သွေးမုန်တိုင်း တိုက်ခတ်ဖို့များတဲ့ မြန်မာ့ဒီမိုကရေစီပွဲသိမ်း -ဒေါက်တာလွဏ်းဆွေ (၃၀-၈-၀၇)

မြန်မာ့နိုင်ငံရေးအခြေအနေကတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အရေး တိုင်းပြည်ကို နောက် တကြိမ် သွေးနဲ့ဆေးချဦးမှ ရမယ့်အနေအထားပါပဲ။ (၈၈) ခုနှစ်တုန်းကတော့ တပြည်လုံးအတိုင်း အတာနဲ့ ပထမအကြိမ် ဆေးချခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီကနေ့အထိ ဒီမိုကရေစီသစ်ပင် ပေါက်မလာ
ခဲ့ဘူး။ ကျနော်တို့ အတိုက်အခံအင်အားစုတွေဘက်က ခေါင်းဆောင်မှုအပိုင်းမှာ ချွတ်ယွင်းအားနည်း တာတွေရှိခဲ့လို့ ရတဲ့အခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးကုန်ပြီး စစ်အာဏာရှင်စနစ်အောက်မှာ
ဆက်ပြီး ပြားပြားမှောက်ခဲ့ရတယ်။

ပြည်သူတွေရဲ့ဘ၀တွေ ဆက်လက်ကျိုးကြေခဲ့ရတယ်။ အဆိုးဝါးဆုံး၊ အနိမ့်ကျဆုံး အခြေအနေကို ရောက်ခဲ့ရတယ်။ အချိန်ကြာလာတာနဲ့အမျှ ဖြေရှင်းရမယ့် ပြဿနာတွေ ပိုမိုများပြားလာခဲ့တယ်။ အဲသလို “ကျနော်တို့ အတိုက်အခံတွေဘက်က ခေါင်းဆောင်မှုအပိုင်းမှာ ချွတ်ယွင်း အားနည်းတာ တွေရှိခဲ့လို့” ဆိုတဲ့ သုံးသပ်ချက်အပေါ် ၀ိဝါဒကွဲချင်လည်းကွဲမယ်၊ စိတ်ဆိုး ဒေါသထွက်သူတွေလည်း ရှိချင်ရှိမယ်။ ကွဲကွဲ၊ ထွက်ထွက် မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ရင်တော့ ဒီအဖြေပဲ ထွက်လာမယ်လို့ ထင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုအနေနဲ့က မဆလတပါတီအာဏာရှင်စနစ်ကို ဖြိုချခဲ့တဲ့အရေးမှာ သွေးမြေလည်း ကျပေးခဲ့ပြီးပါပြီ။ ဒီမိုကရေစီစနစ် ထူထောင်နိုင်ဖို့ အတွက်လည်း အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်အပါအ၀င် အတိုက်အခံ အင်အားစုတွေဘက်ကို အပြတ်အသတ် ပုံအောမဲပေးခဲ့ ကြပြီးပါပြီ။ ကျန်တဲ့ပွဲသိမ်းပိုင်းက န၀တ၊ နအဖစစ်ဏာရှင်တွေနဲ့ လူထုပါဝါတွေ တင်းပြည့်ကျပ်ပြည့် ရရှိထားတဲ့ အတိုက်အခံခေါင်းဆောင်တွေ စီးချင်းထိုးရမယ့်အပိုင်း။ နိုင်ငံရေးဦးနှောက် ကစားရမယ့် အပိုင်းဖြစ်လို့ပါပဲ။

န၀တ၊ နအဖစစ်အုပ်စုဝင်တွေကတော့ အာဏာကို လုံးဝ လက်မလွှတ်ချင်လို့ တလျှောက်လုံး မျက်နှာ ပြောင်ပြောင်နဲ့ ကမ်းကုန်အောင်ညစ်ပတ်ခဲ့တာ ကမ္ဘာသိပါ။ အဲဒါကြောင့် နအဖရဲ့ ညစ်ပတ်မှုတွေကို အထူးအထွေ ဋီကာချဲ့ရင်း အချိန်ကုန်ခံနေတာထက်စာရင် ကျနော်တို့ အတိုက်အခံတွေဘက်က အားနည်းချက်ရှိခဲ့တဲ့အပိုင်းကို ပြန်လှန်သုံးသပ်ပြီး ဆက်လက်တိုက်ပွဲဝင်ခြင်းက ပိုပြီးအကျိုးများ မယ်လို့ ယူဆပါတယ်။

ဘောလုံးစကားနဲ့ပြောရရင် နအဖက ပွဲအစကတည်းက ဂိုးမပေးချင်လို့ တဘက်က အန်အယ်လ်ဒီ ဦးဆောင်တဲ့ အတိုက်အခံအသင်းကို လူချ၊ နည်းမျိုးစုံညစ်ပြီး ပိတ်ဆို့ကစားနေခဲ့တာပါ။ အဲဒါကို “ကျနော်တို့ကို လူချနေပါတယ်။ အမျိုးမျိုး ညစ်ပတ်နေပါတယ်။ ဂိုးရှေ့မှာ တချိန်လုံး ပိတ်ကစား နေပါတယ်” လို့ အော်ဟစ် တိုင်းတန်းနေရုံနဲ့ မရပါဘူး။ ဘယ်လောက်ပဲ အော်အော် ဂိုးသွင်းနိုင်မှ အောင်ပွဲရတယ်လို့ သတ်မှတ်ခံရမှာပါ၊

နောက်ပြီး (၈၈) အရေးအခင်းပြီးကာစ။ ၉၀ ရွေးကောက်ပွဲ နိုင်ကာစမှာ အတိုက်အခံအသင်းဘက်က တိုက်စစ်နဲ့ ကစားခွင့်ရခဲ့တာပါ။ အဲသလို တိုက်စစ်နဲ့ ဖိကစားခွင့် ရတုန်း ပိတ်ဆို့ပြီး လူချကစားနေတဲ့ နအဖအသင်းဘက်ကို ဂိုးမြန်မြန်သွင်းနိုင်အောင် ခပ်သွက်သွက် ထိုးဖောက်လိုက်ရမှာပါ။ ကွင်းဘေး
က ပရိသတ်အားလုံးကလည်း အတိုက်အခံအသင်းဘက်ကို အင်တိုက်အား တိုက်အားပေးတဲ့ အနေ အထားမျိုး ရှိခဲ့တာ မဟုတ်လား။

အဲသလို အသာစီးရတဲ့ အနေအထားမှာ အတိုက်အခံအသင်းအနေနဲ့ ဂိုးမြန်မြန်သွင်းဖို့ မကြိုးစားဘဲ နအဖအသင်းကို လူချမကစားဖို့၊ မညစ်ပတ်ဖို့ ဂိုးရှေ့မှာ ပိတ်မကစားဖို့ပဲ တချိန်လုံးတောင်းဆိုရင်း ခြေကုန်လက်ပန်းကျပြီး ဂိုးမသွင်းနိုင်ဘဲ အောင်ပွဲနဲ့ဝေးရတဲ့ အနေအထားမျိုးကို ရောက်ခဲ့ရတယ်။ ကြာတော့ တခဲနက်အော်ဟစ်အားပေးလာတဲ့ ပရိသတ်ပါ စိတ်ပျက်လက်မှိုင်ချရတဲ့ အခြေအနေကို ဆိုက်တော့တာပါပဲ။

ဒါပေမယ့် ပြီးခဲ့တဲ့ ရှစ်လေးလုံးနှစ်ပတ်လည်တုန်းကတော့ ခေါင်းဆောင်မှုအပိုင်း အားနည်းတာတွေ
ကို အတိအလင်း ၀န်ခံပြောကြားဖော်ရတဲ့ အတိုက်အခံ ခေါင်းဆောင်တဦးကို တွေ့ခဲ့ရပါတယ်။ သူကတော့ ချင်းတိုင်းရင်းသား ခေါင်းဆောင် ဦးထောင်ကိုထန်းပဲ ဖြစ်ပါတယ်။ ဒီဗွီဘီကထုတ်လွှင့်တဲ့ သြဂုတ်လ (၇) ရက်နေ့အစီအစဉ်မှာ သူက အခုလို ပြောကြားခဲ့ပါတယ်။

“ကနေ့ (၁၉) နှစ်ကြာတဲ့အခါမှာ ဘယ်လိုအခြေအနေ ရောက်သွားသလဲလို့ မေးခွန်းထုတ်မယ် ဆိုရင်တော့ ကျနော့် အမြင်ပြောရရင်တော့ ကျောင်းသားတွေက တာဝန်ကျေတယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ် တင်ပေးတယ်။ ပြည်သူလူထု အခုလည်း တာဝန်ကျေတယ်။ ရွေးကောက်ပွဲမှာ ဒီမိုကရေစီအင်အားစုကို မဲပေးပြီးတော့ အပြတ်အသတ် အနိုင်ရရှိအောင် လုပ်ပေးတယ်။

အဲဒီမှာ ကျနော်တို့အားနည်းတာက ကျနော်ကအစပေါ့လေ။ အားနည်းတာက လွှတ်တော်ကိုယ်စား လှယ်တော်တွေရယ်။ (၉၀) ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ ပါတီတွေရဲ့ အားနည်းချက်။ ညံ့ဖျင်း ချက်ကြောင့် ဖြစ်တယ်။ အဲလို ကျနော် ဒီလိုပဲ တည့်တည့်ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ (၉၀) ရွေးကောက်ပွဲကို စစ်အစိုးရက မူပြောင်းလဲပြီးတော့ လမ်းတခုကို နိုင်ငံရေးလမ်းစဉ်တခုကို သူက ပြောင်းလဲသွားတယ်။ အဲဒီအခါကျတော့ နအဖနဲ့ ဘယ်လိုပုံစံနဲ့ ဆက်ဆံမလဲဆိုတာ နည်းလမ်းတခုကို ရှာဖွေပြီးတော့ လုပ်ရမယ်။ ဒါ ကျနော်တို့ အနိုင်ရ နိုင်ငံရေးပါတီ အုပ်စုတွေနဲ့ ဒီမိုကရေစီအင်အားစု တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဒါတွေကို ကျနော်တို့ မဆောင်ရွက်နိုင်ခဲ့ဘူး။

အဲဒီတော့ (၁၉) နှစ်အထိ ကြာပေမယ့် အခုထက်အထိ ဘာမှ မြန်မာပြည်မှာ ဒီမိုကရေစီလမ်းကြောင်း ပေါ်မှာ အကောင်အထည်ပေါ်တာ မတွေ့သေးဘူး။ အထူးသဖြင့် ပြည်သူလူထုဆိုတဲ့နေရာမှာ ပြည်သူ က မန်းဒိတ်ပေးထားတာ နိုင်ငံရေးပါတီတွေ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်တော်တွေမှာ မန်းဒိတ်ပါဝါပေးထားတယ်။ ပြည်သူပေးတဲ့ တာဝန်ကိုတော့ ကျေပွန်အောင် ထမ်းဆောင်ဖို့ လိုတယ် လေ။”

ဦးထောင်ကိုထန်းပြောခဲ့တဲ့အတိုင်း ကျနော်တို့ အတိုက်အခံအင်အားစုတွေဘက်က ခေါင်းဆောင်မှု အပိုင်းကို ပြန်လည် သုံးသပ်ကြည့်မယ်ဆိုရင် …

စစ်အုပ်စုအနေနဲ့ အာဏာသိမ်းပြီး မကြာမီမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲက တတ်သိ ပညာရှင်အုပ်စုဝင်တွေကို အစီအစဉ်တကျ စတင်ဖြိုခွင်းခဲ့တယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ် ဇူလိုင်
လမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့ ထိန်းသိမ်းပြီးတဲ့အချိန်မှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှာ မျိုးချစ်ရဲဘော်ဟောင်းအုပ်စုဝင်တွေပဲ အများစုကျန်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒီကနေ့အချိန်အထိ လျှောက်လှမ်းခဲ့တဲ့ ကာလအများစုမှာ ဗဟိုကော်မတီကို မျိုးချစ်ရဲဘော်ဟောင်းတွေကပဲ အဓိကဦးဆောင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

(ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိကခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင် ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့က အဖမ်းဆီးအထိန်းသိမ်းခံဘ၀နဲ့ နေရတဲ့အချိန်က အများစု ဖြစ်နေလို့ပါ)။

အဲဒီတော့ ဒီကနေ့ဖြစ်တည်နေတဲ့ တော်လှန်ရေးရဲ့ အနေအထားဟာ ဦးဆောင်ပါတီဖြစ်တဲ့ အန် အယ်လ်ဒီကို တလျှောက်လုံးနီးပါး အုပ်စီးခွင့်ရခဲ့တဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေရဲ့ ခေါင်းဆောင်မှု အပိုင်းနဲ့ အများကြီး သက်ဆိုင်နေတယ်လို့ ယူဆပါတယ်။ အဲဒါကြောင့်လည်း မျိုးချစ်ရဲဘော်ဟောင်း တွေရဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေကို မှတ်မိသလောက် ပြန်လည်ငဲ့စောင်းကြည့်မိပါတယ်။
ဒါပေမယ့် ကျနော်က အန်အယ်လ်ဒီပါတီဝင်မဟုတ်ဘဲ ပြင်ပက လေ့လာသုံးသပ်သူတဦး အနေနဲ့သာ ဖြစ်စဉ်တွေကို ပြန်လည်ဆက်စပ်ကြည့်ခြင်းဖြစ်တဲ့အတွက် ပါတီတွင်းကိစ္စအသေးစိတ်တွေကိုတော့ ဗဟိုကော်မတီတွေနဲ့ နီးနီးကပ်ကပ်ရှိတဲ့ အန်အယ်ဒီပါတီဝင်တွေက ပိုသိနိုင်မှာဖြစ်ပါတယ်။

နိုင်ငံရေးဖြစ်စဉ်တွေကို ပြန်လည်ငဲ့စောင်းကြည့်တဲ့အခါမှာ ၁၉၈၉ ခုနှစ် ဇူလိုင် (၁၉) ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့ချီတက်ပွဲကိစ္စအကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မျိုးချစ်ရဲဘော် ဟောင်းတွေ ဆွေးနွေးပြောဆိုကြတဲ့ အသံဖမ်းတိတ်ခွေ နားထောင်ခဲ့ရတာကို ပြန်အမှတ်ရမိပါတယ်။

ကျနော်က ၁၉၉၀ ပြည့်ရွေးကောက်ပွဲမတိုင်ခင် အပြင်ကို ပေါက်ထွက်လာတဲ့ အဲဒီအသံဖမ်း
တိတ်ခွေကို နားထောင်ခဲ့ရတာပါ။ အဲဒီအထဲမှာ အာဇာနည်နေ့ ချီတက်မယ့်ကိစ္စကို ဆွေးနွေးရင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေ သဘောထား အကြီးအကျယ်ကွဲနေကြတာကို ကြားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ချီတက်မယ့်ဘက်က အပြင်းအထန်ဆွေးနွေးပြီး မျိုးချစ် ရဲဘော်ဟောင်းတွေကတော့ ချီတက်မှာကို ကန့်ကွက်တဲ့ဘက်ကနေ ပြောဆိုဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

အဲဒီတိတ်ခွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်က မျိုးချစ်ရဲဘော်ဟောင်းတွေကို သူရဲဘောကြောင်သူ တွေအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုတာကိုကြားရပြီး မျိုးချစ်ရဲဘော်ဟောင်းတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချီတက်မယ့်လုပ်ရပ်ကို မိုက်ရူးရဲဆန်တဲ့သဘောမျိုးရှုမြင်ပြောဆိုပြီး ဟားတိုက်ရယ်မောနေကြတာကို ကြားခဲ့ရပါတယ်။

အဲဒီအာဇာနည်နေ့ကိစ္စမှာ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြဆိုတဲ့အတိုင်း မျိုးချစ်ရဲဘော်ဟောင်းတွေအနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နောက်မှာ တညီ တညွတ်တည်းရှိနေခဲ့ရင် ပြည်သူလူထုကလည်း တခဲနက်လိုက်ပါချီတက်ကြမှာဖြစ်တဲ့အတွက် တိုက်ပွဲအရှိန်အဟုန်က တမျိုးတမည် ဖြစ်သွားနိုင်ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတဘက် မျိုးချစ်ရဲဘော်ဟောင်းတွေကတဘက် ဖြစ်နေတာကို စစ်အုပ်စုက အခွင့်ကောင်းယူပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်း လိုက်တဲ့အတွက် တိုက်ပွဲအရှိန်လျော့ကျသွားခဲ့ရပါတယ်။

ရွေးကောက်ပွဲအပြီး ဇူလိုင်လမှာ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဂန္ဒီခန်းမမှာ စုဝေးခွင့် ရခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာဦးဝင်းတင်တို့ အဖမ်းခံနေရချိန်ဖြစ်တဲ့အတွက် ဂန္ဒီခန်းမ အစည်းအဝေးကို မျိုးချစ်ရဲဘော်ဟောင်းတွေကပဲ အဓိကဦးဆောင်ခဲ့တာကို တွေ့ရပါတယ်။

အဲဒီအချိန်မှာ ခန်းမအပြင်မှာ စောင့်မျှော်နေကြတဲ့ ပြည်သူလူထုကြီးက အစိုးရအဖွဲ့ကြေညာရင် ထောက်ခံဖို့ စောင့်စားနေကြတာပါ။ စစ်အုပ်စုကလည်း အစိုးရအဖွဲ့ကြေညာမှာကို စိုးရိမ်လို့ (ကြေညာလို့ရတယ်ဆိုတာကိုလည်း သိနေလို့) လန့်ဖြန့်ပြီး ၁/၉၀ ကို အရေးပေါ် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် မျိုးချစ်ရဲဘော်ဟောင်းတွေဦးဆောင်တဲ့ ဂန္ဒီခန်းမအစည်းအဝေးက ပြည်သူ့လွှတ်တော် ခေါ်ယူရေးကိုသာတောင်းဆိုပြီး အစည်းအဝေးကိုရုပ်သိမ်းခဲ့လို့ ပြည်သူလူထုအနေနဲ့ ခဲလေသမျှ သဲရေကျဖြစ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်လို တိုက်ပွဲခေါ်ရဲတဲ့ခေါင်းဆောင်မျိုး အပြင်မှာမရှိတာ အတိုက်အခံအင်အားစုတွေအတွက် အကြီးအကျယ်နစ်နာခဲ့ရပါတယ်။

၂၆-၃-၁၉၉၁ မှာတော့ မျိုးချစ်ရဲဘော်ဟောင်းတွေဟာ နအဖရဲ့ဖိအားပေးမှုတွေ (ဒေါ်အောင်ဆန်း စုကြည်ဟာ ဥပဒေမဲ့လုပ်ရပ်တွေ ကျူးလွန်တယ်။ နေအိမ်ခြံဝင်းအတွင်းမှာ အကြမ်းဖက် သောင်းကျန်းသူတွေ နေထိုင်ခွင့်ပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ) ကိုငုံ့ခံပြီး နအဖအလိုကျ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကနေ ထုတ်ပစ်ကာ ဗဟိုကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ဘားမားတူဒေးဝက်ဘ်ဆိုက်မှာ ဖော်ပြတဲ့ “ကေမှဖေဖေသို့” ဆောင်းပါးထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို အန်အယ်လ်ဒီရုံးမှာ မကပ်ရဘူးလို့ ဗဟိုက အမိန့်ထုတ်ခဲ့တယ် ဆိုတာကိုဖတ်ရတော့ မျိုးချစ်ရဲဘော်ဟောင်းတွေရဲ့ လူထုခေါင်းဆောင် အပေါ်ထားတဲ့ သဘောထားကို အံ့သြမင်သက် မိခဲ့ရတယ်။

ပုသိမ်ထောင်ကထွက်လာတဲ့ ပါတီဝင်အမျိုးသမီးတဦးရဲ့ ပြောဆိုချက်အရလည်း မျိုးချစ်ရဲဘော် ဟောင်းတွေဦးဆောင်တဲ့ ဗဟိုကော်မတီဟာ နိုင်ငံရေးမှုနဲ့ ထောင်ကျပြီးထွက်လာတဲ့ ပါတီဝင်တွေ
ကို ပါတီဝင်အဖြစ်ကနေ ထုတ်ပစ်တယ်လို့ သိရတဲ့အခါ မျိုးချစ်ရဲဘော်ဟောင်းတွေရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို ပိုလို့နားမလည်နိုင်အောင် ဖြစ်ခဲ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်နဲ့ အထိန်းအသိမ်းခံနေရစဉ် ၁၉၉၃ခုနှစ် ဇန်န၀ါရီလမှာလည်း စစ်အုပ်စုကလုပ်တဲ့ အတုအယောင် အမျိုးသားညီလာခံကို မျိုးချစ်ရဲဘော်ဟောင်း ဦးအောင်ရွှေ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် (၈၆) ဦး သွားတက်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီလုပ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံအင်အားစုတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်နေပြီး စစ်အုပ်စုက စစ်ကျွန်သက်ရှည်အောင်ဖန်တီးမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးကို အားပေးအားမြှောက်ပြုသလို ဖြစ်ခဲ့ပါတယ်။

နအဖအာဘော်တွေရေးနေတဲ့ စိုးမြကျော်ရဲ့ဆောင်းပါးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကထုတ်ထားတဲ့အချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ် ချက်တွေ ချမှတ်လုပ်ဆောင်ခဲ့တယ်လို့ ရေးသားထားပုံကိုကြည့်ရင် နအဖနဲ့ပေါင်းပြီး လက်ဝါး
ရိုက်တယ်လို့ စွပ်စွဲတာတွေဟာ မလွန်ဘူးလို့ ထင်ပါတယ်။ ထင်တဲ့အတိုင်းသာ ဟုတ်နေခဲ့ရင်တော့ အခုအထိ လျှောက်လှမ်းခဲ့ရတဲ့ တော်လှန်ရေးခရီးကြမ်းကြီးအပေါ် “သေပြီဆရာ” လို့ပဲ မှတ်ချက်ချဖို့ ရှိတော့မယ်ထင်ပါရဲ့။

အခုအချိန်မှာတော့ နအဖက သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ အတုအယောင်ဖွဲ့စည်းပုံကိုပဲ ဇွတ် အတည်ပြုဖို့ ခေါင်းမာမာနဲ့ ဆက်ကြိုးစားနေတယ်။ နအဖအနေနဲ့ကလည်း အာဏာကို လက်မလွှတ် ရဲလို့သာ စိတ်ကူးယဉ်ကြိုးပမ်းနေတာပါ။ အဲသလို အာဏာလက်မလွတ်ရအောင် (မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍကို ဦးဆောင်မှုနေရာက ရအောင်) ဇွတ်လုပ်ယူလို့ ရသွားခဲ့ရင်လည်း တိုင်း ပြည်ကို တည်ငြိမ်အောင် အုပ်ချုပ်လို့ရမှာ မဟုတ်ဘူးဆိုတာ သူတို့ကိုယ်တိုင်လည်း သိမှာပါ။

အခုအတိုင်းပဲ အတိုက်အခံအင်အားစုတွေ၊ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေက ဆန့်ကျင်မြဲဆန့်ကျင်၊ တော်လှန်မြဲတော်လှန်နေကြဦးမယ်ဆိုတာကို သူတို့သိမှာပါ။ တရားမျှတမှု
မရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ဘယ်အတိုက်အခံအင်းအားစုက လာပြီးပူးပေါင်းမှာလဲ။ ဘယ်တော်လှန်ရေးသမားက လာပြီးလက်နက်ချအညံ့ခံမှာလဲ။ ရှင်းနေတဲ့ဥစ္စာ၊ အဲဒီတော့ အတုအယောင်ဖွဲ့စည်းပုံအတိုင်းသာ ဇွတ်လျှောက်မယ်ဆိုရင် ပြဿနာတွေက ဖြစ်မြဲအတိုင်း ဆက်ဖြစ်နေဦးမှာပဲ။ တိုင်းသူပြည်သားတွေလည်း ဆက်ပြီး ဒုက္ခသုက္ခ ရောက်မြဲ ရောက်နေကြ
ဦးမှာ မုချပဲ။

ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ့ဖြစ်နေတဲ့ ပြဿနာအရပ်ရပ်ဟာ စစ်တပ်က သူ့နေရာသူမနေဘဲ နိုင်ငံ ရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ၀င်ရှုပ်နေလို့ပါ။ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ စစ်တပ်က တမတ်သားမပြောနဲ့ တပြားသားပဲဝင်ပါလည်း ပြဿနာက တက်နေဦးမှာပါပဲ။ စစ်တပ်ဆိုတာ နိုင်ငံ ရေးရဲ့လက်အောက်ခံအနေနဲ့ပဲ ရှိရမှာပါ။ နိုင်ငံရေးဆိုတာ အများစုသော စစ်ခေါင်းဆောင်တွေ ကျွမ်း ကျင်တဲ့အလုပ်မဟုတ်ပါဘူး။ တိမ်တောင်သဖွယ် မင်းရေး ကျယ်တဲ့အလုပ်မို့ တသွေးတသံတမိန့် စနစ်ကို ယဉ်ပါးနေတဲ့ စစ်ဗိုလ်တွေအများစုအနေနဲ့ နိုင်ငံရေးပြဿနာတွေကို မကိုင်တွယ်တတ်။ မဖြေရှင်းတတ်တာ သဘာဝကျပါတယ်။ အင်မတန်ရှုပ်ထွေးသလို အင်မတန်လည်း သိမ်မွေ့တဲ့ အလုပ်မို့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးသမားစစ်စစ်တွေပဲ ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ။

ဒီလိုပြောလို့ စစ်ခေါင်းဆောင်တွေဆိုတာ နိုင်ငံရေးကို နားလည်တဲ့သူတွေ မဟုတ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ နားလည်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုပဲ ကြည့်ပါ။ နိုင်ငံရေး ကိုနားလည်လို့၊ ၀ါသနာပါလို့ စစ်တပ်နဲ့ နိုင်ငံရေး မရောထွေးသင့်ဘူးလို့ ရှင်းရှင်းလင်းလင်း သိမြင်လို့ ဂျပန်တော်လှန်ရေးအပြီးမှာ စစ်တပ်ကထွက်ပြီး နိုင်ငံရေးလောကထဲကို ခြေစုံပစ်ဝင်လိုက်တာပေါ့။

ဒီကနေ့ တိုင်းပြည်ကို သိပ်ပြီးအုပ်ချုပ်ချင်နေတဲ့ နအဖစစ်ခေါင်းဆောင်တွေလည်း သတ္တိရှိရင် ဗိုလ်ချုပ်အောင်ဆန်းလို စစ်တပ်ကထွက်ပြီး ၀င်အရွေးခံပေါ့၊ နိုင်ငံသားတယောက်အနေနဲ့ ၀ါသနာ
ပါရင် နိုင်ငံရေးနယ်ထဲကို ၀င်နိုင်တဲ့ အခွင့်အရေးရှိနေတာပဲဟာ၊ အဲလိုတော့ သတ္တိမရှိဘဲ သေနတ် အားကိုးနဲ့ အချောင်အာဏာလိုချင်မှတော့ အခုလို ပြည်တွင်းပြည်ပရဲ့ ဆန့်ကျင်မှုကိုခံရတာ နည်းတောင်နည်းသေးလို့ပဲ ပြောရမယ်ထင်တယ်။

အဲဒီတော့ ဒီကနေ့ နိုင်ငံရေးလောကမှာ ၀င်ရှုပ်နေတဲ့ စစ်တပ်အနေနဲ့ စစ်တန်းလျားကိုပြန်ပြီး ကိုယ့်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုသာ ကျေပြွန်အောင်ထမ်းဆောင်မယ်ဆိုရင် ဖြစ်နေတဲ့ပြဿနာတွေဟာ တော်တော်များများ လျော့ပါးပြေလည်သွားမှာပါ။ ဒါပေမယ့် ဒါကိုပဲ မိုက်မိုက်မဲမဲ ဆက်ကြိုးစားနေပုံထောက်ရင် နအဖထိပ်ပိုင်း စစ်ခေါင်းဆောင်တွေအဖို့ စစ်အာဏာရှင် စနစ် ဆက်လက်ခိုင်မြဲအောင် မျက်လှည့်ပြရုံမှတပါး အခြားလမ်းကို ရွေးချယ်စရာ မရှိလို့ဆိုတာ ထင်ရှားနေပါတယ် (သူတို့ရဲ့ သေရေးရှင်ရေးက ပိုပြီးအရေးကြီးတယ်လို့ ခံယူထားတာကြောင့် ဖြစ်မှာပါ)။

အဲဒီလိုအခြေအနေမှာ ကိုယ့်ဘက်က ဘာဆက်လုပ်မလဲ ဆိုတာကိုပဲ ကျနော်တို့ အတိုက်အခံတွေ ဘက်က ပြတ်ပြတ်သားသား စဉ်းစားဖို့ရှိတော့တယ်။ စဉ်းစားဖို့ဆိုရာမှာ (၁) တွေ့ဆုံဆွေးနွေးရေး နည်းလမ်း (၂) ပြည်သူတွေက မန်းဒိတ်အပြည့်ပေးထားတဲ့ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ကော်မတီက ဦးဆောင်တိုက်ပွဲခေါ်ပြီး ပြည်သူလူထုပါလာအောင် ဆွဲခေါ်နိုင်မယ့်နည်းလမ်း (၃) အန်အယ်လ်ဒီဗဟိုကော်မတီက ဦးဆောင်တိုက်ပွဲခေါ်မှုမရှိတဲ့အတွက် (၈၈) မျိုးဆက်ကျောင်းသား တွေအပါအ၀င် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဦးဆောင်တိုက်ပွဲဝင်ပြီး ပြည်သူလူထုပါလာ
အောင် စည်းရုံးခေါ်ဆောင်နိုင်မယ့်နည်းလမ်း (၄) မထင်မှတ်တဲ့အနေအထားကနေ လူထုပေါက်ကွဲ အုံကြွမှု ဖြစ်ပေါ်လာနိုင်တဲ့ နည်းလမ်းဆိုပြီး နည်းလမ်းလေးသွယ် တွေ့ရမှာဖြစ်ပါတယ်။

အဲဒီနည်းလမ်းလေးသွယ်မှာ အမှတ်စဉ် (၁) ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကို ဖြစ်နိုင်
မဖြစ်နိုင် အရင်သုံးသပ်ကြည့်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ မဖြစ်နိုင်တဲ့ဟာကို ထိုင်စောင့်နေမယ်
ဆိုရင် အချိန်ကုန်တာပဲ အဖတ်တင်ပြီး လူထုကို ဒုက္ခဆင်းရဲတွင်းထဲပိုရောက်အောင် တွန်းပို့သလို ဖြစ်ပါလိမ့်မယ်။ များသောအားဖြင့်တော့ အာဏာရှင်ဆိုသူတွေဟာ မနက်ဖြန်မှသာ ခွေးပြေးဝက်ပြေး ပြေးချင်ပြေးရပါစေ။ ဒီကနေ့အထိတော့ သူတို့ကိုယ်သူတို့ အိုကေတယ်လို့ထင်တဲ့ လူစားတွေချည်း
ပါပဲ။ လူဆိုတာ သေရမှာကို ကြောက်တဲ့အမျိုးမို့ လက်ထဲမှာ သေနတ်ရှိနေတဲ့ အာဏာရှင်တွေအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲကြတာ အဆန်းမဟုတ်ပါဘူး။

ဒါပေမယ့် သေမထူး နေမထူးဘ၀ ရောက်လာရင်တော့ လူတွေဟာ သေရမှာကို မကြောက်ကြဘူး ဆိုတာကို အာဏာရှင်တွေအများစု စဉ်းစားမိပုံ မပေါ်ဘူး (အောက်ကနေ အချက်အလက်အမှားတွေနဲ့ မြှောက်ပင့်စားသောက်နေတဲ့လူတွေကလည်း သူတို့အနားမှာ များမှများပဲကိုး) တွေးမိတဲ့ အာဏာ ရှင်လည်း ရှိကောင်းရှိမှာပါ၊ အဲသလို တွေးမိတဲ့အာဏာရှင်မှလည်း တရားမျှတဲ့ ရွေးကောက်ပွဲ ဒါမှ မဟုတ် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ နောက်ဆုတ်ပေးတတ်ကြတာပါ။ ဒါမျိုးနည်းလမ်းကို ရွေးချယ်တဲ့အာဏာရှင်ကလည်း အလွန်အင်မတန်မှ ရှားပါတယ်။ အများစုက ခွေးကျကျရင်ကျ။ မကျရင် ခွေးပြေးဝက်ပြေးပြေး။ မပြေးရင် အသေထွက်သူထွက်ဆိုတဲ့ အာဏာရှင်တွေချည်းပဲ။

နအဖအနေနဲ့ သူတို့ကျင်းပပေးခဲ့တဲ့ (၉၀) ရွေးကောက်ပွဲရလဒ်ကိုလည်း အကောင်အထည် ဖော်
မပေးချင်။ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကိုလည်း မျက်ကွယ်ပြုပြီး ဘယ်သူမှမထောက်ခံတဲ့ အမျိုးသားညီလာခံကိုပဲ ပြီးအောင် ဇွတ်လုပ်နေပုံထောက်ရင် သူတို့ရဲ့ဇာတ်သိမ်းဟာ အာဏာရှင် အများစုသွားရာ လမ်းပဲဖြစ်လိမ့်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ နအဖအနေနဲ့ လူထုအုံကြွမှုဖြစ်လာနိုင်တဲ့ အကျိတ်အခဲကို ပြေပျောက်အောင် လုပ်ဆောင်ဖို့မှ မကြိုးစားပဲကိုး (ကြိုးစားဖို့ မတတ်နိုင်တော့တာလည်း ဖြစ်မှာပါ)။

အဲဒီတော့ ဒီကနေ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို အကဲခတ်ရာမှာ နအဖအနေနဲ့ လူထုအုံကြွမှုနဲ့ ထိပ်တိုက်တိုးပြီး ဇာတ်သိမ်းရမယ့် အရိပ်အယောင်တွေ ပိုမိုယှက်သန်းလာနေတာကိုပဲ တွေ့နေရ ပါတယ်။ လူထုအုံကြွမှု ဖြစ်နိုင်ချေရှိတဲ့ အနေအထားက အမှတ်စဉ် (၂)၊ (၃) နဲ့ (၄) တွေအတိုင်း တာစူနေပါတယ်။

အမှတ်စဉ် (၂) နည်းလမ်းနဲ့ လူထုအုံကြွမှုကို ဖော်ဆောင်ဖို့ဆိုတာကတော့ အန်အယ်လ်ဒီ ဗဟိုအလုပ် အမှုဆောင်ကော်မတီရဲ့ တိုက်ပွဲခေါ်ရဲမှုအပေါ်မှာ အများကြီး မူတည်နေပါတယ်။ အထက်က သုံးသပ်ပြ ခဲ့တာတွေအတိုင်းဆိုရင်တော့ မျိုးချစ်ရဲဘော်ဟောင်းတွေ ဦးဆောင်နေတဲ့ အန်အယ်လ်ဒီ စီအီးစီ အနေနဲ့ တိုက်ပွဲခေါ်မယ့် အရိပ်အယောင်မတွေ့ရဘဲ တောင်းပွဲတွေ၊ ထုတ်ပြန်ကြေညာချက်တွေနဲ့ပဲ ထိုင်စောင့်ဖို့ များနေတာကို တွေ့ရမှာဖြစ်ပါတယ်။

ရှစ်လေးလုံးနှစ်ပတ်လည်တုန်းကတော့ အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက…
“ပြည်သူလူထုဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို လိုချင်တဲ့ စိတ်ဆန္ဒရှိရုံ မဟုတ်ဘူး။ မိမိတို့
ကိုယ်တိုင် မိမိတို့လိုချင်တဲ့ဟာကိုလည်း ပြည်သူလူထုက တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်လာကြဖို့ ကျနော်တိုက်တွန်းချင်တယ်” လို့ ပြောသွားတာကို ဒီဗွီဘီမှာ ကြားလိုက်ရပါတယ်။

ဦးဥာဏ်ဝင်းရဲ့ဖြေကြားချက်အပေါ် မေးခွန်းထုတ်စရာရှိတာက လူထုပါဝင်လာချင်အောင် ရှေ့က ဦးဆောင်ဦးရွက်ပြုနေတဲ့ အန်အယ်လ်ဒီစီအီးစီက ဘယ်လိုတိုက်ပွဲတွေခေါ်နေလို့လဲ ဆိုတာပါပဲ။ ရှေ့ကဦးဆောင်နေတဲ့သူတွေက တိုက်ပွဲခေါ်မှလည်း လူထုက နောက်ကနေ ပါဝင်လာမယ်လို့ မြင်မိပါတယ်။ လူအုပ်နောက်ကပဲ ဖုန်လိုက်ရှုနေမယ်ဆိုရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

အဲဒီတော့ ဒီကနေ့အနေအထားမှာ လူထုပါဝင်တိုက်ပွဲဝင်လာဖို့ ဖြစ်နိုင်ချေအများဆုံးနည်းလမ်း
ကတော့ အမှတ်စဉ် (၃) နဲ့ (၄) ပါပဲ၊ (၃) နဲ့ (၄) ဟာ တပေါင်းတည်းဖြစ်သွားနိုင်တဲ့ အနေအထား လည်း လောလောလတ်လတ်မှာ တွေ့နေရပါပြီ။ အခုဆိုရင် လောင်စာဆီ ဈေးမြင့်တက်မှုကြောင့် ပြည်သူလူထုတွေပါ ပါဝင်လာတဲ့ ဆန္ဒပြပွဲတွေ ရန်ကုန်မြို့ရဲ့ နေရာအတော်များများမှာ ဖြစ်ပွားနေပါပြီ။ (၈၈) မျိုးဆက်ကျောင်းသားတွေရဲ့ ဦးဆောင်မှုကြောင့် အရှိန်ရလာတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ လောင်စာဆီကြောင့် စားဝတ်နေရေး ပိုမိုကြပ်တည်းမှုနဲ့ကြုံတွေ့ရတဲ့ ပြည်သူလူထုရဲ့ဒေါသနဲ့ ပေါင်း စည်းလာနေပါပြီ။ နအဖအနေနဲ့လည်း ကြံ့ဖွံ့တွေ။ စွမ်းအားရှင်တွေနဲ့ ရန်တိုက်ပေးပြီး အစွမ်းကုန်ခုခံဖို့ ပြင်ဆင်နေပါပြီ။

ဘယ်လိုအနေအထားမျိုးနဲ့ လူထုအုံကြွမှုဖြစ်ဖြစ် သေချာတာကတော့ လူထုအုံကြွမှုဖြစ်လာရင်
အထိုက်အလျောက် သို့တည်းမဟုတ် ကံဆိုးတဲ့ ပြည်သူတော်တော်များများ သွေးမြေကျကြဦးမှာပါပဲ။ အာဏာရှင်တွေအနေနဲ့ သူတို့ အပြီးတိုင်ဆင်းမပြေးရခင်မှာ လက်နက်အားကိုးနဲ့ အစွမ်းကုန် ခုခံနှိမ်နင်းဦးမှာ မို့လို့ပါပဲ။ အဲဒီပွဲသိမ်းမှာ နအဖက လက်ကိုင်တုတ်အဖြစ်အသုံးချနေတဲ့ ကြံ့ဖွံ့တွေ။ စွမ်းအားရှင်တွေ (အတုအယောင်ပြည်သူတွေ) လည်း သေကြေကြမှာဖြစ်သလို မျိုသိပ်ခံစား ထားသမျှတွေပေါက်ကွဲပြီး ဆန္ဒပြပွဲမှာ ပါဝင်လာမယ့် အစစ်အမှန်ပြည်သူတွေလည်း သေကြေကြ ရဦးမှာ ဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အရေး မလွဲမသွေ ကြုံတွေ့ရဦးမယ့်
ဝမ်းနည်းကြေကွဲဖွယ် ဖြစ်စဉ်ကြီးပါပဲ။ ဒါပေမယ့် အဲသလို ၀မ်းနည်းဖွယ်ရာ အဖြစ်ဆိုးကြီးတွေကို မကျော်လွှားရဲ။ မကျော်လွှားနိုင်ရင်လည်း ကျနော်တို့ အားလုံးဟာ နောင်လာမယ့် သားစဉ်မြေးဆက် တွေအထိ လူဖြစ်ရတဲ့ဘ၀မှာ အခုလို အကြိမ်ကြိမ်အခါခါ သေနေကြရတဲ့အဖြစ်မျိုးနဲ့ တိုးနေကြဦး
မှာပဲ မဟုတ်ပါလား။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: