ဇင်ဘာဘွေမှ အဓိကမုန့်ကုမ္ပဏီကြီးတွင် ဂျုံ (၂) ရက်စာသာကျန်တော့-NEJ / ၆ စက်တင်ဘာ ၂၀၀၇

6-9-07_zinbar.gif ဇင်ဘာဘွေနိုင်ငံရှိ အဓိကမုန့်ဖုတ်လုပ်ငန်းကြီးများထဲမှ တခုက ၎င်းတို့၏လုပ်ငန်းတွင် မရှိမဖြစ် အသုံးပြုရသော ဂျုံမှုန့်တမျိုးမှာ နောက်ထပ် (၂) ရက်စာသာရှိတော့ကြောင်း ယမန်နေ့က သတိပေး လိုက်သည်။

လော်ဘဲစ်ပေါင်မုန့်လုပ်ငန်းကုမ္ပဏီက ၎င်း၏အလုပ်သမား ရာပေါင်းများစွာကိုလည်း အလုပ်ထုတ် ပစ်လိုက်ရသည်ဟု ဇင်ဘာဘွေအစိုးရသတင်းစာ Herald daily တွင်ဖော်ပြသည်။

အဆိုပါကုမ္ပဏီမှ လုပ်ငန်းလည်ပတ်မှု ဒါရိုက်တာ လန်မီချစ်ကိုမိုက “မုန့်ဖုတ်တဲ့ဂျုံမှုန့်လိုအပ်ချက်က အခြေအနေမကောင်းဘူး၊ ကျနော်တို့မှာ အရံသိမ်းထားတဲ့ တန် (၄,၀၀၀) ကို အကုန်လုံးသုံးပြီးသွားပြီ။ အခုဆိုရင် ကျနော်တို့မှာ နောက်ထပ်နှစ်ရက်စာလောက်ပဲကျန်တော့တယ်” ဟုHerald daily ကို ပြောသည်။

လော်ဘဲစ်ကုမ္ပဏီသည် ပြီးခဲ့သည့် သုံးလတွင် တနေ့လျှင် ပေါင်မုန့်အလုံးရေ (၂၀၀,၀၀၀) ထုတ်နိုင် ခဲ့ရာမှ ယခုအခါ (၄၀,၀၀၀) သာ ထုတ်နိုင်တော့ကြောင်း ဒါရိုက်တာ လန်မီချစ်ကိုမိုက ပြောသည်။

ဇင်ဘာဘွေနိုင်ငံသို့ တင်သွင်းသည့် ဂျုံမှုန့်တန်ချိန် (၃၆,၀၀၀) ၏ တန်ဖိုးကို ဇင်ဘာဘွေနိုင်ငံက နိုင်ငံခြားငွေဖြင့် အလုံအလောက် မပေးချေနိုင်သောကြောင့် အိမ်နီးချင်းနိုင်ငံ မိုဇမ်ဘစ်ဆိပ်ကမ်းတွင် ပိတ်ဆို့ခံထားရကြောင်း လုံခြုံရေးဝန်ကြီး Didymus Mutasa က ယခင်အပတ်၌ ပြောသည်။

ဇင်ဘာဘွေ၏ ဒုတိယအကြီးဆုံးဖြစ်သော ဘူလ၀ါရိုမြို့ရှိ ကုမ္ပဏီလက်ခွဲစက်ရုံတခုမှာလည်း ပိတ်ပစ် လိုက်ရပြီဖြစ်ပြီး အလုပ်သမား (၁,၅၀၀) ခန့်ကို ခွင့်ရက်ရှည်များပေးလိုက်ရသည်။

ယခုကဲ့သို့ မုန့်ဖုတ်ရာတွင်သုံးသော ဂျုံမှုန့်ပြတ်လပ်ကာ ပြဿနာတက်နေစဉ် တချိန်တည်း၌ သမ္မတ မူဂါဘီက အမိန့်ထုတ်ပြန်၍ ဈေးနှုန်းများတင်းကျပ်ခဲ့သဖြင့် မုန့်ဖုတ်လုပ်ငန်း လုပ်ကိုင်သူများက မကျေမနပ်ဖြစ်နေကြကြောင်းသိရသည်။

ဇင်ဘာဘွေရှိ ကုမ္ပဏီများ၊ အရောင်းဆိုင်များကို ပေါက်ဈေးထက် ထက်ဝက်ခန့် လျော့ချရောင်းရ မည်ဟု ပြီးခဲ့သည့် ဇွန်တွင် မူဂါဘီက အမိန့်ထုတ်ခဲ့သောကြောင့် ဈေးကွက်အတွင်း၌ စားသုံးဆီ၊ အသား၊ နွားနို့နှင့် လောင်စာဆီများ ပြတ်လပ်သွားခဲ့သည်။
ဇင်ဘာဘွေသည် ကမ္ဘာ့ငွေဖောင်းပွမှု အမြင့်ဆုံး နိုင်ငံတခုဖြစ်နေပြီး ယခုအခါ (၇,၀၀၀) ရာခိုင်နှုန်း ကျော်သို့ ရောက်ရှိနေပြီဖြစ်သည်။ ယင်းငွေဖောင်း ပွမှုကို ကျော်လွှားနိုင်ရန် ရည်ရွယ်၍ အစိုးရက ငွေစက္ကူ (၂၀၀,၀၀၀) တန် ရိုက်နှိပ်ဖြန့်ချိခဲ့သည်။

နိုင်ငံသား (၂) သန်းကျော်သည် ယခုနှစ်ကုန်ပိုင်း တွင် အစားအစာပြတ်လပ်မှုနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်း ပြီးခဲ့သည့် ဇွန်လဆန်း၌ ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ နိုင်ငံအတွင်းဖြစ်ပေါ်နေသော စီးပွားရေးနှင့် နိုင်ငံရေးအကျပ်အတည်းများ
ကြောင့် နိုင်ငံသား ပျမ်းမျှ (၃) သန်းခန့်သည် အိမ်နီးချင်း တောင်အာဖရိကနိုင်ငံသို့ ထွက်ခွာပြီး လုပ်ကိုင်စားသောက်နေကြရသည်။

လူဦးရေ (၁၃) သန်းကျော်ရှိသည့် ဇင်ဘာဘွေသည် အာဖရိကတိုက်တောင်ပိုင်းရှိ ကုန်းပိတ်နိုင်ငံ တခုဖြစ်ပြီး ၁၉၈၀ ခုတွင် ၀န်ကြီးချုပ်အဖြစ် စတင်အာဏာရလာခဲ့သူ ရောဘတ်မူဂါဘီသည် လက်ရှိကာလတွင် သမ္မတအဖြစ် နိုင်ငံအား ဆက်လက်အုပ်ချုပ်လျက်ရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: