော့ လက်ပတ်အဖြူရောင်တွေ ပတ်ထားကြတယ်။ သင်္ဃန်းဝတ်တွေလည်းပါတယ်။ လက်မှာတော့ အဖြူ ပတ်နဲ့။ ညက မှောင်လို့နေတယ်။ ကြယ်ရောင်တို့က လဲ့လဲ့သာ။ ကားမီးရောင်တို့ကြောင့် လမ်းမပေါ် တွင်တော့ လင်းလင်းထိန်ထိန်။ အမိန့်က တခါတည်းပေးပြီး ဖြစ်မယ်။

လူအုပ်ကြီးက ကားပေါ်က ဆင်းလာပြီ ကျည်ရွာက ဒေါ်စုတို့အား လာရောက်ကြိုဆိုကြတဲ့ ရွာသား တွေကိုလည်း ရိုက်တယ်။ ကားပေါ်က အဖွဲ့ချုပ်၊ အဖွဲ့ဝင်တွေကိုလည်း ရိုက်တယ်။ ခေါင်းတွေကို ရိုက်တယ်။ ခါးဆစ်ကိုရိုက်တယ်။ ၀ါးချွန်နဲ့ထိုးတယ်။ အပြိုပြိုအလဲလဲ။ ရွာသားများက ပြေးကြ
လွှားကြ။ မလွတ်။ ရိုက်တဲ့သူက များသထက်များလာတယ်။ လဲတဲ့သူတွေကို ဆံပင်ဆွဲပြီး ကတ္တရာ လမ်းနဲ့ ဆောင့်တယ်။ လဲနေတဲ့လူကို ၀ိုင်းပြီးထပ်ရိုက်တယ်။ ပါးစပ်ကလည်း ရုန့်ရင်းကြမ်းတမ်းစွာနဲ့။

“အမျိုးဖျက်မတွေ ကုလားကိုလင်တော်ချင်တဲ့သူတွေ၊ ကုလားကိုလင်မလုပ်ခင်။ ငါတို့ကို အရင် လင်လုပ်…”

အမျိုးသမီးတွေရဲ့ ပင်နီရင်ဖုံးအင်င်္ကျီကို ဆွဲဖြဲတယ်။ ယောထမီကိုဆွဲချွတ်တယ်။ ဆွဲကြိုးများကို ဖြုတ်ယူတယ်။ နားကပ်တွေကို ချွတ်ယူတယ်။ ရိုက်လဲရိုက်၊ လုလဲလု။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ကားကို ဘယ်ဘက်ခြမ်းကနေပြီး အတင်းဝင်ရိုက်တယ်။ အဖွဲ့ဝင်တွေက ကိုယ်နဲ့ ကာကြတယ်။ ရိုက်တယ်။ လဲသွားတယ်။ နောက်ထပ် ထပ်ပြီး လက်ချင်းချိတ်လို့ တားကြ
တယ်။ သွေးတို့က အိုင်ထွန်းလျက်။ ဦးခေါင်းခွံ ကွဲသံများက ထိန့်လန့်စရာ။ ရိုက်တဲ့သူတွေက ရိုက်။ ကာတဲ့သူတွေက ကာကြတယ်။

အဖွဲ့ချုပ်လူငယ်တွေ။ မုံရွာ စီးပွားရေးတက္ကသိုလ် ကျောင်းသားတွေ။ တယောက်ပြီးတယောက်။ တတန်းပြီး တတန်း ခွေကျသွားတယ်။ မန္တလေးတိုင်း အနောက်မြို့နယ် အဖွဲ့ချုပ်စည်းရုံးရေးမှူး ကိုသိန်းတိုးအေး၊ ကိုတင်မောင်ဦး၊ ကိုရာဂျူး အဲဒီနေရာမှာပဲ ကျဆုံးခဲ့ကြတယ်။

ရိုက်တဲ့သူတွေက ဒေါ်စုရဲ့ကား ဘယ်ဘက်ဘေးမှန်ကို ရိုက်ခွဲပစ်လိုက်တယ်။ ရိုက်သူများက ကားရဲ့ညာဘက်ဘေးကလည်း ၀ိုင်း၍ရိုက်တယ်။ ညာဘက်ကားမှန်တွေ ကွဲကုန်တယ်။ ကိုကျော် စိုးလင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ကားကို မောင်းတဲ့သူ။ သူ့ကိုလည်း ကွဲနေတဲ့မှန်ကြားက ရိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၀ါးချွန်နဲ့ လှမ်းထိုးတယ်။ ရိုက်ချက်များက ဆက်၍ ဆက်၍။ ကိုကျော်စိုးလင်းကို ထိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထိတယ်။ ညာဘက် လက်မောင်း…။

“အန်တီကို ထိသွားပြီ ၊ အန်တီကို ထိသွားပြီ”

ကိုကျော်စိုးလင်းကအော်တယ်။ ပြီးတော့ ကားကို ဂီယာထိုးပြီး အတင်းမောင်းထွက်ခဲ့တော့တယ်။ နောက်မှာတော့ သွေးပျက်ဖွယ်အကြမ်းဖက်မှုကြီးက မပြီးသေး။ ကားက ဆည်မြောင်းဝင်းအနီးသို့ ရောက်လာတယ်။ ဆည်မြောင်းဝင်းအရှေ့မှာလည်း လူအုပ်ကြီး။ ဒုတ်များ၊ ၀ါးချွန်များနဲ့။ (၄၀၀၀) ခန့်ရှိတယ်။ အဖွဲ့ချုပ်ယာဉ်တန်းရဲ့ ရှေ့ပြေးဆိုင်ကယ်တွေကို ဒီလူအုပ်ကြီးက ဆီးလို့ရိုက်နေကြတယ်။ ပြေးလာကြတဲ့ ကျည်ရွာသူ ရွာသားတွေလည်း အရိုက်ခံနေကြရတယ်။

ဆည်မြောင်းဝင်းထဲက ဒိုင်နာကားကြီးနှစ်စီးမောင်းထွက်လာတယ်။ အရှိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ကားကို ၀င်တိုက်တယ်။ ကိုကျော်စိုးလင်း ကျွမ်းကျင်မှုကြောင့် ၀င်တိုက်တဲ့ကားနှစ်စီးကို ရှောင်လိုက်နိုင်ခဲ့တယ်။ ပြီးတော့ အရှိန်နဲ့မောင်းထွက်ခဲ့တယ်။ သံဆူကြိုးတန်းတွေကိုတိုက်ထုတ်ပစ်ပြီး မောင်းခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားအနောက်က ဒေါက်တာ လှစိုးညွှန့်ရဲ့ကား။ သေနတ် သံတွေ ကြားရတယ်။ ဒေါ်စုရဲ့ကားကို ပစ်ခတ်တာ။ မထိ။ အကြမ်းဖက်မှုကြီးက လွတ်ခဲ့ပြီ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ကားက ရေဦးသို့ မောင်းနှင်လျက်။ ညက မည်းမှောင်၍နေဆဲ။

ကျည်ရွာ လူသတ်ကွင်းအတွင်းက လမ်းလျှောက်စကားပြောစက်မှ အသံများက ငှက်ဆိုးထိုးသံ များနှယ်။

“ဒေ၀တင်လှ… ရပြီ။”

“ဒေ၀စံရှား… လွတ်သွား”

“ရေဦးပေါက်၊ တန့်ဆည်ပေါက်ကို ပိတ်”

“အောင်ခိုင်၊ အောင်နိုင် ဘယ်လိုလဲ ”  “ ကော်မရှင် ဘယ်လိုလဲ ”

“လိုအပ်ရင် … ပစ်”

ကိုးကား …

– အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေမှ ဗိုလ်ချုပ်မှူးကြီးထံသို့ ပေးပို့သည့် အာဏာရှင်သို့ ပေးစာ
(အတွဲ ၁-၂)

– ဒီပဲယင်းလုပ်ကြံမှု အရေးယူဆောင်ရွက်ရေးကော်မရှင်၏ ဒုတိယအကြိမ် ပဏာမ အစီရင်ခံစာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: