“စစ်အုပ်စုအား စွဲချက်တင်ခြင်း” အပိုင်း (၂)-လင်းဆွေ (၁၈-၉-၀၇)

“အကျဉ်းထောင်အတွင်း သတ်ဖြတ်မှု”

(၁)

၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့ကစပြီး လမ်းမပေါ် လူသတ်ပွဲများနဲ့ အာဏာသိမ်းယူခဲ့တဲ့ စစ်အုပ်စုဟာ နောက်ပိုင်း အာဏာတည်မြဲရေးအတွက် နံရံလေးဘက်အတွင်း ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများနဲ့ အာဏာသက်ကို ဆက်ခဲ့ပြန်တယ်…။

ကျောင်းသားတွေ၊ ရဟန်းသံဃာတွေ၊ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေ။ ဘယ်သူပဲ ဖြစ်ဖြစ်။ “ဒီမိုကရေစီရေး”၊ “ငြိမ်းချမ်းရေး” တောင်းဆိုမလား။ အမျိုး သမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်၊ သက်ကြီးရွယ်အိုဖြစ်ဖြစ်၊ လူမမယ်ဖြစ်ဖြစ်၊ အားလုံးကို စစ်အုပ်စု
ဟာ ဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချတယ်၊ ညှဉ်းပန်းတယ်။ နှိပ်စက်တယ်။ ညှဉ်းပန်းနှိပ်စက်မှု ဒဏ်ကြောင့် အချို့က ကိုယ်လက်အင်္ဂါမသန်စွမ်းတော့။ အချို့က စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရပြီ။
အချို့က အသက်ပင် စွန့်လွှတ်သွားခဲ့ကြရတယ်။

အဲ့ဒီလို သားတကွဲ၊ မယားတကွဲ၊ မိတကွဲ၊ ဖတကွဲ အဖြစ်တွေ။ ဒီ (၁၉) နှစ်အတွင်း ဘယ်လောက်များ ရှိပါလိမ့်။ ထိုထိုသော ငိုကြွေးရတဲ့မျက်ရည်တွေ။ ပူဆွေးရတဲ့ သောကတွေ။ တောက်လောင်ရတဲ့ ဒေါသမီးတွေ။ မငြိမ်းနိုင်သေး။

သံဃာတော် အရှင်သူမြတ်တို့က ဗုဒ္ဒသာသနာ ပြန့်ပွားအောင် သာသနာမပြုနိုင် အကျဉ်းထောင် အတွင်း အညှဉ်းပန်းခံနေကြရတယ်။ ကျောင်းသားလူငယ်တို့က ကျောင်းစာသင်ခန်းအတွင်း
စာမအံရ နံရံလေးဘက်အကြား “တိုက်ပိတ်” ခံနေကြရတယ်။ ပညာရှင်တို့က တိုင်းပြည်အတွက် အကျိုးမပြုနိုင်၊ သံတိုင်ကြား၌ နေနေကြရတယ်။ ကောက်နှံတို့က ရင့်မှဲ့ပြီ။ ရိတ်သိမ်းဖို့ ဦးကြီးများက မရှိ။ အကျဉ်းထောင်အတွင်း ရောက်နေကြရတယ်။

(၁၉) နှစ်အတွင်း တိုင်းပြည်အတွက် ဆုံးရှုံးမှုက တွက်၍ပင် မရတော့။ “တိုက်ရိုက်” ဆုံးရှုံးမှုများနဲ့
“အကျိုးဆက်” ဆုံးရှုံးမှုများ။ ထိုထိုသော တန်ဖိုးတို့နဲ့ “စပ်” ပြီး စစ်အုပ်စုက အာဏာသက်ကို
ဆက်လို့ နေကြပြီကော။

(၂)

“အိမ်ရှေ့မှာ ကားတစီးရပ်ကာ
တံခါးကို ဖွဖွ ခေါက်ကာ
ခဏလောက် လိုက်ခဲ့ပါအုံးတဲ့…
လူ… လူ ဧည့်ဆိုး…
မကြုံချင်တဲ့ ဧည့်ဆိုး”

ကိုမွန်းအောင်ရဲ့သွေးမုန်တိုင်း သီချင်းခွေထဲက သီချင်းတပုဒ်ပါ။ မြန်မာပြည်မှာ “ဒီမိုကရေစီရေး”၊
“ငြိမ်းချမ်းရေး”၊ “လူ့အခွင့်အရေး” လှုပ်ရှားတက်ကြွသူတို့ရဲ့ဘ၀ကို အမိအရ ထင်ဟတ်စေပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် မြန်မာပြည်မှာ ဒီမိုကရေစီ ကြိုးပမ်းလုပ်ဆောင်မယ်ဆိုရင်တော့ အိမ်ရှေ့မှာ ကား တစီးရပ်။ တံခါးခေါက်ပြီး ရောက်လာမှာပါ။ ၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈) ရက် အာဏာသိမ်းပြီး စစ်ကောင်စီဟာ ဘယ်သူတွေကို တံခါးခေါက်လို့ စခေါ်သွားခဲ့ကြလဲ…။

၁၉၈၈ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့။ ရန်ကုန်မြို့ ဘားလမ်း “စပါယ်ဦး စာပေတိုက်”
အတွင်းသို့ လုံခြုံရေးတပ်ဖွဲ့များ ၀င်လာကြတယ်။ ပြီးတော့ ခေါ်ဆောင်သွားကြတယ်။ ဇာဂနာ (ကိုသူရ)၊ စပါယ်ဦး ဦးတင်စိုး။ ဇင်ဝိုင်း၊ မိုးဝင်း။ ညီဝင်းစိန်။ ပြီးတော့ တယောက်… တယောက်… တယောက်။ မရေမတွက်နိုင်တော့ပြီ။

မန္တလေးမှာလည်း ဖမ်း။ ပဲခူးမှာလည်း ဖမ်း။ တောင်ကြီးမှာလည်း ဖမ်း။ မြန်မာပြည်ရဲ့ မြို့တိုင်း နယ်တိုင်းမှာ ဖမ်းတော့တယ်။ အချို့ ပြန်လွတ်လာ။ မကြာ တခါပြန်ဖမ်း။ အကြိမ်ကြိမ် အဖမ်းခံရ သူတွေလည်း မရှား။ အချို့က ပြန်မလွတ်တော့။ နှစ်ပေါင်းများစွာ ထောင်ထဲမှာပင်…။

(၃)

၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့မှ ဒီနေ့အထိ (၁၉) နှစ်တာ ကာလအတွင်း နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖမ်းဆီးခြင်းခံခဲ့ရသူပေါင်း ဘယ်လောက်ရှိပြီလဲ။ ၂၀၀၆ ခုနှစ် မေလအထိ အကျဉ်းထောင် အသီးသီးအတွင်း အကျဉ်းကျခံနေရဆဲ အကျဉ်းသားများက (၁,၁၅၁) ဦး ရှိနေဆဲ။ အချို့က လွတ်ရက်စေ့သော်လည်း မလွှတ်သေး။ အချို့က ကျန်းမာရေးမကောင်း…။

(၁၉) နှစ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသား (၁၂၇) ဦး သေဆုံးခဲ့ကြရတယ်။ အချို့က စစ်ကြောရေး ထဲမှာ၊ အချို့က အကျဉ်းထောင်ထဲမှာ၊ အချို့က ရဲဘက်စခန်းမှာ။ (၉၆) ပါးရောဂါနဲ့ သေဆုံးခဲ့ရတာ မဟုတ်ဘူး။ အာဏာပိုင်တို့က ညှဉ်းပန်းနှိပ်စက်လို့ ကျဆုံးခဲ့ကြရတာဖြစ်တယ်။ “လူကို ခွေး
သတ်ခြင်း” ပင်…။

ပထမဆုံး အကျဉ်းထောင်အတွင်း သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားက ကိုဟာနစ်ဖြစ်တယ်။
သူက ၁၉၈၈ ခုနှစ် ဒီဇင်ဘာလတွင်ပင် ဆုံးခဲ့တယ်။ သေဆုံးခဲ့ကြရတဲ့အထဲက အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားကတော့ ဦးဦးသာထွန်းဖြစ်တယ်။ အသက် (၈၂) နှစ်ရှိပြီ။ ၁၉၉၀ ခုနှစ်
သြဂုတ်လ (၁၉) ရက်နေ့မှာ ကွယ်လွန်ခဲ့တယ်။ အသက်အငယ်ဆုံး နိုင်ငံရေးအကျဉ်းသားကတော့ ကိုစိုးဌေးဖြစ်တယ်။ အသက် (၁၉) နှစ်သာ ရှိပြီး ၁၉၉၁ ခုနှစ် ဧပြီလ (၁၆) ရက်နေ့မှာ ကွယ်လွန် ခဲ့တယ်။ ကွယ်လွန်ခဲ့ကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ အမျိုးသမီးအကျဉ်းသူ (၃) ဦးလည်း
ပါဝင်ပြီး၊ ရဟန်းသံဃာ (၃) ပါးလည်း ပျံလွန်တော်မူခဲ့ကြတယ်။ ဒီ (၁၉) နှစ်အတွင်း နော်ဝေး
နိုင်ငံသား (နိုင်ငံခြားသား နိုင်ငံရေးအကျဉ်းသား) တဦးအပါအ၀င် အကျဉ်းသား (၁၂၇) ဦး ကွယ်လွန်ခဲ့ရတာနဲ့ ပတ်သက်လို့ စစ်အုပ်စုမှာ တာဝန်ရှိတယ်…။

၃(က)

“ကျနော်မသေချင်သေးဘူး။ သေရမှာ ကြောက်လို့မဟုတ်ဘူး။ သမိုင်းဖြစ်ရပ်မှန်တွေကို ဖော်ထုတ်
ချင်သေးတယ်။ သမိုင်းကို လိမ်ညာနေကြတယ်။ သမိုင်းဖြစ်ရပ်မှန်တွေကို ဖျောက်ဖျက်ပစ်ဖို့ ဖုံးကွယ် နေကြတယ်။ ပြည်သူတွေ သိအောင် ဖော်ထုတ်ရအုံးမယ်။”
“သမိုင်းမှန် ဖော်ထုတ်ရေးတာဝန်ကို ကျနော် ယူချင်သေးတယ် ”
ဦးစိုးဝင်း
(အင်းစိန်ဆေးရုံအချုပ်ဆောင်)
၈၊ ၄၊ ၁၉၉၂။

၁၉၉၂ခုနှစ် မေလ (၃)ရက်နေ့တွင် အင်းစိန်ဆေးရုံ အချုပ်ဆောင်၌ပင် ဦးစိုးဝင်း ကွယ်လွန်ခဲ့တယ်။ ကွယ်လွန်ချိန်တွင် အသက် (၇၄) နှစ်ရှိပြီ။ ၁၉၉၀ ခုနှစ် ဇူလိုင်လတွင် စစ်ထောက်လှမ်းရေးက ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၁၇/၁၊၂ နဲ့ ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခဲ့တယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေ
ယျရဲ့ ညီဖြစ်တယ်။ ပြည်သူ့ရဲဘော် အဖွဲ့ဝင်တဦးလည်း ဖြစ်ခဲ့တယ်။ ၁၉၆၃ မှာ ဗိုလ်နေ၀င်း အစိုးရရဲ့ ဖမ်းဆီးခြင်းကို တခါခံခဲ့ရဖူးတယ်။ နောက်ဆုံး… ပြည်သူ့ရဲဘော်အဖွဲ့ချုပ် (ဗမာပြည်) ရဲ့ အထွေထွေ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့တယ်။

၃(ခ)

“အနှစ် (၂၀) ဆိုပါလားဟေ့…။
ရုပ်မှာ အာဏာနဲ့ ကျည်ဆံ
နာမ်မှာ ဖက်ဆစ်
မအောင်မြင်တဲ့ သူရဲကောင်းများရဲ့
အာဃာတထက် အဆိပ်အတောက်ပြင်းတဲ့
ခုံရုံးအမိန့်နဲ့လေ…။”
မောင်သော်က ၏ မီးခြစ်တဆံကဗျာမှ…
(အင်းစိန်အကျဉ်းထောင်အတွင်း ရေးစပ်ခဲ့သည်)

ဦးဘသော် (စာရေးဆရာ မောင်သော်က) အား ၁၉၈၉ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့တွင် ၁၉၅၀ ခုနှစ် အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅ (က)၊ ၅ (ခ) တို့နဲ့ ထောင်ဒဏ် အနှစ် (၂၀) ချမှတ် ခဲ့တယ်။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်း တပ်မတော် (ရေ) ကို ပြည်သူဘက်က ရပ်တည်ဖို့ ရေတပ်အရာရှိကြီးတွေဆီ ရေတပ်အရာရှိဟောင်းတဦးဖြစ်တဲ့ ဗိုလ်မှူးဘသော်က စာရေး ပို့ခဲ့၍… အနှစ် (၂၀) ထောင်ဒဏ် ချမှတ်ခြင်းဖြစ်တယ်။

တပ်မတော် (ရေ) မှ အရာရှိဟောင်းတဦးဖြစ်သလို… စာရေဆရာတဦးလည်း ဖြစ်သည်။ သရော်စာ ရေးရာမှာ နာမည်ကြီးတယ်။ အရေးတော်ပုံကြီးအတွင်း စာပေအနုပညာရှင် တဦးအနေနဲ့ ပါဝင်ခဲ့
တယ်။ စာနယ်ဇင်းသမဂ္ဂရဲ့ ဥက္ကဋ္ဌ။ နိုင်ငံရေးပါတီများ ဖွဲ့စည်းသည့်အခါ အန်အယ်လ်ဒီတွင်
ဝင်ရောက်ခဲ့တယ်။ အန်အယ်လ်ဒီရဲ့ ဗဟိုဦးစီးအဖွဲ့ဝင်နဲ့ စစ်ကိုင်းတိုင်းစည်းရုံးရေးတာဝန်ခံ။
၁၉၈၉ တွင် အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်အတွင်း ၁၉၉၀ ခုနှစ် စက်တင်ဘာ (၂၅) အစာငတ်ခံ ထောင်တွင်းတိုက်ပွဲတွင် ဦးဆောင်ပါဝင်ခဲ့တယ်။ အရိုက်အနှက်ခံရတယ်။ တိုက်ပိတ်ခံရတယ်။
နောက် လေဖြတ်သွားတယ်။ ၁၉၉၁ ခုနှစ် ဇွန်လ (၈) ရက်နေ့မှာ ရန်ကုန်ဆေးရုံကြီးကို တင်တယ်။ မရတော့ဘူး။ ဇွန်လ (၁၁) ရက်နေ့မှာ ကွယ်လွန်ခဲ့တယ်။ ဆရာမောင်သော်က ကွယ်လွန်တော့ အသက် (၆၅) နှစ်။

၃(ဂ)

“ဒီဆေးရုံမှာ ဒီနေရာကိုထွက်လာပြီး ဆေးကုကြတဲ့ ကိုစိန်ဝင်း၊ ကိုညိုဝင်း၊ ဦးစိုးဝင်း သူတို့အားလုံး သေသွားကြပြီ ထောင်ထဲကို ပြန်မသွားနိုင်ခဲ့ကြဘူး။ သိတယ်မဟုတ်လား”

“ငါ …၊ ခင်မောင်မြင့် ဒီနေရာမှာ မသေဘူး။ ထောင်ထဲကို ရောက်အောင် ပြန်ဝင်မယ်”

“ငါတခုမှာခဲ့မယ်… ငါသေတဲ့အခါ ငါ့အလောင်းကို “ပြည်သူ့တိုးတတ်ရေးပါတီအလံ” နဲ့
ဖုံးလွှမ်းပေးပါ”

“ငါ့အနေနဲ့… နောက်ဆုံးအချိန်သေတဲ့အထိ စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်သွားတယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ… ပြောလိုက်ပါ… အားလုံးကို ပြောလိုက်ပါ”

ဦးခင်မောင်မြင့်
(အင်းစိန်ဆေးရုံ)
၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလ။

ဦးခင်မောင်မြင့်က ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် အင်းစိန်ထောင်အတွင်း၌ ကွယ်လွန်ခဲ့တယ်။ ကွယ်လွန်တဲ့အချိန်ထိ ပြည်သူ့တိုးတတ်ရေးပါတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်
ထမ်းဆောင်ခဲ့တယ်။ ဗိုလ်နေ၀င်းအား ဖက်ဆစ်ဟု ကင်ပွန်းတပ်ခဲ့သူဖြစ်တယ်။ ၁၉၈၉ ခုနှစ်
ဇွန်လမှာ အဖမ်းခံခဲ့ရပြီး နိုဝင်ဘာလ (၆) ရက်နေ့မှာ ပုဒ်မ ၁၇/၁ နဲ့ ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံခဲ့ရတယ်။

ဦးခင်မောင်မြင့်က ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ပါဝင်ခဲ့သူ။ ဗ.က.သ ရဲ့ အမှုဆောင် ခေါင်းဆောင်တဦး။ ပါလီမန်ဒီမိုကရေစီခေတ်တွင် ပြည်သူ့တိုးတတ်ရေးပါတီ၌ ဗဟိုကော်မတီဝင်။
ထို့နောက် (ပ.မ.ည.တ) တပ်ပေါင်းစုရဲ့ သဘာပတိအဖွဲ့ဝင်တဦးအဖြစ် နိုင်ငံရေးတာဝန်များ
ထမ်းခဲ့သူ။

၁၉၆၅ ခုနှစ်တွင် ဗိုလ်နေ၀င်း မ.ဆ.လ အစိုးရရဲ့ ဖမ်းဆီးခြင်းအား ခံရတယ်။ ကိုကိုးကျွန်းကို အပို့ခံရတယ်။ ကျွန်းဖျက်သိမ်းရေးတိုက်ပွဲမှာ ဦးခင်မောင်မြင့် အစာငတ်ခံတိုက်ပွဲဝင်ခဲ့တယ်။ ဦးခင်မောင်မြင့်ကား “ဒီမိုကရေစီရေး”၊ “ငြိမ်းချမ်းရေး”၊ “အာဏာရှင်စနစ်ချုပ်ငြိမ်းရေး” တိုက်ပွဲစဉ်
အဆက်ဆက်၌ သမိုင်းတာဝန်ကျေခဲ့သူ။ ကွယ်လွန်တော့ အသက် (၆၃)နှစ်…။

(၄)

သူတို့ကား … အကျဉ်းထောင်အတွင်း၌ သေဆုံးကြရလေပြီ။

ဤသူတို့ကား                   ခိုးသူတို့မဟုတ် ။
ဤသူတို့ကား                   သူသတ်တို့မဟုတ်။
ဤသူတို့ကား                   သွေးဆာနေသော စစ်ဝါဒီတို့မဟုတ် ။
ဤသူတို့ကား                   အစွန်းရောက် အကြမ်းဖက်သမားတို့မဟုတ် ။
ဤသူတို့ကား                   တိုင်းပြည်၏ သည်းစွာသော အနာအား ကုလိုသူတို့။
ဤသူတို့ကား                   ပြည်သူတို့၏မျက်ရည်များအား သုတ်ပေးလိုသူတို့။
ဤသူတို့ကား                   သေဆုံးကြရလေပြီ…။

လူကို ခွေးသတ်လေခြင်း…။      ။

ကိုးကား
– အေအေပီပီ မှ ထုတ်ဝေသည့် “(၈) စက္ကန့်ငြိမ်” အစီရင်ခံ
– BPPU ဥက္ကဋ္ဌ ဦးဇော်ငြိမ်းလတ်နှင့် တွေ့ဆုံမေးမြန်းချက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: