ရန်ကုန်မြို့တွင် လုံခြုံရေးတင်းကျပ်ထား ညဘက်တွင် လူသူခြောက်ကပ်နေ

NEJ / ၁၄ စက်တင်ဘာ ၂၀၀၇-လောင်စာဆီဈေးနှုန်းတိုးမြှင့်မှုကြောင့် လူထုဆန္ဒပြပွဲများ ဖြစ်ပွားပြီးနောက်ပိုင်း နအဖ
အာဏာပိုင် များက ရန်ကုန်မြို့တော်လုံခြုံရေးကို တိုးမြှင့်ထားသဖြင့် ညဘက်တွင်လမ်းများပေါ်၌ လူသွား လူလာမရှိ
သလောက် ဖြစ်နေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။“မြို့လယ်ခေါင်ဖြစ်တဲ့ ကျောက်တံတား၊ လသာလို နေရာ
တွေမှာတောင် ည (၁၂) နာရီကျော်ရင် လူတွေ အပြင်မထွက်ကြတော့ဘူး။ လမ်းပေါ်မှာလည်း ကားတွေရှင်းနေတယ်၊ တက္ကစီတွေတောင် မတွေ့ရဘူး။ ညမထွက်ရအမိန့်ထုတ်ထားသလိုမျိုးကို ဖြစ်နေတယ်” ဟု ရန်ကုန်မြို့ခံတဦးကပြော
သည်။

ပုံမှန်အားဖြင့် ည (၁၂) နာရီ၊ (၁) နာရီနောက်ပိုင်းတွင် လူစည်ကားလေ့ရှိသည့် ရန်ကုန်မြို့လယ် ဆူးလေကားဂိတ်၊
လသာမြို့နယ် (၁၉) လမ်းနှင့် လမ်း (၂၀) တ၀ိုက်၊ သိမ်ကြီးဈေးတ၀ိုက်နှင့် အနော်ရထာလမ်းမပေါ် စသည့်နေရာများ
တွင်ပင် လူသူမတွေ့ရတော့ကြောင်း ၎င်းက ပြောသည်။

ဆန္ဒပြမှုများဖြစ်ပွားပြီးနောက်ပိုင်း ရန်ကုန်မြို့ပေါ်ရှိ ဈေးဆိုင်များကို ည (၁၀) နာရီထက် နောက် မကျဘဲ ပိတ်ရန် သက်ဆိုင်ရာမြို့နယ်အာဏာပိုင်များက ညွှန်ကြားထားကြောင်းလည်း ညဘက် ဆိုင်ဖွင့်သူများထံမှ သိရသည်။

ဆိုင်များကို ညဘက်ပိုင်းစောစော ပိတ်ခိုင်းသော်လည်း သက်ဆိုင်ရာအာဏာပိုင်များအား ဆက်ကြေး ပေးဖွင့်လှစ်ကြ
သည့် အနှိပ်ခန်း၊ ကာရာအိုကေခန်းနှင့် နိုက်ကလပ်များမှာမူ အချို့ (၁) နာရီခွဲအထိ၊ အချို့ညလုံးပေါက် ဖွင့်လှစ်ခွင့်ရ
သော်လည်း ဆိုင်ဖွင့်ရာလမ်းပေါ်တွင် လူစုလူဝေးမဖြစ်အောင် တာဝန်ယူရကြောင်း ကာရာအိုကေဆိုင်ပိုင်ရှင်တဦးက
ပြောသည်။

၎င်းက “ညဥ့်နက်ပိုင်းဆို ရန်ကုန်မြို့လယ် လမ်းထောင့်တွေမှာ တာဝန်ချထားတဲ့ အရပ်ဝတ်လုံခြုံရေး တွေနဲ့ ရဲတပ်ဖွဲ့
ဝင်တွေ ရှိနေပြီး ရဲပတ္တရောင်ကားတွေက ကင်းလှည့်နေတာတွေ့ရတယ်” ဟု ပြောသည်။

အောင်ဆန်းကွင်းပတ်ဝန်းကျင်နှင့် ဒဂုံမြို့နယ်စစ်ရုံးချုပ်ဟောင်း တ၀ိုက်တွင်မူ ရဲနှင့်စစ်တပ်တပ်ဖွဲ့ဝင် (၁၀) ဦးခန့်ပါ
ဝင်သော ပူးပေါင်းတပ်ဖွဲ့ဝင်များက ကင်းလှည့်နေကြောင်း သိရသည်။ ။

Leave a comment