ပြည်သူ့လမ်းပြမြေပုံ၏ တိုက်ပွဲခေါ်သံ -ဂါမဏိ (၄-၉-၀၇)

မြန်မာပြည်ကို ကမ္ဘာဆုံးတိုင် စစ်အာဏာရှင်စနစ်အောက် သွတ်သွင်းဖို့ နအဖစစ်အုပ်စုရဲ့ ဦးနှောက် တထွာတမိုက်နဲ့ ဆွဲထားတဲ့ လမ်းပျက်မြေပုံကို အလားတူ ဦးနှောက်တထွာတမိုက်ရှိသူတွေက အမွှန်းတင် မိတ်ကပ်လိမ်းပေးနေတာ အားလုံးအသိပါပဲ။ တဘက်မှာလည်း ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေဘက်မှ လောက်လောက်လားလား လမ်းပြမြေပုံမရှိရကောင်းလားလို့ တရုတ်ကြီး အပါအ၀င် နိုင်ငံတကာပိုင်းတချို့က မေးငေါ့တာတွေ ကြုံရပါတယ်။

အခုတော့ ဒါတွေကို တန်ပြန်နိုင်ဖို့ ကျနော်တို့ ၁၉၉၀ မှာ ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေက အင်မတန့်ကို ရှင်းလင်းပြတ်သားတဲ့ လမ်းပြမြေပုံကို ပြည်သူလူထုအတွက် ရေးဆွဲလိုက်ပါပြီ။ အဲဒါကို ပြည်တွင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၉၂) ဦးနဲ့ ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၃) ဦး စုစုပေါင်း (၁၂၅) ဦးက ထောက်ခံထားပါတယ်။

အဆင့်မြင့်အင်္ဂလိပ်ဘာသာနဲ့ အင်မတန်လှပစွာ ရေးဆွဲထားတဲ့ ဒီလမ်းပြမြေပုံဟာ နအဖ ညောင်နှစ်ပင်ညီလာခံ ဘာလဲဆိုတာကို ပြည်သူလူထုကို အင်မတန့်ကို ရှင်းလင်းပြတ်သားစွာ ဖွင့်ချထားပါတယ်။ ပြည်သူ့လမ်းပြမြေပုံရဲ့ အဆင့် (၁) မှာ ညောင်နှစ်ပင်ညီလာခံတင်မကဘဲ
နအဖရဲ့ လမ်းပျက်မြေပုံ (၇) ဆင့်စလုံးကို မြောင်းထဲ ကန်ချပစ်လိုက်ပါတယ်။

ညောင်နှစ်ပင်က ထွက်လာမယ့်ဟာ ဘာကြီးပဲထွက်လာလာ နအဖကပုံနှိပ်ထုတ်ဝေတဲ့ စက္ကူတရွက် အဆင့်သာရှိပြီး တနိုင်ငံလုံး မလွဲမသွေ လိုက်နာရမယ့် အခြေခံဥပဒေမဟုတ်ဘူးလို့ ရှင်းရှင်းပြော
လိုက်ခြင်းဖြင့် နအဖရဲ့ညီလာခံ၊ နအဖရဲ့ ပြည်သူ့ဆန္ဒခံယူပွဲ၊ နအဖရဲ့ ရွေးကောက်ပွဲသစ်တွေကို အပြီးအပြတ် ပယ်ချပစ်လိုက်တာ ဖြစ်ပါတယ်။

ကျနော်တို့ ဒီဘက်က အတိုက်အခံတွေက နအဖလမ်းပျက်မြေပုံကို အဆင့်တိုင်းမှာ တိုက်ဖျက်ရေး ဗျူဟာချထားပါတယ်။ ဒါပေမယ့် ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ လမ်းပြမြေပုံကတော့ နအဖအဆင့် အားလုံးကို အဆင့် (၁) မှာတင် နင်းချေပစ်လိုက်တာဖြစ်ပါတယ်။ ဒါဟာ ၂၀၀၄ ခု မေ (၁၄) ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထုတ်ပြန်ခဲ့တဲ့အတိုင်း ဦးတည်ချက် (၆) ရပ်တို့၊ အခြေခံမူ (၁၀၄) ချက်တို့ဟာ (နအဖဘက်ကတင်ပြတဲ့) စဉ်းစားရန်အချက်များသာ ဖြစ်ရမယ်ဆိုတာနဲ့လည်း လုံးဝကိုက်ညီနေပါတယ်။

ပြည်သူ့လမ်းပြမြေပုံရဲ့ ထက်မြက်မှုနဲ့ လှပမှုကတော့ ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ အခြေခံဥပဒေချဖို့ အဓိကတာဝန်ကို ပြတ်ပြတ်သားသားဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ လမ်းပြ မြေပုံအဆင့် (၄) မှာ နအဖရဲ့ “ဥပဒေကဲ့သို့ အာဏာတည်သော” ၁/၉၀ ပြဋ္ဌာန်းချက်ကို အတိအကျ ယူပြီး အခြေခံဥပဒေနဲ့ပတ်သက်လို့ ၁၉၉၀ ခု ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထား တဲ့ ပြည်သူ့လွှတ်တော်ကို အာဏာကုန် အပ်ထားတယ်။

ဒါကြောင့် ဆန္ဒခံယူပွဲလုပ်ဖို့တောင် ထည့်မထားပါဘူး။ အဆင့် (၃) မှာ နအဖ၊ အဖွဲ့ချုပ်၊ တိုင်းရင်းသား ပါတီ အပစ်ရပ်တိုင်းရင်းသား သုံးပွင့်ဆိုင်ပေါင်းပြီး အခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မတီဖွဲ့ဖို့ ပြောထားတာက မူကြမ်းဆွဲဖို့သာဖြစ်တယ်။ အခြေခံဥပဒေဆွဲဖို့ သို့မဟုတ် အခြေခံဥပဒေချဖို့ပြောတာ မဟုတ်ပါဘူး။ အဆင့် (၃) ဟာ မူကြမ်းအဆင့်ပဲ ဖြစ်တယ်။ အဆင့် (၄) ကမှ နောက်ဆုံး အပြီးသတ် အခြေခံဥပဒေဖြစ်တယ်။ ဒါကြောင့် အဆင့် (၄) က အခရာဖြစ်ပါတယ်။ ဒါဟာ ၁/၉၀ နဲ့ လုံးဝ
ကိုက်ညီနေပါတယ်။

အဆင့် (၃) မှာ အခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မတီထဲ နအဖကိုထည့်ထားပြီး နအဖ ညောင်နှစ်ပင်က ထွက်လာမယ့်ဟာကို “အခြေခံရေးဆွဲဖို့” ပြောထားတာကတော့ အတိုက်အခံတွေ ခေါင်းမာတယ်၊ ပျော့ပြောင်းမှုမရှိဘူးလို့ ပြည်တွင်းပြည်ပက ဥာဏ်တထွာတမိုက်သမားတွေ ပြောနေ တာတွေကို တန်ပြန်တဲ့အနေနဲ့ရော၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအနေနဲ့ပါ ထည့်ထားတာ ဖြစ်တယ်။ ဒါပေမယ့် စိတ်ကူးမယဉ်ပဲ ပြည်သူ့ဘက်ရပ်တည်ရေးမူ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတာကိုတော့ အဆုံးအဖြတ်ကျတဲ့အဆင့် (၄) မှာ တွေ့ရပါတယ်။

နောက်ထပ်လှပမှုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နာမည်ကို တလုံးမှထည့်မထားတာဖြစ်တယ်။ ဗမာပြည် ဒီမိုကရေစီသမားတွေဟာ ဒေါ်အောင်ဆန်းစုကြည်မပါရင် ဘာမှမလုပ်တတ်ဘူး၊ ဒေါ်အောင် ဆန်းစုကြည်လွတ်ရေး တောင်းဆိုတာကလွဲရင် ဘာမှမလုပ်တတ်ဘူးလို့ ဦးနှောက်တထွာတမိုက် သမားတွေ ပြောနေကြတာကို ဒီလမ်းပြမြေပုံမှာ လှလှပပ ကျော်လွှားထားတယ်။

အခုလမ်းပြမြေပုံ (၇) ဆင့်စလုံးမှာ ဒေါ်အောင်ဆန်းစုကြည်နာမည်၊ ဒီမိုကရေစီနာမည်၊ ဖက်ဒရယ် နာမည်တွေ ဘာတခုမှ ထည့်မထားပါဘူး။ ဒါပေမယ့် အဆင့် (၂) မှာ နအဖ၊ အဖွဲ့ချုပ် အမတ်၊ တိုင်းရင်းသားအမတ်တွေ သုံးပွင့်ဆိုင်တွေ့ဆုံပြီး “အမျိုးမျိုးအဖုံဖုံသော တနိုင်ငံလုံးဆိုင်ရာ အရေး ကိစ္စများနှင့် လုပ်ထုံးလုပ်နည်းများ” ဆွေးနွေးရန်ဆိုတာ အင်မတန်ကျယ်ပြန့်ပြီး အင်မတန်လှတဲ့ အကွက်ဖြစ်ပါတယ်။ ဒီခေါင်းစဉ်အောက်မှာ တိကျတဲ့ ရှေ့လုပ်ငန်းစဉ် အပါအ၀င် အမျိုးမျိုးထည့်လို့ ရပါတယ်။

ဒီပြည်သူ့လမ်းပြမြေပုံဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဆီ ခေါင်းတပ်ထားတာဖြစ်လို့ အင်္ဂလိပ် ဘာသာနဲ့ပဲ ထုတ်ထားပြီး မြန်မာဘာသာနဲ့ ထုတ်မထားပါဘူး။ ဒါကြောင့် အင်္ဂလိပ်စာအားနည်း
သူတွေအဖို့ နားလည်မှုလွဲတာ၊ မရှင်းတာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဒီလမ်းပြမြေပုံဟာ
ကျနော်တို့ ဒီမိုကရေစီသမားတွေ နဂိုမူလကချထားတဲ့ တရားကိုယ်တွေ၊ အခြေခံမူတွေနဲ့ ကွဲလွဲမှု ရှိမရှိကို အင်္ဂလိပ်စာ ကြိုးစားအားထုတ် စေ့စေ့စပ်စပ်ဖတ်ပြီး ကြိုက်သလို ဆန်းစစ်ကြည့်ပါ။ အဘက်ဘက်က မှတ်ကျောက်တင်ခံနိုင်ပါတယ်။ ကျနော့်အနေနဲ့ တတ်သလောက် မှတ်သလောက် အင်္ဂလိပ်စာလေးနဲ့ ဖတ်ကြည့်တာတော့ အားလုံးရှင်း၊ အားလုံးမှန်ကန်နေတာတွေ့ရပါတယ်။

ပူကျင့်ရှင်းထန်ဆိုတာ မဆလခေတ်မတိုင်မီ ဟိုးအရင်ခေတ်အင်္ဂလိပ်စာတတ် ခရစ်ယာန်ဘာသာဝင် ချင်းအဖိုးကြီး ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ကမ္ဘာကျော် ၀ါရှင်တန်ပို့စ်သတင်းစာကြီးမှာ အင်္ဂလိပ်လိုဆောင်းပါးရေးသူ ဖြစ်ပါတယ်။ ၀ါရှင်တန်ပို့စ်ဆိုတာ အလကားသတင်းစာမဟုတ်ပါဘူး။ ထိုင်းနိုင်ငံထဲက တလတကြိမ် အင်္ဂလိပ်လိုထုတ်တဲ့ တနင်္ဂနွေနံနဲ့စတဲ့ စာစောင်လေးလို မဟုတ်ပါဘူး။

ဒီတော့ ဒီလိုလူမျိုးရေးတဲ့ အင်္ဂလိပ်စာဟာ အင်မတန်ကို အဆင့်မြင့်မြင့် လှလှပပနဲ့ ရှင်းရှင်းလင်းလင်း ရှိလှပါတယ်၊ ဒီစာတမ်းရဲ့နောက်ဆုံးမှာလည်း အဓိကတာဝန်ခံသူအဖြစ် မိမိနာမည်ကို ဖုံးနံပါတ်က
အစ အပြည့်အစုံထည့်ပေးထားပါတယ်။ ခိုးကြောင်ခိုးဝှက် ကြောက်ကြောက်လန့်လန့်နဲ့ ရေးတဲ့စာ မဟုတ်ဘဲ မိမိဇိုမီးပါတီသာမက လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ညီညွတ်သောတိုင်းရင်းသား မဟာမိတ်အဖွဲ့တွေကိုပါ ကိုယ်စားပြုကြောင်း အတိအလင်းပြထားပါတယ်။ ဒါကြောင့် (၉၂) ယောက် ထဲမှာ လွှတ်တော်ကိုယ်စားပြုကော်မတီ နာမည်ခံတာ (၂) ယောက်တည်း မကပါဘူး။

ဒါကြောင့် ကျနော်တို့အနေနဲ့ အခုလို ပြည်သူ့ကိုယ်စားလှယ်တွေက ထောင်နှုတ်ခမ်းနင်းပြီး အဆင့် မြင့်မြင့် ချက်ချက်ချာချာနဲ့ ရေးထုတ်လိုက်တဲ့စာတမ်းကို အတွေးခေါင်တာ သို့မဟုတ် မယ်သီလခေါင်း သန်းရှာသလို အတင်းဖြဲရဲပြီး အကျအပေါက်တွေ ချို့ယွင်းချက်တွေ လိုက်ရှာညည်းတွားနေဖို့ မသင့် ပါဘူး။ ဘယ်လောက်ကြီး ရေပက်မ၀င်အောင်ရေးတဲ့ ဥပဒေပဲဖြစ်ဖြစ်၊ ရှေ့နေတွေ တရားသူကြီး
တွေက ဟာကွက်လစ်ကွက်တွေ ရှာထောက်ပြီး လုပ်စားလို့ရပါတယ်။ ၀ိနည်းတတ်ရင် ကြက်သတ်လို့ ရတယ်ဆိုတဲ့ ဗမာစကားလည်းရှိပါတယ်။

ဒီလမ်းပြမြေပုံဟာ နအဖရဲ့ ၅/၉၆ ကို ကျော်လွှားနိုင်ဖို့အတွက် ဘန်ကီမွန်းဆီ အင်္ဂလိပ်လိုပေးစာ
အဖြစ် ထိုးထွင်းမှုရှိရှိနဲ့ ထက်ထက်မြက်မြက်ထုတ်တာဖြစ်တယ်။ ကုလသမဂ္ဂက ဒါကိုသဘောကျပြီး နအဖကို နားချနိုင်မယ်လို့ တကယ်ယူဆပြီး ထုတ်တာလို့ မထင်ပါဘူး။ ဒီတော့ ဒီလမ်းပြမြေပုံရဲ့ အနှစ်သာရက (၁) ကုလသမဂ္ဂနဲ့တကွ တရုတ်၊ ကုလား၊ ရုရှ၊ အာဆီယံတွေကို ပြည်သူ့ကိုယ်စား လှယ်တို့ရဲ့ အမြော်အမြင်ကြီးမှု သဘောထားကြီးမှုပြတဲ့ စင်ပြိုင်လမ်းပြမြေပုံ သို့မဟုတ် လမ်းပြ မြေပုံအစစ် ခင်းကျင်းပြပေးတာ။ (၂) နအဖရဲ့ ညောင်နှစ်ပင်အခြေခံဥပဒေတွေ၊ ဆန္ဒခံယူပွဲတွေ၊ လမ်းပျက်မြေပုံတွေကို ပြည်သူလူထုက လုံးဝပယ်ချပစ်ဖို့ တပ်လှန့်အချက်ပေးလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် ကျန်တဲ့ ကျနော်တို့ဒီမိုကရေစီအင်အားစုတွေ တာဝန်က ဒါကို ပြည်သူလူထုထဲ ရောက် အောင် ဖြန့်ဖို့၊ တိုက်ပွဲလှုံ့ဆော်ဖို့ ဖြစ်ပါတယ်။

နောက်တခု သတိထားဖို့ကတော့ ကျနော်တို့ရဲ့ တွေးခေါ်စဉ်းစားနည်း (mind-set) ဖြစ်ပါတယ်။ ကျနော်တို့ အများစုကြီးဟာ အဓိကအားဖြင့် မဆလခေတ်၊ န၀တ-နအဖခေတ်ကို ဖြတ်သန်းခဲ့ ရသူတွေဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့သိတဲ့အဖွဲ့အစည်းဆိုတာ အဲဒီကာလတလျှောက် လွှမ်းမိုးကြီးစိုးခဲ့တဲ့၊ ကြီးစိုးနေတဲ့ မဆလတပါတီ သို့မဟုတ် စစ်တပ်ပဲ ဖြစ်ပါတယ်၊ တပါတီ အာဏာရှင်စနစ် သို့မဟုတ် စစ်အာဏာရှင်စနစ်ကိုကျင့်သုံးတဲ့ ပါတီအဖွဲ့အစည်း သို့မဟုတ် စစ်တပ်ဆိုတာ ဗဟိုချုပ်ကိုင်မှုကို အဓိကထားတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။ တနည်းအားဖြင့် တသွေး-တသံ-တမိန့်စနစ် ကျင့်သုံးတဲ့အဖွဲ့တွေဖြစ်တယ်။

ဒီမိုကရေစီဗဟိုဦးစီးစနစ်လို့ နာမည်ခံပေမယ့် ဗဟိုဦးစီးက အဓိကဖြစ်ပါတယ်။ တဦးချင်းက အဖွဲ့ အစည်းကိုနာခံ၊ အောက်ဆင့်က အထက်ဆင့်ကိုနာခံ၊ တပါတီလုံးက ဗဟိုကော်မတီကိုနာခံဆိုတဲ့ ဗဟိုဦးစီးမူကို အဓိကထားတယ်။ အနည်းစုက အများစုကိုနာခံ၊ ဗဟိုကော်မတီက ပါတီလုံးကျွတ် ကွန်ဂရက်ကို နာခံဆိုတဲ့ ဒီမိုကရေစီမူထက် ဗဟိုဦးစီးမူက အားပိုကြီးပါတယ်။

ကျနော်တို့ထဲမှာ တချို့က ၁၉၆၂ မတိုင်မီ ပါလီမန်ဒီမိုကရေစီကာလကို အနည်းအကျဉ်း ဖြတ်သန်းခဲ့ ဖူးတာလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် (၆၂) ခုမတိုင်မီ ဒီမိုကရေစီကာလဆိုတာကလည်း တင်းပြည့် ကျပ်ပြည့် လစ်ဘရယ်ဒီမိုကရေစီမဟုတ်ဘဲ အခုခေတ် နိုင်ငံရေးသိပ္ပံအသုံးအနှုန်းနဲ့ပြောရရင် ယှဉ်ပြိုင် ရေးအာဏာရှင်စနစ် (Competitive authoritarianism) သို့မဟုတ် ရွေးကောက်ခံ အာဏာရှင်စနစ် (Electoral authoritarianism) မျိုးသာဖြစ်လို့ လစ်ဘရယ်ဒီမိုကရေစီပါတီ အတွေ့အကြုံ ကောင်းကောင်းမရနိုင်ပါဘူး။

မဆလခေတ်မှာ တခြားရွေးစရာအဖြစ်ရှိခဲ့တဲ့ ဗကပ၊ ကေအင်ယူ၊ အက်စ်အက်စ်အေ၊ ကေအိုင်အေ၊ မွန်ပြည်သစ် စတဲ့ တောတွင်းက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဟာလည်း အင်မတန့်ကို ပြင်းထန်ကြမ်းတမ်းတဲ့ တော်လှန်ရေးစစ်ပွဲကို တိုက်နေရတာဖြစ်လို့ သဘာဝကျစွာပဲ ဗဟိုချုပ်ကိုင်
မှုကို အဓိကဇောင်းပေးရပါတယ်။ လစ်ဘရယ်ဒီမိုကရေစီပါတီတွေအဖြစ် ရပ်တည်လို့ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ဟာ ဒီလိုအဖွဲ့အစည်းတွေကို ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် ကျနော်တို့အားလုံးလိုလိုဟာ ဗဟိုချုပ်ကိုင်မှု သို့မဟုတ် ဒေါင်လိုက်ဖွဲ့စည်းပုံကိုပဲ အရိုးစွဲ အသားကျနေခဲ့ကြပါတယ်။ ဗဟိုကော်မတီ သို့မဟုတ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အမိန့်ညွှန်ကြား ချက်မရှိရင် အောက်ခြေပါတီဝင်တွေ ဘာမှ သီးသန့် လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်မရှိဆိုတဲ့ တပါတီစနစ်စဉ်းစားတွေးခေါ်နည်းက ကျနော်တို့မှာ လွှမ်းမိုးနေတတ်ပါတယ်။

အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံတို့မှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ၊ လေဘာပါတီအမတ်တွေက သမ္မတဘွတ်ရှ်၊ ၀န်ကြီးချုပ် တိုနီဘလဲတို့ရဲ့ အီရတ်ပေါ်လစီကို ကျယ်ကျယ်လောင်လောင် ကန့်ကွက် တာ၊ တပ်ရုပ်ရေးကို အတိအလင်း တောင်းဆိုတာတွေ လုပ်ကြတယ်။ ရမ်းစဖဲလ်နှုတ်ထွက်ရေးကို လူသိရှင်ကြားဆော်သြခဲ့ကြတယ်။

ဒါတွေဟာ လစ်ဘရယ်ဒီမိုကရေစီပါတီတွေရဲ့ လက္ခဏာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ စဉ်းစားတွေးခေါ် နည်းအဟောင်းအတိုင်းဆိုရင် ဒါမျိုးတွေက ပါတီထဲမှာ ဗရမ်းဗတာဖြစ်စေတာ။ မင်းမဲ့ဝါဒဖြစ်စေတာ။ ညီညွတ်မှုပျက်စေတာအဖြစ် စဉ်းစားမှာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တော့ ဒါတွေဟာ လစ်ဘရယ် ဒီမိုကရေစီပါတီတွေမှာ ပါတီရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံရဲ့အကျိုးစီးပွားအတွက် ကိုယ်မြင်တဲ့ဒေါင့်ကနေ “တစက်ကျများ ပြည့်သောလားသို့” ကိုယ်ပိုင်အသိရှိရှိနဲ့ ၀ိုင်းဝန်းတာဝန်ယူမှုသာဖြစ်ပါတယ်။

တပါတီစနစ် တွေးခေါ်စဉ်းစားနည်း အရိုးစွဲနေသူတွေဆိုရင် အမေရိကန်နိုင်ငံတနိုင်ငံလုံးကို စီအိုင် အေက အရာရာ ချုပ်ကိုင်ထားတယ်။ ဆိုဗီယက်-တရုတ်ကွန်မြူနစ်စနစ်တွေမှာ ပေါ်လစ်ဗျူရိုက အရာရာကို ဗဟိုဦးစီးချုပ်ကိုင်ထားသလိုမျိုး အမေရိကန်တနိုင်ငံလုံးဟာ စီအိုင်အေရဲ့ အလိုဆန္ဒ အတိုင်းသာ လှုပ်ရှားနေရတယ်လို့ ယူဆကြတယ်။

ဒါကြောင့် စီအိုင်အေထက် ပိုပါဝါရှိတဲ့ ထောက်လှမ်းရေးအဖွဲ့ (အမျိုးသားလုံခြုံရေးအေဂျင်စီ NSA) ကိုတောင် မမြင်နိုင်ဖြစ်ကြပါတယ်။ ဒါပေမယ့် အမေရိကန်အရင်းရှင်စနစ်ကြီးဟာ စီအိုင်အေပဲဖြစ်ဖြစ်၊ အင်အက်စ်အေပဲဖြစ်ဖြစ် ဆိုဗီယက်-တရုတ်ကွန်မြူနစ်စနစ်တွေလို ဗဟိုကနေ ဦးစီးချုပ်ကိုင် လည်ပတ်နေတာမဟုတ်ဘဲ အရင်းရှင်ပေါင်းမြောက်များစွာက ကိုယ့်အသိနဲ့ကိုယ် ထိုးထွင်းမှုရှိရှိနဲ့ အလျားလိုက်လှုပ်ရှားလည်ပတ်နေခြင်းဖြစ်တယ်ဆိုတဲ့ အဓိကအကျဆုံးအချက်ကို နားမလည်နိုင် ဖြစ်ကြပါတယ်။

တချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေ ကိုယ့်မှာလည်း သူတို့ဖြတ်သန်းခဲ့ရတဲ့ တပါတီစနစ်ပါတီ သို့မဟုတ် စစ်တပ်အဖွဲ့အစည်းတွေရဲ့ ဒီလိုစဉ်းစားတွေးခေါ်နည်းဟောင်းတွေ ထင်ဟပ်နေခဲ့ဖူးတယ်။ ဗဟိုခွင့်ပြုချက်မရှိဘဲ ယူအင်ဒီပီရုံးကို သွားဆွေးနွေးတောင်းဆိုသူတွေ၊ ဗဟိုညွှန်ကြားချက်မရှိဘဲ ဘုရားတက်ဆုတောင်းသူတွေကို အရေးယူတာတွေလုပ်ခဲ့ဖူးတယ်။

အခုတော့ အင်အယ်လ်ဒီဟာ ဒီတပါတီစနစ် သို့မဟုတ် စစ်တပ်ရဲ့ ဒေါင်လိုက် ဗဟိုချုပ်ကိုင်ရေး စဉ်းစားတွေးခေါ်မှု ပုံစံခွက်ဟောင်းထဲက တစတစနဲ့ လွတ်မြောက် ရင့်ကျက်လာနေပုံရပါတယ်။ သူတို့လိုပဲ တခြားဒီမိုကရေစီအင်အားစုတွေလည်း အလျားလိုက် သို့မဟုတ် ကွန်ယက်ဖွဲ့စည်းပုံ လစ်ဘရယ် ဒီမိုကရေစီပါတီ စဉ်းစားတွေးခေါ်မှုပုံစံ သစ်ဘက်ကို ကူးပြောင်းဖို့လိုပါတယ်။

ဗဟိုချုပ်ကိုင်ရေးကိုဦးထိပ်ထားတဲ့ အမိန့်ပေးနိုင်ငံရေးစနစ်၊ အမိန့်ပေးစီးပွားရေး စနစ်တွေ၊ အမိန့်ပေး ပါတီစနစ်တွေ ပြိုကျတာ၊ ပြောင်းလဲရတာကို အလေးအနက်ဆင်ခြင်ဖို့လိုပါတယ်။ ဒါ့ကြောင့် ကျနော် တို့ဒီမိုကရေစီအင်အားစုတွေရဲ့ တာဝန်က ပြည်သူ့ကိုယ်စားလှယ်တွေရေးဆွဲတဲ့ (တနည်းအားဖြင့်) ပြည်သူတွေရေးဆွဲတဲ့၊ ပြည်သူ့အတွက်၊ ပြည်သူတွေရဲ့လမ်းပြမြေပုံ Road Map of the people, for the people, by the people ဘက်က တခဲနက်ဆော်သြပြီး စစ်ကိုလိုနီအခြေခံဥပဒေ၊ စစ်ကိုလိုနီ လမ်းပြမြေပုံတို့ တိုက်ဖျက်ရေးမှသည် စစ်အာဏာရှင်စနစ်တခုလုံး ဖယ်ရှားရေးအထိ တိုက်ပွဲဝင်ကြဖို့ ဖြစ်ပါကြောင်း။     ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: