ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြန်မာအလုပ်သမားများ ဆူနာမိလှိုင်းရိုက်ခတ်မည်ကို စိုးရိမ်- ကျော်ထင်(ထိုင်း) / ၁၃ စက်တင်ဘာ ၂၀၀၇

ယမန်နေ့ညနေပိုင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းအနီးတွင် (၈.၄) ရစ်ချက်စတာစကေး ရှိသော ရေအောက်မြေငလျင်တခု လှုပ်ခတ်ခဲ့ရာ ဆူနာမိဒီလှိုင်းကြီးများ ရိုက်ခတ်မည်ဟု သတင်းများ ထွက်ပေါ်လာမှုကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေဒေသများရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပွားလျက်ရှိသည်။

တိကျသည့် ဆူနာမိသတိပေးချက်မရှိသည့်အတွက် အနီးအနားရှိ ထိုင်းလူမျိုးများ ထိတ်လန့် ပြေးလွှားနေကြသဖြင့် မြန်မာအလုပ်သမားများကြား လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်ဟု ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်ရှိ အခြေခံလူထု လူ့အခွင့်အရေးပညာပေးရေးအဖွဲ့ တာဝန်ခံ ဦးထူးချစ်က ပြောသည်။

၎င်းက “ထိုင်းလူမျိုးတွေကိုယ်တိုင်ပဲလေ ကားတွေ၊ ဆိုင်ကယ်တွေပေါ်မှာ ပစ္စည်းတွေတင်ပြီး ပြေးတာလွှားတာရှိတော့ ဗမာအလုပ်သမားတွေလည်း လိုက်ပြေးတာပေါ့” ဟု ပြောသည်။

ပင်လယ်ကမ်းစပ်ဒေသများမှ ပန်းရန်အလုပ်သမားများ၊ ဆူနာမိကြောင့် တရွာလုံးနီးပါး ပျက်စီးသွား သည့် ဘန်းနမ်းခိန်(မ်) မှ ရွာသားများသည် ယမန်နေ့ည မိုးရွာထဲမှာပင် ပြေးလွှားပုန်းရှောင်နေ
ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ၂၀၀၄ ဆူနာမိတုန်းက ဆိုးဆိုးရွားရွားခံခဲ့ရတဲ့ နေရာတွေမှာနေတဲ့သူတွေပေါ့။ အရင် အတွေ့အကြုံကလည်းရှိနေတော့ ပိုစိုးရိမ်ကြတယ်။ တချို့တွေဆိုရင် ကူညီပါလို့ဆိုတော့ ကျနော်တို့ လက်လှမ်းမီသမျှ သွားကြိုပြီး သူတို့စိတ်အေးမယ်ထင်တဲ့နေရာတွေမှာ ပို့ထားတွေတော့ရှိပါတယ်။ ဒီမနက်ကျတော့ အမျိုးသားတွေက အလုပ်ဆင်းသွားကြပေမယ့် အမျိုးသမီးတွေနဲ့ ကလေးတွေ ကိုတော့ လုံခြုံတဲ့နေရာတွေမှာ ထားတုန်းပဲရှိသေးတယ်” ဟု ပြောသည်။

ယမန်နေ့ညပိုင်း ထိုင်းတီဗွီလိုင်းများမှ ဆူမားတြားရေအောက်မြေငလျင်သတင်းကို ထုတ်ပြန်အပြီး
တွင် ထိုင်းသဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးရေးဌာနမှ တောင်ပိုင်း (၆) ခရိုင်ရှိ တာဝန်ရှိသူ
များထံသို့ ပြင်ဆင်မှုများပြုလုပ်ကြရန် လက်ကိုင်ဖုန်းမှတဆင့် စာဖြင့် အကြောင်းကြားခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ခေါင်ရတ်ဒေသတွင် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်နေသည့် မက်ဖောင်ဒေးရှင်းမှ ခွန်သောမတ်က “ကျနော်တို့ကတော့ ပြေးကြလွှားကြတာပဲ။ အထိတ်တလန့်ပဲ။ တရွာလုံးပဲ ဘုန်းကြီးကျောင်းကို ပြေးကြတယ်။ ကျနော်တို့အဖွဲ့ထဲက တချို့ဆို ပင်လယ်ကမ်းခြေမှာ ထမင်းထိုင်စားနေတာ။ အဲဒီဆိုင်ရှင်က ဆူနာမိဖြစ်မယ်ဆိုပြီး အကုန်လုံးကို ပြေးခေါ်လိုက်တာ ထမင်းဖိုးတောင်မပေးလိုက်ရဘူး။ သူ့ကားပေါ်တင်ပြီး တောင်ပေါ်ကို မောင်းပြေးတာ။ ကားထဲမှာ
လူ (၂၀) ကျော်ဆိုတော့ ပြည့်ကျပ်နေတာပေါ့” ဟု ပြောသည်။

ယနေ့နံနက်ပိုင်းတွင်လည်း အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းအနီးတွင် ပြင်းအား (၇.၈) ရစ်ချက် စတာစကေးရှိသော မြေငလျင်ကြီးတခု ဆက်လက်လှုပ်ခတ်ခဲ့ကြောင်းနှင့် ယမန်နေ့က လှုပ်ခတ် ခဲ့သော ငလျင်ကြောင့် အနည်းဆုံးလူ (၉) ဦးခန့်သေဆုံးကာ (၁၉၀) ကျော်ဒဏ်ရာရရှိသည်ဟု အင်ဒိုနီးရှားအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။

၂၀၀၄ ခု ဒီဇင်ဘာ (၂၆) တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းအနီးတွင် လှုတ်ခတ်ခဲ့သည့်
(၉.၁၅) ရစ်ချက်စတာစကေးရှိ ရေအောက်မြေငလျင်ကြောင့် ဆူနာမိလှိုင်းများရိုက်ခတ်ခဲ့ရာ အိန္ဒိယသမုဒ္ဒရာကမ်းခြေတလျှောက်ရှိ နိုင်ငံများမှ လူ (၂) သိန်း (၃) သောင်းခန့်သေဆုံးခဲ့သည်။

အဆိုပါဆူနာမိလှိုင်းဒဏ်ကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေဒေသများတွင် လူ
(၅,၀၀၀) ခန့် သေဆုံးသည့်အနက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂,၀၀၀) ကျော်ခန့် ပါဝင်
သည်ဟု ဆူနာမိဒဏ်ခံရသော ရွှေ့ပြောင်းအလုပ်သမားများအား အကူအညီပေးနေသည့် အန်ဂျီအိုများ၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: