‘“စစ်အုပ်စုအား စွဲချက်တင်ခြင်း” အပိုင်း (၁) -လင်းဆွေ (၁၄-၉-၀၇)

အပိုင်း(၁)
အာဏာသိမ်း လူသတ်မှုနှင့် ပြည်တွင်းစစ်တရားခံ

(၁)

၁၉၉၈ ခုနှစ် စက်တင်ဘာလ (၁ဂ) ရက်နေ့ကစလို့ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တဲ့စစ်အုပ်စုဟာ န.၀.တ၊ န.အ.ဖ အမည်အမျိုးမျိုးနှင့် အာဏာကို ဒီနေ့ထိ ချုပ်ကိုင်ထားတုန်းပဲ။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့ဆိုရင် (၁၉) နှစ်တိတိရှိပြီဖြစ်တယ်။ ဒီ (၁၉) နှစ်အတွင်းမှာ စစ်အုပ်စု ဘာတွေလုပ်ခဲ့လဲ။ ပြည်သူလူထုအပေါ် ဘာလုပ်ခဲ့လဲ။ တိုင်းပြည်အပေါ် ဘာလုပ်ခဲ့လဲ။

ပထမဆုံးကျူးလွန်ခဲ့တာကတော့ အာဏာသိမ်းလူသတ်မှုပဲ။ ဒီနေရာမှာ စစ်ဗိုလ်ချုပ်ကြီးတွေဟာ အမိန့်ပေးသူအနေနဲ့လည်း တာဝန်ရှိတယ်။ လက်တွေ့လုပ်ဆောင်သူအနေနဲ့လည်း တာဝန်ရှိတယ်။ နောက် တဆက်တည်းက ပြည်တွင်းစစ်ကို ကြီးထွားအောင်လုပ်စေတာပဲ။ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ကျောင်းသားလူငယ်တွေ၊ လယ်သမားတွေ၊ အလုပ်သမားတွေဟာ စာသင်ခန်း
ကို စွန့်ခဲ့ရတယ်။ တူ၊ တံဇဉ်ကိုင်တဲ့လက်တွေဟာ မောင်းပြန်သေနတ်တွေကိုမကိုင်ချင်ဘဲ ကိုင်ခဲ့ ကြရတယ်။ ဒီ (၁၉) နှစ်အတွင်းမှာ ထိခိုင်ဒဏ်ရာရသူတွေ၊ သေဆုံးခဲ့ရသူတွေ။ အရေအတွက် ဘယ်လောက်တောင် ရှိခဲ့ပြီလဲ။ ဒီ (၁၉) နှစ်အတွင်းမှာ စစ်တလင်း ဖြစ်ခဲ့ရတဲ့ကျေးရွာတွေ။ စစ်မြေပြင်မှာ ပိတ်မိနေခဲ့ရတဲ့ပြည်သူတွေ။ အရာအားလုံးဟာ မီးလောင်ပြင်၊ သွေးညှီနံ့တွေနဲ့ အတိဖြစ်ခဲ့ရတယ်။ ဒါ ပြည်တွင်းစစ်ကြောင့်ပဲ။ ဒီပြည်တွင်းစစ်ကို ဘယ်သူကြီးထွားစေခဲ့လဲ။

(၂)

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်။
တနင်္ဂနွေနေ့။

ရန်ကုန်မိုးက ညို့နေတယ်။ မရွာဘူး။ မြို့တော်ခန်းမရှေ့နှင့် ရန်ကုန်ဆေးရုံကြီးအရှေ့တွေမှာ အစာငတ်ခံဆန္ဒပြနေကြတဲ့သူတွေက ဆက်ပြီး သပိတ်တိုက်ပွဲဝင်နေကြတုန်းပဲ။ လူထု (၃) သိန်း ကျော်လောက်ကလည်း ရန်ကုန်မြို့တော်ရဲ့ လမ်းတွေပေါ်မှာ စီတန်းဆန္ဒပြနေကြတယ်။ “ကြားဖြတ်အစိုးရ” ဖွဲ့ပေးဖို့။

ဒေါက်တာမောင်မောင်ရဲ့ မ.ဆ.လ အစိုးရကလည်း ငြင်းဆန်နေတုန်းပဲ။ အချိန်က တရွေ့ရွေ့ ကုန်လာတယ်…။

၁၆း၀၀ နာရီ…။
မြန်မာ့ရေဒီယိုက ကြေညာချက်တစောင်ကို ကြေညာလိုက်တယ်။

“နိုင်ငံ၏အဘက်ဘက်က ယိုယွင်းနေသော အခြေအနေများကို အချိန်မီတားဆီးနိုင်ရန် အများပြည်သူ အကျိုးအတွက် တပ်မတော်က နိုင်ငံတော် အာဏာအ၀၀ကို ယနေ့မှစ၍ လွှဲပြောင်းယူလိုက်ပါတယ်”

ကြေညာချက်က ဒါပဲ…။ စစ်တပ်က အာဏာသိမ်းလိုက်ပြီ။ အာဏာသိမ်းခေါင်းဆောင်က ဗိုလ်ချုပ် ကြီးစောမောင်။ အာဏာသိမ်းစစ်ကောင်စီကို ဖွဲ့လိုက်တယ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့။ စစ်ကောင်စီအဖွဲ့ဝင်အားလုံး (၁၉) ဦး။ ဗိုလ်ချုပ်ကြီးစောမောင်က ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌက ဗိုလ်ချုပ်သန်းရွှေ။ တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ခင်ညွန့်က စစ်ကောင် စီရဲ့ အတွင်းရေးမှူး။

မြန်မာ့ရေဒီယိုက စစ်ချီသီချင်းတွေကို တောက်လျှောက်လွှင့်နေတော့တယ်။
“သမိုင်းကြောင်း ဆက်ဆက် ထွတ်မြတ် တို့စွမ်းရည် ထွန်းလင်းတဲ့ နေသဏ္ဌာန်စံစားစေ အသွေးထဲ အသားထဲ ကြောက်စိတ်ဖယ်ရှားမည်၊ အသက်ရန်စွယ် အန္တရာယ်တွေ တို့ မမှုပြီ…”

(၃)

တနေ့လုံးညို့နေတဲ့ ရန်ကုန်မိုးက အာဏာသိမ်းသတင်းနှင့်အတူ ရွာချလာတယ်။ ပထမ ဖွဲဖွဲ။ နောက်တော့ သဲသဲမဲမဲရွာလာတယ်။ ကောင်းကင်တခွင်လုံးမှောင်မဲနေတယ်…။

မြို့တော်လူထုဟာ ချက်ချင်း သူတို့ ဘာလုပ်ရမယ်ဆိုတာကို သိတယ်။ လမ်းတွေကို ပိတ်တယ်။ သစ်ပင်တွေလှဲပြီး တားတယ်။ လျှပ်စစ်ဓာတ်ကြိုးတွေကို ဖြတ်တောက်ပစ်ကြတယ်။ စစ်သားတွေ
ဝင်မလာနိုင်အောင် ခံစစ်စည်းပြင်ကြတယ်။ ပြီးတော့ ရှိတဲ့လက်နက်တွေနဲ့ လမ်းတွေပေါ်မှာ စောင့်နေကြတယ်။ ဆန္ဒပြသူတွေကလည်း လမ်းတွေပေါ်မှာ ပိုများလာတယ်။ ငြိမ်းချမ်းစွာ
ဆန္ဒပြနေတဲ့ လူထုဟာ ဒေါသထွက်လာကြတယ်။

“ခွေးအစိုးရ … ကျဆုံးပါစေ”
“ခွေးအစိုးရ … ကျဆုံးပါစေ”
“ကြားဖြတ်အစိုးရ” ဖွဲ့စည်းရေးတောင်းဆိုရာက အာဏာသိမ်းစစ်အုပ်စုကို ရင်ဆိုင်ဖို့ လူထုဟာ ပြင်လာကြရတယ်။

အမှောင်ထုဟာ တရွေ့ရွေ့နဲ့ သိပ်သည်းလာတယ်။ ညဥ့်ဦးယံတိုင်ခဲ့ပြီ။ မင်္ဂလာဒုံဘက်မှ စစ်ကားတွေ၊ ဘရင်းကယ်ရီယာကားတွေ ရန်ကုန်မြို့ထဲကို မောင်းဝင်လာကြတယ်။ စစ်ကားပေါ်ကနေပြီး အသံ ချဲ့စက်တွေနဲ့ အော်တယ်။ လူစုခွဲပါ။ လမ်းပိတ်ဆို့ထားတာတွေကို ဖယ်ပေးပါ။ လူထုက မဖယ်ဘူး။ တင်းခံနေတယ်။ လူထုက မရွံ့သွားဘူး။ တောင့်ခံထားတယ်…။

မကြာ …။
စစ်ကားတွေပေါ်ကနေပြီး မောင်းပြန်သေနတ်တွေနဲ့ ပစ်တော့တယ်။ လမ်းပေါ်က လူတွေကိုလည်း ပစ်တယ်။ လမ်းဘေးက အိမ်တွေထဲကိုလည်း ပစ်တယ်။ ပစ်ပြီး ရှေ့တဆင့်တတ်တယ်။ လက်နက် မရှိတဲ့ပြည်သူတွေကို ပစ်ရှင်း ရှင်းနေတဲ့ တပ်မတော်သားတွေ။ ကျဆုံးသွားတဲ့ အလောင်းတွေကို ဒရွက်တိုက်ဆွဲပြီး စစ်ကားတွေပေါ်ကို ပစ်တင်တယ်…။

တညလုံးပဲ။ သေနတ်သံတွေဟာ ဟိုက၊ ဒီက ကြားနေရတယ်။ မပီဝိုးတ၀ါးနှင့် ရောင်နီက ပေါ်လာ တယ်။ နေ့သစ်ကို ကူးပြီး။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၉) ရက်နေ့…။

လူထုကြီးဟာ ရဲရဲဝံ့ဝံ့နဲ့ပဲ လမ်းတွေပေါ်ကိုတတ်လာကြတယ်။ အားလုံးက မြို့တော်ခန်းမနှင့် မဟာ ဗန္ဒုလပန်းခြံဆီသို့ ဦးတည်ချီတက်နေကြတယ်။ ပြည်ထောင်စုဘဏ်၊ မြို့တော်ခန်းမနှင့် ခြောက်ထပ် ရုံးအပေါ်ထပ်တွေမှာ စစ်သားတွေ ကင်းပုန်းဝပ်နေကြတယ်။ သူတို့ရဲ့သေနတ်ပြောင်းတွေက မြို့တော်ခန်းမရှေ့ကနေပြီး ဆူးလေဘုရားဘက်ကို ချီတတ်လာတဲ့ လူထုကြီးဆီကိုချိန်ထားတယ်။ ဆန္ဒပြနေတဲ့ လူထုကြီးက မသိဘူး…။

အလံကိုင်တပ်ဦးဟာ ဆူးလေဘုရားကိုဝိုက်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းကော်ပိုရေးရှင်း ရုံးဘက်ကို ကွေ့လိုက်တယ်။ အလံတွေက လေမှာ ဝေ့ရမ်းလို့…။ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကိုင်တဲ့ ကျောင်းသားလေးတွေက အလံတွေရဲ့အောက်မှာ အဖြူ အစိမ်းနဲ့။

ပစ်ပြီ …။
ခေါင်မိုးပေါ်က နေရာယူထားတဲ့ စစ်သားတွေဟာ လမ်းပေါ်မှာရှိတဲ့ လူထုကြီးထဲကို မောင်းပြန်
သေနတ်တွေနဲ့ ဒလစပ်ပစ်တယ်။ ပြီးတော့ လမ်းတွေပေါ်ကို စစ်သားတွေရောက်လာတယ်။ မြို့တော်ခန်းမထဲမှာ နေရာယူထားတဲ့ စစ်သားတွေ။ သူတို့အနောက်က ဘရင်းကယ်ရီယာ ကားတွေပါတယ်…။ အမိန့်သံတွေ ထွက်လာတယ်။ စစ်သားတွေဟာ ဒူးထောင်ပြီး သွေးသံရဲရဲနဲ့ ပြိုဆင်းနေတဲ့ လူအုပ်ကြီးထဲကိုပစ်တယ်။ မသေသေးတဲ့သူတွေကို ထပ်ပစ်တယ်။

၁၈-၁၉ အာဏာသိမ်းပစ်ခတ်သတ်ဖြတ်မှုမှာ သေဆုံးခဲ့တာနဲ့ ပတ်သတ်လို့ ရန်ကုန်တမြို့တည်းမှာ
ပင် ပြည်သူလူထု (၅၀၀) နဲ့ (၁,၀၀၀) ကြားရှိနိုင်တယ်လို့ ရန်ကုန်ဆေးရုံကြီးက ဆရာဝန်တွေက ခန့်မှန်းတယ်။ စစ်ကောင်စီအတွင်းရေးမှူးဖြစ်တဲ့ ဗိုလ်မှူးချုပ် ခင်ညွန့်ကတော့ (၂၆၃) ယောက် သေဆုံးခဲ့တယ်လို့ (၂၂) ရက်နေ့မှာ ထုတ်ပြောတယ်။

(၄)

၁၉၈၈ခုနှစ် သြဂုတ်လ (၈) ရက်နေ့မှစပြီး ပြည်သူလူထုတရပ်လုံးကတောင်းဆိုကြတယ်။
“ဒီမိုကရေစီရေး…”
“ငြိမ်းချမ်းရေး…”
လမ်းမတွေပေါ်မှာ ချီတက်ပြီး တောင်းဆိုတယ်။ အစာငတ်ခံပြီးလဲ ဆန္ဒပြတယ်။
“တပါတီစနစ် အလိုမရှိ”
“ကြားဖြတ်အစိုးရ  ဖွဲ့စည်းပေး”
ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ စည်းကမ်းသေ၀ပ်စွာနဲ့ သပိတ်မှောက်တယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့အထိ။
မရဘူး။ စစ်တပ်က အာဏာသိမ်းလိုက်တယ်။ ဆန္ဒပြလူထုကို ပစ်သတ်တယ်။ ရက်ရက်စက်စက်။ အလောင်းတွေတောင်လို ပုံသွားတယ်။ ရင်ခွဲတိုက်တွေထဲမှာ။ ကြံတော သင်္ချိုင်းထဲမှာ။ ဆေးရုံတွေ ပေါ်မှာလည်း သွေးသံရဲရဲနဲ့။ စစ်တပ်က သူလုပ်မှာကို လုပ်သွားတယ်။ ပြီးတော့ လူထုရဲ့ နားထဲမှာ ကလည်း စွဲနေတုန်းရှိသေးတဲ့ အသံ။

“စစ်တပ်ဆိုတာ မိုးပေါ်ထောင်မဖောက်ဘူး ပစ်ရင် ထိအောင်ပစ်တယ် မှန်အောင်ပစ်တယ်…”
ဒီတော့ ပြည်သူလူထုကြီးရဲ့ အာသာဆန္ဒ။
“ဒီမိုကရေစီရေး”
“ငြိမ်းချမ်းရေး”
ဘယ်လိုရရှိနိုင်စေမလဲ။ ရှင်းတယ်။ စစ်အုပ်စုက သဘောတရားရော၊ လက်တွေ့အရပါပြပေးလိုက် တယ်။ လိုချင်ရင် တောင်းမနေနဲ့။ “တိုက်” ယူ။ ငါတို့မှာ သေနတ်ရှိတယ် စစ်တပ်ရှိတယ်။ အဲ့တော့ မင်းတို့လည်း သေနတ်ရှာပြီး၊ တပ်ဖွဲ့လို့  လာတိုက်။ ဒါပဲ…။

၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်…။

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေး ၀မ်းခစခန်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)  ကို ဖွဲ့စည်းခဲ့တယ်။ မြန်မာ့သမိုင်းမှာ ပထမဦးဆုံးပေါ်ပေါက်ခဲ့တဲ့ ကျောင်းသားတပ်မတော်။ မတတ်နိုင်။ ရွေးလမ်းက မရှိ…။

“ဓား … ဓား ခြင်း” ။ “လှံ … လှံခြင်း ” စီးချင်းထိုးလိုသူက တိုင်းပြည်အာဏာရယူထားမှတော့…။
ကျောင်းသားတို့ စာသင်ခန်းကို စွန့်ခွာခဲ့ရတော့တယ်။ တူ၊ တံဇဉ်ကိုင်တဲ့လက်တွေ မောင်းပြန်သေ နတ်ကို ကိုင်စွဲခဲ့ကြရတော့တယ်။ (၁၉) နှစ် ရှိခဲ့ပြီ။

ပြည်တွင်းစစ်က ဖုန်းဆိုးမြေကို ဖြစ်စေတယ်။

ပြည်တွင်းစစ်က မီးလောင်မြေနဲ့ သွေးညှီနံ့ကို ဖြစ်စေတယ်။

စစ်အုပ်စုက ပြည်တွင်းစစ်ကို ဖြစ်စေတယ်။

ကိုးကား။      ။ဘာတေးလစ်တနာ၏ ဒေါမာန်ဟုန်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: