ရန်ကုန်မြို့၌ သံဃာတော်များ စီတန်းလှည့်လည်ဆန္ဒပြ

NEJ / ၁၈ စက်တင်ဘာ ၂၀၀၇-ယနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့တွင်း၌ သံဃာတော် အပါး
(၅၀၀) ကျော်စီတန်းလှည့်လည် ဆန္ဒပြမှုဖြစ်ပွားခဲ့သည်ဟု ရန်ကုန်မြို့ခံများကပြောသည်။သံဃာ
တော်များက ရွှေတိဂုံဘုရားသို့အသွား ရွှေတိဂုံဘုရားကို အာဏာပိုင်များက ပိတ်ထားသည့်အ
တွက်သံဃာတော်များက လမ်းကြောင်းပြောင်းကာ ရန်ကုန်မြို့တွင်း၌ လှည့်လည်ဆန္ဒပြခြင်းဖြစ်
သည်။

လိုက်လံကြည့်ရှူသူတဦးက “အရှေ့ဘက်မုခ်ပေါ့၊ ဗဟန်း (၃) လမ်းကနေပြီး ကြားထဲကဘုန်း
ကြီးကျောင်းတွေကနေ စထွက်လာတာ။ ရှေ့ဆုံးကဘုန်းကြီးကတပါးပေါ့၊ သာသနာ့ အလံကိုင်
ထားတယ်။ လူတရပ်ကျော်ကျော် လောက်ရှိမယ်။ နောက်ကနေ နှစ်ပါးတွဲ နှစ်ပါး တွဲလျှောက်
လာကြတယ်” ဟု ပြောသည်။

သံဃာတော်များက အလံပြဘုရားလမ်းအတိုင်း ကြွချီပြီး ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလ
လမ်းတို့ကို ဖြတ်လျှောက်ကာ ဗိုလ်တထောင်ဘုရားလမ်းမှတဆင့် ဗိုလ်တထောင်ဘုရားထဲသို့
ဝင်ရောက်သွားကြသည်။

စလျှောက်စဉ်က သံဃာအပါး (၂၀၀) ကျော်သာ ရှိသော်လည်း လမ်းတွင် သံဃာတော်များ
ထပ်မံ ပူးပေါင်းလာကာ (၅၀၀) ကျော်ခန့်ဖြစ်လာပြီး လမ်းဘေးဝဲယာမှ ပြည်သူလူထုများက
ထောင်နှင့်ချီ၍ လိုက်ပါကြည့်ရှု အားပေးကြသည်ဟု မြို့ခံတဦးက ပြောသည်။

ဗိုလ်တထောင်ဘုရားမှ ပြန်ထွက်လာပြီး ဗိုလ်တထောင်ဘုရားလမ်းနှင့် အနော်ရထာလမ်း
ထောင့်ရှိမြသိန်းတန်ကျောင်းတိုက်အတွင်းသို့ သံဃာတော်အချို့ဝင်ရောက်သွားကြပြီး သံဃာ
အချို့က သိမ်ဖြူလမ်းအတိုင်း ဆက်လက်လျှောက်ကာ တဖြည်းဖြည်း လူစုခွဲသွားသည်ဟု သိ
ရသည်။

“စွမ်းအားရှင်တွေက ဘေးကနေလိုက်သွားတယ်၊ သူတို့က သိသာတယ်၊ ဘောင်းဘီတိုတွေ
ဘာတွေနဲ့ ဥက္ကဋ္ဌတွေ ဘာတွေက ပါပလစ်ကာကားနဲ့လိုက်တယ်၊ လူတွေကဘေးကကြည့်နေ
တာပဲရှိတယ်” ဟု လိုက်ပါကြည့်သူတဦးက ပြောသည်။

ယနေ့နံနက်၌လည်း သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရား၌ မဂ္ဂင်ကျောင်းတိုက်မှ သံဃာ
တော်အပါး (၃၀) ခန့်က မေတ္တာသုတ်ရွတ်ဖတ်ကာ စီတန်းလှည့်လည်ဆန္ဒပြခဲ့သည်ဟု
သံဃာတော် တပါးက မိန့်ကြားသည်။

၎င်းက “ကျိုက္ကဆံဘုရားမှာ သံဃာတွေစုပြီးတော့ ကျိုက္ကဆံဘုရားကနေ တောင်ဥက္ကလာ
ဘက်(၁၃) ရပ်ကွက်၊ (၁၂) ရပ်ကွက်၊ (၁၀) ရပ်ကွက် အဲဒီတွေကို လမ်းလျှောက်ပြီး မေတ္တာ
သုတ်ရွတ်ကြတယ်။ တခါပြန်လာကြတော့ ကျိုက္ကဆံဘုရားပေါ်မှာ ပြန်ဆုံတယ်။ ပြီးတော့ ဘု
ရားပေါ်မှာ ပတ်တယ် အဲသလိုမျိုးလှည့်လည်တာ” ဟု မိန့်ကြားသည်။

ယခုလ (၅) ရက်၌ ပခုက္ကူမြို့တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် သံဃာတော်များကို စစ်အစိုးရ
လက်ကိုင်တုတ်များက ရိုက်နှက်ဖမ်းဆီးခဲ့မှုကို စစ်အစိုးရအနေဖြင့် ၀န်ချတောင်းပန်ရန် ယ
မန်နေ့ကို နောက်ဆုံးရက်သတ်မှတ်၍ သံဃာတော်များက တောင်းဆိုထားသော်လည်းစစ်အ
စိုးရကတောင်းပန်ခြင်းမပြုသဖြင့် သံဃာတော်များအကြား မကျေနပ်မှုများ တိုးပွားလာနေပြီး
ဆန္ဒပြမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခြင်းဖြစ်သည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: