ညစ်ညို့ညို့အုတ်ရိုးနှစ်ထပ်နောက်က သက်တန့်ရောင် ကဗျာ-ဇွန်မှိုင်း (၁၂-၉-၀၇)

(၁)

“အခုတခါအလှည့်ကျသူကတော့ ဆရာဗဟုလွင်ပြင်ဖြစ်ပါတယ်။ ဆရာဗဟုလွင်ပြင်ခင်ဗျား…
ဆရာ့ရဲ့ ‘ရေသံသရာ’ လို့ အမည်ပေးထားတဲ့ ကဗျာကို ရွတ်ဆိုပေးဖို့ ပန်ကြားအပ်ပါတယ်”
အခမ်းအနားမှူးရဲ့ ဖိတ်ခေါ်မှုအပြီးမှာ…
ဆရာဗဟုလွင်ပြင်ဟာ ထိုင်ရာမှ ထလိုက်ပါတယ်။
အခမ်းအနားကိုရော တက်ရောက်လာသူများကိုရော လေးစားတန်ဖိုးထားကြောင်းကို ပြသတဲ့
သဘော ပြုံးတယ်ဆိုရုံ အပြုံးနှင့် ကိုယ်ကိုအနည်းငယ်ကိုင်းညွတ်ပြီး အရိုအသေပြုပါတယ်။
ပြီးတော့ မျက်နှာဟာ တဖြည်းဖြည်းတည်လာတယ်။
ကဗျာစာရွက်ကလေးကို ဖြန့်လိုက်တယ်။

စာရွက်ကိုင်ထားတဲ့သူ့လက်ဟာ သိသိသာသာပဲ တုန်နေတယ်။ ဆရာဗဟုလွင်ပြင်ဟာ သူ့ကဗျာ
ထဲကို တိုးပြီးတိုးပြီး ၀င်သွားနေတာကို ကျနော်တို့မြင်နေကြရသလိုပဲ။ (၅) စက္ကန့်လောက်ငြိမ်သက် သွားပြီးတဲ့နောက်မှာ…

“ခေါင်းစဉ်ကို ‘ရေသံသရာ’ လို့ပေးထားပါတယ်။ အကျဉ်းထောင်ထဲမှာ ဘ၀တွေကို ပေးဆပ်နေ
ကြတဲ့၊ အကျဉ်းထောင်ထဲမှာ အသက်တွေကို ပေးဆပ်သွားကြတဲ့ ကျနော်တို့ရဲ့ ရဲဘော်တွေ
အားလုံးကို အလေးအမြတ်ပြုရင်း ကျနော် ဒီကဗျာကို ရွတ်ပါမယ်”

“ဖျောင်းဖျလို့မရတဲ့ မြားတွေကို
မူးမိုက်လဲကျ ရင်ဆိုင်ရင်း
သေဆုံးရပြန်ပြီ… အချစ်။

ခါးမှာ ချပ်ထားတဲ့
နည်းပညာတွေနဲ့
ရွက်မပါလှေကို ထိန်းကျောင်းလို့
အသက်ပြင်းပြင်းတော့ ရှုနိုင်ပါသေးတယ်။

မုန်တိုင်းအိုကြီးရဲ့ အမြီးကို ဆွဲမိတော့
ဥဒဟို တယောသံတွေ
ရေနစ်သေဆုံး
ကြားခဲ့ဖူးတဲ့ မင့် စကားလုံးတွေ
တံခါးညပ်တဲ့ အိမ်မြှောင်ဖြစ်သွား
တို့နှစ်ယောက်ရဲ့ မတူညီမှုတွေက
အမှန်တရားဖြစ်လာတော့တယ်။”

အခမ်းအနားဟာ ငြိမ်သက်နေတယ်။ ကဗျာရွတ်သံကလွဲလို့ ဘာဆိုဘာသံကိုမှ မကြားရဘူး။ ကဗျာတပိုဒ် ပြီးသွားတိုင်း၊ ပြီးသွားတိုင်း ကဗျာဆရာဟာ ကဗျာထဲကို ပိုပိုပြီးနစ်ဝင်သွားတယ်။ ဆရာပွင့်၊ ဆရာဒေါင်းဝေဇော်၊ ဆရာရိုးမဆောင်း၊ ဆရာသူရိန်၊ ဆရာတြိငြိမ်းနှင့် ဆရာစစ်ငြိမ်းလူ။ သူတို့လည်း ဆရာဗဟုလွင်ပြင်ရဲ့ ကဗျာနှင့်အတူ မင်သက်လို့။

(၂)

ကျနော်တို့ အခမ်းအနားတခု ကျင်းပနေကြတာပါ။
အခမ်းအနားက… စာဆိုတော်နေ့လည်းဟုတ်တယ်။ အမေနေ့လည်း ဟုတ်တယ်။ လူထုဒေါ်အမာရဲ့ (၈၆) နှစ်မြောက် မွေးနေ့လည်းဟုတ်တယ်။ ဒီ (၃) နေ့ကိုပေါင်းပြီး အခမ်းအနားတခု ကျင်းပနေကြ တာပါ။ ဒီအခမ်းအနားမှာ ကိုယ်တိုင်ဖန်တီးထားတဲ့ ကဗျာတွေ၊ ဆောင်းပါးတွေ၊ စာတမ်းတွေ၊
ဝတ္ထုတိုတွေနဲ့ အမေများကို ပူဇော်နေကြတာလည်းဖြစ်ပါတယ်။ အခမ်းအနားကျင်းပတဲ့ ခန်းမ
ကတော့… သာယာဝတီအကျဉ်းထောင်၊ သီးသန့် (ခ) တိုက်ရဲ့ အခန်းနံပါတ် (၄)။ အခမ်းအနား ကျင်းပတဲ့သူတွေက သီးသန့်တိုက်ဝန်းထဲက နိုင်ငံရေးအကျဉ်းသားတွေ။ ကဗျာရွတ်နေတဲ့ ဆရာ ဗဟုလွင်ပြင်ဆိုတာကတော့…

(၃)

ကျနော်ကတော့ ဆရာဗဟုလွင်ပြင်ကို ငေးကြည့်နေရင်း…
ဆရာဗဟုလွင်ပြင်ရဲ့ ကဗျာကိုခံစားနေရင်း…
ကျနော်သိခဲ့တဲ့ ဆရာဗဟုလွင်ပြင်ကို မျက်စေ့ထဲမှာ မြင်ယောင်နေမိတယ်။
ကျနော့်အတွေးတွေဟာ ၁၉၈၈ ခုနှစ်ဆီကို ပြန်ပြေးနေတော့တယ်။

(၄)

ဆရာဗဟုလွင်ပြင်ဆိုတာ ကျနော်တို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ရှစ်ဦးထဲက တဦး။ သူ့အမည်ရင်းက ဂျင်မီခေါ် ကိုကျော်မင်းယု။

အဲဒီတုန်းက… သူ့မျက်နှာက ကြည်ကြည်ရှင်းရှင်းလေး။ တိုင်းရင်းသားတယောက်ရဲ့ ကြည်ရှင်းပုံမျိုး။ နောက်မှ သိရတာ သူက အင်းသားတယောက်ပဲ။ သူငယ်ငယ် ရန်ကုန်ရောက်စက အင်းသံဝဲ၀ဲနှင့် အတန်းထဲမှာ အရမ်းအစခံရတဲ့အကြောင်း သူပြန်ပြောပြဖူးတယ်။

သူ့ကို ကျနော်မှတ်မိနေတာက…
လည်ကတုံး ရှပ်အင်္ကျီအဖြူ လက်ရှည်ကို လက်ခေါက်တင်ထားတတ်သူ၊
ပုဆိုး (ကချင်လုံချည်) ကို ခြေသလုံးလယ်လောက်ထိ တိုတိုဝတ်တတ်သူ၊
လွယ်အိတ်ကို ထုံးထားပြီး ကိုယ်နှင့် ချပ်ချပ်ရပ်ရပ် လွယ်တတ်သူ၊
လွယ်အိတ်ထဲမှာ ဖတ်စရာစာအုပ် တအုပ် နှစ်အုပ် ထည့်ထားတတ်သူ၊
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ စည်းရုံးရေးကော်မတီမှာ အမြင့်ဆုံးတာဝန်ရှိသူ၊
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်နေတဲ့အချိန်မှာ အသက် (၁၉) နှစ်သာ ရှိသေးသူ။

သူဟာ ရုံးခန်းထဲကို ၀င်လာရင်လည်း ခြေလှမ်းခပ်ကျဲကျဲနှင့် ခပ်သွက်သွက်။ ရုံးခန်းက ပြန်ထွက် သွားရင်လည်း ခြေလှမ်းကျဲကျဲနှင့် ခပ်သွက်သွက်။ ရန်ကုန်ထဲက ရုံးခန်းဟူသမျှကို လှည့်ပတ်သွား။ နယ်ကိုထွက်တဲ့အခါထွက်။ စည်းရုံးရေးလုပ်ငန်းကို မနားတမ်း လှုပ်ရှားသွားလာလုပ်ကိုင်နေတတ်သူ။
သူဟာ တခြားလူငယ်တွေလိုပဲ စိန်ခေါ်ချက်တွေ အမျိုးမျိုးကို ဘယ်လိုရင်ဆိုင် ကျော်လွှားခဲ့ရသလဲ ဆိုတာတွေကို အခါအားလျော်စွာ ကျနော့်ကို ပြောပြတတ်သူ။

(၅)

လှိုင်ကောလိပ်မှာ သတ္တဗေဒဘာသာတွဲနှင့် သူ တတိယနှစ်ကျောင်းသားအဖြစ် တက်နေတဲ့နှစ်မှာပဲ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကျဆုံးရတဲ့ ပြဿနာပေါ်လာတယ်။ ရိုးရိုးသားသား အေးအေးချမ်းချမ်း ဖြေရှင်းရမယ့်ကိစ္စလေးကို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ရမည့် ပြဿနာကြီး တခုအဖြစ် မရိုးမသား ပုံကြီးချဲ့လာတာ။

မျက်ရည်ယိုဗုံး ဒါမှမဟုတ် မီးသတ်ကားလောက်နဲ့ လူစုခွဲပေးလို့ရပါလျက်နဲ့ ဂျီသရီးတွေ ဂျီဖိုးတွေ သုံးပြီး ကျောင်းသားအုပ်စုထဲကို ဒရစပ်ပစ်ခတ်လိုက်တာ။ ကျောင်းသားတွေရဲ့ စက်မှုတက္ကသိုလ်
ဝန်းကို ရန်သူရဲ့ အခိုင်အမာစခန်းကုန်းတခုလို သဘောထားပြီး ကျားတက်ထိုးရင်း ပစ်ခတ်တိုက် ခိုက်သိမ်းပိုက်လိုက်တာ။

ကျဆုံးသွားတဲ့ ကျောင်းသားအလောင်းကို လွတ်လပ်စွာသဂြိုလ်ခွင့်တောင်မပေးဘဲ ကျောင်းသားတွေ ဆီက အတင်းညတွင်းချင်း လုယက်ယူသွားတာ စတဲ့အချက်တွေဟာ… ငြိမ်းငြိမ်းချမ်းချမ်း ပညာ သင်ကြားလိုတဲ့ ကျောင်းသားတွေရဲ့ ရင်ကို ပြီးတော့… သူ့ရင်ကို တိုက်ရိုက်ကြီးကိုပဲ တည့်တည့် ထိမှန်ခဲ့ပါတယ်။

(၆)

ဒီလိုနဲ့ တံတားနီလှုပ်ရှားမှုထဲ သူရောက်လာခဲ့တယ်။ တဖြည်းဖြည်း တရွေ့ရွေ့… ပြည်လမ်းတလျှောက် ချီတက်လာတဲ့ ကျောင်းသားတွေရဲ့ တပ်ဦးကို သူရောက်သွားတယ်။
‘ကျနော် အဲဒီတုန်းက ခေါင်းဆောင်လုပ်ရလိမ့်မယ်လို့လည်း ထင်မထားဘူး။ ကျောင်းသား လှုပ်ရှားမှု တခုကို ဦးဆောင်လှုပ်ရှားနိုင်လိမ့်မယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် ယူဆမထားဘူး။ ဒါပေမယ့် ပြောကြဆိုကြရင်း ကြွေးကြော်သံတွေ အော်ကြတိုင်ကြရင်း တပ်ဦးကို ရောက်သွားမှန်းမသိ ရောက်သွားခဲ့ရတာ’

(၁၀) နှစ်လောက်ကြာသွားတဲ့အခါ သာယာဝတီအကျဉ်းထောင်ထဲမှာ ကျနော့်ကို သူပြန်ပြောပြတာ
ပါ။ တံတားနီမှာ ပိတ်ပြီး နှစ်ဘက်ညှပ်ပြီး အရိုက်ခံရတော့ သူလည်း အရိုက်ခံရတယ်။ ဒါပေမယ့် ပြေးတာ မှန်သွားလို့ အဖမ်းတော့ မခံရဘူး။ လှည်းတန်း၊ စံရိပ်ငြိမ်၊ (၆) မိုင်ခွဲဆိုတဲ့နေရာတွေက သူ့နေရာတွေပဲ။ ဘယ်ကပြေးရင် ဘယ်ရောက်ပြီး ဘယ်ခြံစည်းရိုးကျော်ရင် ဘယ်ခြံထိ ပေါက်တယ် ဆိုတာ သူသိထားပြီးသားပဲ။ ဒါကြောင့်လည်း သူ တံတားနီလူဖမ်းပွဲက လွတ်အောင်ရှောင်ထွက်နိုင်ခဲ့ ပါတယ်။

သူ ရှောင်ထွက်လို့မရတော့တာက …
ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေး အပြည့်အ၀ရရှိရေး တိုက်ပွဲကြီးပါ။

(၇)

ရှစ်ဆယ့်ရှစ် အရေးတော်ပုံကြီး စပြီ။ အရေးတော်ပုံကြီးကို ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ၀ိုင်းဝန်းပုံဖော်ခဲ့ကြ
တဲ့ ကျောင်းသားတွေ၊ ကိုယ့်အလုပ်အဖွဲ့တွေနဲ့ကိုယ် စုစည်းကြ စုဖွဲ့ကြနဲ့။ သူလည်း ရကသကို ဦးဆောင်ဖွဲ့စည်းခဲ့တယ်။

နိုင်ငံရေး Generation Gap (မျိုးဆက်အဆက်ပြတ်မှု) ကာလကြီးတခု အသေအချာ ကြားခံခဲ့တာ ကြောင့် တစုတည်း၊ တဖွဲ့တည်း ဖြစ်ဖို့မလွယ်ခဲ့ဘူး။

ကိုညိုထွန်းတို့ ကိုထက်မိုးတို့ရဲ့ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ရကသ) ရှိသလို ကိုတင်ဆန်း
နှင့် ကိုပြုံးချိုတို့ ဦးဆောင်တဲ့ (ရကသ) ဆိုတာလည်းရှိခဲ့တယ်။ အဲဒီလိုပဲ… ကိုဘကျော်နှင့် သူ ဦးဆောင်တဲ့ (ရကသ) ဆိုတာလည်း ရှိပြန်တယ်။ သူတို့ (ရကသ) မှာ အမှုဆောင်(၁၀) ဦးရှိပြီး သူ့အကို ကိုမျိုးမင်းယုလည်း အဲဒီအမှုဆောင်ထဲမှာ ပါတယ်။ သူတို့အခုထိ တန်ဖိုးထား တခုတ်
တရ ပြန်ပြောခဲ့တဲ့ အတွေ့အကြုံတခုကတော့ …

“တကသ မြက်ခင်းပြင်ကို ပထမဆုံး စရှင်းတာ ကျနော်တို့ပဲ။ အဲဒီရှင်းထားတဲ့ မြက်ခင်းပြင်ပေါ်မှာ ကျနော်တို့ (ရကသ) ကို စုဖွဲ့ပြီး ပထမဆုံး သတင်းစာရှင်းလင်းပွဲလုပ်တာ ကျနော် အရမ်းဂုဏ်ယူ တယ်ဗျာ။ အဲဒီဓာတ်ပုံ နောက်တနေ့ လက်ပွေ့လိုက်ရောင်းနေတဲ့ သတင်းစဉ်တွေထဲမှာ ပါလာတော့ ကျနော်ဖြင့် ကြက်သီးတောင်ထတယ်”

ဒီလိုနဲ့ ဗကသများအဖွဲ့ချုပ်(ဗကသ) ကို ၂၈၊ ၈၊ ၈၈ နေ့မှာ တကသမြက်ခင်းပြင်မှာ ဖွဲ့ကြတော့
သူတို့ ရကသလည်း တက်ရောက်ခဲ့ကြပါတယ်။
သူတို့ (ရကသ) ရဲ့ ကွန်စတီကျူးရှင်းမှာ…
“တခုတည်းသော ဗကသ ပေါ်ပေါက်လာသည့်အခါ ၎င်း (ဗကသ) တွင် ပူးပေါင်းပါဝင်ပြီး ယခုဖွဲ့စည်း ထားသော အမှုဆောင်အဖွဲ့ကို ဖျက်သိမ်းမည်” ဟု ရေးသားထားတယ်လို့ သူက ပြောပြတယ်။ “အဖွဲ့အစည်းတွေကလည်း အမျိုးမျိုးရှိနေပြီး တခုနှင့် တခုကလည်း နားလည်မှုတွေ မပြည့်စုံနိုင် သေးတဲ့ အဲဒီကာလမှာ ကျနော်တို့ အဲဒီလို သဘောထားမျိုး ရေးဆွဲထားတာ မှန်တယ်လို့ ကျနော် အခုထိ ယုံကြည်တယ်” လို့ ကျနော့်ကို သူပြောပြပါတယ်။

(၈)

စစ်အုပ်စုက အာဏာသိမ်းအပြီး နိုင်ငံရေးပါတီတွေ ထောင်ခွင့်ပေးလိုက်တော့ …
တောခိုမလား။ ယူဂျီတပိုင်း (ရကသ) ပဲ ဆက်လုပ်မလား။ ပါတီထောင်မလား…
ဒီမေးခွန်း (၃) ခုဟာ သူတို့လို ကျောင်းသားလူငယ်နုနုတွေကို အကြိတ်အနယ် စိန်ခေါ်ခဲ့တဲ့ မေးခွန်းတွေဖြစ်ခဲ့ပါသတဲ့။

ဒါပေမယ့် သူတို့စဉ်းစားမိတာက
“ပိုမိုကြီးမားကျယ်ပြန့်တဲ့ နိုင်ငံရေးတာဝန်တွေကို အကျေပွန်ဆုံးထမ်းဆောင်နိုင်ဖို့ဆိုရင် နိုင်ငံရေး ပါတီတခုရှိဖို့ အသေအချာ လိုအပ်တယ်လို့ ကျနော်တို့ စဉ်းစားဖြစ်တယ်။ အဲဒီမှာ ဗကသရယ် မကသရယ် ကျနော်တို့ ရကသရယ် တိုင်ပင်ဆွေးနွေးဖြစ်ကြတယ်။ နောက်တော့ ဗကသနဲ့
ကျနော်တို့ပဲ ပေါင်းပြီး ကျနော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို အစပြုတည်ထောင်ခဲ့ ကြတာပါ။”

(၉)

၁၉၈၉ ဇူလိုင် (၁၀)ရက်နေ့။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဌာနချုပ်ရုံး (ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်)၊ ရုံးခန်းဝရံတာမှာ အာဏာဖီဆန်ရေး တရားပွဲကျင်းပပြုလုပ်ကြတယ်။ ဒေါ်စုက “ဒီလိုသာ ဖမ်းလား ဆီးလား လုပ်နေမယ်ဆိုရင် ကျမအနေနဲ့ န၀တတပ်ကို ဖက်ဆစ်တပ်လို့ ခေါ်ရတော့မှာပဲ” လို့ ပြောဆိုလိုက်တဲ့ ဒီပွဲမှာ၊
ပါတီဥက္ကဋ္ဌ ကိုအောင်ဇေယျက “မောင်းပြန်ကို ဒေါင်းအလံနဲ့ တိုက်မယ်” လို့ ကြုံးဝါးလိုက်တဲ့ ဒီပွဲမှာ…

သူက “ဤတံတား နီသလား၊ ဖြူသလား ပြည်သူများ စဉ်းစားပါ” ဆိုတဲ့ မေးခွန်းကို ထုတ်လိုက်ပါ တယ်။ ထောင်တန်တဲ့ မေးခွန်းဖြစ်ခဲ့ပါတယ်။
ဒီအာဏာဖီဆန်ပွဲအတွက် သူ့ကို ဥက္ကဋ္ဌနဲ့အတူ စစ်ခုံရုံးက ပုဒ်မ (၃) ခုနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် တသက်တကျွန်း ချခဲ့ပါတယ်။
အသက်က (၁၉) နှစ်၊ ထောင်ဒဏ်က အနှစ် (၂၀) နှင့် တူသော ကျွန်း။

(၁၀)

သူ့ဘ၀ဟာ အပြင်မှာတ၀က် ထောင်ထဲမှာ တ၀က်လိုဖြစ်လာခဲ့ရတယ်။ အခုဆို ထောင်ထဲမှာ
(၁၆) နှစ် ပြည့်တော့မယ်။

“ကျနော်တို့ကို နိုင်ငံရေးအရ ခေါင်းမထောင်ရဲအောင် လူမှုရေး၊ ပညာရေးတွေကို ဘယ်လိုမှ အညွန့် မလူနိုင်အောင် စစ်အုပ်စုက လုပ်ထားတာ။ ကျနော်တို့ကို သူဖြစ်စေချင်တာဖြစ်မသွားအောင်၊ ကိုယ့် ကိုယ်ကို ထောင်ထဲမှာ ဖြစ်နိုင်တဲ့၊ ရနိုင်တဲ့ နည်းနာတွေနဲ့ လေ့လာရေး လုပ်ကြရမယ်။ ကိုယ့်ကိုယ် ကိုဖြည့်ဆည်းကြရမယ်”

ဒါ ထောင်ထဲမှာ သူကိုင်စွဲတဲ့ ပေါ်လစီ။ ထောင်တွင်းနေထိုင်နည်း လုပ်ငန်းလမ်းညွှန်လည်းဖြစ်တယ်။
ဒီလမ်းညွှန်အရပဲ အကျဉ်းထောင်ထဲမှာ ရသမျှ စာတွေ၊ အကြောင်းအရာတွေ၊ သမိုင်းဆိုင်ရာ အချက် အလက် တွေကို လေ့လာတယ်၊ အထဲကို ၀င်လာသမျှ ဖန်တီးယူလို့ရသမျှ စာအုပ်စာတမ်းတွေက လေ့လာတယ်။ သက်ရှိစာအုပ်များလို့ ခေါ်အပ်တဲ့ နိုင်ငံရေးအကျဉ်းသားများထံက လေ့လာတယ်။

“ဆွေးနွေးခြင်းဟာ အကောင်းဆုံး စာဖတ်ခြင်းဖြစ်တယ်” ဆိုတဲ့ စကားဟာ အကျဉ်းထောင်ထဲမှာ
တော့ ပိုပြီးမှန်ကန်တယ်။ ဆရာဦးခင်မောင်မြင့်၊ ဦးလှရွှေ၊ ဦးညိုဝင်း၊ ဦးဝင်းတင်၊ ဦးအုန်းကြိုင်၊ ဦးမန်းဒါဝိတ်နှင့် ရှေ့မီနောက်မီ ပုဂ္ဂိုလ်များဟာ သူ့အတွက် ဖတ်စရာ၊ လေ့လာစရာ သက်ရှိ ကျမ်း အစောင်စောင်ဖြစ်ခဲ့ပါတယ်။
ပြီးတော့… သူနှင့်ခေတ်ပြိုင်များနှင့်လည်း အပြန်အလှန်ဖြည့်ဆည်းဖြစ်ကြတယ်။

(၁၁)

နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာ ဘယ်လိုနေထိုင်သင့်သလဲ။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ အခြေခံအခွင့်အရေးတွေကို ဘယ်လိုကာကွယ်စောင့်ရှောက်ကြမလဲ ဆိုတာတွေကို ဦးဆောင်ဖို့ နိုင်ငံရေးအကျဉ်းသား အခွင့်အရေးကာကွယ်ရေးကော်မတီ (ခွင့်ကာ ကော်မတီ) ကို ဒေါက်တာဇော်မြင့်မောင် (အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဗမျိုးသိန်း(ဒညတ)၊ ဦးစိုးမြင့်(၄၈၂၈) တို့နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုပြီး သူ ပါဝင်ဖွဲ့စည်းခဲ့ကြ ပါတယ်။

ဒီကော်မတီင်္အနေနဲ့ …
ထောင်အတွင်း သတင်းစုဆောင်းခြင်း၊ သတင်းဖလှယ်ခြင်း၊ သတင်းသုံးသပ်ခြင်းတွေ လုပ်နိုင်ခဲ့
တယ်။ နိုင်ငံရေးအရ အထိမ်းအမှတ်ပြုရမည့် နေ့ရက်တိုင်းမှာ အထိမ်းအမှတ်ပွဲတွေ ကျင်းပနိုင်ခဲ့
တယ်။ ရန်ကုန်တက္ကသိုလ် စိန်ရတုအထိမ်းအမှတ် ကဗျာ၊ ဆောင်းပါး၊ ၀တ္ထုတွေပါတဲ့ စိန်ရတု စာစောင်တခုကို ထုတ်ဝေနိုင်ခဲ့တယ်။ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို စာတမ်းတစောင်ပြုစုပြီး ဒီစာတမ်းကို ဆရာဦးဝင်းတင်က အချောပြင်ဆင်ပေးပြီး မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်သူ ကုလသမဂ္ဂ သံတမန် မစ္စတာ ယိုဇိုယိုကိုတာထံသို့ ၁၉၉၅ ဇူလိုင်မှာ ပေးပို့နိုင်ခဲ့ပါတယ်။

ဒီအတွက်လည်း … အင်းစိန်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေထားတဲ့ တိုက်ခန်းဟူသမျှ ၁၉၉၅ ခု နှစ်ကုန်ပိုင်းမှာ မြေလှန်ရှာဖွေခံခဲ့ရတယ်။ ပါဝင်ပတ်သက်သူလို့ထင်ရသူ (၆၂) ဦးကို စစ်ခွေးတိုက်ကိုပို့ပြီး စစ်ကြောရေးလုပ်တယ်။ ထောင်ကမကိုင်တော့ဘဲ စစ်ထောက်လှမ်းရေးက တိုက်ရိုက်ကိုင်တယ်။

ပြီးတော့မှ … အမှုတွဲတခု အသေအချာပြင်ဆင်ပြီး ထောင်ထဲမှာပဲ ခုံရုံးဖွဲ့စစ်ဆေးပြီး ထောင်ပြန်ချ တယ်။ တကယ်ရုံးတင်ပြီဆိုတော့ (၆၂) ယောက်လုံး မတင်တော့ဘူး။ (၂၄) ယောက်ကိုပဲ တင်တယ်။ အဲဒီ (၂၄) ယောက်မှာတော့ တချို့က (၅) နှစ်၊ တချို့က (၇) နှစ်၊ တချို့က (၅) နှစ် + (၇) နှစ်။
သူက အဲဒီ (၂) မှုပေါင်း (၁၂) နှစ် သမားတွေထဲမှာပါတယ်။

(၁၃)

ကျနော် သတိထားကြည့်မိသလောက်ဆိုရင် …
သူ့အမြင်က ရှင်းပြီး သူ့ရပ်တည်ချက်က ကောင်းပါတယ်။ ဦးအောင်မေသု အမြဲပြောတတ်တဲ့
“ever strong, never down” ဆိုတာထဲမှာ သူ အမြဲရှိတယ်။

သူ့ကို စစ်ထောက်လှမ်းရေးကလာပြီး အင်တာဗျူးတိုင်း သူက သူယုံကြည်တဲ့အတိုင်း ရဲရဲဖြေတယ်။
လာမေးတဲ့အကြိမ်ရေက မနည်းဘူး။ ဒါပေမယ့် ဘယ်အခါမှာမှ သူ့အဖြေကို စစ်ထောက်လှမ်းရေးက သဘောတွေ့မသွားဘူး။

“လွှတ်တာမလွှတ်တာက သူတို့အပိုင်းပါ။ ကျနော်တို့ဘက်ကတော့ ကိုယ်ယုံကြည်တဲ့အတိုင်း
ပြောရဲဖို့၊ ပြောဖြစ်ဖို့ပဲ အရေးကြီးတယ်” လို့ သူခံယူထားတာပါ။ မစ္စတာပင်ညဲရိုး (ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်) သာယာဝတီအကျဉ်းထောင်ကို လာတွေ့စဉ် ကလည်း ထောင်ထဲက အခြေအနေအရပ်ရပ်ကိုရော၊ ကျနော်တို့အားလုံးရဲ့ ယုံကြည်ချက်ဖြစ်တဲ့ “တွေ့ဆုံဆွေးနွေးအဖြေရှာရေး လမ်းကြောင်း” ကိုရော သူ ပင်ညဲရိုးကို အသေအချာပြောပြလိုက် နိုင်ပါတယ်။ သူနဲ့ကျနော် တိုးတိုးတိတ်တိတ် စကားတွေ အများကြီးပြောဖြစ်တယ်။ အပြန်အလှန်
ဝေဖန်၊ အပြန်အလှန် အကြံပြု၊ အပြန်အလှန် အကူအညီပေးကြရင်း… သာယာဝတီအကျဉ်း
ထောင်ရဲ့ နေ့ရက်များကို ကျယ်ဝန်းတဲ့ အဓိပ္ပာယ်တွေ ရှိစေခဲ့ပါတယ်။

(၁၄)

၂၀၀၄ ဖေဖော်ဝါရီ လကုန်ရက် တရက်မှာ …
ကျနော်တို့ကို “နှုတ်ဆက်တဲ့ စကားဝိုင်း” တခု သီးသန့် (ခ) တိုက်ထဲမှာ သူတို့ဦးစီးပြီး လုပ်ပေးကြ ပါတယ်။
“မနက်ဖြန် မတ်လ (၁) ရက်နေ့မှာ ရဲဘော်တို့အပြင်ရောက်ကြတော့မယ်။ အပြင်ရောက်ကြပြီ
ဆိုတဲ့အခါ …”

သူများလွတ်တော့မယ်ဆိုတိုင်း ကိုယ်ဟာ ဒီလိုနှုတ်ဆက်ခဲ့ဖူးတာ ကြိမ်ရေမနည်းတော့ဘူး။
အခု… သူများက ကိုယ့်ကိုနှုတ်ဆက်နေပြီဆိုတဲ့အခါ …
ကျနော်… ၀မ်းသာတာထက်၊ ၀မ်းနည်းတာက ပိုများနေမိတာ အမှန်ပါ။
ကျနော်တို့ မတ်လ (၁) ရက်နေ့မှာ သူတို့ကို နှုတ်ဆက်ထွက်ခွာခဲ့ပါပြီ။

အုတ်ရိုးကြီးရဲ့ အပြင်ဘက်ကို ထွက်လိုက်တဲ့တချိန်ထဲမှာ …
မမြင်ရတဲ့ အုတ်ရိုးကြီးတခု ဆက်ရှိနေသေးတယ်ဆိုတာကို ကျနော့်အသိထဲမှာ နက်နက်ရှိုင်းရှိုင်းကြီး ခံစားနေမိတယ်။ အဲဒီမမြင်ရတဲ့ အုတ်ရိုးကြီးကို ဖြိုချပစ်နိုင်ရင် မြင်ရတဲ့ အုတ်ရိုးတွေ အလိုလို ပြိုကျသွားမယ်ဆိုတာ …
ကျနော် အသေအချာ ယုံကြည်တယ်။
“ချစ်ခြင်းကို ချစ်ပါ
မုန်းခြင်းကို မုန်းလိုက်ပါ
တပ်မက်မှုတွေကို ဖိနှိပ်ချုပ်ပြီး
တခါ တခါ ခေါင်းအုံးလုပ်ရတဲ့အဖြစ်
တံခါးမရှိတဲ့ အလုံပိတ်အုတ်ဂူကြီးကို
ငါ့ချွေးတွေနဲ့ စိမ်းလန်းခွင့်မပေးဘူး”

ဗဟုလွင်ပြင်ရဲ့ ကဗျာတပိုင်းတစကို ရွတ်ကြည့်နေမိရင်း၊ တံခါးမရှိတဲ့ အလုံပိတ်အုတ်ဂူကြီးတွေထဲက တန်ဖိုးမဖြတ်နိုင်တဲ့ ရဲဘော်ညီအကိုများရဲ့ လွမ်းမောဖွယ်အကြောင်းအရာတွေကို ပြန်တွေး
တောရင်း …

ကျနော့်ကိုတင်ပေးလိုက်တဲ့ ပြည်-ရန်ကုန် အမြန်ယာဉ် (Express) ကြီးဟာ ပြည်လမ်းမပေါ်က တံလျှပ်တွေကြားမှာ တရိပ်ရိပ် ပြေးလွှားလို့ …။

သာယာဝတီထောင်ကြီးရဲ့ အုတ်ရိုးညစ်ညို့ညို့ကြီးဟာ ရိတ်သိမ်းပြီးစရိုးပြတ်လယ်ကွင်းတွေရဲ့ နောက်မှာ …

ခပ်ပြပြ မှုန်ရီရီ ကျန်ရစ်လို့ …။ ။

၅၊ ၇၊ ၂၀၀၅။
(ဒီဆောင်းပါးရေးပြီး နောက်တနေ့မှာ ကိုဂျင်မီ လွတ်မြောက်ခဲ့ပါတယ်။ ဒီဆောင်းပါးနဲ့ ကိုဂျင်မီကို တနွေးတထွေးနှုတ်ဆက်လိုက်ပါတယ်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: